← Chapters

အလွယ်လိုက်ခြင်း........

Vol. 4 Ch. 46

အလွယ်လိုက်ခြင်း........

Vol. 4 Ch. 46

လီလော့ အခန်းထဲပြန်ဝင်လာခဲ့ပြီး ယုလန်ပေးထားသော စာအုပ်အား ဖတ်ရှုကြည့်လိုက်သည်။

ဖတ်ကြည့်ရင်းကနေ စိတ်ဝင်စားစရာကောင်းလာသည့်အပြင် အရေးကြီးသော အချက်အလက်အချို့ကိုပါ တွေ့လာခဲ့ရသည်။

ယုလန်တကယ်ပင်ကြိုးစားအားထုတ်ခဲ့ပုံရသည်။ ဤစာအုပ်သည် အမှန်ပင် အသုံးဝင်သောစာအုပ်ဖြစ်သည်။

သို့သော်လည်း လီလော့နှင့်ပတ်သတ်သော အချက်အလက်များတွင် ရုပ်ချောသည့်အချက်မှလွဲ၍ ကျန်သောအချက်များသည် အကုန်မှားယွင်းနေသည်သာ.....

ထို့နောက် လီလော့သည် ထိပ်တန်းဆယ်ယောက်စာရင်းဝင်နိုင်မည်ဟု ထင်ကြေးပေးခံရသူများစာရင်းကို သေချာလေ့လာကြည့်လိုက်သည်။

ထိပ်ဆုံးနေရာတွင်ရှိနေသူသည် အဆင့်ခုနှစ် ရေခဲပဲ့တင်ထပ်သံပိုင်ရှင် လုချင်းအာဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်၌လည်း စည်းတံဆိပ်ကိုးခုအဆင့်တွင်ရှိနေသည်။ သူမသည် လှပရုံသာမက သန်မာသူတစ်ဉီးလည်း ဖြစ်ပြီး နန်ဖန်းကျောင်းတော်၏ ရှုံးပွဲမရှိ ထိပ်တန်းကျောင်းသူဆိုလည်း မမှားနိုင်ပေ။

ဒုတိယနေရာတွင်ရှိနေသူမှာ အဆင့်ခုနှစ် မိုးကြိုးပဲ့တင်ထပ်သံပိုင်ရှင် ရှီယွမ် ဖြစ်ပြီး သူသည်လည်း စည်းတံဆိပ်ကိုးခုအဆင့်တစ်ယောက်ဖြစ်သည့်အတွက် လုချင်းအာနှင့်ယှဉ်​ပြိုင်နိုင်သောသူတစ်ဉီးဟု ထင်ကြေးပေးခံနေရသည်။

တတိယနေရာတွင် အာရုဏ်ဉီးကျောင်းတော်သား ရှန်းလျန်ရှိနေပြီး သူသည် အဆင့်ခုနှစ် မီးပဲ့တင်ထပ်သံ ပိုင်ဆိုင်ထားကာ စည်းတံဆိပ်ရှစ်ခုအဆင့်ကျွမ်းကျင်သူတစ်ဉီးဖြစ်သည်။ ရှန်းလျန်သည် အာရုဏ်ဉီးကျောင်းတော်မှ အရင်းမြစ်များစွာ အကုန်ကျခံ ပျိုးထောင်ထားသည့် ထိပ်တန်းကျောင်သားဖြစ်သောကြောင့် ခွန်အားအရာ၌ မှန်းဆမရနိုင်အောင် သန်မာပေလိမ့်မည်။

စတုတ္ထနေရာတွင်  အဆင့်ခုနှစ် ကြက်သွေးရောင်လင်းယုန် ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသော စုန်ယွမ်ဖန်ရှိနေပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာ စည်းတံဆိပ်ရှစ်ခုအဆင့်ဖြစ်သည်။ လုချင်းအာကို ရှုံးနိမ့်ခဲ့သည့်ပြိုင်ပွဲနှင့် လီလော့နှင့် သရေကျခဲ့သော ပြိုင်ပွဲမှလွဲ၍ သူလည်း ရှုံးပွဲမရှိသူတစ်ယောက်ဖြစ်သည်။

