← Chapters

အမှတ်မထင် ကောင်းချီးပေးခံရခြင်း ( ၂ )

Vol. 4 Ch. 53

အမှတ်မထင် ကောင်းချီးပေးခံရခြင်း ( ၂ )

Vol. 4 Ch. 53

ထိုအခိုက် ရွှီချင်း၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ သူ၏ဓားမြှောင်က မီးခိုးရောင်ဝတ်ရုံဝတ်လူကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်း၍ သူ့နောက်ရှိ နံရံကို စိုက်ဝင်သွားသည်။ သို့ပေသည့် ထိုပုဂ္ဂိုလ်၌ ခန္ဓာကိုယ်မရှိသည့်အလား မည်သည့်အခြင်းအရာမျှ ပြောင်းလဲသွားခြင်း မရှိချေ။

အဆိပ်မှုန့်များသည်လည်း ထိုနည်းတူပင်။ သူ၏ခန္ဓာကိုယ်ကို ဖောက်ဝင်သွားပြီး မြေပြင်သို့ ပြန့်ကျဲသွားသည်။

ထိုမြင်ကွင်းသည် ရွှီချင်းကို ချက်ချင်းပင် စိုးရိမ်ပူပန်စိတ်မြင့်တက်သွားစေသည်။ သူသည် တဒင်္ဂကြာ ရပ်နေပြီး ဆက်နောက်ဆုတ်သွားသည်။

ထိုအချိန်၌ ခရမ်းရောင်လူကြီးသည် တဟားဟားရယ်မောကာ ရွှီချင်း၏မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ပထမ သူ၏ခြေထောက်များ၊ ထို့နောက် သူ့ခန္ဓာကိုယ်၊ သူ၏ခေါင်းပါ ပျောက်သွားသောအခါ သူ၏အသံသည်သာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။

“ ကလေး၊ လူတစ်ယောက်က ငါ့ကို မင်းဆီ အဲဒီတံဆိပ်ပြားပေးခိုင်းလိုက်တာ။ အဲဒါ ချီရွှဲ့ထုံဂိုဏ်းဝင်ခွင့်တံဆိပ်ပြားပဲ။ တံဆိပ်ပြားရဲ့နောက်ကျောက မြေပုံထဲက ဘယ်မြို့ခွဲတွေမှာပဲ ဖြစ်ဖြစ် အဲဒီတံဆိပ်ပြားကိုသုံးပြီး အခမဲ့ တည်နေရာရွှေ့ပြောင်းနိုင်တယ် ”

ထိုအသံများ လွင့်ပါးသွားပြီးနောက် အစေခံသည် တစ်ခါမှ မရှိခဲ့ဖူးသည့်အလား လုံးဝပျောက်ကွယ်သွားသည်။ ရပ်နေသော ရွှီချင်းသည် ဖြစ်ပျက်နေသမျှကို ကြည့်၍ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။

တဖက်လူသည် ထူးဆန်းနေပြီး သူ ကူကယ်ရာမဲ့သည့်ပမာ ခံစားနေရသည်။

ခဏအကြာ ရွှီချင်းသည် တိတ်ဆိတ်စွာ လျှောက်သွားပြီး ဓားမြှောင်ကို နှုတ်ယူလိုက်သည်။ ထို့နောက် မြေပြင်ပေါ်ရှိ တံဆိပ်ပြားကို ငုံ့ကြည့်လိုက်သည်။

အဖြူရောင်တံဆိပ်ပြား၏အရှေ့ဘက်ခြမ်းတွင် ရှုပ်ထွေးသောရုပ်ပုံများ ထွင်းထုထားပြီး လရောင်ဖြန်းပက်နေသည်ဖြစ်၍ ရှေးခေတ်အငွေ့အသက်များ လျှံထွက်နေသည်။

ရွှီချင်းသည် ငြိမ်သက်နေပြီး လက်အိတ်စွပ်၍ တံဆိပ်ပြားကို ဂရုစိုက်ကောက်ယူကြည့်လိုက်သည်။

တံဆိပ်ပြား၏နောက်ကျောတွင် မြေပုံတစ်ခု ရှိနေပြီး မြို့တစ်မြို့ပြီးတစ်မြို့ ညွှန်ပြနေသည့် အမှတ်အသားပေါင်း ရာချီ၍ ရှိနေသည်။

