အစာလုကြသူ သုံးဦး
Vol. 15 Ch. 227
ရွှီချင်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
သူတို့သည် အလွန် သတ်ရခက်သည်။
သူတို့က တောင့်တင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြပြီး အလွန် အသက်ပြင်းသည်။ ယခင်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်ကို တိုက်ခိုက်သောအခါတွင် ၎င်း၏ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကို ပိုင်းဖြတ်ခြင်းဖြင့်သာ သူ သတ်နိုင်ခဲ့သည်။
အခြေတည်အဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များကို သူ တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ သို့ဖြစ်ပေရာ ယခုတွင် သူ အလွန် သတိထားနေသည်။ အရာအားလုံး သူ ပြင်ဆင်ထားသည့်တိုင်အောင် အနီးသို့ မကပ်သေးပေ။
သူ၏အကြည့်အောက်တွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အလင်းတန်းများ ဝင်းလက်လာပြီး အထဲမှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ အလျင်အမြန် သိသာထင်ရှားလာသည်။
ထိုလူသည် လူသားအလောင်းမှ ပြောင်းလဲသွားခဲ့ခြင်း မဟုတ်ဘဲ ယခင်က ရွှီချင်း တစ်ခါမှ မမြင်ခဲ့ဖူးသည့် လူသားမဟုတ်သောမျိုးနွယ်မှ အသွင်ပြောင်းသွားခြင်း ဖြစ်သည်။ သူ့ကျောတွင် လင်းနို့ပုံစံအတောင်ပံများ ရှိပါသော်လည်း ထိုအတောင်ပံများက စုတ်ပြဲနေသည်။ သို့သော်လည်း သူ့ထံမှ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါ သိသိသာသာ ပေါ်ထွက်နေသည်။
တခဏလေးအတွင်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က အလင်းတန်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကျင့်ကြံသူ ကြည်လင်ပြတ်သားသွားသည်။ တည်နေရာရွှေ့ပြောင်းခြင်း ပြီးမြောက်သွားသည်နှင့်တစ်ပြိုင်နက် သူ နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သူ အလွန် သတိထားနေသည်မှာ သိသာသည်။
သို့သော်လည်း ထောင်ချောက်များက သူ့အား စောင့်ကြိုနေလိမ့်မည်ဟု သူ တစ်ခါမှ တွေးထားမိမည် မဟုတ်ပေ။
သူ နောက်ဆုတ်လိုက်သည့်အခိုက် ဘေးပတ်လည်မှ ပင်လယ်ရေများ ချက်ချင်း တပွက်ပွက်ထလာပြီး ထူထပ်သိပ်သည်းသော ပင်လယ်နံရံများအဖြစ်ပြောင်းလဲကာ သူ့ကို ပိတ်ဆို့တားဆီးလိုက်သည်။
သူ၏ရှေ့၊နောက်၊ ဘယ်၊ ညာနှင့် အထက်တွင်လည်း အလားတူ ဖြစ်ပျက်သွားသည်။
ယင်းကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ နောက်ဆုတ်လိုက်သောအခါတွင် ပင်လယ်ရေနံရံနှင့် ဝုန်းခနဲ တိုက်မိသွားသည်။ သူ၏ အခြေတည်အဆင့် ကြောက်ခမန်းလိလိစွမ်းအားများက ပင်လယ်ရေနံရံကို ချက်ချင်း ပြိုကွဲသွားစေပါသော်လည်း ဒုတိယမြောက်၊ တတိယမြောက်နှင့် စတုတ္ထမြောက်နံရံများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ ဓမ္မစွမ်းအားများက အဆင့်တူများထက် အဆပေါင်းများစွာ သာလွန်နေသည်။ ထိုစဉ် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်ကာ အဝေးသို့ ညွှန်လိုက်သည်။ ရုတ်တရက် ပင်လယ်ရေများ မြင့်တက်လာပြီး ရေနံရံများအဖြစ် စုစည်းကာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ထံ အရပ်မျက်နှာအနှံ့မှ တိုးဝင်သွားသည်။
“ မင်းတစ်ယောက်တည်းလား ”
