← Chapters

တစ်ဆင့်ပြီးတစ်ဆင့် ဆုံးမခြင်း

Vol. 17 Ch. 247

တစ်ဆင့်ပြီးတစ်ဆင့် ဆုံးမခြင်း

Vol. 17 Ch. 247

ငါတို့မျိုးဆက်တွေက ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းပြီး မွေးဖွားလာကြရတယ်

အသက်ရလာတာနဲ့အမျှ ငါတို့ လူ့အဖွဲ့အစည်းထဲ ခြေချခဲ့ကြတယ်

ကြီးမြတ်တဲ့အရာတွေကို အိပ်မက်မက်ပြီး စိတ်ကူးယဉ်စရာတွေကို ပြောခဲ့ကြတယ်

အရက်မူးနေတဲ့ညကို ဘယ်အရာကမှ မယှဉ်နိုင်ဘူး

ထိုကဗျာကို website က အင်တိုက်အားတိုက် ကြော်ငြာထား၏။ ထိုကဗျာက သူတို့ အွန်လိုင်းစာပေ အဖွဲ့အစည်းက ထုတ်ဖော်နိုင်သော တစ်ခုတည်းသော ကဗျာဖြစ်သဖြင့် သူတို့ ထိုသို့ လုပ်ကိုလုပ်မှ ဖြစ်ပေမည်။

ကြော်ငြာချိန်အတွင်း၌ ချဲ့ကားပြောဆိုခြင်းက ရှောင်တိမ်း၍ မရနိုင်သော ကိစ္စပင်။ ထို့ကြောင့် ရဲ့လင်းချန်က စာပေ ပါရမီရှင်ဟူသည့် ဘွဲ့ထူးကို ရရှိသွားလေသည်။

ယင်းအောက်တွင် မရေတွက်နိုင်သော မှတ်ချက်များ ရှိနေ၏။

[နတ်ဘုရားများကို သုတ်သင်ခြင်းကို ငါ သဘောကျတယ်၊ နတ်ဘုရားများကို သုတ်သင်ခြင်းကို ငါ အားပေးတယ်ကွ]

[ငါ ပိုက်ဆံတွေ အများကြီးကို မြင်နေရတယ်၊ ဒီစာရေးဆရာတော့ ချမ်းသာတော့မှာပဲ]

[လခွမ်း ငါ ဝတ္ထုတစ်ပုဒ်တည်းနဲ့ အောင်မြင်လာတဲ့ ဒဏ္ဍာရီက လက်တွေ့ ဖြစ်လာတာကို ငါ မြင်လိုက်ရတာပဲ၊ ဒီစာရေးဆရာက တကယ် လူသစ် ဟုတ်ရဲ့လား]

[ပိုက်ဆံတွေ အများကြီးပါလား၊ စာရေးဆရာက တစ်ချို့တစ်ဝက်ကို လူမှုကယ်ဆယ်ရေးမှာ လှူဖို့ စဉ်းစား ထားသေးလား]

မှတ်ချက်များအားလုံးသည် စာဖတ်သူများစွာထံမှ ထွက်လာခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တရုတ် စာပေ website ၏ ကြော်ငြာသည် ၎င်း၏ ကိုယ်ပိုင် website တွင်သာ ကြေညာထားခြင်း မဟုတ်ချေ။ ထိုဆောင်းပါးအား စာပေ ဘလော့ဂ်များ အပါအဝင် အခြား website များတွင်လည်း တင်ထားလေသည်။

ယင်းက လှိုင်းထသွားစေသည့် ကျောက်ခဲတစ်လုံး ဖြစ်သွားခဲ့၏။

အွန်လိုင်း ဝတ္ထုများသည် ယဉ်ကျေးမှုမရှိမှု အထင်သေးခံခဲ့ရပြီး ထိုဆောင်းပါးသည် ဘလော့ဂ်များ၏ တိုက်ခိုက်ခြင်း ခံရလေတော့သည်။ မနာလိုစိတ်ကြောင့် ပြုလုပ်ခြင်းပင်တည်း။

[ချီးပဲ ဒီလောကကြီးကတော့‌ ဖောက်ပြန်နေပြီ၊ ဘယ်လိုလုပ် ဒီလိုအမှိုက်က အဲ့လောက် ပိုက်ဆံတွေ အများကြီး ရနေတာလဲ]

