စစ်ပွဲထဲ ဝင်နွှဲခြင်း
Vol. 15 Ch. 225
အမှတ်ခုနစ်သခင်ကြီးသည် ရွှယ်လျန့်ကျစ်၏ ချီးကျူးစကားကြောင့် ပြုံးသွားပါသော်လည်း စကားတစ်ခွန်းမဆိုပေ။ လက်နှစ်ဖက်ကိုသာ ဆုပ်၍ ထပ်မံအရိုအသေပေးလိုက်သည်။
ဝေဟင်၌ သွေးနီရောင်အမျှင်တန်းများဖြင့် ပုံရိပ်ထင်ဟပ်နေသော ဘိုးဘိုးသည် ပြုံး၍ ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးဘက်သို့ အကြည့်လွှဲလိုက်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်နှင့် မြို့ထဲမှ ဂိုဏ်းသားအားလုံးကို အတွေးဖြင့်ပင် ဖမ်းဆီးနိုင်ဟန်တူသည်။
မိုးခြိမ်းသံအလား လေသံဖြင့် သူက တစ်ခွန်းချင်း ပြောလိုက်လေသည်။
“ ဒီတိုက်ပွဲကို တောင်သခင်တွေနဲ့ အကြီးအကဲတွေ ဝင်ပါရမယ်။ ဒါပေမဲ့ အခြေတည်အဆင့်နဲ့ ချီစုစည်းခြင်းအဆင့် ဂိုဏ်းသားတွေကတော့ ဒီလိုမျိုး မဖြစ်မနေလုပ်စရာမလိုဘူး။ မင်းတို့အားလုံး အဆင့်တက်အောင် သက်စွန့်ဆံဖျား ကြိုးစားနေရတာကို ဒီအဘိုးကြီး ကောင်းကောင်းသိတယ်။ ဂိုဏ်းက မင်းတို့ကို ကူညီပေးတဲ့ဆိုပေမဲ့ မဖြစ်စလောက်ပဲရှိတာ ”
“ ဒီတော့ ဒီစစ်ပွဲထဲ ဝင်ပါဖို့ မင်းတို့ကို စည်းမျဉ်းမသတ်မှတ်ထားဘူး။ ပါချင်တဲ့လူတွေကိုတော့ ဆုချီးမြှင့်မယ်။ တိုက်ပွဲတစ်ခုလုံးမှာ ကိုယ်သဘောကျတဲ့တာဝန်ကို ထမ်းဆောင်ရမယ်။ ဘယ်ချီရွှဲ့ထုံဂိုဏ်းသားတွေ တိုက်ပွဲထဲ ပါချင်ကြလဲ ”
ဘိုးဘိုး၏ စကားဆုံးသည်နှင့် ချီစုစည်းခြင်းအဆင့်ငါးနှင့်အထက် ဂိုဏ်းသားများ၏ ဂိုဏ်းတံဆိပ်ပြားများ ချက်ချင်း တုန်ခါသွားသည်။ တိုက်ပွဲထဲဝင်ပါခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်သော အချက်အလက်များကို သူတို့၏ ဂိုဏ်းတံဆိပ်ပြားများထဲ သွတ်သွင်းလိုက်သည်။
ဂိုဏ်းတံဆိပ်ပြားများကို ထုတ်၍ ကြည့်လိုက်ပြီးနောက် ဆုကြေးငွေများကို ကျင့်ကြံသူအားလုံး ချက်ချင်း သိသွားကြပြီး တချို့ကျင့်ကြံသူများ၏ မျက်လုံးများ စူးရှတောက်ပသွား၏။
မကြာခင် ပင်မမြို့ကြီးနှင့် တောင်ထိပ်အသီးသီးမှ အော်ဟစ်ပြန်ဖြေသံများ လွင့်ပျံလာသည်။
“ တပည့်၊ တိုက်ပွဲထဲ ဝင်ပါချင်ပါတယ် ”
“ တပည့်၊ တိုက်ပွဲထဲ ဝင်ပါချင်ပါတယ် ”
တိုက်ပွဲဝင်ချင်ကြောင်း ပြောသည့်အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး ပင်မမြို့ကြီးနှင့် တောင်ထိပ်ခုနစ်လုံးမှ လူရိပ်အများအပြား လေထဲ ပျံတက်လာကြပြီး လေးစားစွာဖြင့် ရပ်နေကြသည်။