“ ချီရွှဲ့ထုံဂိုဏ်း ”

ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။

ခေါင်းဆောင်လဲ့ထံမှ ချီရွှဲ့ထုံဂိုဏ်းအကြောင်း သူ ကြားခဲ့ဖူးပြီး နန်းဟွမ်ဒေသကြီးထဲရှိ ရက်စက်ကြမ်းတမ်းသော အင်အားကြီးအုပ်စုအနည်းစုအနက် တစ်ခု ဖြစ်သည်ကို သိထားသည်။ နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်သော လူများက ထိုဂိုဏ်းကို ဝင်ရောက်ခွင့်ရချင်နေကြသည်။

သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်းဝင်ခွင့်သတ်မှတ်ချက်များက လွန်စွာ တင်းကြပ်ပြီး အလွယ်တကူ မဝင်ရောက်နိုင်ချေ။ ဝင်ခွင့်တံဆိပ်ပြားရှိရန် လိုအပ်သည်။ သို့သော်လည်း ထိုကဲ့သို့ တံဆိပ်ပြားကို ထုတ်ပေးသည်မှာ အလွန်ရှားသည်။

မည်သည့်အတွက် ထိုတံဆိပ်ပြားကို လက်ခံရရှိကြောင်း သူ မသိသည့်အပြင် မီးခိုးရောင်ဝတ်ရုံဝတ်လူကြီးကိုလဲ သူ မသိသလို တံဆိပ်ပြားက အစစ်အမှန်လားဆိုသည်ကိုလည်း မသိချေ။

ခဏအကြာ တွေးတောကြည့်လိုက်ပြီး ထိုပုဂ္ဂိုလ်၏ ကြောက်ခမန်းလိလိအစွမ်းနှင့် သူ့ကို အရူးလုပ်ရန် မလိုကြောင်း ခံစားမိလိုက်သည်။ သို့ဖြစ်၍ ထိုတံဆိပ်ပြားက အစစ်အမှန်ဖြစ်နိုင်ရန် အခွင့်အရေး များသည်။

“ ဘာလို့ ကျုပ်ကို အဲဒီတံဆိပ်ပြား ပေးရတာတုံး ”

ရွှီချင်းသည် နားမလည်ပါသော်လည်း တစ်ဖက်လူ၏ သူ့နာမည်ခေါ်ပုံကို သတိထားမိလိုက်သည်။

‘ ကလေး ’ ဆိုသည့်စကားတွင် ကျယ်ပြန့်ပြီး ထူးခြားသော အဓိပ္ပာယ်ရှိပေသည်။

ဤရတနာမုဆိုးစခန်း၌ ‘ ကလေး ’ ဆိုသည့်နာမည်က ရွှီချင်းတစ်ယောက်တည်းကိုသာ ကိုယ်စားပြုလေသည်။

ရတနာမုဆိုးစခန်း၌ ထိုနာမည်ကို ခေါ်လိုက်ခြင်းသည် တစ်ဖက်လူက သူ့အကြောင်း ကောင်းကောင်းသိထားသည်ဟု အဓိပ္ပာယ်ရပေသည်။

ယင်းအပြင် ထိုလူ၏စကားလုံးများထဲ၌ လူတစ်ယောက်က သူ့ကို တံဆိပ်ပြားလာပေးခိုင်းခြင်း ဖြစ်ကြောင်း ထည့်ပြောသွားခဲ့သည်။ ထိုအချက်အရ ထိုလူတွင် အဖော်တစ်ယောက်ရှိနေသည်ကို ဖော်ပြနေပြီး ထိုအဖော်၏ပုံရိပ်က များစွာ မြင့်မားနေပေမည်။

“ သမားတော်ကြီးပိုင် ဖြစ်နိုင်မလား ”

ရွှီချင်းသည် တံဆိပ်ပြားကို ငုံ့ကြည့်၍ စစ်ဆေးနေသည်။ ခဏအကြာ သူသည် ချီတုံချတုံဖြင့် တံဆိပ်ပြားကို သိမ်းဆည်းထားလိုက်သည်။