[ငါ့လက်ရာထဲမှာ ငါ စိတ်ရောကိုယ်ပါ နှစ်ပြီး ရေးတယ်၊ ဘယ်သူကမှ အဲ့ဒါကို အလကားတောင် မဖတ်ဘူး၊ ဘာလို့ အရူးတွေက ဒီလို ယဉ်ကျေးမှုမရှိတဲ့ လက်ရာကို ပိုက်ဆံပေး ဖတ်နေတာလဲ၊ ဒီကမ္ဘာကြီးက ထူးဆန်းလွန်းတယ်၊ ကယ်လို့တောင် မရတော့ဘူး]

[ဒါကို ငါတို့ ပိတ်ပင်လိုက်ဖို့ ငါ ပြင်းပြင်းထန်ထန် အကြံပြုတယ်၊ ဒါကို စာပေလို့တောင် မခေါ်ထိုက်ဘူး၊ ဒါက စာပေကို စော်ကားတာ၊ ပိတ်ပင်မှကို ဖြစ်မှာ]

[ဒါ ငွေကို မတရားနည်းနဲ့ ရှာတာပဲ၊ သူတို့ ဒါကို ဖြန့်ဝေခွင့် ပေးတာက ပြစ်မှုကျူးလွန်တာပဲ]

[စာပေ ပါရမီရှင် ဟုတ်လား၊ ထွီ … ယဉ်ကျေးမှုမရှိတဲ့ အယုတ်တမာကောင်ကများ]

[စုတ်ပြတ်နေတဲ့ ကဗျာစာကြောင်းလေး နှစ်ကြောင်းနဲ့ သူတို့ကများ ရေးကြီးခွင်ကျယ် လုပ်ရဲရတယ်လို့၊ သူ စာကြောင်းလေး နည်းနည်းလောက် ပိုရေးလိုက်ရင် သူ့မာနက အောက်စလွတ်သွားဦးမလား မသိဘူး]

[ဒါ အပေါစား အညံ့စား ကဗျာလေး တစ်ပုဒ်ပဲကို၊ ပြီးတော့ လေသံကလည်း သည်းမခံနိုင်လောက်အောင် မောက်မာလွန်းတယ်၊ အမှိုက်ပဲ]

[ငါတို့ ဒီစာရေးဆရာကို ပိတ်ပင်ဖို့ ငါ ပြင်းပြင်းထန်ထန် အကြံပေးချင်တယ်၊ ပြီးတော့ ဒီ site ကိုပါ ပိတ်လိုက်ရင် ပိုကောင်းသေးတယ်၊ ဒါ စာပေကို စော်ကားတာ၊ ဒါ အဆိပ်ပဲ]

…

ရဲ့လင်းချန်သည် မှတ်ချက်တစ်ခုချင်းစီကို ဖတ်ပြီးနောက် ခေါင်းခါယမ်း၍ ထွက်လိုက်သည်။

ရှေးခေတ်အခါတည်းက ပညာသင်သားများသည် အချင်းချင်း အထင်သေးတတ်ကြသည်။

အထူးသဖြင့် အွန်လိုင်းစာပေ၏ အွန်လိုင်းဟူသော ခေါင်းစဉ်ကြောင့် အမြဲတမ်း အခြားသူများ၏ အထင်သေးခြင်းကို ခံရလေသည်။ ရိုးရာစာပေ အဖွဲ့အစည်းသည် အမြဲတမ်း အွန်လိုင်းစာပေ အဖွဲ့အစည်းကို အထင်အမြင်သေးသည်။ ထို့ကြောင့် အွန်လိုင်း စာပေအဖွဲ့အစည်းက ဤသို့ များပြားသော ပိုက်ဆံများ ရနေသည်ကို မြင်သောအခါ သူတို့ မနာလို ဖြစ်လာကြသည်။ ယင်းကလည်း ခန့်မှန်းထားမိသော ကိစ္စပင်။

ထို့အပြင် ရိုးရာစာပေသည် ဥပက္ခာပြုခြင်း ခံထားရသည့် အခြေအနေ ဖြစ်သည်။ သူတို့၏ စာရေးဆရာများက စားပွဲပေါ်၌ ဟင်းပန်ကန် ရှိနေရန်ပင် အခက်တွေ့နေ၏။ ထိုသို့ အလွန် အခက်တွေ့နေမှုကြောင့် အွန်လိုင်းစာပေသည် မနာလိုအားကျရသည့် ပစ်မှတ် ဖြစ်လာခဲ့သည်က သဘာဝပင်။