ထိုလူရိပ်များအနက် အခြေတည်အဆင့်ကျင့်ကြံသူများနှင့် ပျံသန်းစေနိုင်သော အဆောင်များပေါ်တွင် ရပ်နေကြသည့် ချီစုစည်းခြင်းအဆင့်မြင့်ကျင့်ကြံသူများလည်း ပါသည်။
ရွှီချင်းသည် ခေါင်းမော့၍ အရာအားလုံးကို ကြည့်လိုက်သည်။ ထို့နောက် ဂိုဏ်းတံဆိပ်ပြားကို ထုတ်လိုက်ပြီး အထဲမှ အချက်အလက်ကို စစ်ဆေးကြည့်လိုက်သည်။
“ ကျင့်ကြံခြင်းအခြေခံအလိုက် တိုက်ပွဲထဲပါတဲ့သူတွေကို ဆုချီးမြှင့်မယ်။ ပထမတစ်သုတ်ချီးမြှင့်တာကို ချက်ချင်း လုပ်မယ်။ ချီစုစည်းခြင်းအဆင့်ငါးဂိုဏ်းသားတွေက ဝိညာဉ်ကျောက်တုံးငါးရာ၊ ချီစုစည်းခြင်းအဆင့်အထွတ်အထိပ်ဂိုဏ်းသားတွေက ဝိညာဉ်ကျောက်တုံးသုံးထောင်၊ အခြေတည်အဆင့်ဂိုဏ်းသားတွေက ဝိညာဉ်ကျောက်တုံးတစ်သိန်း၊ အခြေတည်အဆင့် အထွတ်အထိပ်ဂိုဏ်းသားတွေက ဝိညာဉ်ကျောက်တုံးငါးသိန်းရမယ်။ စစ်ပွဲထဲ ဝင်ပါဖို့ သဘောတူလိုက်တာနဲ့ ဆုကြေးငွေ ချက်ချင်း ချီးမြှင့်မယ်။ ဒါပေမဲ့ စစ်ပွဲထဲ ဝင်ပါပြီးရင် စစ်ပွဲမပြီးမချင်း နှုတ်ထွက်လို့ မရဘူး။ ဒါပေမဲ့ စစ်တိုက်နေတုန်း တာဝန်တွေကို ရွေးချယ်လက်ခံခွင့်ရှိတယ် ”
ယင်းသည် ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသည့် စစ်ပွဲထဲ ဝင်ပါမည့်ကျင့်ကြံသူများရရှိနိုင်မည်ဖြစ်သော ပထမအကျိုးအမြတ် ဖြစ်သည်။ ထိုသည်ကိုမြင်သောအခါ ရွှီချင်း၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ စစ်ပွဲထဲဝင်ပါရုံဖြင့် ဝိညာဉ်ကျောက်တုံးတစ်သိန်းရမည်မှာ စဉ်းစားရလောက်သော ဆုကြေးငွေဖြစ်သည်။
“ စစ်ပွဲထဲမှာ တာဝန်တွေကို တောင်သခင်တွေကနေတစ်ဆင့် တောင်အသီးသီးက အကြီးအကဲတွေက ချမှတ်ပေးမှာ။ အကြီးအကဲတွေက တာဝန်တွေ သတ်မှတ်ပေးပြီးတာနဲ့ ဘယ်သူမဆို လက်ခံနိုင်တယ်။ တာဝန်တွေအတွက် ဆုကြေးငွေကိုလည်း ရက်ရက်ရောရောပေးထားတယ် ”
“ တာဝန်ထမ်းဆောင်ရင်း ဒါမှမဟုတ်အပြင်က ရတဲ့ အကျိုးအမြတ်တွေကို တင်ပြဖို့မလိုဘူး။ ကိုယ်တိုင်သိမ်းဆည်းနိုင်တယ် ”
“ စစ်ပွဲနိုင်တဲ့အခါ စစ်ပွဲထဲမှာပါတဲ့သူတွေအားလုံးကို ကျင့်ကြံခြင်းအဆင့်နဲ့ တာဝန်တွေ အောင်မြင်မှုကို လိုက်ပြီး ဂိုဏ်းကနေ အကျိုးအမြတ် ခွဲပေးမယ် ”
