← Chapters

သူက ကျုပ်ဆီက အာမခံဝယ်ထားတာ

Vol. 4 Ch. 54

သူက ကျုပ်ဆီက အာမခံဝယ်ထားတာ

Vol. 4 Ch. 54

ထိုအချိန်၌ အရိုးဓားသည် တိုက်ရည်ခိုက်ရည်ကင်းမဲ့နေပြီး သူ၏ခြေလက်များကို ချည်နှောင်ခံထားရကာ သတိမေ့နေသည်။ ထို့နောက် ထွားကျိုင်းသောလူတစ်ယောက်က သူ့ကို ထမ်းခေါ်သွားသည်။

လူထွားကြီး၏ဘေး၌ အနက်ရောင်သားရေအင်္ကျီကို ဝတ်ဆင်ထားသော နောက်ထပ်လူတစ်ယောက်ရှိသည်။ ထိုလူသည် ခါးကုန်းအဘိုးအိုတစ်ယောက်ဖြစ်သည်။

ထို့ကြောင့်ပင် သူက သူ၏ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ပေးနိုင်သည့် မျက်နှာဖုံးအား မတပ်ထားခြင်း ဖြစ်နိုင်သည်။ သူ၏ရှုပ်ပွနေသော မီးခိုးရောင်ဆံပင်ရှည်များအောက်မှ အရေးအကြောင်းများ အလိပ်လိပ်ထနေသော မျက်နှာတစ်ခု ရှိနေသည်။

သူ၏အကြည့်သည် အေးစက်တင်းမာနေပြီး လူသတ်ငွေ့များဖြင့် ပြည့်နေသည်။

သူ၏ခန္ဓာကိုယ်မှ ဝိညာဥ်အငွေ့အသက်များသည် ပို၍ပင် ပြင်းထန်နေပြီး ယခင်က ခေါင်းဆောင်လဲ့နှင့် သွေးအရိပ်ခေါင်းဆောင်ထက်ပင် သာလွန်နေသည်။ သူသည် ချီစုစည်းခြင်းအဆင့်၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ရောက်ရှိနေသည်မှာ သေချာသည်။

ထိုကဲ့သို့ ကျင့်ကြံသူတစ်ယောက်ကို ရတနာမုဆိုးစခန်း၌ ရွှီချင်း တစ်ခါမှ မမြင်ခဲ့ဖူးချေ။

“ ဆရာကြီး၊ ဒီတစ်ခေါက်မြူခိုးတွေက တော်တော်ဆိုးတယ်။ ကျုပ်တို့ သတ်မှတ်ထားတဲ့ တခြားအမဲရတနာတွေကို ဘယ်လိုလုပ်ကြမလဲ ”

ရွှီချင်းသည် အဝေးမှ စောင့်ကြည့်နေစဉ် အရိုးဓားကို ထမ်းထားသော လူထွားကြီးက ခပ်အုပ်အုပ်လေသံဖြင့် မေးမြန်းလိုက်သည်။

“ ဒီခွေးကောင်ကြောင့် အခုလိုတွေ ဖြစ်ကုန်ရတာ။ ဒီကောင်က လွတ်မယ်ထင်ပြီး ရှောင်ပုန်းနေတာကိုးကွ ”

အနက်ရောင်အင်္ကျီနှင့် အဘိုးအိုက သတိမေ့နေသော အရိုးဓားကိုကြည့်၍ အေးစက်စက်ပြောသည်။ ခဏအကြာ သူသည် ခေါင်းကို ခါယမ်းလိုက်၏။

“ တခြားလူတွေကို ခေါ်လိုက်။ ပြီးရင် ငါတို့ မြူခိုးတွေ မရှိတော့တဲ့အချိန်ထိ စောင့်ပြီး အဲဒီအမဲရတနာတွေကို ရှာကြတာပေါ့ ”

“ သူဋ္ဌေးက တော်တော်တော့ လွန်ပါတယ်ဗျာ။ စခန်းမှာ ဖမ်းလို့ ရနေတာပဲ။ ဘာလို့ တားမြစ်နယ်မြေထဲ ဝင်လာအောင် စောင့်ပြီး ဖမ်းနေရတာလဲ ”

လူထွားကြီးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်ရာ ဘေးရှိ အဘိုးအိုက အေးတိအေးစက် နှာမှုတ်လိုက်သည်။

“ သူဋ္ဌေးက အေးအေးဆေးဆေး ဖြစ်သွားတာကိုပဲ လိုချင်တာလေ။ မင်းလို ဥာဏ်နည်းတဲ့ကောင်က ဒါတွေ နားလည်မှာ မဟုတ်ဘူး။ စခန်းမှာသာ လူတွေသွားဖမ်းရင် စခန်းကို ဘယ်လိုလုပ် လည်ပတ်လို့ ရတော့မှာလဲ ”

လူထွားကြီးသည် ထိုစကားကို ကြားသောအခါ များများစားစား တွေးတောမနေတော့ဘဲ ငြင်းဆန်ခြင်းလည်း မပြုချေ။ သူသည် အဘိုးအို၏ ညွှန်ကြားချက်များကို လိုက်နာ၍ ဝီစီကို ထုတ်ကာ မှုတ်လိုက်သည်။ မကြာခင် အစောပိုင်းက ရွှီချင်း မြင်ခဲ့ရသည့် လူနှစ်ယောက်က ခပ်သုတ်သုတ်ဖြင့် ရောက်လာသည်။

ရွှီချင်းသည် သူတို့ကို ဟန့်တားခြင်းမပြုသလို လှုပ်ရှားခြင်းလည်း မရှိဘဲ သစ်ပင်ပေါ်မှ ဆောင့်ကြောင့်ထိုင်၍သာ ဖြစ်ပျက်နေသမျှကို အေးစက်စက်ကြည့်နေသည်။

ထိုအဖွဲ့၌ လူလေးယောက်သာ ရှိကြောင်း ရွှီချင်းက အတည်ပြုပြီးနောက် သူတို့ ထွက်သွားတော့မည်ကို မြင်လိုက်သောအခါ အရိုးဓားကို တစ်ချက်ကြည့်လိုက်သည်။

ထိုမြင်ကွင်းကို သူ မမြင်ခဲ့လျှင် သို့မဟုတ် အရိုးဓားသာ အာမခံ မဝယ်ထားခဲ့လျှင် သို့မဟုတ် တောအုပ်အပြင်ဘက်၌သာ ဖြစ်ပျက်နေခဲ့မည်ဆိုပါက သူ ခေါင်းရှုပ်ခံနေမည်မဟုတ်ချေ။ သူသည် သူတော်စင်တစ်ပါး မဟုတ်သလို တခြားလူများကို ကယ်တင်ရန် အားအင်လည်း မရှိချေ။

သို့ပေသည့် သူ့မှာ ကိုယ်ပိုင်စည်းမျဉ်းများ ရှိပေသည်။

သူ၏အာမခံကို ဝယ်ယူထားလျှင် တားမြစ်နယ်မြေထဲမှ လွတ်မြောက်အောင် သူ တာဝန်ယူမည် ဖြစ်သည်။ တားမြစ်နယ်မြေထဲမှ ထွက်သွားပြီးနောက် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူ ဂရုစိုက်မည် မဟုတ်ချေ။

ထိုအခိုက် ရွှီချင်း၏ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားသည်။ သူသည် မြန်ဆန်စွာ ပြေးသွားသည်ဖြစ်၍ သူ၏နောက်၌ အရိပ်များပင် ကျန်ရစ်ခဲ့လေသည်။ ထို့နောက် သူက လေးညို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား အရိုးဓားကို ထမ်းထားသည့် လူထွားကြီးထံ ဝင်ရောက်သွားသည်။

မကြာသေးခင်က သူ ပုန်းနေခဲ့သောနေရာသည် အလွန် လျှို့ဝှက်ပြီး သူ၏တိုက်ခိုက်မှုသည်လည်း လျှပ်စီးလက်သည့်အလား မြန်ဆန်သည်။ သို့ဖြစ်၍ လူထွားကြီးအပါအဝင် ဝတ်ရုံနက်လူသုံးယောက်က သူ့ကို သတိမထားမိလိုက်ချေ။ ခါးကုန်းအဘိုးအိုသည်သာ သတိထားမိလိုက်၏။