သို့သော် ထိုသို့သော လူများသည် ကိုယ့်ကိုယ်ကိုယ် ပြန်မဆန်းစစ်တတ်ပေ။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် အလွန် အထင်ကြီးပြီး နတ်ဘုရားများကို သုတ်သင်ခြင်းအား ဖတ်ရန်ပင် မကြိုးစားဘဲ ဝေဖန်ကြသည်။

အဘယ်သို့သော လက်ရာ ဖြစ်နေပါစေ အများပြည်သူ၏ အသိအမှတ်ပြုခြင်း ခံရမှာသာ လက်ရာကောင်းဟု ဆိုရပေမည်။ ကိုယ့်ဘာသာကိုယ် အထင်ကြီးနေခြင်းက အရေးမပါပေ။

ရဲ့လင်းချန်သည် သူတို့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ချင်သလို အချိန်လည်း မပေးနိုင်ပါ။ သူက ဆက်၍သာ စာရေးနေ၏။

သူ စာလုံးရေ တစ်သောင်းမျှ ရေးပြီးချိန်တွင် ညအချိန်သို့ ရောက်နေပြီ ဖြစ်သည်။ တင်လိုက်ပြီးနောက် ရဲ့လင်းချန်က အနည်းငယ် အကြောဆန့်၍ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

သူ အောက်ထပ်သို့ ဆင်းလာသည်နှင့် မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။ မီယာကိုက ဆိုဖာပေါ်၌ သက်တောင့်သက်သာ ထိုင်၍ တီဗွီ ကြည့်နေပြီး မီးဖိုချောင်၌ ဂလောင်ဂလင် မြည်သံများ ထွက်နေသည်။ မီးဖိုချောင်၌ ညစာချက်နေသူက ကျန်းယွင်ရှီပင်။

“လင်းချန် နင် ရောက်လာပြီကိုး၊ ညစာစားချိန် ရောက်တော့မယ်”

ကျန်းယွင်ရှီက မီးဖိုချောင်ထဲမှ အော်ပြောလိုက်သည်။

“အင်း”

ရဲ့လင်းချန်က ခေါင်းညိတ်၍ မီယာကိုကို စိုက်ကြည့်လိုက်သည်။

“ဘယ်သူက မင်းကို ဆိုဖာပေါ် ထိုင်ခိုင်းထားသလဲ”

မီယာကို၏ မျက်လုံးတွင် ကြောက်ရွံ့ဟန် ဖြတ်ပြေးသွားသော်လည်း သူမက မကျေနပ်သံပြု၍ ပြန်ပြောလေသည်။

“ငါ အိမ်ကို သန့်ရှင်းရေး လုပ်ပြီးပြီလေ၊ နင်က ငါ့ကို ဘာလုပ်စေချင်သေးတာလဲ”

“သခင်လုပ်တဲ့သူက ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေတုန်း နားနားနေနေ နေနေတာ ဘယ်လို အစေခံလဲ၊ မင်းကိုယ်မင်း ဘယ်လို ဇိမ်ခံရမလဲတော့ သိသားပဲ”

ရဲ့လင်းချန်က မီယာကိုကို စိုက်ကြည့်နေသည်။

“အခုချိန်ကစပြီး ကြိုးကြိုးစားစားလုပ်၊ မင်းသခင်က အလုပ်လုပ်နေရင် မင်း ကူရမယ်၊ အရည်အချင်း ရှိတဲ့ အစေခံအဖြစ် ဘယ်လိုနေရမလဲ ဆိုတာကို အင်တာနက်ကလေ လေ့လာလိုက်ဦး၊ မဟုတ်လို့ကတော့ ငါ မင်းကို ထပ်ဆုံးမမယ်”

“အစေခံ ဟုတ်လား”

ကျန်းယွင်ရှီက မီးဖိုချောင်ထဲမှ ဟင်းပန်းကန်များကိုင်၍ ထွက်လာပြီး ရဲ့လင်းချန်အား ထူးဆန်းသလို ကြည့်ကာ အိမ်အကူ ဝတ်စုံနှင့် မီယာကိုကို လှမ်းကြည့်လေသည်။