“ ပြီးတော့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေရဲ့ ဝိညာဉ်က မိစ္ဆာမီးဝိညာဉ်ဝါးမျိုခြင်းအတတ် ကျင့်တဲ့သူတွေကို မယုံနိုင်စရာကောင်းလောက်အောင် အကျိုးရှိစေတယ်။ အဲဒါက ဘာနဲ့မှယှဉ်မရအောင် နူးညံ့တယ်။ မယုံရင်စမ်းကြည့်၊ သိလိမ့်မယ် ”
“ ဒီတိုက်ပွဲထဲ ဘယ်သူပါချင်လဲ ”
စစ်ပွဲအတွက် ပထမဆုကြေးငွေဖြစ်သော ဝိညာဉ်ကျောက်တုံးများသည်ပင် အလွန်များနေပြီဖြစ်သည်။ တာဝန်များကို ပြီးမြောက်ပါက မည်မျှ ဆုကြေးရမည်ကို စိတ်ကူးဖြင့် ခန့်မှန်းကြည့်နိုင်သည်။ ရွှီချင်းမှာ စိတ်ဝင်စားသွားရသည်။
သူ့မှာ ဝိညာဉ်ကျောက်တုံးများ ကုန်ခမ်းနေပြီ ဖြစ်သည်။
ဓမ္မအသုံးအဆောင်များနှင့် အဆိပ်မြက်များကို ဝယ်ယူပြီးနောက် သူ စုဆောင်းထားခဲ့သည့် ဝိညာဉ်ကျောက်တုံးများ ကုန်သလောက်ဖြစ်သွားသည်။ ဝိညာဉ်ကျောက်တုံးနည်းနည်းပါးပါး ကျန်သေးသော်လည်း နေ့စဉ်အသုံးစရိတ်အတွက်သာ ကျန်တော့သည်။
ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံခြင်း၌ အလွန် အရေးပါသည်။ ယခု သူ့မှာ ဝိညာဉ်ကျောက်တုံး ဆယ်သန်းသာ ရှိနေပါက ဂိုဏ်းမှ ကျင့်ကြံသူအများအပြားအား အခြေတည်အဆင့် ပင်လယ်သတ္တဝါများ ဖမ်းဆီးရန် သူ တာဝန်ပေးနိုင်သည်။ သူ့မှာ ထို့ထက်ပို၍ ဝိညာဉ်ကျောက်တုံးများ ရှိပါက ဂိုဏ်းအကြီးအကဲများကိုပင် အကူအညီတောင်းနိုင်သည်။
ဓမ္မတံခါးသုံးဆယ်ကို သူ ဖွင့်ရာတွင် အချိန်ကုန်သက်သာသွားမည်ဖြစ်သည်။
အကြီးအကဲများကို သူ အကူအညီမတောင်းသည့်တိုင်အောင် ဝိညာဉ်ကျောက်တုံးအလုံအလောက်သာ ရှိပါက သူ့မှော်သင်္ဘောကို အဆင့်မြှင့်တင်နိုင်သည်။ ထို့နောက် အစွမ်းထက်သတ္တဝါတချို့ကို သူ သတိထား ရှောင်တိမ်းကာ တားမြစ်ပင်လယ်ထဲတွင် နယ်မြေတစ်ခု စိုက်ထူနိုင်မည် ဖြစ်သည်။
သို့ဖြစ်၍ ထိုစစ်ပွဲမှ ဆုကြေးငွေက ရွှီချင်း၏ အသက်ရှူသံများကို မြန်ဆန်သွားစေသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်များကို ရနိုင်မည့်အတွေးကြောင့်လည်း သူ စိတ်ဝင်စားသွားရသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဝိညာဉ်ကို မြည်းစမ်းကြည့်ခဲ့ဖူးသော ရွှီချင်းအတွက် ထိုအချက်မှာ ပို၍ပင် ဆွဲဆောင်အားကြီးနေသည်။ သူသည် ပြတ်သားသောလူတစ်ယောက်ဖြစ်၍ အနည်းငယ် တွေးတောပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