ထိုအချိန်၌ အဘိုးအိုသည် ကွက်ခနဲ မျက်နှာပျက်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူက လက်ကိုပင်မြှောက်လိုက်ရာ တခဏအတွင်း ရေခဲဓားပေါင်းများစွာ ချက်ချင်း စုစည်းသွားကာ လေဟုန်ခွင်း၍ ထွက်ခွာသွားသည်။

သို့သော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။ ရေခဲဓားသည် ပစ်မှတ်ကို လွဲချော်သွားခဲ့ပြီး လူထွားကြီးဘေးကို ရွှီချင်း ရောက်သွားပြီ ဖြစ်သည်။ လေတဟူးဟူး တိုက်ခတ်နေသည်ဖြစ်၍ သူ၏ဆံပင်များသည်လည်း တဖျပ်ဖျပ်လွင့်နေသည်။ စူးရှသော သူ၏မျက်ဝန်းများနှင့် သူ၏လက်ထဲရှိ အေးစိမ့်နေသော ဓားမြောင်တို့က သူ၏လူသတ်ချင်စိတ်ကို လှစ်ဟပြသနေသည်။

ဓားမြှောင်က အားအင်အပြည့်ဖြင့် လူထွားကြီး၏လည်မျိုကို ဝင်ရောက်သွားပြီး ချီစုစည်းခြင်းအဆင့်ငါးရှိသော လူထွားကြီးသည် ခုခံတားဆီးရန် အခွင့်အရေး အနည်းငယ်မျှပင် မရသွားချေ။ သူ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏လည်ပင်းမှ ခေါင်းကြီးပြတ်ထွက်သွားလေသည်။

သွေးများ နေရာအနှံ့ ပြန့်ကျဲသွား၏။

ထိုအခါ အရိုးဓားသည် မြေပြင်ပေါ် ဘုန်းခနဲ ကျသွား၏။ ရွှီချင်းက အရိုးဓားကို အင်္ကျီမှဆွဲ၍ မ,လိုက်ပြီး ဘေးတွင် ပစ်ချလိုက်သည်။

အရိုးဓားကို သူ နေရာချထားပြီးနောက် လှည့်၍ ကျန်နေသေးသောလူသုံးယောက်ကို မုဆိုးတစ်ယောက်အလား သွေးအေးစွာ စူးစိုက်၍ ကြည့်လိုက်သည်။

ထိုအချိန်၌ လူထွားကြီး၏ ခေါင်းပြတ်ကြီး၊ သူ့အလောင်းနှင့် အဘိုးအို၏ ပစ်မှတ်ကို လွဲချော်သွားသော ရေခဲဓားတို့က မြေပြင်ပေါ်တွင် တချိန်တည်း ဘုန်းခနဲ ကျသွားကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ခြည်း တိတ်ဆိတ်သွား၏။ ထိုမြင်ကွင်းသည် ကြောက်ခမန်းလိလိ အံ့သြတုန်လှုပ်စရာကောင်းလှသည်ဖြစ်၍ ဝတ်ရုံနက်အဘိုးအိုနှင့် သူ့အဖော်နှစ်ယောက်တို့၏နှလုံးသားများ တဒိန်းဒိန်းခုန်လာကြပြီး ရွှီချင်းကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

“ ကလေး ”

အဘိုးအို၏နောက်ရှိ ဝတ်ရုံနက်နှစ်ယောက်အနက် တစ်ယောက်က ရွှီချင်းကို မြင်သောအခါ မျက်လုံးများပြူး၍ အထိတ်တလန့် အော်ဟစ်လိုက်သည်။

“ သောက်ပါးစပ်ပိတ်ထား ”

