ရှီယွမ်နှင့်တွေ့ဆုံမှု.....
Vol. 4 Ch. 48
နောက်နှစ်ရက်ကြာသည်အထိ လီလော့အပြင်ထွက်တိုင်း ထူးဆန်းသောအကြည့်များနှင့် အကြည့်ခံနေရတုန်းပင်....
လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက အသားကျနေပြီဖြစ်သော ထိုအကြည့်များကြောင့် လီလော့ အနှောက်အယှက်မဖြစ်ခဲ့ပေ။
အဖြူရောင်ဝိဉာဉ်ဉယျာဉ်၏ ဝါယောစားသောက်ဆိုင်တွင်........
လီလော့နှင့် ကျောက်ခွော် တို့သည် ထမင်းစားရန် လာခဲ့ကြသော်လည်း လှေကားပေါ်တက်သွားသောအခါတွင် ယောက်ျားလေးများနှင့် မိန်းမပျိုများဖြင့် ပြည့်ကျပ်နေသည် ကိုတွေ့လိုက်ရပြီး ကျယ်လောင်လှသောရယ်မောသံများကြောင့် စိတ်ရှုပ်မိခဲ့ရသည်။
"လူများလွန်းတယ်....."
ကျောက်ခွော်၏ အပြောကို လီလော့ ခေါင်းညိတ်ထောက်ခံလိုက်ပြီး ပြန်ဆင်းဖို့ ပြင်လိုက်ချိန်တွင် ပြတင်းပေါက်နားတွင် ထိုင်နေသည့် လုချင်းအာက လီလော့တို့ကို လက်လှမ်းပြနေသည်။
" လာကွာ...သူ့ဆီကနေ ကပ်စားကြရအောင်...."
လီလော့လည်း သိပ်စဉ်းစားမနေဘဲ ကျောက်ခွော်နှင့်အတူ လုချင်းအာတို့ စားပွဲဆီသွားလိုက်သည့်အခါ လုချင်းအာနှင့်အတူ တီဖာချင်းနှင့် စုန်ယွမ်ဖန်တို့ပါ ရှိနေကြသည်ကို မြင်လိုက်ရသည်။
" လာထိုင်လေ....နေရာလွတ်တွေရှိသေးတယ်...."
လုချင်းအာက လီလော့ကို နေရာလွတ်တွင်ဝင်ထိုင်ရန် ဖိတ်ခေါ်နေသည်။
တီဖာချင်းသည် လီလော့ကို မြင်သော်လည်း ယခင်လို လှောင်ပြောင် ရွဲ့စောင်းမနေဘဲ အေးအေးသက်သာ ရေထိုင်သောက်နေသည်။
စုန်ယွမ်ဖန်ကတော့ ထုံးစံအတိုင်း ရန်လိုနေပုံရသောကြောင့် တီဖာချင်းထက်စာလျှင် စုန်ယွမ်ဖန်ကမှ မူမှန်သေးသည်ဟု ဆိုရပေမည်။
" တစ်ကျောင်းတည်းသားချင်းတွေဆိုတော့ အားနာနာနဲ့ပဲ ဝင်ထိုင်လိုက်တော့မယ်နော်..."
လီလော့၏အပြောကြောင့် စုန်ယွမ်ဖန်၏ အမူအရာသည် မည်းမှောင်နေလေပြီ....
" လီလော့ မင်း ပြသာနာရှာထားပြန်ပြီဆို....အဖြူရောင်ဝိဉာဉ်ဉယျာဉ်ထဲမှာ ထျန်ရှုမှာ ရှိသမျှကျောင်းတော်တိုင်းက ထူးချွန်ကျောင်းသားတွေချည်းပဲရှိနေတာ...မင်း နန်ဖန်းကျောင်းတော်သိက္ခာကျအောင် မလုပ်ပါနဲ့လား.....မင်းကြောင့် နန်ဖန်းက တခြားကျောင်းသားတွေပါ အရှက်ရနေရပြီ....."
ထိုအခါ လီလော့ကလည်း မဆိုင်းမတွ ပြန်တုံ့ပြန်လိုက်သည်။
" အေး...ငါ့ကြောင့် မင်း သိက္ခာကျရတယ်လို့ ခံစားနေရတယ်ဆိုရင် ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ပေါ့....."
ထိုစကားကြောင့် စုန်ယွမ်ဖန် ဒေါသထွက်နေရသော်လည်း လုချင်းအာတော့ မသိမသာပြုံးလိုက်မိသည်။
" ငါ့ကို နှုတ်ထွက်ခိုင်းရအောင် မင်းကိုယ်မင်း ဘာထင်နေလို့လဲ.....ငါက မင်းကောင်းဖို့ ပြောနေတာ.....ငါနဲ့ သရေကျအောင် တိုက်ခိုက်နိုင်ရုံနဲ့ တခြားကျောင်းကလူတွေကို ပြသာနာသွားရှာနိုင်ပြီလို့တော့ ထင်မနေနဲ့....."
