← Chapters

တည်နေရာရွှေ့ပြောင်းလာသူ

Vol. 15 Ch. 226

တည်နေရာရွှေ့ပြောင်းလာသူ

Vol. 15 Ch. 226

ထိုအချိန်၌ မီအဲ့ကျွန်းပေါ်ရှိ မီးတောင်များသည် တဂျိမ်းဂျိမ်းမြည်ဟည်းကာ တစ်တောင်ပြီးတစ်တောင် ပေါက်ကွဲသွားသည်။ ချီရွှဲ့ထုံဂိုဏ်းမန္တန်အစီအရင်၏ စွမ်းအားဖြင့် ထိုမီးတောင်ချော်ရည်ပူများသည် စစ်မြေပြင်ထဲရှိ အဏ္ဏဝါရုပ်အလောင်မျိုးနွယ်ဝင်များထံ စီးဆင်းသွားသည်။

သို့သော်လည်း ချော်ရည်ပူအနည်းငယ်က အနက်ရောင်နှင်းခဲများပမာ မီအဲ့ကျွန်းပေါ်သို့ ကျဆင်းသွားသည်။

မြေပြင်က အဆက်မပြတ် တုန်ခါနေပြီး အချိန်တိုင်း တဝုန်းဝုန်းမြည်ဟည်းသံများ လွင့်ပျံနေသည်။

ရွှီချင်းသည် ဝေဟင်၌ အချိန်ကြာမြင့်စွာ မနေဝံ့ဘဲ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူ မြေပြင်သို့ ရောက်သောအခါ ပျာပန်းခတ်မျှ လှုပ်ရှားနေသည့် တောင်ထိပ်အသီးသီးမှ ဂိုဏ်းသားများ မရေမတွက်နိုင်လောက်အောင် ရှိနေသည်ကို မြင်လိုက်ရသည်။

ဂိုဏ်းသားတိုင်းတွင် ပစ်မှတ်တစ်ခုရှိသည်။

တချို့က မန္တန်အစီအရင်များကို တည်ဆောက်နေကြပြီး တချို့က ဓမ္မလက်နက်များ ပြင်ဆင်ထိန်းသိမ်းရာတွင် ပူးပေါင်းနေကြကာ တချို့က အဝေးရှိ စစ်မြေပြင်နှင့် ဆက်နွှယ်နေသော တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ အပြေးအလွှား သွားနေသည်။

လေထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူများ တရွှီရွှီ ဖြတ်သန်းသွားနေ၏။ အလင်းလှိုင်းများနှင့်အတူ ကျွန်းလေးကျွန်းပေါ်သို့ လူသစ်များ အဆက်မပြတ် ဆင်းသက်လာသည်။

ရွှီချင်း၏ ဂိုဏ်းတံဆိပ်ပြားက အဆက်မပြတ် တုန်ခါနေပြီ တာဝန်များနှင့် ပတ်သက်သော အချက်အလက်များ ရေတံခွန်ပမာ တဝေါဝေါ စီးဆင်းနေသည်။

ရွှီချင်းသည် ပတ်ဝန်းကျင်ကို သတိထားနေရင်း ဂိုဏ်းတံဆိပ်ပြားကို ထုတ်ကာ အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

ဂိုဏ်းတံဆိပ်ပြားထဲတွင် တာဝန်တစ်ခုပြီးတစ်ခု ပေါ်လာသည်။ တချို့တာဝန်များက ပေါ်ပြီးသည်နှင့် ပျောက်ကွယ်သွားသည်။ ထိုတာဝန်များကို တစ်စုံတစ်ယောက်က ယူသွားခြင်း ဖြစ်ပေသည်။ တာဝန်အများစုက လူများစွာ စုပေါင်းလုပ်ဆောင်ရန် လိုအပ်သော တာဝန်များ ဖြစ်သည်။ ထိုတာဝန်များက လိုအပ်သော လူအရေအတွက်ကို ဖော်ပြထားပြီး ထိုလူအရေအတွက် ပြည့်သွားသည်နှင့် ပျောက်ကွယ်သွားသည်။