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူ့ပတ်ဝန်းကျင်ကို သူ ရှင်းလင်းစွာ မြင်လိုက်ရပြီး အနီးအနားတွင် ရွှီချင်းတစ်ယောက်တည်းသာ ရှိနေသည်ကို အာရုံခံမိလိုက်သည်။
ဘေးပတ်လည်မှ အဆိပ်များကို သူ မမှုပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်ဖြစ်နေ၍ သူ့တစ်ကိုယ်လုံး အလောင်းအဆိပ်များဖြင့် ပြည့်နေသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်၏ စရိုက်လက္ခဏာကြောင့် အဆိပ်ကို သူ မကြောက်ပေ။
သူက အဆိပ်မြူများကို လျစ်လျူရှု၍ လက်ကွက်များ ဖော်လိုက်သည်။ ဘေးပတ်လည်သို့ မန္တန် ထုတ်လွှတ်တော့မည့်အချိန်တွင် သူ ကွက်ခနဲ မျက်နှာပျက်သွားသည်။ အဆိပ်မြူများနှင့် ထိတွေ့မိလိုက်သော သူ့အတောင်ပံများမှာ တိုက်စားခံနေရသည့် လက္ခဏာများ ပြသလာသည်ကို သူ အာရုံခံမိလိုက်ပြီး စိတ်ထဲ တုန်ရီသွားသည်။
“ ဒါ ဘာအဆိပ်တုံး ”
ဘေးပတ်လည်တွင် ပိတ်ဆို့ထားသော ပင်လယ်ရေနံ့ရံများကြောင့် အဆိပ်အမျိုးပေါင်းတစ်ရာကျော်မှာ တစ်နေရာတည်း စုသွားပြီး ရောနှောသွားကာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကျင့်ကြံသူ၏ ခန္ဓာကိုယ်တွင် တိုက်စားခံရသည့်လက္ခဏာများ ပြသလာရပေသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ တုန်ရီနေလျက် လက်ကွက်များ အလျင်အမြန် ဖော်ကာ ခန္ဓာကိုယ်မှ သိပ်သည်းထူထပ်သော အလောင်းအဆိပ်များ ထုတ်လွှတ်လိုက်သည်။ သူက ကျောမှအတောင်ပံများကိုလည်း တဖျပ်ဖျပ်ခတ်လိုက်ပြီး ကြောက်မက်ဖွယ်စွမ်းအင်များ ထုတ်လွှတ်လိုက်သည်။ ယင်းကြောင့် ဘေးပတ်လည်မှ ပင်လယ်ရေများက နံရံများနှင့် တဝုန်းဝုန်း ရိုက်ခတ်သွားသည်။
တခဏလေးအတွင်း နံရံတစ်ခုပြီးတစ်ခု ပြိုလဲသွားသည်။ သို့သော် နံရံများ ပြိုလဲသွားတိုင်း နောက်ထပ်နံရံသုံးခု ပေါ်လာတတ်သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ဝန်းရံထားသည့် နံရံများမှာ ယုတ်လျော့သွားခြင်းမရှိဘဲ တိုး၍သာလာသည်။
အဆိပ်မြူများသည်လည်း ပို၍သာ ပြင်းထန်လာရာ အထဲတွင် ပိတ်မိနေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ မျက်နှာပျက်သွားရပြန်သည်။ တောင့်တင်းသောခန္ဓာကိုယ်နှင့် ပြန်လည်ကုစားနိုင်စွမ်း ရှိသည့်တိုင်အောင် သူ့ခန္ဓာကိုယ်မှာ လျင်မြန်စွာ တိုက်စားခံနေရသည်ဟု သူ ခံစားနေရသည်။
ထိုသို့သာ ဆက်ဖြစ်နေပါက ဆယ့်ငါးမိနစ်အတွင်း သူ အရှင်လတ်လတ် အရည်ပျော်သွားမည်ဟု သူ ပြင်းပြင်းထန်ထန် အာရုံရနေ၏။
သူ အနက်ရောင်သားရဲအရိုးတစ်ချောင်းကို ထုတ်လိုက်သည်။ သူက လူသတ်ငွေ့များ ဆူဝေနေသော အကြည့်ဖြင့် ထိုအရိုးပေါ်သို့ အပြာရောင်သွေးများ အန်ထုတ်လိုက်သည်။
ရုတ်တရက် သားရဲအရိုးမှာ တုန်ခါသွားပြီး ၎င်းအပေါ်မှ ဓာတ်နှောများ ပေါက်ကွဲထွက်လာကာ အရိပ်နက်တစ်ရိပ် ဖြစ်လာသည်။ အရိပ်သည် အသိဉာဏ်ရှိဟန်တူပြီး နှလုံးကွဲသွားစေနိုင်လောက်အောင် တဟားဟား ရယ်မောလိုက်ရာ အရပ်မျက်နှာအနှံ့သို့ ပြင်းထန်သော အရှိန်အဝါတစ်ခု လွင့်ပျံသွားသည်။
ထိုအရှိန်အဝါနှင့် ထိတွေ့မိသည့် ပင်လယ်ရေနံရံများအားလုံး ချက်ချင်း ပြိုကွဲသွားသည်။