ထိုအခိုက် ကောင်းကင်ကြီး လင်းထိန်စပြုလာသည်။ ရွှီချင်းသည် အခန်းနောက်ဘက်နံရံတွင် အုတ်ခဲများကို ပြန်ထည့်လိုက်ပြီးနောက် ခြံထဲရှိ ခွေးများကို အစာကျွေးလိုက်သည်။

ထိုခွေးများသည် အလွန် အသုံးမဝင်ပါသော်လည်း အချိန်အတော်ကြာ ကျွေးမွေးနေခဲ့ပြီးနောက် ယင်းသည် အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။

ခွေးရိုင်းများ တစ်ကောင်နှင့်တစ်ကောင် အစာလုစားနေကြချိန်တွင် ရွှီချင်းသည် အတန်းသွားရန် ပြင်လိုက်သည်။ သူ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရပ်သွားပြီး ခြံထဲတွင် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။

“ ငါ အသားကျနေခဲ့တာပဲ ”

ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ သူသည် ကောင်းကင်ကြီး လင်းထိန်လာသည်အထိ ထိုင်နေသည်။ ထို့နောက် မတ်တတ်ရပ်ကာ ခြံထဲမှလျှောက်လာပြီး စခန်းကို လှည့်ပတ်သွားလိုက်သည်။

စခန်းကို သူ ရင်းနှီးနေပြီးသားဖြစ်ပါသော်လည်း ထိုအချိန်တွင် မရင်းနှီးသည့်ခံစားချက်မျိုး သူ ရလိုက်သည်။ ကြက်ခြေခတ်နှင့် လွမ်ယာတုိ့သည်လည်း ပြန်မရောက်သေးသည်မှာ အချိန်အတော်ကြာနေလေပြီ။ ရွှီချင်းသည် သွားနေရင်း လျှိုမြောင်ထဲရှိ စမ်းသပ်ခန်းကို ရုတ်တရက် သတိရသွားသည်။

ထိုနေရာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော တားမြစ်နယ်မြေဖြစ်ပါသော်လည်း သူ အလွန် သွားချင်နေဆဲပင်။

တချိန်တည်းမှာပင် ရွှီချင်းသည် အဖြူရောင်ဆေးလုံးများကို ဖော်စပ်ချင်နေသဖြင့် အသက်ပြင်းပြင်းရှူကာ တားမြစ်နယ်မြေသို့ သွားရန် စခန်းထဲမှ ထွက်လာသည်။ သို့သော် သူ စခန်းအပြင်သုိ့ မရောက်ခင် သူ့နောက်မှ လူတစ်ယောက်က အော်ပြောလိုက်၏။

“ ကလေး၊ ကလေး ”

ထိုအသံသည် ရင်းရင်းနှီးနှီး သိနေသလို ရှိနေ၍ ရွှီချင်းက လှည့်ကြည့်လိုက်ရာ သားရေအနွေးထည်ကြီး ဝတ်ထားသော ဆံပင်အဖြူများနှင့် အဘိုးအိုတစ်ယောက်က သူ့ထံ ပြေးလာနေသည်ကို မြင်လိုက်ရသည်။

ထိုအဘိုးအိုသည် စခန်းထဲမှ ရတနာမုဆိုးအိုကြီးတစ်ယောက်ဖြစ်ပြီး သူ၏နာမည်အရင်းကို တစ်ယောက်မှ မသိကြပေ။ လူအားလုံးက သူ့ကို လောင်ရှစ်ဟူ၍သာ ခေါ်ဆိုကြသည်။ သူသည်လည်း ခေါင်းဆောင်လဲ့ကို ကျောတွင်ပိုး၍ ပြန်လာစဉ်က သူ ကယ်ခဲ့သည့် လူများအနက်တစ်ယောက် အပါအဝင် ဖြစ်သည်။

နောက်ပိုင်းတွင် အရိုးဓားကဲ့သို့ သူသည်လည်း ရွှီချင်းထံမှ အာမခံ မကြာခဏ ဝယ်လေ့ရှိသည်။

“ ဟေး ကလေးရေ၊ ငါ ပွပေါက်တိုးထားတယ်ကွ ”