ကောင်းကင်ယံသို့ လူရိပ်များ တစ်ရိပ်ပြီးတစ်ရိပ် ပျံတက်လာကြပြီး စစ်ပွဲတွင် ပါဝင်မည့်အကြောင်း ပြောဆိုသံများ ဟိန်းထွက်လာသည်။ ချီရွှဲ့ထုံဂိုဏ်း၏ တောင်ခုနစ်လုံးပေါင်းလျှင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ထောင်ခန့် ရှိသည်။ ယခုတစ်ကြိမ်တိုက်ပွဲ၌ အခြေတည်အဆင့်ကျင့်ကြံသူ ခုနစ်ဆယ်ရာခိုင်နှုန်း ဝင်နွှဲမည်ဖြစ်သည်။ သူတို့က ပြွတ်သိပ်၍ ရပ်နေကြပေရာ သူတု့ိအရှိန်အဝါများကြောင့် လေပြင်းများ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားပြီး ပင်လယ်ပြင်သည်ပင် လှိုင်းဘောင်ဘင်ခတ်သွားသည်။
အကြီးအကဲအများအပြားသည်လည်း တောင်ထိပ်အသီးသီးမှ ထွက်လာကြပြီး တောင်သခင်များဘေး၌ ရပ်လိုက်ကြသည်။
တချိန်တည်းမှာပင် ပင်မမြို့ကြး၏ မြေပြင်ပေါ်၌ မရေမတွက်နိုင်သော ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများသည် ရွေးချယ်စရာများကို ချိန်ဆကြည့်နေသည်။ တချို့က တိုက်ပွဲတွင် ဝင်ပါရန် ရွေးချယ်လိုက်ကြပြီး တခြားလူများက စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ချီရွှဲ့ထုံဂိုဏ်းသားဖြစ်လာနိုင်ပြီး ချီစုစည်းခြင်းအဆင့်ငါးနှင့် အထက် ကျင့်ကြံသူများက သာမန်ထက် သာလွန်သည် မဟုတ်ပေလော။
“ ဂိုဏ်းမန္တန်အစီအရင်ကို ဖွင့်ပြီး ရေသူမမျိုးနွယ်က တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်နဲ့ ချိတ်ဆက်လိုက် ”
ရွှယ်လျန့်ကျစ် ပြောပြီးသည်နှင့် ချီရွှဲ့ထုံတစ်ဂိုဏ်းလုံး တဝုန်းဝုန်းမြည်ဟည်းသွားသည်။ တောင်ခုနစ်လုံးပေါ်ရှိ ဧရာမသွေးမျက်လုံးကြီးခုနစ်လုံးက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားစေသည့် မိစ္ဆာအလင်းများ ထုတ်လွှတ်လိုက်သည်။
မန္တန်အစီအရင် အသက်ဝင်လာပြီဖြစ်သည်။
ဆုကြေးငွေနှင့် ပတ်သက်သော အချက်အလက်အပြင် ဂိုဏ်းသားအားလုံး၏ ဂိုဏ်းတံဆိပ်ပြားများထဲတွင် ထိုတိုက်ပွဲအတွက် ရိုးရှင်းသောအစီအစဉ်တစ်ခု ရှိနေသည်။ ဂိုဏ်းက ထိုအစီအစဉ် ပေါက်ကြားသွားမှာကို ကြောက်လန့်ခြင်း မရှိသည့်အလားပင်။
အစီအစဉ်တစ်ခုလုံးက ရေသူမမျိုးနွယ်၏ ကျွန်းလေးကျွန်းကို ရှေ့တန်းစစ်မြေပြင်အဖြစ် အသုံးချရန် ဖြစ်သည်။ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၏ ဧရာမအကာအကွယ်မန္တန်အစီအရင်ကြီးအောက်တွင် တိုက်ပွဲ၌ ပါဝင်ချင်သည့် လူများအားလုံး ဂိုဏ်းတံဆိပ်ပြားများကို ဆုပ်ကိုင်ကာ ‘ ပါချင်သည် ’ ဆိုသော စကားလုံးကို တိတ်ဆိတ်စွာ ရွတ်လိုက်သည်နှင့် မန္တန်အစီအရင်ကြီးက ရေသူမကျွန်းသို့ တည်နေရာရွှေ့ပြောင်းပေးမည် ဖြစ်သည်။