ရှေ့ရှိ အဘိုးအိုက ချက်ချင်း အော်ငေါက်လိုက်သည်။

ဝတ်ရုံနက်လူသည်လည်း စကားမှားသွားသည်ကို နားလည်လိုက်ပြီး စကားပြော ရပ်သွားသည်။

ရွှီချင်းသည် ထိုသုံးဦးကို လေးနက်တည်ကြည်စွာ ကြည့်လိုက်သည်။ ထိုစကားတစ်ခွန်းက ကိစ္စအားလုံးကို အထုတ်ဖြေပြခဲ့ပြီ ဖြစ်သည်။

“ ကလေး၊ ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူးနော်၊ အခုချက်ချင်း ထွက်သွားတော့၊ မင်း တစ်ခါမှ မရောက်လာသလိုမျိုး ငါ သဘောထားပေးမယ် ”

ဝတ်ရုံနက်အဘိုးကြီး၏ မျက်နှာက မည်းမှောင်နေပြီး ရွှီချင်းကို မမှိတ်မသုန် ကြည့်နေသည်။ သူက ဖုံးကွယ်မနေတော့ဘဲ ခပ်ဖြည်းဖြည်း ဆိုလိုက်သည်။

ထိုစဉ် လေပြင်းတစ်ချက် တိုးဝှေ့ တိုက်ခတ်လာသည်။ လေများက ရွှီချင်းကို ဖြတ်ကျော်သွားပြီး သူ၏အငွေ့အသက်များကို ဆောင်ကြဉ်း၍ အဘိုးအိုနှင့် တခြားနှစ်ယောက်ရှိရာကို တိုက်ခတ်လိုက်သည်။ မြေပြင်ပေါ်ရှိ သစ်ရွက်ကလေးများသည်လည်း လေ၏သယ်ဆောင်ရာနောက်သို့ မျောပါသွားကြသည်။

မြူခိုးများသည်လည်း လေအဝှေ့တွင် ပို၍ပင် ထူထပ်သိပ်သည်းလာသယောင်ယောင်၊

ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး စကားတစ်ခွန်း မဆိုချေ။

အရိုးဓားသည် သတိပြန်ရနေသည်မှာ ကြာနေပြီဖြစ်ပါသော်လည်း သတိမေ့ချင်ယောင်ဆောင်နေ၏။

ယခု အဘိုးအို၏စကားများကို ကြားသောအခါ သူ စိုးရိမ်ကြောင့်ကြလာသည်။ ရွှီချင်းက သူ့ကို မကယ်တော့ဘဲ ထွက်သွားမည်ကို ကြောက်လန့်လာပြီး မျက်လုံးများကို ကပျာကယာ ဖွင့်လိုက်သည်။

သူသည် ရွှီချင်းကို သူ၏သေရေးရှင်ရေးအန္တရာယ်တွင်းထဲ ဆွဲခေါ်မှသာ ဘေးကင်းနိုင်မည်ဟု ခံစားနေရသဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

“ ကလေး၊ သူ ပြောတာ နားမထောင်နဲ့။ သူတို့က စခန်းခေါင်းဆောင်ရဲ့လူတွေ။ ဒီနှစ်တွေထဲ စခန်းက ပျောက်သွားတယ်ဆိုတဲ့ ရတနာမုဆိုးတွေက ဒီကောင်တွေရဲ့ လျှို့ဝှက်ဖမ်းဆီးခံရပြီးတော့ ရတနာအကျဉ်းသားတွေအနေနဲ့ ကုန်သည်တွေဆီ ရောင်းခံလိုက်ရတာ။ အဲဒါက စခန်းခေါင်းဆောင်ရဲ့ လျှို့ဝှက်ချက်ကြီးပဲ ”

သူ့စကားလုံးများက ခါးကုန်းအဘိုးအို၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။ သူသည် ရွှီချင်းကို စူးစိုက်ကြည့်၍ ထပ်ပြောလိုက်သည်။

“ မင်းကို ငါ နောက်ထပ် အခွင့်အရေးပေးမယ်နော်၊ လူရှုပ်မလုပ်နဲ့ ”