အစက သူမသည် ရဲ့လင်းချန် အိမ်ခေါ်လာသော သူ့ကောင်မလေးဟု သူမ ထင်ခဲ့သည်။ သူတို့က ဇာတ်ကောင်အဖြစ် သရုပ်ဆောင်နေသည်ဟု သူမ ထင်မိပြီး ဝမ်းနည်းသွားခဲ့မိသည်။

ဤမျှ လှပသော ကောင်မလေးက အစေခံ ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိပါ။

“ယွင်ရှီ မီယာကိုက ငါ ငှားထားတဲ့ အိမ်အကူပဲ၊ မင်းမှာ ခိုင်းရမယ့် အလုပ် ရှိတယ်ဆိုရင် သူ့ကို ပေးလိုက်၊ သည်းခံ မနေနဲ့”

ရဲ့လင်းချန်က သူမကို အသိပေးလိုက်သည်။

“အဲ့ဒါကြီးက မကောင်းဘူးလားလို့”

ကျန်းယွင်ရှီ အနည်းငယ် ရှက်သလို ခံစားမိသည်။

“ယွင်ရှီ မင်း ရှက်နေလို့ မဖြစ်ဘူး၊ ငါ ဒါကို ဘဝနဲ့ရင်းပြီး အနိုင်ရလာတာ”

ရဲ့လင်းချန်က မီယာကိုနှင့် သူ၏ အလောင်းအစားကို ကွန့်၍ ပြောပြလိုက်သည်။ သူက အရေးကြီးသော ကိစ္စအချို့ကို ထိန်ချန်ထားပြီး သူနှင့် မီယာကို၏ အလောင်းအစား စာချုပ်ကိုသာ အဓိကထား၍ ပြောပြလေသည်။

“မိသားစု ဘယ်နှစ်ခုကို သူ ဖျက်ဆီးပြီးပြီလဲဆိုတာ ဘယ်သူ သိမှာလဲ၊ ငါ သူ့ကို အနားမှာထားပြီး အခြားသူတွေကို မထိခိုက်အောင် ကာကွယ်နေတာ၊ ပြီးတော့ ငါသာ ကံကောင်းပြီး မနိုင်ခဲ့ရင် အခုချိန်မှာ ငါက သူ့ကျွန် ဖြစ်နေလောက်ပြီ၊ အခုလောက်ဆို ငါ အိမ်သာတွေကိုတောင် ဆေးနေရလောက်ပြီ”

ရဲ့လင်းချန်က အလေးအနက်ထား၍ ပြောလိုက်သဖြင့် ကျန်းယွင်ရှီသည် နှလုံးသားအား ဖျစ်ညှစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ကြောက်ရွံ့လာ၏။

ထိုသို့ ရှင်းပြပြီးနောက် ကျန်းယွင်ရှီ၏ မီယာကိုပေါ် အကြည့်က ပြောင်းလဲသွားသည်။ သူမမျက်ဝန်းတွင်းမှ သနား ကြင်နာစိတ်ကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

သူမ အခြားကိစ္စများကို အရေးမစိုက်သော်လည်း ရဲ့လင်းချန် ကျွန်ပြုခံရလုနီးနီး ဖြစ်ခဲ့သဖြင့် အကျိုးဆက်ကို သူမ မတွေးဝံ့ချေ။

“ဒီလာခဲ့”

ရဲ့လင်းချန်က မီယာကိုကို လက်ယပ်၍ လှမ်းခေါ်သည်။ မီယာကိုက အံကြိတ်ပြီး ရဲ့လင်းချန်ကို စိုက်ကြည့်ပြီးမှ ချီတုံချတုံဖြင့် အနားကပ်လာသည်။

“အခုချိန်ကစပြီး ငါတို့ ညစာစားနေတဲ့အချိန်ကျရင် မင်း အနားမှာ ရပ်ပြီး ကူပေးရမယ်”

ရဲ့လင်းချန်က အရှင်သခင် အမူအရာဖြင့် တည်ငြိမ်စွာ အမိန့်ပေးသည်။

“နင် နောက်နေတာလား”

မီယာကို အံ့ဩသွားပြီးမှ ရဲ့လင်းချန်ကို အေးစက်စက် စိုက်ကြည့်သည်.