ယင်းအစီအစဉ်အရ စစ်မြေပြင်သည် ချီရွှဲ့ထုံဂိုဏ်းနှင့် ဝေးရာသို့ ရောက်သွားမည်ဖြစ်သည်။ ရေသူမကျွန်းများသည် ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကြားတွင် တည်ရှိသည်ဖြစ်၍ စစ်ရေးဗျူဟာအရ အလွန်အရေးပါသည်။
ယခင်က ချီရွှဲ့ထုံဂိုဏ်းသည် ပြိုင်ပွဲကို ဟန်ပြလုပ်ခဲ့ပြီး ဂိုဏ်းစောင့်ဘိုးဘိုး၏ အဆင့်တက်ခြင်းကို အသုံးချ၍ တစ်ချီတည်းဖြင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို အခက်တွေ့အောင်လုပ်ကာ ရေသူမကျွန်းများကို ငွေညှစ်ခဲ့သည်။
ထို့ကြောင့် ထိုစစ်ရေးဗျူဟာ၏ ပထမအဆင့်က ပြီးသွားခဲ့ပြီဖြစ်သည်။ နောက်တစ်ဆင့်မှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တန်ပြန်တိုက်ခိုက်မှုအောက်တွင် ရေသူမကျွန်းပေါ်၌ ခြေကုပ်ယူရန် ဖြစ်သည်။
ပထမတစ်ဆင့်သည် လျှို့ဝှက်ကြံစည်ခြင်းဖြစ်ပြီး ဒုတိယတစ်ဆင့်မှာ ပွင့်လင်းမြင်သာစွာ အကွက်ချခြင်း ဖြစ်သည်။
“ တိုက်ပွဲဝင်အပေါင်းတို့၊ သွားကြမယ်ဟေ့ ”
ရွှယ်လျန့်ကျစ်က လက်ကိုဝှေ့ယမ်းလိုက်သည်။ သူက မရေမတွက်နိုင်သော အနီရောင်အမျှင်တန်းများအဖြစ် ပြောင်းလဲသွားပြီး ဂိုဏ်း၏ မန္တန်အစီအရင်ကြီးဆီသို့ တရွှီရွှီမြည်သံပေး၍ ပြေးဝင်သွားကာ ချက်ချင်း တည်နေရာရွှေ့ပြောင်းသွားသည်။
ပြီးသည်နှင့် တောင်ငါးလုံးမှ တောင်သခင်များ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။
သူတို့နောက်တွင် တောင်ထိပ်အသီးသီးမှ အကြီးအကဲများဖြစ်ပြီး နောက်ဆုံးတွင် တောင်ခုနစ်လုံး အခြေတည်အဆင့်ကျင့်ကြံသူခုနစ်ရာကျော်ဖြစ်သည်။
ခံ့ညားထည်ဝါသောလူစုကြီးသည် လူသတ်ငွေ့များ တဟုန်းဟုန်း တောက်လောင်နေလျက် တည်နေရာရွှေ့ပြောင်းကာ ပျောက်ကွယ်သွားသည်။
အခြေတည်အဆင့်ကျင့်ကြံသူများထဲရှိ ရွှီချင်းသည် ချက်ချင်း တည်နေရာမရွှေ့ပြောင်းသေးဘဲ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီးကို လှမ်းကြည့်လိုက်သည်။
ဂိုဏ်းက ပင်မမြို့ကြီးကို ကာကွယ်ရန် လက်ကျန်အင်အားများ ချန်ထားမည်ဖြစ်ပါသော်လည်း လက်ရှိဂိုဏ်းအနေအထားက ပုံမှန်ထက် များစွာ အားနည်းနေသည်။ ဂိုဏ်း၏ အကာအကွယ်မန္တန်အစီအရင်ကို အသက်သွင်းထားသည့်တိုင်အောင် အကာအကွယ်မဲ့နေဟန် ဖြစ်နေဆဲပင်။