ရွှီချင်းသည် အရိုးဓား၏စကားများကို လျစ်လျူရှုထားသည်။ ထိုကိစ္စ၏ အကျိုးနှင့်အပြစ်က သူနှင့် မသက်ဆိုင်ချေ။ သူ့အတွေးများသည် ရိုးရှင်းပြီး ပွင့်လင်းသည်။

သူ၏အာမခံကို ဝယ်ယူသွားပြီးနောက် တားမြစ်နယ်မြေထဲမှ ထွက်ခွာနိုင်အောင် လုပ်ပေးရေးသည် သူ၏တာဝန်သာ ဖြစ်သည်။ တားမြစ်နယ်မြေမှ ထွက်သွားပြီးလျှင် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူနှင့် လုံးဝ မသက်ဆိုင်ချေ။

“ သူက ကျုပ်ဆီက အာမခံဝယ်ထားတာ ”

ရွှီချင်းက လေးနက်တည်ကြည်စွာ ပြောသည်။

ခါးကုန်းအဘိုးကြီး၏မျက်နှာအမူအရာက အေးစက်တင်းမာလာသည်။ ထိုအခိုက် သူ့နှုတ်ခမ်းထောင့်စွန်းသည် သွေးအေးသော အပြုံးတစ်စအသွင် ကွေးညွတ်သွားပြီး သူ့လက်နှစ်ဖက်ကို ဆတ်ခနဲ မြှောက်လိုက်သည်။ ရုတ်တရက် သူ့ခြေထောက်အောက်၌ အနီရောင်ကွန်ခြာတစ်ခု ပေါ်လာ၏။

အနီရောင်ကွန်ခြာထဲမှ လေအေးလှိုင်းများ အပေါ်သို့ တဟူးဟူး ထိုးတက်လာပြီး ကြောက်မက်ဖွယ် လေဆင်နှာမောင်းတစ်ခုပမာ ဖြစ်လာသည်။

“ ကလေး၊ မင်းက အတွေ့အကြုံနုပါသေးတယ်ကွ။ င့ါကို မန္တန်တစ်ခု စီရင်နိုင်အောင် အချိန်ပေးခဲ့တာပဲ။ ဒီလိုဆိုမှတော့ သေစမ်းကွာ ”

အဘိုးအိုသည် ဟိန်းဟောက်လိုက်ပြီး သူ့လက်နှစ်ဖက်က ကြမ်းတမ်းစွာ တုန်ခါလာသည်။ ထိုအခါ သူ့ကို လှည့်ပတ်နေသော လေအေးလှိုင်းများသည် သွေးနီရောင်ရေခဲဓားများအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

တချိန်တည်းမှာပင် အဘိုးအို၏ဘေးရှိ ဝတ်ရုံနက်နှစ်ယောက်သည်လည်း အေးတိအေးစက် ရယ်မော၍ ရွှီချင်းကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လိုက်ကြသည်။

အရိုးဓား၏မျက်လုံးများထဲတွင် စိတ်ဓာတ်ကျသွားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းသည်သာ အစကတည်းက ယခုတိုင်အောင် အလွန်တည်ငြိမ်နေ၏။ ချဉ်းကပ်လာနေသော ဘယ်ညာတစ်ဖက်တစ်ချက်ဆီမှ လူနှစ်ယောက်နှင့် ဝတ်ရုံနက်အဘိုးအို၏ ရေခဲဓားမုန်တိုင်းတို့က အပြင်းအထန် တိုက်ခိုက်ကြတော့မည့်ဆဲဆဲ သူက အေးဆေးစွာ ပြောလိုက်သည်။

“ ခင်ဗျားတို့ကိုလည်း ကျုပ် ကျေးဇူးတင်ပါတယ် ”

ရွှီချင်း၏စကား ဆုံးသွားသည့်အခိုက် သူ့ထံ ပြေးဝင်လာသော ဝတ်ရုံနက်နှစ်ယောက်သည် ဆတ်ခနဲ ရပ်တန့်သွားသည်။