“ ကျူးယင်ကျွန်းပေါ်က ဓမ္မအသုံးအဆောင်များ ပြင်ဆင်ရန်၊ ဆဋ္ဌမမြောက်တောင်ထိပ်က ချီစုစည်းခြင်းအဆင့်ငါးနဲ့အထက်ဂိုဏ်းသားသုံးဆယ်၊ အခြေတည်အဆင့်ကျင့်ကြံသူ သုံးယောက်လိုတယ်။ ကျင့်ကြံခြင်းအဆင့်နဲ့ စွမ်းဆောင်မှုကိုလိုက်ပြီး ဝိညာဉ်ကျောက်တုံးငါးသောင်း ခွဲယူရရှိမယ် ”

“ ပထမတောင်ထိပ်က ဂိုဏ်းသားတွေကို ဓမ္မအသုံးအဆောင်တွေ ဖြည့်ဆည်းပေးဖို့ ချီစုစည်းခြင်းအဆင့် ဂိုဏ်းသားခြောက်ဆယ်နဲ့ အခြေတည်အဆင့်ဂိုဏ်းသားနှစ်ယောက် လိုတယ်။ စုစုပေါင်း ဝိညာဉ်ကျောက်တုံးခုနစ်သောင်း ဆုချီးမြှင့်မယ် ”

“ မန္တန်အစီအရင်ပညာရှင် သုံးရာလိုတယ်။ ဆုကြေးငွေက ဝိညာဉ်ကျောက်တုံးခြောက်သောင်း ”

“ မကောင်းဆိုးဝါးခန္ဓာကို လက်ခံဖို့ ချီစုစည်းခြင်းအဆင့်ဂိုဏ်းသားဆယ်ယောက်လိုတယ်။ တစ်နေ့ကို ဝိညာဉ်ကျောက်တုံးတစ်ထောင် ”

မြောက်မြားစွာသော တာဝန်အချက်အလက်များအနက် ထိပ်ဆုံးတွင် ရှိနေသော တာဝန်တစ်ခု ရှိသည်။ ယင်းမှာ စစ်ရေးတာဝန်ဖြစ်သည်။

“ ကာလကြာထမ်းဆောင်ရမယ့် စစ်ရေးတာဝန်၊ ကျွန်းတွေအပြင်ဘက်က စစ်မြေပြင်ကို သွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေကို သတ်ပါ။ ကျင့်ကြံခြင်းအဆင့်ဘယ်လိုပဲဖြစ်ဖြစ် ရန်သူတစ်သောင်းကို သတ်နိုင်ရင် အမြုတေအဆင့် အခွင့်အရေးကို ပိုင်ဆိုင်နိုင်ပါမယ် ”

ထိုတာဝန်ကို ရွှီချင်း မြင်သောအခါ ရင်တဒိန်းဒိန်းခုန်သွားရသည်။ ဆုကြေးက ရက်ရောလွန်းလှသည်။ အမြုတေအဆင့် အခွင့်အရေးဆိုသည်မှာ အခြေတည်အဆင့်ကျင့်ကြံသူများကို သေချာပေါက် မနာလိုဖြစ်သွားစေမည်ဖြစ်ကြောင်း မှန်းဆကြည့်နိုင်သည်။

ရွှီချင်းက တာဝန်အချက်အလက်များကို ဆက်လက် ဖတ်ရှုနေရင်း တာဝန်များစွာအနက် သွေးရောင်တာဝန်တစ်ခု ရုတ်ခြည်း ပေါ်လာသည်။ ထိုတာဝန်စာသားတိုင်းက သွေးရောင်ဖြစ်ပေသည်။