ချီရွှဲ့ထုံဂိုဏ်းသို့ စရောက်ကတည်းက ယခုအချိန်တိုင်အောင် ရွှီချင်း သိလာရသည်မှာ ဂိုဏ်းထဲရှိ လူအများစုက အကြံသမားဆိုသည်ကိုပင်။ သို့ဖြစ်ပေရာ ဂိုဏ်းစောင့်ဘိုးဘိုးနှင့် တောင်သခင်ခုနစ်ယောက်က ထိုကိစ္စကို သတိလက်လွတ်နေမည်ဟု သူ မယုံကြည်ပေ။
“ ချီရွှဲ့ထုံဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က အခု ငါတို့ မြင်နေရသလို ဟုတ်ချင်မှ ဟုတ်မှာ။ လက်ရှိဂိုဏ်းနဲ့ ပင်မမြို့ကြီးဆိုတာတောင် တခြားအင်အားစုတွေကို ဆွဲဆောင်ဖို့ ထောင်ချောက်တောင် ဖြစ်နေလောက်တယ် ”
ရွှီချင်း အတွေးနက်သွားပြီး ခေါင်းမော့၍ ဂိုဏ်း၏မန္တန်အစီအရင်ကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ ဝင်းလက်သွားပြီး ဂိုဏ်းတံဆိပ်ပြားကို ဆုပ်ကိုင်၍ စိတ်ထဲမှ ရွတ်ဆိုလိုက်သည်။
“ ပါဝင်မယ် ”
ထို့နောက် ရွှီချင်းကို အထက်ရှိ မန္တန်အစီအရင်မှ ကျဆင်းလာသော အလင်းတန်းက လွှမ်းခြုံသွားပြီး သူ့တစ်ကိုယ်လုံး အလင်းထဲ ပျောက်ကွယ်သွားသည်။
ထိုအချိန်၌ ပင်မမြို့ကြီးထဲတွင် ထိုကဲ့သို့ အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ကျဆင်းနေသည်။ ထိုအလင်းတန်းများ၏ အောက်တွင် ဂိုဏ်းသားအများအပြား တည်နေရာရွှေ့ပြောင်းခံနေရသည်။ လာမည့်ရက်များတွင်လည်း ထိုကဲ့သို့ အလင်းတန်းများ ဆက်လက်ကျဆင်းနေမည်ကို ခန့်မှန်းကြည့်နိုင်သည်။
ရေသူမကျွန်းလေးကျွန်းရှိရာ တားမြစ်ပင်လယ်အထက်ရှိ ကောင်းကင်ကြီးကိုလည်း ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၏ မန္တန်အစီအရင်အလင်းတန်းက ဖုံးလွှမ်းလာပြီး ရေသူမကျွန်းလေးကျွန်းကိုပါ လွှမ်းခြုံလာသည်။
မန္တန်အစီအရင်ကြီးက အကာအကွယ်အပြင် ပင်မမြို့ကြီးနှင့် သဟဇာတဖြစ်စွာဖြင့် ဂိုဏ်းသားများကို တခဏလေးအတွင်း တည်နေရာရွှေ့ပြောင်းပေးနေသည်။
ထိုကျွန်းလေးကျွန်းအပြင်ဘက်တွင် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ တိုက်ခိုက်နေကြသည့်အလား လေဟူးဟူး တိုက်ခတ်ကာ မိုးခြိမ်းသံတဂျုံးဂျုံးမြည်ဟည်းနေသည်။ အတော်ဝေးသောနေရာသို့တိုင်အောင် မြူခိုးများက ဖုံးလွှမ်းထားပြီး လှိုင်းများသည်လည်း တဝုန်းဝုန်းရိုက်ခတ်နေ၏။ မြူခိုးများထဲမှ တိုက်ခိုက်နေသံများကို ြ့ားရသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို တိုက်ခိုက်နေသူများမှာ ရေသူမမျိုးနွယ်ဝင်များဖြစ်သည်ကို ဝိုးတဝါး မြင်နိုင်သည်။