ပဉ္စမနေရာတွင် မြူမှုန်အလင်းကျောင်းတော်သူ ချီစုရှိနေပြီး သူမ၏ ပဲ့တင်ထပ်သံသည် အဆင့်ခုနှစ် အဆိပ်စပျစ်နွယ် ပဲ့တင်ထပ်သံဖြစ်သည်။ ကျင့်ကြံမှုအဆင့်သည် စည်းတံဆိပ်ရှစ်ခုဖြစ်သည်။

ဆဌမနေရာတွင် အထွတ်အထိပ်ကျောင်းတော်သား ကျုံးဖူ ရှိနေပြီး သူသည်လည်း အဆင့်ခုနှစ် ရေပဲ့တင်ထပ်သံပိုင်ဆိုင်ထားပြီး စည်းတံဆိပ်ရှစ်ခုအဆင့်တစ်ယောက်ဖြစ်သည်။

လီလော့ ဖတ်ကြည့်မိလေ အံ့သြမိလေဖြစ်နေရလေသည်။ ဤစာအုပ်ကိုသာ မဖတ်ကြည့်မိပါက ထျန်ရှုစီရင်စုတွင် ဤသို့သော ကျားနှင့်နဂါးများရှိနေသည်ကို သိနိုင်လိမ့်မည်မဟုတ်ပေ။

အခြားသော ကျောင်းတော်များသည် နန်ဖန်းကျောင်းတော်လောက် အခြေခံအုတ်မြစ်ခိုင်မာခြင်းမရှိသော်လည်း အရင်းမြစ်များစွာသုံးစွဲ၍ ထူးချွန်သောကျောင်းသားများကိုပျိုးထောင်ပါနိုင်သေးသည်။ထို့ကြောင့် နှစ်ကုန်စာမေးပွဲတွင် ထူးချွန်သော ကျောင်းသားများ ပေါ်ထွက်လာခြင်းသည် ထူးဆန်းမနေတော့ပေ။

ထို့အပြင် ထိပ်တန်းဆယ်ယောက်စာရင်းဝင်မည်ဟု ထင်ကြေးပေးခံရသူဆယ်ဉီးစလုံးသည် စည်းတံဆိပ်ရှစ်ခုအဆင့်များဖြစ်ကြပြီး အားနည်းသူတစ်ယောက်မျှမရှိပေ။

" ကြည့်ရတာ ထိပ်တန်းဆယ်ယောက်စာရင်းဝင်ဖို့ အတော်ကြိုးစားရမယ့်ပုံပဲ...."

လီလော့သည် လက်ရှိတွင် စည်းတံဆိပ်ခုနှစ်ခုအဆင့်သာ ရှိသေးသည့်အတွက် ထိပ်တန်းဆယ်ယောက်စာရင်းဝင်ဖြစ်ရန် ထင်ကြေးပေးခံထားရသူများထက် မဆိုသလောက် နိမ့်ပါးနေသေးသည်။ကံကောင်းသည်က သူ့ထံတွင် ထိုကွာခြားချက်များကို ဖြည့်စည်းပေးနိုင်သော ထူးခြားသည့် ရေအလင်းပဲ့တင်ထပ်သံရှိနေပေသည်။

ယခုချိန်တွင် စုန်ယွမ်ဖန်နှင့်သာ တိုက်ခိုက်ရမည်ဆိုပါက ယခင်တစ်ခါတုန်းကလို လှည့်ကွက်များ သုံးရန်မလိုတော့ပေ။

ထိပ်တန်း ဆယ်ယောက်တွင် လုချင်အာနှင့် ရှီယွမ်တို့သည် စည်းတံဆိပ်ကိုးခုအဆင့်တွင်ရှိနိုင်သောကြောင့် ၎င်းတို့သည် သီးခြားအဆင့်တွင် ရှိနေကြသည်ဟု ဆိုရမည်။နှစ်ယောက်စလုံးသည် ပဲ့တင်ထပ်သံရပ်ပညာတွင် အထူးကျွမ်းကျင်ကြပြီး ပထမနေရာကို နှစ်ဦးတည်းမှ တစ်ဉီးသာလျှင် ဆွတ်ခူးနိုင်ဖြစ်နိုင်ဖွယ်ရှိသည်။