သူတို့၏မျက်နှာများ ပြာနှမ်းလာပြီး သူတို့၏မျက်လုံးများက ထိတ်လန့်ကြောက်ရွံ့စိတ်ကြောင့် ပြူးကျယ်နေသည်။ သူတို့၏ဒွါရခုနစ်ပါးမှ သွေးမည်းများ ချက်ချင်း စီးကျလာ၏။

သူတို့၏ခန္ဓာကိုယ်များ အဆိပ်မိသွားကာ အသက်ပင်မရှူနိုင်တော့သည့်အလားပင်။ သူတို့နှစ်ယောက်သည် တုန်လှုပ်ချောက်ချားနေကြပြီး ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူတို့နှစ်ယောက်လုံးက သွေးမည်းတစ်လုပ်စာ အန်ထုတ်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်များ အားအင်ကုန်ခမ်းသွားပြီး မြေပြင်ပေါ်သို့ အရုပ်ကျိုးပြတ်လဲကျသွားသည်။ သူတို့၏အမူအရာများက အပြင်းအထန်နာကျင်နေသည်ကို ဖော်ပြနေပြီး အကြောလိုက်သည့်ပမာ တဆတ်ဆတ်တွန့်ကွေးနေတော့သည်။ သူတို့သည် နာနာကျင်ကျင်ဖြင့် စူးရှစွာ အော်ဟစ်လိုက်ပြီး ချက်ချင်း သေဆုံးသွားတော့သည်။

ထိုမြင်ကွင်းသည် အရိုးဓားကို ကြောက်လန့်တုန်ရီသွားစေသည်။ မန္တန်စီရင်နေသော ဝတ်ရုံနက်အဘိုးအို၏ စိတ်ထဲ ယောက်ယက်ခတ်လာပြီး ဘေးပတ်ဝန်းကျင်တွင် ထိန်းချုပ်ခံထားရသော လေမုန်တိုင်းသည်လည်း မငြိမ်မသက်ဖြစ်လာသည်။

ထိုအချိန်၌ အဘိုးအို၏မျက်လုံးများထဲမှ သွေးမည်းများ စီးကျလာသည်။

“ မင်း …”

အဘိုးအို၏ မျက်နှာအမူအရာ ရုတ်ခြည်း ပြောင်းလဲသွားသည်။ မန္တန်ကို သူ ထိန်းထားနိုင်စွမ်း မရှိတော့ဘဲ ရေခဲဓားမုန်တိုင်းက အချိန်မတိုင်ခင် ပေါက်ကွဲသွားသည်။

သို့စေကာမူ သူသည် စိတ်အနှောင့်အယှက်ဖြစ်နေသည့်အတွက်ကြောင့် ပေါက်ကွဲအားက ပြင်းထန်ပါသော်လည်း ရောက်သင့်သည့်နေရာကို ရောက်မသွားခဲ့ချေ။ ရွှီချင်းသည် အရိုးဓားကို ဆတ်ခနဲ ဆွဲယူကာ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

ထို့နောက် သူက အလျင်အမြန် ဆုတ်ခွာကာ ထွက်ပြေးရန်ပြင်နေသော အဘိုးအိုကို ကြည့်လိုက်သည်။

အရိုးဓားမှာမူ ထိတ်လန့်တုန်ရီနေပြီး ရွှီချင်းကတော့ ထွက်ပြေးနေရင်း ဆေးလုံးများကို တရစပ်ထုတ်ကာ သောက်နေသော အဘိုးအိုအား ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ တစ်၊ နှစ်၊ သုံး … ”

‘ သုံး ’ ဆိုသည့်စကားလုံး ထွက်လာသည့်အခိုက် ဝတ်ရုံနက်အဘိုးအို၏ ပါးစပ်ထဲမှ သွေးမည်းတစ်ပွက် အန်ထွက်လာသည်။ ထိုသွေးမည်းများထဲတွင် ပျက်စီးနေသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများပါ ပါလာသည်။

အဘိုးအိုသည် ယိမ်းထိုးနေပါသော်လည်း မြေပြင်ပေါ် မလဲကျပေ။ သူ၏မျက်နှာ ဖြူဆုတ်နေသည့်တိုင်အောင် အားအင်အနည်းငယ် ကျန်နေသေးဟန်တူပြီး ချက်ချင်း ပျံပြေးရန် ပြင်လိုက်သည်။