ရေသူမမျိုးနွယ်သည် ဖိနှိပ်ခံလိုက်ရပြီးနောက် လုံးလုံးလျားလျား ဦးညွှတ်ရန် ရွေးချယ်လိုက်ပြီဖြစ်ပြီး အသေခံတပ်သားများကိုပင် စီစဉ်ထားခဲ့သည်။
သို့သော်လည်း ထိုတိုက်ပွဲက သာမန်သာဖြစ်သည့်အလား ပြင်းထန်ဟန်မတူပေ။ ကျွန်းလေးကျွန်းပေါ်၌ ရေသူမမျိုးနွယ်၏ အဆောက်အအုံများနှင့် ကွဲပြားသော အဆောက်အအုံများ မရေမတွက်နိုင်အောင် ဆောက်လုပ်ထားသည်။
ထိုအဆောက်အအုံများမှာ မြင့်မားသော မျှော်စင်ကြီးများ ဖြစ်သည်။
မျှော်စင်တိုင်းက အရပ်မျက်နှာအနှံ့သို့ အပြာဖျော့ဖျော့အလင်းများ ထုတ်လွှတ်ကာ တခြားမျှော်စင်များနျင့် ချိတ်ဆက်နေပေရာ ကျွန်းလေးကျွန်းမှာ တစ်ကျွန်းတည်းဖြစ်သွားသည့်အလား ထင်ရသည်။
ကျွန်းလေးကျွန်းပေါ်တွင် မရေမတွက်နိုင်အောင် တပ်ဆင်ထားသော ဓမ္မအဆောင်များလည်း ရှိသည်။ အချိန်တိုင်း ထိုဓမ္မအဆောင်များက တဂျုံးဂျုံးမြည်ဟည်းကာ အဝေးရှိ စစ်မြေပြင်ပေါ်သို့ မန္တန်များ ထုတ်လွှတ်နေသည်။
ကျွန်းလေးကျွန်းတွင် မန္တန်အစီအရင်များဖြင့် ပြည့်နှက်နေသည်။ အသက်ရှူချိန်အနည်းငယ်ကြာတိုင်း ကောင်းကင်ယံ၌ ကမ္ပည်းစာလုံးအရိပ်များ ပေါ်လာပြီး မန္တအစီအရင်ကြီးကို အားဖြည့်ပေးရန် ဘေးပတ်ဝန်းကျင်နှင့် အလျင်အမြန် ပေါင်းစည်းသွားသည်။
ကျူးယင်ကျွန်းပေါ်၌ ဓာတ်နှောအများအပြားကို ဆွဲထုတ်ကာ ခေါင်းကိုးလုံးမြွှေများအဖြစ် ပြောင်းလဲလိုက်ပြီး ချီရွှဲ့ထုံဂိုဏ်းသားများ တိုက်ခိုက်ရန်အတွက် ထိန်းချုပ်ထားဟန်တူသည်။
တခြားကျွန်းများပေါ်၌လည်း ထိုနည်းတူပင်။ ချီရွှဲ့ထုံဂိုဏ်းက မီအဲ့ကျွန်းပေါ်ရှိ မီးတောက်များကို ပြုပြင်လိုက်ပြီးနောက် မီးတောက်များမှာ လက်ရှိတွင် တဟုန်းဟုန်း ပေါက်ကွဲနေသည်။ ၎င်းတို့ ပေါက်ကွဲလိုက်သည့်အခါတိုင်း မြေပြင်ကြီးတုန်ဟီးကာ ကြောက်ခမန်းလိလိစွမ်းအားများ အရပ်မျက်နှာအနှံ့သို့ စီးဆင်းသွားသည်။
ယိမေကျွန်း၏ တစ်ဝက်ကျော်မှာ ဓားရေကန်ကြီးတစ်ကန်အဖြစ် ပြောင်းလဲသွားသည်။ ဓားပျံများစွာမှာ မွေးမြူခံနေရသည့်အလား ဓားရေကန်ကြီးထဲ နစ်မြှုပ်ခံထားရသည်။ ယင်းသည် ပထမတောင်ထိပ်၏ နည်းလမ်းဖြစ်ပေသည်။ ထိုဓားများကိုသာ အသုံးချလိုက်သည်နှင့် လောကကြီးကို တုန်ဟီးသွားစေမည် ဖြစ်သည်။