“ စစ်မြေပြင်ကို ဖြတ်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ အပြင်ဘက်က တတိယမြောက်ကျွန်းကိုသွားဖို့ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းနိုင်တဲ့ အခြေတည်အဆင့်ဂိုဏ်းသားဆယ်ယောက်လိုတယ်။ အသေးစိတ်အချက်အလက်တွေကို အကြီးအကဲတွေက ပြောပြမှာ။ ဒီတာဝန်က အင်မတန် အန္တရာယ်များတယ်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူနဲ့ ရင်ဆိုင်ရရင် ဒီတာဝန်ထမ်းဆောင်တဲ့တစ်ယောက်စီတိုင်းကို ဝိညာဉ်ကျောက်တုံးရှစ်သန်း ချီးမြှင့်မယ် ”

ရွှီချင်းသည် သွေးရောင်တာဝန်ကို ကြည့်ကာ ဆုကြေးငွေကြောင့် တုန်လှုပ်သွားရသည်။ သူ့အသက်ရှူသံများ မြန်ဆန်လာ၏။ သို့သော် ထိုတာဝန်က အလွန် အန္တရာယ်များပြီး အသက်ရှင်ရန် အခွင့်အရေးနည်းကြောင်း သိသာသည်။

သု့ိပေမည့် တခဏလေးအတွင်း ထိုတာဝန်ကို ထမ်းဆောင်မည့် ဂိုဏ်းသားအရေအတွက် ပြည့်သွားပြီး ထိုတာဝန်က စာရင်းထဲမှ ချက်ချင်း ပျောက်သွားသည်။

ရွှီချင်း ငြိမ်ကျသွားပြီး ထိုနေ့က ကျန်းယွင်ရှစ် ပြောခဲ့သည့် ‘ ဂိုဏ်းက ဂိုဏ်းသားတွေကို အကျိုးအမြတ်တွေနဲ့ ဆွဲဆောင်တယ် ’ ဆိုသော စကားကို ပြန်အမှတ်ရလိုက်သည်။

“ ငါ တာဝန်တစ်ခု ထမ်းဆောင်ရမယ် ”

ခဏအကြာ ရွှီချင်းက သင့်တော်သောတာဝန်များကို ရှာကြည့်လိုက်သည်။ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် ဆုကြေးငွေများက မများလှဘဲ ဂိုဏ်းသားများစွာ စုပေါင်း၍ လုပ်ရသောတာဝန်များသာ ဖြစ်သည်။ အခြေတည်အဆင့်တာဝန်များအတွက် ဆုကြေးအများစုမှာ ရွှမ်ယောက်အသွင်သဏ္ဍာန်သို့ ရောက်နေရန် လိုအပ်သည်။

ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်က ထိုကဲ့သို့ တာဝန်များကို လက်ခံရန် မဖြစ်နိုင်ပေ။ တချိန်တည်းမှာပင် ရွှီချင်းမှာ စစ်ပွဲထဲ ဝင်ရောက်ရန် အနည်းငယ် အရည်အချင်းကင်းမဲ့နေသကဲ့သို့ ခံစားလိုက်ရသည်။

သူ လိုအပ်သည်မှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်များကို သတ်ဖြတ်ကာ ဝိညာဉ်ကျောက်တုံးများ ရနိုင်သည့် တာဝန်အမျိုးအစားများ ဖြစ်သည်။

တာဝန်များစွာအနက် ထိုကဲ့သို့ တာဝန်များ ရှားသည်။ မကြာခင် တာဝန်တစ်ခုကို ရွှီချင်း မြင်လိုက်ရသည်။

“ ရေသူမမျိုးနွယ်ရဲ့ ကျွန်းလေးကျွန်းအောက်က ရေအောက်လောကထဲမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ချန်ခဲ့တဲ့ အသေးစားတည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တွေ အများကြီး ရှိတယ်။ ကျွန်းတစ်ကျွန်းစီက တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်တွေကို ရှာဖွေဖျက်ဆီးဖို့ အခြေတည်အဆင့်ကျင့်ကြံသူ ရှစ်ယောက်လိုတယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေနဲ့ ထိပ်တိုက်ကြုံရင် သတ်ပစ်လိုက်။ တကယ်လို့ မသတ်နိုင်ရင် အထက်ကို ချက်ချင်းတင်ပြ။ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်တစ်ခု ဖျက်ဆီးပြီးတိုင်း ဝိညာဉ်ကျောက်တုံးတစ်သောင်း ချီးမြှင့်မယ်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေကို သတ်တဲ့အရေအတွက်ကိုတော့ မှတ်ထားပြီး အဆင့်သတ်မှတ်တယ် ”