လီလော့ကတော့ ထိုစကားများကို မကြားဟန်ဆောင်ထားပြီး လုချင်းအာကိုအစားအသောက်များ ကူမှာခိုင်းနေသည်။
လုချင်းအာကလည်း ဘာတစ်ခွန်းမျှအထွန့်မတက်ဘဲ စားပွဲထိုးတစ်ယောက်ကို လှမ်းခေါ်ကာ လီလော့တို့အတွက် အစားအသောက်မှာပေးနေသည်။
ဤသည်မှာ စုန်ယွမ်ဖန်ကို ပို၍ဒေါသဖြစ်စေသည့်အပြင် မနာလိုမှုများကိုပါ ခံစားစေရသည်။သူတောင် စကားကို သတိထားပြောနေရသည့် လုချင်းအာကို လီလော့က ပေါ့ပေါ့ပါပါးပြောဆိုပြီး ခိုင်းစားနေသေးသည်။
" မနက်ဖြန်ဆို စာမေးပွဲစပြီ....နင်တို့တွေ ပြင်ဆင်ထားပြီးပြီလား...."
လုချင်းအာက လီလော့နှင့် စုန်ယွမ်ဖန်တို့ စကားနိုင်လုနေသည်ကို နားမထောင်ချင်သောကြောင့် ထိုသို့မေးလိုက်ခြင်းဖြစ်သည်။
အကုန်လုံးက ခေါင်းညိတ်လိုက်သည့်အတွက် စကားလမ်းကြောင်းလွှဲခြင်း အောင်မြင်သွားခဲ့လေပြီ.....
လီလော့ကတော့ ဘာတစ်ခွန်းမှ ဝင်မပြောတော့ဘဲ စားသောက်ခြင်း၌သာ အာရုံစိုက်ထားနေ၏။
စားသောက်နေဆဲမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသောကြောင့် မော့ကြည့်လိုက်သောအခါ အရှေ့ပိုင်းရေကန်ကျောင်းတော်သား ရှီယွမ်သည် နွေးထွေးပျူငှာသောအပြုံးတစ်ခုဖြင့် လီလော့တို့ဆီ လျှောက်လှမ်းလာနေသည်ကို မြင်လိုက်ရသည်။
" ကျုပ်ဒီမှာ ထိုင်လို့ရနိုင်မလား....."
လုချင်းအာက အေးစက်သော လေသံဖြင့် ငြင်းဆန်လိုက်သည်။
" ကျွန်မတို့ ဝိုင်းမှာ လူပြည့်နေပြီ....."
ရှီယွမ်ကတော့ ပြုံးနေဆဲပင်.....ထို့နောက် လီလော့တို့နှင့် ကပ်ရပ်စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ပြီး......
" ချင်းအာ...ငါတို့မိဘတွေက အချင်းချင်းသိကျွမ်းနေတဲ့ဟာကို အဲ့လောက်ထိ စိမ်းကားနေဖို့ မလိုပါဘူး...."
" အခုချိန်မှာ ငါတို့တွေက ပြိုင်ဘက်တွေပဲ...အဲ့တော့ ဘာမှ ရင်းနှီးပြနေစရာမလိုဘူး...."
လုချင်းအာက ထိုသို့ တုံ့ပြန်လိုက်သည့်အခါ ရှီယွမ်က စိတ်ကျဉ်းကြပ်ဖွယ်ကောင်းအောင်ပြုံးလိုက်ပြီး....
" ငါတို့နှစ်ယောက်က ကြယ်တာယာခရီးရှည်ကောလိပ်ရောက်ရင်လည်း အတူတွေ့ရဉီးမှာပဲလေ.....ငါတို့က ရွယ်တူတွေပဲဆိုတော့ ဘာလို့ ရန်ငြိုးဖွဲ့နေဉီးမှာလဲ...."
" ငါပြောတာ ဟုတ်မလား ယွမ်ဖန်....."
ရှီယွမ်က စုန်ယွမ်ဖန်ကိုပါ အဖော်ဆွယ်နေ၏။
စုန်ယွမ်ဖန်ကတော့ ဘာတစ်ခွန်းမှမပြောဘဲ ခေါင်းသာ ညိတ်ပြနေသည်။
ထိုအချိန်မှာ လီလော့က စားသောက်ပြီးသွားပြီဖြစ်သဖြင့် လက်ထဲက ထမင်စားတူကို အောက်ချလိုက်ပြီး....
" စားလို့ သောက်လို့တော့ပြီးပြီ....အစာကြေသွားအောင် လမ်းလေးဘာလေးလျှောက်ကြရအောင်...."