ကျူးယင်ကျွန်းပေါ်၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်နေသည်။
ထိုကျွန်းပေါ်တွင် မျက်လုံးတစ်လုံးကို စိုက်ထားသည်။ ထိုမျက်လုံး၏ အရွယ်အစားက ကျွန်းကြီး၏ ခုနစ်ဆယ်ရာခိုင်နှုန်းရှိသည်။ အနီးကပ်ကြည့်ပါက ချီရွှဲ့ထုံဂိုဏ်း၏ သွေးမျက်လုံးကြီးများနှင့် တစ်ထပ်တည်း ဆင်တူသည်ကို မြင်ရပေမည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ကျွန်းလေးကျွန်းပေါ်ရှိ ကျင့်ကြံသူအားလုံး၏ ဂိုဏ်းတံဆိပ်ပြားများထဲသို့ အချက်အလက်များ စီးဝင်သွားသည်။
မီအဲ့ကျွန်းအထက် လေထဲတွင် ရွှီချင်း ပေါ်လာသည်။ သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အပြောင်းအလဲကြီး ပြောင်းလဲနေသော ရေသူမကျွန်းလေးကျွန်းကို မြင်လိုက်ရသည်။
ရွှီချင်း၏ စိတ်ထဲ တုန်ရီသွားရပြီး အဝေးသို့ လှမ်းကြည့်လိုက်ရာ ကျူးယင်ကျွန်းအထက် လေထဲတွင် ရပ်နေသော ရွှယ်လျန့်ကျစ်နှင့် တောင်သခင်ငါးယောက်ကို မြင်လိုက်ရသည်။
ဘိုးဘိုးကြီးကို အရိုအသေပေးကာ နှုတ်ဆက်နေသော တခြားတောင်သခင်နှစ်ယောက်လည်း ရှိနေပြီး သူတို့နှစ်ဦးက တစ်စုံတစ်ခုကို တင်ပြနေဟန်တူသည်။
ထိုတောင်သခင်နှစ်ယောက်အနက် တစ်ယောက်မှာ အဘွားအိုဖြစ်သည်။ ထိုအဘွားအိုသည် သောင်းချီသော မန္တန်အစီအရင်များနှင့် ဆက်စပ်နေဟန်တူသော မန္တန်အစီအရင်ကြီးတစ်ခုပေါ်တွင် ရပ်နေသည်။
တခြားတစ်ယောက်မှာ မည်းမှောင်သောမျက်နှာအမူအရာနှင့် အဘိုးအိုဖြစ်သည်။ သူ့ပုံစံက ခမ်းနားကြီးကျယ်သော ခံစားချက်မျိုး မဖြစ်ဘဲ ခါးသီးမှုများဖြင့် ပြည့်နှက်နေဟန်တူသည်။ သူ့နှလုံးသားထဲတွင် ဖြေမဆည်နိုင်သော ခါးသီးသောအတွေ့အကြုံတစ်ခု ရှိနေသည့်အလားပင်။
သူသည် လက်ထဲတွင် ဘူးသီးခြောက်သေရည်အိုးကို ကိုင်ထားပြီး ဝေဟင်တွင် သွားနေရင်း မော့သောက်နေသည်။
သူတို့နှစ်ဦးသည် ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက်တောင်ထိပ်များမှ တောင်သခင်များ ဖြစ်ကြသည်။
ရွှီချင်းသည် ကျွန်းများကို ငေးကြည့်ရင်း မည်သည့်အတွက်ကြောင့် ဂိုဏ်းထဲတွင် ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက်တောင်သခင်များ ပေါ်မလာရသည်ကို ချက်ချင်း နားလည်သွားသည်။
ကျွန်းလေးကျွန်းပေါ်မှ အပြောင်းအလဲများသည် ထိုတောင်သခင်နှစ်ဦး၏ စီမံခန့်ခွဲမှုများကြောင့် ဖြစ်ပေသည်။