ထိုတာဝန်ကို မြင်လိုက်သည်နှင့် ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ထိုတာဝန်သည် သူ့လိုအပ်များနှင့်လည်း ကိုက်ညီနေသည်ဖြစ်ပေရာ သူ တွေဝေတွန့်ဆုတ်မနေဘဲ ချက်ချင်း လက်ခံလိုက်သည်။

ထိုတာဝန်ကို သူ လက်ခံလိုက်သည်နှင့် ထိုတာဝန်အတွက် လိုအပ်သော နေရာရှစ်နေရာစာ ချက်ချင်း ကုန်သွားသည်။ ရွှီချင်းက နောက်ဆုံးတစ်ယောက်ဖြစ်သည်။ သူသာ အနည်းငယ် တွန့်ဆုတ်နေခဲ့လျှင် ထိုတာဝန်ကို ရလိုက်မည် မဟုတ်ပေ။

ထိုတာဝန်ကို လက်ခံပြီးနောက် ရွှီချင်း၏ဂိုဏ်းတံဆိပ်ပြားထဲ အချက်အလက်အသစ်တစ်ခု ချက်ချင်း ပေါ်လာသည်။ တာဝန်ထမ်းဆောင်မည့်လူရှစ်ယောက်၏ အမည်စာရင်းကို ဖုံးကွယ်ထားသည်ဖြစ်ပြီး ထိုရှစ်ယောက်က ဂိုဏ်းအသီးသီးတွင် အလိုလို တာဝန်ချထားခြင်း ခံလိုက်ရပြီဖြစ်သည်။

ရွှီချင်း တာဝန်ကျသည့်ကျွန်းမှာ မီအဲ့ကျွန်းမှလွဲ၍ တခြားမဟုတ်ပေ။

အသေးစားမန္တန်အစီအရင်များ၏ ပုံပန်းသွင်ပြင်၊ အငွေ့အသက်များနှင့် ၎င်းတို့အား မည်ကဲ့သို့ ဖျက်ဆီးရမည်ကိုပါ အသေးစိတ် ရှင်းပြထားပြီး ထိုမန္တန်အစီအရင်လေးများထဲမှ တည်နေရာရွှေ့ပြောင်းလာတတ်သော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ ရှိတတ်သော သတိပေးစကားပင် ပါသည်။

အမိန့်ပေးဗဟိုချက်၏ တွက်ချက်မှုအရ ဂိုဏ်း၏ မန္တန်အစီအရင်ကြီး အောက်တွင် ထိုကဲ့သို့ အသေးစား တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို အတင်းအကြပ် အသက်သွင်းသည့်တိုင်အောင် သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူများကို တည်နေရာရွှေ့ပြောင်းနိုင်မည် မဟုတ်ပေ။ ဤနေရာသို့ တည်နေရာရွှေ့ပြောင်းလာနိုင်သူများမှာ သက်စောင့်မီးတောက် မဖြစ်သေးသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များဖြစ်ရန် ရာခိုင်နှုန်းများသည်။

ထိုလူများကို ဤနေရာသို့ လွှတ်လိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ အသေခံတပ်သားများသဖွယ် တောင်ထိပ်အသီးသီးရှိ မန္တန်အစီအရင်များနှင့် ဓမ္မအသုံးအဆောင်များကို တိုက်ခိုက်ဖျက်ဆီးရန် ဖြစ်သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များကို အသက်သွင်းရန် ဝိညာဉ်စွမ်းအားများနှင့် ဓမ္မစွမ်းအားများ မလိုအပ်ဘဲ ဓာတ်နှောများသာ လိုအပ်သည်။ ပင်လယ်ရေအောက်၌ ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ရှိနေသည်ဖြစ်ရာ ထိုမန္တန်အစီအရင်လေးများသည် အလွန် လျှို့ဝှက်ပြီး ရှာဖွေတွေ့ရှိရန် မလွယ်ကူပေ။