အဘိုးအိုလောင်ရှစ်က စိတ်လှုပ်ရှားစွာ ပြောသည်။

သူက ခပ်မြန်မြန် ရှင်းပြလိုက်ရာ ရွှီချင်း နားလည်သွားသည်။

သူ၏ရှေ့ရှိ အဘိုးအိုလောင်ရှစ်သည် ယခင်ရက်များက ရောက်ရှိလာခဲ့သော လူငယ်လေးများ၊ မိန်းကလေးများနှင့် နည်းလမ်းတစ်မျိုးသုံး၍ ရင်းနှီးမှုတည်ဆောက်နိုင်ခဲ့ပြီး တားမြစ်နယ်မြေတောအုပ်ထဲရှိ ဘုရားကျောင်းအစုအဝေးဆီကို လမ်းညွှန်အဖြစ် ပို့ဆောင်ပေးရလေသည်။

ဤတစ်ခေါက်တွင် သူက အာမခံလာဝယ်ခြင်း ဖြစ်သည်။

“ ပုံမှန်အတိုင်း အဖြူရောင်ဆေးငါးလုံး၊ တစ်ပတ်အတွင်း ငါ ပြန်မရောက်ရင် ဘုရားကျောင်းဆီမှာ ငါ့ကို လာကယ်ပေးဟေ့ ”

အဘိုးအိုလောင်ရှစ်က ပြုံး၍ ပြောသည်။

“ တစ်ပတ်လား ”

ရွှီချင်း အတန်ငယ် အံ့အားသင့်သွားသည်။

“ ဟုတ်တယ် ကလေးရေ၊ ကျစ်ထူက အဲဒီလူချမ်းသာကလေးတစ်စုက အဲဒီမှာ တစ်ပတ်လောက်နေချင်တယ်ဆိုပြီး ဇွတ်အတင်းတောင်းဆိုနေတာ။ လုပ်အားခကလည်း မျိုးမျိုးမြတ်မြတ်ရနေတော့ ငါ အစွမ်းကုန်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအလုပ်ပြီးသွားရင် ငါလည်း အနားယူဖို့ တွေးထားပါတယ် ”

အဘိုးအိုလောင်ရှစ် သက်ပြင်းချလိုက်သည်။ ရတနာမုဆိုးအိုကြီးတစ်ယောက်ဖြစ်၍ တားမြစ်နယ်မြေထဲ၌ တစ်ပတ်ကြာ နေထိုင်ရခြင်းသည် ဓာတ်နှောပမာဏများကို ပို၍ စုပ်ယူမိလာစေနိုင်မည်ဖြစ်ပြီး အသက်အန္တရာယ်ရှိသည်။ သို့သော်လည်း အဖိုးအခကလည်း များပြားလွန်းလှပြီး အနီးအနားမြို့တစ်မြို့တွင် နေထိုင်ခွင့် ဝယ်ယူရန် လုံလောက်သည်။ သို့ဖြစ်၍ သူသည် အသက်နှင့်ရင်း၍ စွန့်စားချင်နေပြီး အဖြူရောင်ဆေးလုံးများကိုလည်း အလုံအလောက် ပြင်ဆင်ထားခဲ့သည်။

ရွှီချင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူက အဖြူရောင်ဆေးလုံးများအကြောင်းကို လေ့လာချင်နေပြီး ထိုကိစ္စများကို ဆက်မလုပ်တော့ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

သို့ဖြစ်၍ သူက ငြင်းမည်ပြုစဉ် အဘိုးအိုလောင်ရှစ်၏ ဆံပင်ဖြူများနှင့် မျှော်လင့်သောအကြည့်တို့ကို မြင်သောအခါ ခေါင်းဆောင်လဲ့ကို တွေးမိလိုက်သည်။ ခဏအကြာ စဉ်းစားတွေးတောလိုက်ပြီး သူ ခေါင်းညိတ်လိုက်သည်။

“ ဒါ နောက်ဆုံးအကြိမ်ပဲ ”

ထိုသို့ဖြင့် သူသည် အဖြူရောင်ဆေးလုံးများကို လက်ခံလိုက်ရာ အဘိုးအိုလောင်ရှစ်က ကျေးဇူးတင်စကားများ အထပ်ထပ်ပြောလိုက်သည်။ ထို့နောက် ရွှီချင်းသည် စခန်းထဲမှ ထွက်ကာ တားမြစ်နယ်မြေထဲကို ဦးတည်လာခဲ့သည်။