လီလော့သည် လုံလောက်အောင် သန်မာခြင်းမရှိသေးသည့်အတွက် ပထမနေရာကို ယခုချိန်တွင် မျှော်မှန်းမထားသေးပေ။

လီလော့ထံတွင် အဆင့်​ခြောက် ရေအလင်းပဲ့တင်ထပ်သံပိုင်ဆိုင်ထားပြီး ထိုပဲ့တင်ထပ်သံနှစ်ခုစလုံးသည် အဆင့်ခုနှစ် ပဲ့တင်ထပ်သံထက်ပိုမိုသာလွန်သော အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားပေသည်။

ထို့ကြောင့် လီလော့အား အလွယ်တကူဖိနှိပ်နိုင်မည် ထင်ထားပါက အလွန်အမင်း လျှော့တွက်မိရာကျပေလိမ့်မည်။

တကယ်တမ်းတွင်မူ ကျန်းချင်းအာကဲ့သို့ အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ရှင်များနှင့်ကြုံတွေ့လာပါက အရိုက်ခံရမည့်သူသည် လီလော့သာပင်.....

ဖေဟောင်သည်ပင် ကျန်းချင်းအာကို ပြသာနာရှာချင်သည့်တိုင် ကမ္ဘာမြေနှင့်ရင်းနှီးခြင်း နှောင်းပိုင်းအဆင့်ရောက်သည်အထိ စောင့်ဆိုင်းခဲ့ရသည်။ကျန်းချင်းအာသည် ကမ္ဘာမြေနှင့် ရင်းနှီးခြင်း အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း ဖေဟောင် အလွယ်တကူရန်မစရဲသေးပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် အဆင့်ကိုးပဲ့တင်ထပ်သံများသည် မည်မျှအားကောင်းမှန်း တွေးကြည့်နိုင်ပေသည်။

ထို့ကြောင့် လီလော့သည် ကြယ်တာယာခရီးရှည်ကောလိပ်ဝင်ခွင့်ရရန် ထိပ်တန်းဆယ်ယောက်စာရင်းဝင်ရန်သာ ကြိုးစားမည်ဖြစ်ပြီး ပထမနေရာကို မျှော်မှန်းထားခြင်းမရှိပေ။

အတိတ်တုန်းကဖြစ်ပျက်ခဲ့သမျှကို သင်ခန်းစာ ယူပြီး သိုသိုသိပ်သိပ်နေထိုင်ကာ တိုးတက်မည့်လမ်းကိုသာ လီလော့ လျှောက်လှမ်းလိုပါသည်။

အ​​ခြေနေသာ ပေးမည်ဆိုပါက သိုသိုသိပ်သိပ်နေထိုင်ပြီး မြို့စားအဆင့်ထိရောက်အောင် ကျင့်ကြံကာ အသက်ရှည်ရှည်နေလိုပါသေးသည်။

မည်သို့ပင်ဆိုစေ ငါးနှစ်ဟူသော အချိန်ကန့်သတ်ချက်သည် လီလော့အတွက် ဓားမိုးထားသလိုခံစားစေရပြီး အိပ်ကောင်းခြင်း မအိပ်နိုင် စားကောင်းခြင်းမစားနိုင်ဖြစ်နေစေသည်။

လီလော့ ယုလန်ရေးသားထားသော စာအုပ်ကို စိတ်ဝင်တစားဖတ်ရှုနေချိန်၌ အပြင်ဘက်တွင် မှောင်မည်းနေလေပြီ.....

စိတ်ဝင်တစားစာဖတ်နေသော လီလော့ကို ကျောက်ခွော်က အနှောက်အယှက်မပေးခဲ့ဘဲ ကိုယ့်ဘာသာကို ထမင်းထွက်စားခဲ့ပြီး လီလော့အတွက်ပါ သယ်လာခဲ့ဆုံးဖြတ်လိုက်သည်။

" ရေးထားတဲ့ အချက်အလက်တွေကအတော်လေးကျယ်ပြန့်တဲ့အပြင် အသုံးလည်းဝင်တယ်..."