ထို့ကြောင့် ထိုတာဝန်ကို အရေးတကြီး သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ရွှီချင်းသည် မီအဲ့ကျွန်းပေါ်၌ သူကဲ့သို့ ထိုတာဝန်ကို လက်ခံထားသည့် တခြားတစ်ယောက် ရှိနေနိုင်ကြောင်း သိထားသည်။ သို့ဖြစ်၍ သူက အနီးစပ်ဆုံး မြို့သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

မည်သည့်ကျွန်းပင် ဖြစ်ပါစေ ရေအောက်လောကသို့ ဝင်ပေါက်သည် မြို့များထဲတွင် ရှိပြီး ထိုသည်ကို ရွှီချင်း ကြုံဖူးထားခဲ့သည်။

ရေသူမမျိုးနွယ်၏ မြို့အများစုမှာ ပျက်စီးနေသည်။ သို့သော်လည်း သူ့ကို ဟွမ်ရန်ပေးထားသည့် ကျောက်စိမ်းပေလွှာထဲတွင် မီအဲ့ကျွန်းနှင့် ပတ်သက်၍ အသေးစိတ်ကျသောဖော်ပြထားပေရာ သူ ရောက်ရှိနေသောနေရာနှင့် မနီးမဝေးတွင် ဝင်ပေါက်ဥမင်လမ်းကြောင်းတစ်ခုရှိသည်ကို သူ အမှတ်ရလိုက်သည်။

ရွှီချင်းက လေထဲတွင် ပျံသန်းနေရင်း အရှိန်တင်လိုက်သည်။ မီးတောက်များက အချိန်တိုင်း ပေါက်ကွဲနေပြီး မြေပြင်တုန်ဟီးကာ တဝုန်းဝုန်းပေါက်ကွဲသံများ လွင့်ပျံနေကာ ချော်ရည်ပူများ ကျဆင်းနေသည်။

ဆယ့််ငါးမိနစ်ကြာပြီးနောက် အတန်ငယ် ကွာဝေးသောနေရာ၌ မြို့ပျက်တစ်ခုကို သူ မြင်လိုက်ရသည်။ သူ မရပ်နားဘဲ ပျံသန်းသွားသည်။ လမ်းတစ်လျှောက်တွင် ချီရွှဲ့ထုံဂိုဏ်းသားတချို့ကို သူ မြင်ခဲ့ရပါသော်လည်း တစ်ယောက်နှင့်တစ်ယောက် မနှုတ်ဆက်ကြဘဲ အလျင်အမြန် သွားလာနေကြသည်။

မကြာခင် ဝင်ပေါက်ကို ရွှီချင်း တွေ့လိုက်ရသည်။ ဘေးပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်းဖြစ်နေပြီး ဥမင်လမ်းကြောင်းမှ လေအေးများသာမက သွေးအငွေ့အသက်များပါ ထွက်နေသည်။ အောက်ခြေ၌ ရှိနေသင့်သော ပင်လယ်ရေက ယခုတွင် မြင့်တက်လာပြီး အပြင်မှပင် မြင်နေရသည်။

ရွှီချင်းက ဝင်ပေါက်အစွန်း၌ ရပ်လိုက်သည်။ ဥမင်ကို သူ ကြည့်လိုက်ပြီးနောက် အဆိပ်များပါသည့် အိတ်တစ်အိတ်ကို ထုတ်ကာ အောက်သို့ ပစ်ချလိုက်သည်။ ရေနှင့် အဆိပ်များ ရောသွားပြီးနောက် သူ အထဲသို့ ခုန်ဝင်လိုက်သည်။