ထိုစဉ် တားမြစ်နယ်မြေထဲ၌ မြူခိုးများ ပေါ်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားကာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။

အဆိပ်နဂါးနွံအိုင်အနီးအနားရှိ မြူခိုးများပိုင်နက်အပြင်ဘက်၌ သစ်ပင်တစ်ပင်ပေါ်တွင် ထိတ်လန့်တုန်လှုပ်စွာ ပုန်းအောင်းနေသော ရတနာမုဆိုးတစ်ယောက်ရှိသည်။ သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ရီနေ၏။

သူ့ပတ်လည်တွင် လူရိပ်လေးရိပ်ရှိသည်။ သူတို့သည် အေးစက်စက်အကြည့်များဖြင့် ရှာဖွေနေ၏။

“ မြူခိုးတွေပဲ၊ ငါ တောင့်ခံထားရင် ကလေးက ငါ့ကို သေချာပေါက် လာကယ်မှာပဲ ”

သစ်ပင်ပေါ်တွင် ပုန်းအောင်းနေသူသည် ရွှီချင်းထံမှ ကြိမ်ဖန်များစွာ အာမခံ ဝယ်ယူနေခဲ့သော အရိုးဓားမှလွဲ၍ တခြားလူမဟုတ်ချေ။

***

“ မြူခိုးတွေပဲ ”

ရွှီချင်းသည် တားမြစ်နယ်မြေတောအုပ်ထဲ ဝင်လာသည့်အခိုက် ခြေလှမ်းများ ရပ်သွားသည်။

သူ၏အရိပ်က အနည်းငယ် တွန့်လိမ်နေသည်ကို ခံစားမိလိုက်သည်။ ယခင်က ထိုကဲ့သို့ အခြေအနေမျိုးကို သူ ကြုံတွေ့ခဲ့ဖူးပြီး ယင်းသည် တားမြစ်နယ်မြေထဲ၌ မြူခိုးများ ပေါ်လာသည့်လက္ခဏာရပ်ဖြစ်ပေသည်။

အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက တောအုပ်ထဲတွင် ပါးလျသော မြူခိုးအရိပ်အငွေ့အနည်းငယ်ကိုပင် မြင်နိုင်သည်။

ရွှီချင်းသည် အတန်ငယ် ချီတုံချတုံဖြစ်နေပါသော်လည်း တွေးတောပြီးနောက် တောအုပ်ထဲဝင်သွားရန် ရွေးချယ်လိုက်သည်။

တစ်ဖက်တွင် လျှိုမြောင်ထဲရှိ စမ်းသပ်ခန်းကို သူ သွားရမည်ဖြစ်သည်။ တခြားတစ်ဖက်တွင် အရိပ်၏အကူအညီက ကြာရှည်မခံပါသော်လည်း လျှိုမြောင်ထဲသွားရန် လုံလောက်နေပေသည်။

ထို့ပြင် မြူခိုးများက အန္တရာယ်ရှိပါသော်လည်း သန္ဓေပြောင်းသားရဲများအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။ သို့ဖြစ်၍ ယခင်ကထက် အတိုင်းအတာတစ်ခုအထိ ဘေးကင်းသည်။

သို့စေကာမူ သူ့အနေဖြင့် တောနက်ထဲ ဝင်သွား၍ ရမည်မဟုတ်ဘဲ ဓာတ်နှောများသည်လည်း တိုးပွားလာတော့မည် မဟုတ်ပေ။

ထို့ကြောင့် ရွှီချင်းသည် အရှိန်တင်၍ တောအုပ်ထဲ ဝင်ရောက်သွားသည်။

နှစ်နာရီကြာပြီးနောက် မြူခိုးများ တဖြည်းဖြည်း ထူထပ်လာချိန်တွင် ရွှီချင်းသည် ညဖွတ်ကြီး၏ အရေပြားများ တည်ရှိရာနေရာကို ရောက်သွားပြီး ခြေလှမ်းများကို ရပ်လိုက်သည်။

သူသည် ဘေးရှိ သစ်ပင်ကြီးတစ်ပင်ပေါ် တက်၍ မြောက်အရပ်ကို လှမ်းကြည့်လိုက်သည်။

“ အဲဒီနေရာက အဆိပ်နဂါးနွံအိုင်နေရာပဲ ”