ထိုမြင်ကွင်းကို ရွှီချင်း မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ သူ၏ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး အဘိုးအိုကို မီသွားသည်။

ထို့နောက် သူက စိတ်ဓာတ်ကျသွားသော အဘိုးအို၏ ဝမ်းဗိုက်ကို လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

သူ၏လက်သီးချက်တွင် နတ်ဆိုးပုံရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် သူက အေးတိအေးစက် ရယ်မော၍ အဘိုးအိုကို ထိုးလိုက်လေသည်။

ဘုန်း …

အဘိုးအို၏ခန္ဓာကိုယ် တုန်ခါသွားပြီး သူ၏ဝမ်းဗိုက်ပေါ်ရှိ အဝတ်အစားများသည်လည်း ချက်ချင်း ပြာဖြစ်သွားသည်။ သူ၏နှလုံးသား ပဲ့ကြွေသွားကာ သူ ဇီဝိန်ချုပ်သွားသည်။

သူ၏အလောင်းက မြေပြင်ပေါ် ကျသွားပြီး သူ၏ဝမ်းဗိုက်သည် ချိုင့်ဝင်သွားကာ ရှုံ့မဲ့နေသော မျက်နှာ ဖြစ်နေသည်။ ယင်းသည် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ရပ်ပင်။

“ စာအုပ်ထဲမှာ ဖော်ပြထားတာကတော့ လေထဲကို အဆိပ်မှုန့်ခုနစ်မျိုး လွှတ်လိုက်ရင် ရောယှက်သွားတယ်။ လူတစ်ယောက်က အဲဒီရောနှောနေတဲ့အဆိပ်ကို ရှူမိလိုက်ရင် အသက်ရှူကြိမ်အနည်းငယ်အတွင်း သေသွားရတယ်။ ဘာလို့ ဒီလူက တောင့်ခံနေသေးတာပါလိမ့်။ ငါပဲ တိုးတက်ဖို့ လိုနေသေးတာလား ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ကြောက်လန့်တုန်ရီနေဆဲဖြစ်သော အရိုးဓားကို လျစ်လျူရှုထားသည်။ သူက အလောင်းသုံးလောင်းနှင့် သူတို့၏ပစ္စည်းများကို စုစည်းလိုက်ပြီး ထိုအလောင်းသုံးလောင်းအပေါ် ဖြန့်ကျဲလိုက်သည်။

တဖျစ်ဖျစ်မြည်သံများ တိတ်ဆိတ်နေသော တောအုပ်ထဲ လွင့်ပျံသွားကာ အလောင်းသုံးလောင်းသည် သွေးများအဖြစ် ပြောင်းလဲသွား၏။

ပြီးသည်နှင့် ရွှီချင်းက အရိုးဓားကို လှမ်းကြည့်လိုက်သည်။

အရိုးဓားသည် ရွှီချင်း၏တိုက်ခိုက်မှုကြောင့် ကြောက်လန့်တုန်ရီလွန်း၍ သူ့စိတ်နှင့်ခန္ဓာ တစ်သားတည်း မဖြစ်တော့သည့်ပမာ ဖြစ်နေသည်။ သူ၏မျက်လုံးများထဲ၌ သူ၏ရှေ့တွင် ရပ်နေသော လူငယ်သည် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး သတ္တဝါတစ်ကောင် ဖြစ်နေဟန်တူသည်။

ထို့ကြောင့် ရွှီချင်း၏ အကြည့် သူ့အပေါ် ရောက်လာသောအခါ ချက်ချင်း တုန်ရီသွားတော့သည်။

သူသည် တဆတ်ဆတ် တုန်ယင်နေသည့်ကြားမှ အသက်ရှူကြပ်လာသည်ကို ခံစားမိလိုက်သည်။ သူ၏လက်အရေပြားသည်လည်း အစိမ်းရောင်သမ်းနေသည်။ ထိုမြင်ကွင်းက သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။