သူက အဆိပ်အိတ်ရှုံ့ကို ဆုပ်ကိုင်ကာ အောက်သို့ အလျင်အမြန် ဆင်းသွားသည်။ အသက်ရှူချိန်သုံးဆယ်စာအတွင်းမှာပင် ရွှီချင်းသည် တဖြည်းဖြည်း အောက်သို့ ရောက်လာပြီး ထွက်ပေါက်နှင့် နီးကပ်လာသည်။

အောက်သို့ သူ ရောက်လေလေ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လာလေပင်။ အပြင်ဘက်ရှိဆူဆူညံညံအသံများကို ပင်လယ်ရေက ပိုင်းခြားလိုက်ပြီး မီးတောက်ပေါက်ကွဲသံများသည်ပင် များစွာ အားပျော့လာသည်။

သို့သော်လည်း ရွှီချင်းမှာ သတိထားနေဆဲပင်။ ထွက်ပေါက်အနီးသို့ ချဉ်းကပ်လာသောအခါတွင် အိတ်ကို ပစ်လိုက်ရာ အိတ်က ပေါက်ကွဲသွားပြီး အဆိပ်များ လေထဲပျံ့နှံ့သွားသည်။

သူက ဘေးဘီဝဲယာကို ချက်ချင်း ကြည့်လိုက်သည်။ ဤနေရာရှိ အဆောက်အအုံအများစုက ပျက်စီးနေပြီဖြစ်ပြီး သန္တကျောက်များနှင့် ပင်လယ်မှိုများသည်လည်း ဆွေးမြေ့နေ၏။ ထိုနေ့က အနက်ရောင်မြူခိုးများကြောင့် ယခုလိုဖြစ်သွားရခြင်း ဖြစ်ပေမည်။

“ ငါ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က အသေးစားမန္တန်အစီအရင်တွေကို တတ်နိုင်သလောက် မြန်မြန်ရှာရမယ် ”

ရွှီချင်းက အကြည့်လွှဲလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

ခဏအကြာ မည်သည့်တုန့်ပြန်မှုမရှိသည်ကို မြင်ပြီး ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ ဓမ္မစွမ်းအားများက ခရမ်းရောင်သလင်းကျောက်ထဲ စီးဝင်သွားပြီး ချုပ်အားများ ထုတ်လွှတ်လိုက်သည်။ တခဏလေးအတွင်း အရိပ်က တစ်နေရာကို အလျင်အမြန် ညွှန်ပြလိုက်၏။

ထိုတာဝန်ကို ရွှီချင်း လက်ခံခဲ့သည့်အကြောင်းအရင်းမှာ ဓာတ်နှောများနှင့်ပတ်သက်လာလျှင် အရိပ်၌ စူးရှသောအမြင်ရှိကြောင်း သူ သိထားသောကြောင့်ပင်။ တခြားသူများအတွက် ပင်လယ်အောက်ရှိ ဓာတ်နှောများကြားမှ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ရှာဖွေရန်မှာ အနည်းငယ် ခက်ခဲမည်ဖြစ်ပြီး ထူးခြားသော ဓမ္မအသုံးအဆောင်များ လိုအပ်မည် ဖြစ်သည်။

သု့ိသော်လည်း ရွှီချင်းက ထိုသို့လုပ်နေရန်မလိုပေ။ အမှန်စင်စစ် ဓမ္မအသုံးအဆောင်များထက်ပင် အရိပ်က ပို၍ တိကျစွာ အာရုံခံနိုင်သည်ဟူ၍ ရွှီချင်း ခံစားမိနေသည်။

သူ့ကို စိတ်မပျော်ရွှင်အောင် ဖြစ်သွားစေသည့်တစ်ခုတည်းသော အချက်မှာ အရိပ်က ဦးဆောင်၍ မလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ စစ်ဆေးတဲ့ကာလကို ဆယ်ရက်လျော့တယ် ”