တားမြစ်နယ်မြေတောအုပ်ထဲရှိ မြေမျက်နှာသွင်ပြင်များကို ရတနာမုဆိုးများက ပိုင်းခြား၍ သတ်မှတ်ထားပြီး အဆိပ်နဂါးနွံအိုင်သည်လည်း ထိုနယ်မြေများအနက် တစ်ခုအပါအဝင် ဖြစ်သည်။

အဆိပ်နဂါးနွံအိုင်အကြောင်း ရွှီချင်း ကြိမ်ဖန်များစွာ ကြားခဲ့ဖူးသည်။ ထိုအကြောင်းကို အရိုးဓားက မကြာခဏ ပြောခဲ့ဖူးသည် မဟုတ်ပါလား။

ရွှီချင်းသည် အဆိပ်နဂါးနွံအိုင်ဆိုသည့်နာမည်ကို ကြိမ်ဖန်များစွာ ကြားခဲ့ဖူးသည်။ အရိုးဓားက အဆိပ်နဂါးနွံအိုင်အကြောင်းကို မကြာခဏ ပြောခဲ့ဖူးသည် မဟုတ်ပါလား။ အရိုးဓားက အဆိပ်နဂါးနွံအိုင်ကို သွားသည့်အခါတိုင်း သူ့ထံမှ အာမခံ လာဝယ်လေ့ရှိသည်။

ရွှီချင်းသည် ထိုအကြောင်း တွေးတောနေရင်း လွန်ခဲ့သောနှစ်ရက်က အရိုးဓားက အာမခံဝယ်သွားသည်ကို သတိရလိုက်သည်။

သူ သွားရန် အချိန်မကျသေးသော်လည်း မြူခိုးများပေါ်လာပြီး သူကလည်း အနီးအနားတွင် ရှိနေသောကြောင့် တစ်ချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအတွေးဖြင့် သူ၏ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး သစ်ပင်ကြီးပေါ်မှ ခုန်ဆင်းကာ အဆိပ်နဂါးနွံအိုင်ဆီ တဖြည်းဖြည်း ချည်းကပ်သွားလေသည်။

သူ အနီးရောက်လာသည်နှင့် မျက်လုံးများ တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။ သူက သတိကြီးကြီးထား၍ သိုသိုသိပ်သိပ်ဖြင့် လှုပ်ရှားလိုက်သည်။

လူတစ်ယောက်ကို သူ လှမ်းမြင်လိုက်ရ၏။

ထိုလူသည် အနက်ရောင်သားရေအင်္ကျီကို ဝတ်ဆင်ထားပြီး သွေးအေးသောအသွင် ရှိနေသည်။ သူက အေးစက်စက်အလင်းများ တဖျပ်ဖျပ်လက်နေသော ဓားရှည်တစ်လက်ကို ကိုင်ထားပြီး ဘေးပတ်ဝန်းကျင်ကို လိုက်ရှာနေသည်။

သူ၏ခန္ဓာကိုယ်မှ ထူးကဲသော ဝိညာဉ်စွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေရာ ယခင်က မီးကျီးကန်း၏ အဆင့်မျိုး ရောက်နေသည့်ပမာ ရွှီချင်း ခံစားလိုက်ရသည်။

ရွှီချင်းသည် ခဏအကြာ အကဲခတ်လိုက်ပြီး သွက်သွက်လက်လက်ဖြင့် အဝေးသို့ ရှောင်သွားသည်။ သို့သော်လည်း တူညီသောဝတ်စုံဖြင့် နောက်ထပ်လူတစ်ယောက်ကို ရွှီချင်း မြင်လိုက်ရသည်။ သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က အတူတူဖြစ်၍ ရွှီချင်း၏ရင်ထဲတွင် သံသယစိတ်များ ကြီးစိုးလာသည်။

“ သူက ရတနာမုဆိုးတစ်ယောက် မဟုတ်ဘူးပဲ ”

ရွှီချင်းသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ပို၍ပင် သတိကြီးကြီးထားလိုက်သည်။ သူသည် အဆိပ်နဂါးနွံအိုင်ပတ်လည်ကို သွားလာပြီးနောက် အရိုးဓားကို သူ မြင်လိုက်ရသည်။

All Chapters