လီလော့ တစ်အုပ်လုံးကို ဖတ်ကြည့်ပြီးသည့်အခါ ထိုသို့ မှတ်ချက်ပြုမိလိုက်သည်။ ဤစာအုပ်ကို ဖတ်ကြည့်ပြီးသည့်အခါ အခြားကျောင်းတော်များ၏ ထူးချွန်ကျောင်းသားများ၏ စွမ်းရည်များကို သေချာလေ့လာဆန်းစစ်နိုင်ခဲ့ရသည်။

ထို့အပြင် ယုလန်သည် အခြားသူများ ကြိုတင်လေ့လာခြင်း မပြုလုပ်နိုင်ရန် လီလော့နှင့်ပတ်သတ်သမျှအကြောင်းအရာများကို စိတ်ရင်းအမှန်ဖြင့် တမင်ချန်ရစ်ထားပေးကြောင်း သိလိုက်ရသည်။

" ဟူးးး ငါ ယုလန်ကို အထင်မှားမိခဲ့ပြီ...."

ထိုအချိန်တွင် ဝမ်းဗိုက်ထဲမှ တကြုပ်ကြုပ်မည်သံထွက်ပေါ်လာပြီး ဗိုက်ဆာလာတော့မှသာ အချိန်လင့်နေပြီဖြစ်ကြောင်း သတိရမိလိုက်လေသည်။

" ကျောက်ခွော်ဘာလို့ ပြန်မလာသေးတာလဲ..ဒီကောင် ငါ့ကို အစာငတ်ပြီးသောအောင် သတ်ပြီး တစ်ခန်းလုံးကို တစ်ယောက်တည်း မောင်ပိုင်စီးချင်နေတဲ့ပုံပဲ...."

ထိုအချိန်တွင် တံခါးခေါက်သံနှင့်အတူ ယုလန်ရဲ့ အသံကိုပါ ကြားလိုက်ရသည်။

"လီလော့! ! မင်းသူငယ်ချင်း ကျောက်ခွော် ပြသာနာတက်နေပြီ...."

လီလော့ ချက်ချင်းတံခါးဖွင့်လိုက်ပြီး......

" မင်းဘာပြောလိုက်တာလဲ...."

ယုလန်က ပုခုံးတွန့်ပြလိုက်ပြီး....

" ကျောက်ခွော်ကိုကြည့်ရတာ အထွတ်အထိပ်ကျောင်းတော်သားတွေနဲ့ ရန်ဖြစ်နေပုံပဲ...တစ်ဖက်အဖွဲ့ရဲ့ ခေါင်းဆောင်က ကျုံးဖူ...ငါ့စာအုပ်ကို ဖတ်ပြီးပြီဆို မင်း သူအကြောင်းသိလောက်မှာပါ...."

" အထွတ်အထိပ်ကျောင်းတော်ကကောင်တွေ???....သူတို့ဘာဖြစ်ချင်နေကြတာလဲ... "

" ကောင်းပြီ...ကျုံးဖူဘက်က ကျောက်ခွော်ကို တမင်ပြသာနာရှာနေတာက ကျောက်ခွော်ကိုပစ်မှတ်ထားချင်လို့ မဟုတ်ဘူးလို့ ပြောရင် မင်းယုံပါ့မလား....."

" ဒါဆို ငါ့ကို ပစ်မှတ်ထားချင်နေတာလား...."

" ငါကတော့ မင်းအကြောင်း သိချင်လို့ လုပ်လိုက်တာလို့ပဲထင်တယ်...."

" ငါဘာသာငါ သိုသိုသိပ်သိပ်လေးနေနေတာကို ဘယ်ကနေ ဘယ်လိုရှာတွေ့သွားကြတာလဲ...."