အရိပ်မှာ တုန်ရီသွားပြီး ဘေးပတ်ဝန်းကျင်ကို အလျင်အမြန် စူးစမ်းရှာဖွေလိုက်စဉ် သံတုတ်နက်လေးထဲမှ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အားပျော့သောအသံ ထွက်ပေါ်လာသည်။

“ သခင်လေး၊ ဒေါသမထွက်ပါနဲ့။ သခင်လေးက မောပန်းနွမ်းနယ်နေလို့ ကျွန်တော်မျိုးတို့ကို တာဝန်ခွဲယူပြီး ဦးဆောင်လုပ်စေချင်တာကို ကျွန်တော်မျိုးက နားလည်ပေမဲ့ အရိပ်က နားမလည်တာပဲနေမှာ။ သခင်လေးကို ကျွန်တော်မျိုး စိတ်ပူမိပါတယ် ”

ထိုစကားကို အရိပ်ကြားသည့်အခါ လူသတ်ငွေ့များ ထောင်းခနဲ ပေါ်လာသည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပြောသည်မှာ ဆီလျော်သည်ဟု သူ ခံစားလိုက်ရသည်။ ထို့ကြောင့် အရိပ်ကို သူ အေးတိအေးစက်ကြည့်လိုက်ပြီး သုံးကြိမ် ဖိနှိပ်လိုက်သည်။

“ မင်းရဲ့လူသတ်ငွေ့တွေကို ငါ သဘောမကျဘူး ”

အရိပ်မှာ အလွန် ဝမ်းနည်းပူဆွေးသွားသည့်အလား တုန်ရီသွားပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ သူ့ကိုယ်သူ ဘဝခိုက်နေဟန်တူသည့်အမူအရာအောက်တွင် ရိုသေကျိုးနွံစွာဖြင့်သာ လမ်းပြလိုက်ရသည်။

ရွှီချင်းသည် အရိပ်ညွှန်ပြသည့်နောက်သို့ လိုက်သွားပြီး အရှိန်တင်ကာ ပြေးသွားသည်။ မကြာခင် အရိပ် ရှာတွေ့သွားပြီဖြစ်သည့်နေရာသို့ သူ ရောက်သွားသည်။ ထိုနေရာသည် ချိုင့်ခွက်ကြီးဖြစ်နေသည့်နေရာတစ်ခု ဖြစ်သည်။ ယခင်က ထိုနေရာတွင် မန္တန်အစီအရင် ပေါက်ကွဲသွားခဲ့သည့်အတွက်ကြောင့် ထိုသို့ဖြစ်သွားရခြင်း ဖြစ်ဟန်တူသည်။

ရွှံ့ထဲတွင် တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ရှိနေပြီး ၎င်းမှ စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်မနေရာ စစ်ဆေးကြည့်ရန် အလွန် ခက်ခဲသည်။ ဤနေရာရှိ ဓာတ်နှောများသည်သာ ဘေးပတ်ဝန်းကျင်ထက် အနည်းငယ် ပို၍ သိပ်သည်းနေ၏။

ရွှီချင်းက တစ်ချက်ကြည့်လိုက်ပြီး ယခင်က ထိုမန္တန်အစီအရင်ကို အသက်သွင်းဖူးဟန်မတူကြောင်း အာရုံခံမိလိုက်သည်။ ထို့နောက် တာဝန်ထဲမှ ဖော်ပြချက်အတိုင်း အစီအရင်မျက်လုံးတည်နေရာကို ရှာဖွေလိုက်ပြီး ဆောင့်နင်းလိုက်သည်။ မန္တန်အစီအရင်မှာ တဝုန်းဝုန်းမြည်ကာ ပျက်စီးသွားသည်။

ပြီးသည်နှင့် ရွှီချင်း ပြောနေရန် မလိုဘဲ အရိပ်က ချက်ချင်း ရှာဖွေကာ နောက်တစ်နေရာကို ညွှန်ပြလိုက်သည်။