လီလော့၏ ဖိတ်ခေါ်မှုကြောင့် လုချင်းအာ၏ တင်းမာမှုများ အနည်းငယ်လျော့နည်းသွားခဲ့ရသည်။သူမ ရှီယွမ်နှင့် မျက်နှာချင်းမဆိုင်ချင်သောကြောင့် အခုလို ခေါ်ထုတ်သွားပေးမှန်း လုချင်းအာ နားလည်ပါသည်။
ရှီယွမ် မျက်မှောင်ကြုံ့လိုက်ပြီး မြေပဲတောင့်
တစ်ခုကိုယူကာ လျှပ်စီးစွမ်းအားသုံးပြီး
လျင်မြန်သောအရှိန်ဖြင့် လီလော့မျက်နှာတည့်တည့်ဆီကိုအ ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပစ်လွှတ်လိုက်သည်။
သို့သော် ထိုငွေရောင်အလင်းတန်းသည် လီလော့မျက်နှာဆီသို့မရောက်မှီမှာတင် အရှိန်ဖြင့်လွင့်ပျံလာသော အေးစက်သောအငွေ့အသက်များပါဝင်နေသည့် ထမင်းစားတူ တစ်ချောင်းကြောင့် အနှောက်ယှက်ခံလိုက်ရပြီး ထိုတူသည် ရှီယွမ်ဘေးက တိုင်လုံးပေါ်တွင် ထိုးစိုက်သွားခဲ့သည်။
လုချင်းအာသည် ရှီယွမ်ကို စိုက်ကြည့်နေပြီး သူမထံမှ အေးစက်သော အငွေ့အသက်များ ထိန်းမရအောင် ဖြာထွက်နေသည်။
" ရှီယွမ်! !!နင် ပြသာနာမရှာစမ်းနဲ့....."
အသေးစား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် အကုန်လုံးက သူတို့ စားပွဲဝိုင်းဆီသာ အာရုံစိုက်နေကြပြီး လုချင်းအာနှင့် ရှီယွမ်တို့ကို တွဲပြီး တွေ့လိုက်သောကြောင့် စိတ်လှုပ်ရှားမှုများ ပိုမိုမြင့်တက်လာကြလေသည်။
လူများ၏ အာရုံစိုက်ခံရမှုကို ရရှိသွားသောအခါ ရှီယွမ်က လီလော့ကို ပြုံးပြလိုက်ပြီး.....
"လက်ချော်သွားလို့ပါ....ဒါကို သခင်လေးဘက်က ဗွေမယူဘူးမဟုတ်လား...."
လီလော့က ခေါင်းခါပြလိုက်ပြီး....
"ငါ စိတ်မဆိုးပါဘူး.... ဒါပေမယ့် မင်းက အစားစာတွေ ဖြုန်းတီးနေတာပဲ...ကြည့်ရတာမင်းကို ကောင်းကောင်းသွန်သင်ပေးမယ့်သူမရှိပုံပဲ....မင်းတို့ ဘုရင်ခံစံအိမ်မှာ ရိုက်နှက်ဆုံးမဖို့ ကြာပွတ်မရှိရင်လည်း ပြောကွာ...ငါမင်းအတွက် ကြာပွတ်နှစ်ချောင်းလောက်ပို့ပေးလိုက်မယ်....."
" သခင်လေး ပြောတာမှန်ပါတယ်...ကျူပ်နောက်ဆို သတိထားလိုက်ပါ့မယ်..."
" ကောင်းပြီ....အမှားကို သိပြီး အမှန်ပြင်မှ လူတော်လူကောင်းဖြစ်နိုင်မှာ...."
ပြောပြီးတာနဲ့ လီလော့က ကျော်ခွော်နှင့်အတူ ထပြန်သွားခဲ့သည်။
လုချင်းအာသည် ရှီယွမ်ကို ခပ်တင်းတင်းကြည့်ကာ သတ်လက်လွတ်ငေးနေသော တီဖာချင်းကို တစ်ချက်ရိုက်လိုက်ကာ ထပြန်လာခဲ့သည်။
စုန်ယွမ်ဖန်သည်လည်း ရှီယွမ်ကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်ပြီး လုချင်းအာနောက် လိုက်သွားခဲ့လေသည်။
ရှီယွမ် အေးအေးသက်သာ ထိုင်နေခဲ့ပြီး ကျန်နေသော မြေပဲတောင့်များကို စိမ်ပြေနပြေခွာစားရင်း စိတ်ထဲကနေ တွက်ချက်နေခဲ့သည်။
" ဒီကောင်လီလော့က ဖုန်းကွယ်ထားတာပဲလား...တကယ်ပဲ အစွမ်းမရှိတာလား....ငါတကယ် သိချင်နေပြီ.. .."
" မေ့လိုက်တော့....အားနည်းတဲ့ သခင်လေးက ငါ့ကို ဘယ်လောက်များ ခြိမ်းခြောက်နိုင်မှာလဲ....ပထမနေရာရဖို့အတွက် လုချင်းအာကို ဖြုတ်ချနိုင်ရင် ရပြီ...."
သို့ပေမယ့် လီလော့သည် အမှန်ပင် မျက်စိစပါးမွှေးစူးဖွယ်ကောင်းသူတစ်ယောက်ဖြစ်သည်။
ထို့ကြောင့် လီလော့ကို ပြိုင်ပွဲကနေ ဖယ်ထုတ်ဖို့ ကြိုတင်ပြင်ဆင်ထားရတော့မည်သာ.......