“နင်ကများ … ငါ ဒီလို အရှက်ခွဲခံမယ့်အစား သေလိုက်မယ်”

“ဟဲဟဲ မင်း မနက်ကလည်း အဲ့လို ပြောခဲ့တာပဲ”

ရဲ့လင်းချန်က လက်ကိုမြှောက်၍ မီယာကိုအား ရွှတ်နောက်နောက်ဖြင့် ကြည့်လိုက်သဖြင့် သူမမျက်နှာ၌ သွေးရောင် မရှိသလို ဖြစ်သွားလေသည်။

“နင် …”

မီယာကို ဒေါသကြောင့် တုန်ယင်လာပြီး ဒေါသစိတ်နှင့် ကြောက်စိတ်ကို ပြိုင်တူ ခံစားမိနေသည်။

လက်ရှိတွင် သူမသည် အချိန်ကို နောက်ပြန်ဆုတ်ချင်စိတ် ပေါက်နေ၏။ သူမ၌ အခွင့်အရေးသာ ရှိခဲ့လျင် ရဲ့လင်းချန်နှင့် လောင်းကစားလုပ်ရန် လုံးဝ သဘောတူမိမည် မဟုတ်ပါ။

“စိတ်အေးအေးထားပါ”

ရဲ့လင်းချန်က အပြုံးနှင့် တည်ငြိမ်စွာ ပြောလေသည်။

“မင်းရဲ့ စွမ်းဆောင်ရည်က တိုးတက်လာရင် ငါ မင်းအဆင့်အတန်းကို ဖြည်းဖြည်းချင်း တိုးပေးဖို့ စဉ်းစားထားတယ်၊ ဘယ်သူ သိမှာလဲ၊ ငါ မင်းကို လွှတ်ပေးရင်လည်း လွှတ်ပေးလာမှာပေါ့”

“နင် တကယ် ပြောတာလား”

မီယာကို၏ လှပသော မျက်ဝန်းများက ရဲ့လင်းချန်ကို စူးစိုက်ကြည့်လာသည်။

“ဒါပေါ့”

ရဲ့လင်းချန်က အေးအေးလူလူ ခေါင်းညိတ်ပြသည်။

“ကောင်းပြီလေ”

မီယာကိုက အသက်ပြင်းပြင်း ရှူလိုက်ပြီးမှ ထပ်ပြောသည်။

“ငါ နေ့ဓဒူဝကိစ္စတွေမှာ နင် ကျေနပ်အောင် လုပ်ပေးနိုင်တယ်၊ ဒါပေမဲ့ နင် မကောင်းတဲ့ အတွေးတွေ မတွေးတာ ပိုကောင်းမယ်၊ ငါ အဲ့ဒါကို နာခံမယ့်အစား အသေခံလိုက်မှာ”

“ငါ့ဘက်ကလည်း အာမခံတယ်၊ မင်းရဲ့ ရုပ်ရည်က ငါ့ကို ဖြားယောင်နိုင်ဖို့ အရည်အချင်း မပြည့်မီဘူး”

ရဲ့လင်းချန်က ပြန်ပြောလိုက်သည်။

မီယာကိုက မကျေနပ်သံပြု၍ တူကို ကောက်ကိုင်၍ သူ့ဘေး၌ ရပ်ကာ ချိုချိုသာသာ မေးလိုက်သည်။

“နင် ဘာစားချင်လိုက်”

“အရင်ဆုံး ငါ့ကို ထမင်းတစ်ပန်းကန်ပေး”

ရဲ့လင်းချန် ပြောလိုက်သည်။ မီယာကို၏ အပြုအမူက လိုအပ်နေသေးသော်လည်း အလျင်လို၍ မဖြစ်ပေ။ တဖြည်းဖြည်းချင်း လေ့ကျင့်ပေးမှ ဖြစ်ပေမည်။

မီယာကိုက ခံစားချက် ကင်းမဲ့နေသော မျက်နှာထားဖြင့် ရဲ့လင်းချန်ကို ထမင်းပန်းကန် ချပေးလေသည်။

ရဲ့လင်းချန်က ကျေနပ်သလို ခေါင်းညိတ်လိုက်ပြီးမှ ထပ်ပြောသည်။

“သိပ်တော်တယ်၊ အခု ငါ့ကို ဟင်းရည်တစ်ပန်းကန် ထည့်ပေး”

…

All Chapters