ရွှီချင်းက အရှိန်တင်လျက် သွားလိုက်သည်။ ထိုသို့ဖြင့် သူသည် ဒုတိယမြောက်နှင့် တတိယမြောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို ဖျက်ဆီးလိုက်သည်။ လေးခုမြောက်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နေရာသို့ သူ ရောက်သွားပြီး ဖျက်ဆီးတော့မည့်အချိန်တွင် အစီအရင်က ဝင်းလက်လာသည်။

သူ အံ့အားသင့်သွားပြီး ချက်ချင်းပင် ဂရုတစိုက် အာရုံခံကြည့်လိုက်သည်။ မကြာခင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲမှ အခြေတည်အဆင့်အငွေ့အသက်အနည်းငယ်ကို သူ အာရုံခံမိလိုက်သည်။ အစီအရင်၏ တခြားတစ်ဖက်မှ လူတစ်ယောက် တည်နေရာရွှေ့ပြောင်းလာဟန်တူသည်။

ရွှီချင်း အာရုံခံရသရွေ့ ထိုအငွေ့အသက်က ပြင်းထန်မနေပေ။ သက်စောင့်မီးတောက် ဖော်ထုတ်နိုင်ဟန်မတူသေးသည်ဖြစ်ရာ မန္တန်အစီအရင်ကို သူ မဖျက်ဆီးတော့ပေ။ ထိုအစား အဆိပ်မှုန့်များကို အလျင်အမြန် ထုတ်လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ပတ်လည်တွင် ပက်လိုက်သည်။

အသက်ရှူချိန်ဆယ်ကြိမ်စာအတွင်း ရွှီချင်းက အဆိပ်ပေါင်းတစ်ရာကျော်ကို ပက်လိုက်သည်။ အဆိပ်မှုန့်များက အစီအရင်ကို ဖုံးလွှမ်းသွားစဉ် သံတုတ်လေး ပျံထွက်လာပြီး ဘေးတွင် ပုန်းအောင်းလိုက်သည်။

ထိုသံတုတ်လေးတွင် ခေါင်းလောင်းတစ်လုံးကို ချည်နှောင်ထား၏။

အသွေးအသားနှင့်လူတစ်ယောက်က ထိုခေါင်းလောင်းကို အသုံးပြုသည့်အခါ သူ့ဝိညာဉ် သက်ရောက်ခံရမည်ဖြစ်သည်။ သို့သော် လက်နက်စောင့်ဝိညာဉ်မှာ မည်သို့မျှ ဖြစ်မည်မဟုတ်သဖြင့် ထိုခေါင်းလောင်းကို သံတုတ်လေးတွင် ရွှီချင်း ချည်နှောင်လိုက်ခြင်း ဖြစ်သည်။

သံတုတ်လေးထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သူ တောက်ပရမည့်အချိန်သို့ ထပ်မံရောက်ရှိလာတော့မည်ဖြစ်ကြောင်း တွေးကာ အလွန် စိတ်လှုပ်ရှားနေသည်။

အရိပ်သည်လည်း စိုးရိမ်ကြောင့်ကြသွားပြီး မသိသာစေရန် ဖြန့်ကားလိုက်သည်။ ရွှီချင်းက မှော်သင်္ဘောကိုလည်း အဆင်သင့်ထုတ်ထားလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ အရှိန်ယူလိုက်သည်။ သူ့မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး သူ့ကိုယ်ထဲမှ မီးတောက်နက် ထွက်ပေါ်လာကာ လက်ထဲတွင် စုစည်း၍ ဓားမြှောင်တစ်လက်အသွင် ပြောင်းလဲသွားသည်။

“ လာနေပြီ ”

စိတ်ထဲမှနေ၍ ရွှီချင်း တီးတိုးရေရွတ်လိုက်သည့်အခိုက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က တဖျပ်ဖျပ် ဝင်းလက်သွားပြီး ထူထပ်သိပ်သည်းသော ဓာတ်နှောများကြားမှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။

All Chapters