“ ရောင်းရင်းကလေး၊ ငါ၊ ငါ … ငါလည်း အဆိပ်မိနေပြီ ”

“ ဒီနေရာတစ်ခုလုံး အဆိပ်သင့်သွားတာ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ အဆိပ်ဖြေဆေး … ငါ့ကို အဆိပ်ဖြေဆေးပေးပါ ”

အရိုးဓားသည် ခန္ဓာကိုယ်မှ တဆစ်ဆစ်နာကျင်နေသည်ကို ခံစားနေရပြီး ကြောက်လန့်တုန်ရီလာတော့သည်။

“ ကျုပ်အဆိပ်အတွက် ဖြေဆေးမရှိဘူး ”

ရွှီချင်းသည် ခေါင်းမော့၍ ချဉ်းကပ်လာနေသော မြူခိုးများကို ကြည့်လိုက်သည်။ အရိုးဓားသည် စိတ်ဓာတ်ကျနေလျက် တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။

“ ကျုပ် ခင်ဗျားကို လာကယ်တာက ကျုပ်ဆီကနေ အာမခံ ဝယ်သွားလို့။ အဲဒါက ခင်ဗျား လှည့်စားလို့ရတဲ့အရာမဟုတ်ဘူး ”

“ ရောင်းရင်းကလေး၊ ငါ မှားသွားပါတယ်ကွာ။ ငါ မှားမှန်း သိပါပြီ။ ငါ့တစ်ကိုယ်လုံး နာလာပြီ။ ငါ့ကိုယ်ငါ ကုတ်ခြစ်လာနေလို့ပါ …”

အရိုးဓားသည် တုန်ရီနေပြီး သူ၏လက်နှစ်ဖက်လုံး စိမ်းပုပ်လာသည်ကို မြင်လိုက်ရသည်။ ဝတ်ရုံနက်လူနှစ်ယောက်၏ ဒွါရခုနစ်ပါးမှ သွေးများစီးကျကာ ရုပ်ပျက်ဆင်းပျက် သေသွားရသည့် မြင်ကွင်းသည် သူ၏စိတ်ထဲ ပေါ်လာပြီး သူ့နှလုံးသားထဲတွင် ကြောက်လန့်စိတ်များ အထွတ်အထိပ်သို့ ရောက်နေတော့သည်။

ရွှီချင်းက သူ့ကို အေးတိအေးစက်ကြည့်လိုက်ပြီး လက်ကို လှုပ်ယမ်းလိုက်ရာ ဆေးမှုန့်တစ်ထုပ် ပစ်လွင့်သွားသည်။

အရိုးဓားက အလျဉ်စလို ဖမ်းယူလိုက်ပြီး သူ၏ပါးစပ်ထဲကို တစ်ခါတည်း လောင်းထည့်လိုက်သည်။ ထိုဆေးမှုန့် နည်းနည်းသာ မျိုချမိလိုက်ပါက အဆိပ်မပြေမည်ကို သူ ကြောက်ရွံ့နေသည်။ မကြာခင် သူ၏ခန္ဓာကိုယ်ရှိ အစိမ်းရောင်က လွင့်ပျယ်သွားပါသော်လည်း သူ၏မျက်နှာက ယောင်ကိုင်းလာသည်။

“ ငါ့ကို မင်း ဘာဆေးပေးလိုက်တာတုံး။ ငါ့ပါးစပ်ကြီး ထုံကျင်နေသလိုပဲ ”

အရိုးဓားသည် သူ့မျက်နှာကြီး ဖူးယောင်နေသည့်ပမာ ခံစားလိုက်ရပြီး အာလေးလျှာလေးဖြင့်သာ စကားပြောနိုင်သည်။ ထို့နောက် သူက ရွှီချင်းကို အဓိပ္ပာယ်မဲ့စွာ ကြည့်လိုက်သည်။

ရွှီချင်းက ဝက်ခေါင်းပုံဖြစ်နေသော အရိုးဓားကိုကြည့်၍ အေးတိအေးစက်ပြောလိုက်သည်။

“ အဲဒါလည်း အဆိပ်ပဲ ”

All Chapters