ကျုံးဖူလို ထိပ်တန်းဆယ်ယောက်စာရင်းဝင်သူတစ်ယောက်က သူ့ကို ပစ်မှတ်ထားနေသည့်အတွက် လိီလော့ အမှန်ပင် အံ့သြမိနေသည်။

" ဒီကောင်က သိပ်သတိကြီးတဲ့ကောင်လေ...."

လီလော့ အမှန်ပင် သိုသိုသိပ်သိပ်နေခဲ့ပါ၏။အထူးခြားဆုံးအောင်မြင်မှုကို ပြရမည်ဆိုပါက စုန်ယွန်ဖန်နှင့် သရေကျအောင် တိုက်ခိုက်နိုင်ခြင်းတစ်ခုသာရှိပေသည်။

" ငါ့ညီကို လာထိပြီဆိုမှတော့ ဘာကောင်ဖြစ်နေနေ ဂရုမစိုက်တော့ဘူး...."

လီလော့ ဒေါသတကြီးအော်ဟစ်ကာ အခန်းထဲကနေ ထွက်သွားလေတော့သည်။

ယုလန် ခေါင်းကုပ်နေလိုက်မိသည်။

// ဒီယုန်မြင်လို့ ဒီချုံထွင်ပါတယ်ဆို...မင်းအဲ့လို ပြသာနာသွားရှာတော့ ဟိုကတေင်တွေ ပျော်ပြီပေါ့...//

............... ........... .............

အဖြူရောင်ဝိဉာဉ်ဉယျာဉ်၏ နောက်ဘက်ခြမ်းတွင် လူတစ်ဉီးကို လူအုပ်လိုက်ကြီးက ပိတ်ဆို့ထားသည့်မြင်ကွင်းကို ကြည့်နေကြသူပေါင်းများစွာရှိသည်။

ကျောက်ခွော်သည် အထွတ်အထိပ်ကျောင်းတော်သားများဝန်းရံပိတ်ဆို့ခြင်းခံထားရသည်။

" ဘာတွေဖြစ်နေကြတာလဲ...."

"နန်ဖန်းကျောင်းတော်သားတစ်ယောက်က အထွတ်အထပ်ကျောင်းက ကျောင်းသူတစ်ယောက်ကို မဖွယ်မရာ လုပ်လိုက်တယ်တဲ့...."

" ဆိုးဝါးလိုက်တာ..ကောင်မလေးက ဘယ်မှာလဲ...."

"ဘယ်မှာလဲတော့ မသိဘူး....ကောင်မလေးကိုကြည့်ရသာ သာမာန်ရုပ်ရည်လောက်ပါပဲ...နန်ဖန်းက​ကောင်တွေအကုန်လုံး နှာဘူးတွေလေ...."

"........"

ရယ်မောသံများကြောင့် ကျောက်ခွော်အတော်လေး စိတ်တိုနေပြီဖြစ်သည်။ ထို့ကြောင့် ပိတ်ဆို့ထားသူများကို တွန်းတိုက်ပြီး ပြေးထွက်လာခဲ့လိုက်သည်။

သို့သော်လည်း ပြေးဖို့ ပြင်လိုက်စဉ်မှာပင် နောက်ကျောဘက်ကနေ ပြင်းထန်လှတဲ့ ပဲ့တင်ထပ်သံစွမ်းအားများ ပါဝင်နေသော အေးခဲနေသည့် လက်ဝါးရိုက်ချထွက်ပေါ်လာပြီး ကျောက်ခွော် လုံးဝမလှုပ်နိုင်တော့ပေ။

ကျောက်ခွော် လှည့်ကြည့်လိုက်သည့်အခါ ခပ်ပိန်ပိန်လူငယ်တစ်ဉီးကို မြင်လိုက်တာကြောင့်........

" မင်း ဒါဘာလုပ်တာလဲ..."

ကျောက်ခွော်၏အမေးကို ကျုံးဖူက ခပ်ထေ့ထေ့ပြုံးပြီး ပြန်​​ဖြေလိုက်သည်။

" နောင်ကြီးက ပြသာနာမှပြီးအောင်မရှင်းရသေးတာ...နန်းဖန်းကျောင်းတော်ဘက်က ကျုပ်တို့ကို ​ဖြေရှင်းချက်ပေးသင့်တယ် မထင်ဘူးလား...."

" မင်း ငါ့ကို အကြပ်ကိုင်နေတာလား..."

"နန်ဖန်းဘက်က လုံလောက်တဲ့ဖြေရှင်းချက်မျိုး မပေးနိုင်ဘူးဆိုရင် ကျုပ်တို့ကလည်း ဂျုနီယာ ညီမလေးအတွက် မင်းကို ရိုက်နှက်ဆုံးမပေးရုံပဲရှိတော့တယ်...."

"ချီးစကားတွေ မပြောနဲ့...သူက ငါ့ထက်တောင် ယောက်ကျားပိုဆန်နေသေးတယ်..

ဒီလို မိန်းကလေးမျိုးကို ငါက မဖွယ်မရာသွားလုပ်လို့ရမှာတဲ့လား...."

ကျုံးဖူကတော့ ကျောင်ခွော်ကို လျစ်လျုရှုထားလိုက်ပြီး လူများများ လာကြည့်အောင် ပွဲဆူစေဖို့သာ အာရုံစိုက်နေခဲ့သည်။

ထိုအချိန်မှာ လီလော့ ရောက်လာသည်ကိုမြင်လိုက်သောကြောင့် ကျူံးဖူစိတ်ထဲကနေ အောင်ပွဲခံနေလိုက်လေသည်။

" သူတကယ် ရောက်လာတာပဲ....."

လီလော့ ရောက်လာပြီဖြစ်သောကြောင့် လီလော့သည် သိုးရေခြုံထားသော ဝံပုလွေလော..အသုံးမကျသူလော ခွဲခြားသိမြင်နိုင်ပေတော့မည်။

ကျုံးဖူပျော်ရွှင်နေဆဲမှာပင် လီလော့၏ အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။

" ဒီမှာပါ ကြီးကြပ်ရေးမှုး....သူတို့တွေစည်းကမ်းဖောက်ပြီး ရန်ဖြစ်နေကြတယ်....ဒီလိုကျောင်းသားမျိုးတွေကို စည်းကမ်းဖောက်ဖျက်မှုနဲ့ စာမေးပွဲကနေ ထုတ်ပယ်သင့်တယ်...."

ကျုံးဖူ၏ အပြုံးများ အေးခဲကုန်လေပြီ၏ ကြီးကြပ်ရေးမှုး ဝတ်စုံဝတ်ဆင်ထားသည့် ဆရာကိုသာ အကြောင်သားငေးကြည့်နေခဲ့မိလေသည်။

" ချီးလိုပဲကွာ...."

အမြဲတစေ ယဉ်ကျေးသိမ်မွေ့စွာပြုမူတတ်သည့် ကျုံးဖူသည် ယခုအချိန်တွင် ညစ်ညမ်းသော စကားလုံးများကိုပင်ထုတ်သုံးမိနေလေပြီ.....

အိမ်တော်သခင်လေးတစ်ပါးဖြစ်သည့်လီလော့သည် ထိုကဲ့သိို့ ပြုမူမည်ဟု လုံးဝကို ထင်မထားမိခဲ့ပေ။လွန်ခဲ့သော နှစ်ရက်ကတည်းက ကျောင်းသားများကြားတွင် လျှို့ဝှက်စွာ အတွင်းကြိတ်တိုက်ခိုက်ခဲ့ကြသော်လည်း မည်သူမျှ လီလော့လို ပြုမူခြင်းမရှိခဲ့ပေ။

ကျောင်းသားများသည် ရန်ပွဲများကို အချင်းချင်းကြိတ်ဖြေရှင်းတတ်ကြပြီး မည်သူမျှ လီလော့လို ဆရာနှင့်သွားမတိုင်ခဲ့ကြပေ။

"ဒီကောင့်လောက် အရှက်မဲ့တဲ့သူ ရှိပါဉီးမလား...."

ဤသခင်လေးသည် အမှန်ပင် ဖြတ်လမ်းနည်း သုံးတတ်သူတစ်ယောက်ဖြစ်လေသည်။

All Chapters