ထိုအရိုးက ဓမ္မအသုံးအဆောင်တစ်မျိုးဖြစ်မှန်း သိသာသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ကျင့်ကြံသူသည် ရွှီချင်း ရှိနိုင်သည့်ဘက်သို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ ပင်လယ်ရေနံရံများ တစ်ခုပြီးတစ်ခု ပြိုလဲသွားပြီး အဆိပ်မြူများထဲမှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဝုန်းခနဲ ထွက်လာသည်။ သူ၏မျက်လုံးများက အေးစက်တင်းမာကာ လူသတ်ငွေ့များဖြင့် ဆူဝေနေသည်။
ရွှီချင်းသည် တည်ငြိမ်နေပြီး နောက်ဆုံး၌ စိတ်အေးလက်အေး ဖြစ်သွားသည်။
“ ခန့်မှန်းထားသလို သူက ရွှမ်ယောက်အသွင်သဏ္ဍာန်နဲ့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးပဲ ”
ရွှမ်ယောက်အသွင်သဏ္ဍာန်ကိုသာ ထုတ်ဖော်နိုင်ပါက ပင်လယ်ရေနံရံများကို ဖြိုခွင်းရန် ထိုမျှ ဒုက္ခရောက်နေမည် မဟုတ်ပေ။ ထိုကျင့်ကြံသူက သူ့ထံသို့ ရောက်ရန် ရှိသမျှ စွမ်းအင်အားလုံး သုံးစွဲခဲ့ရပေမည်။ သို့ဖြစ်ပေရာ ထိုကျင့်ကြံသူ၏ အစွမ်းက မြင့်မားနိုင်မည် မဟုတ်ပေ။ သူက ရန်သူ့နယ်မြေထဲသို့ ရောက်နေသည်ဖြစ်ရာ ရွှီချင်းကို တတ်နိုင်သမျှ မြန်မြန်သတ်ဖြတ်နိုင်ရန် လုပ်ဆောင်မည် မဟုတ်ပါလား။
ရွှီချင်း၏မျက်လုံးများထဲ လူသတ်ငွေ့များ ဝုန်းခနဲ ထလာသည်။ နောက်ဆုံး၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဓမ္မအသုံးအဆောင်က နောက်ဆုံးရေနံရံကို ထိုးခွင်းသွားသည်။ အရိပ်နက် ပျောက်ကွယ်သွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်က ရွှီချင်းထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
သို့သော်လည်း ရွှီချင်းက သူ့ထက်ပင် ပိုမြန်နေပြီး မျက်တောင်တစ်ချက်ခတ်အတွင်း သူနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သွေးများ အန်ကာ နောက်ဆုတ်သွားသည်။ ထို့နောက် ရွှီချင်းက သူ့ထံ ဆက်လက်ပြေးဝင်လာသည်ကို သူ မြင်လိုက်ရပြီး အထိတ်တလန့် ဖြစ်သွားသည်။
ရွှီချင်း၏ ညာလက်ထဲမှ ဓားမြှောင်က မိစ္ဆာမီးတောက်နက်များ ထုတ်လွှတ်နေသည်။ ပင်လယ်ထဲမှာပင် ထိုမိးတောက်သည် တဟုန်းဟုန်း တောက်လောင်နေ၏။ အနားသို့ ရွှီချင်း ကပ်သွားသည်နှင့် သူတို့နှစ်ယောက် ထပ်မံ တိုက်ခိုက်လိုက်ကြသည်။
တဝုန်းဝုန်းမြည်ဟည်းသံ လွင့်ပျံသွားသည်။ အကြိမ်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်ပြီးနောက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အံ့သြတုန်လှုပ်သွားသည်။ ယခင်က ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကျင့်ကြံသူ တွေးသကဲ့သို့ သူ၏ဓာတ်နှောများက ရွှီချင်းအပေါ်တွင် သက်ရောက်မှုမရှိသလို သူ့အလောင်းအဆိပ်က ရွှီချင်း၏ အဆိပ်အောက်နိမ့်ကျကာ သူ့ပြန်လည်ကုစားနိုင်စွမ်းသည်လည်း ရွှီချင်း၏ ပြန်လည်ကုစားနိုင်စွမ်းလောက် ကောင်းမွန်ခြင်း မရှိသည်ကို ခံစားလိုက်ရသည်။
ရွှီချင်းက ဓားမြှောင်ကို ဝှေ့ယမ်းလိုက်စဉ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်က ညာလက်ကို မြှောက်လိုက်သည်။ ရုတ်တရက် သားရဲအရိုးပေါ်မှ အရိပ်နက်က သွေးအေးစွာ ရယ်သွမ်းသွေးလိုက်ပြီး ရွှီချင်းကို ခုန်အုပ်လိုက်သည်။
ထိုအရိပ်နက်၏ နီမြန်းနေသော မျက်လုံးများက လောဘရောင်များဖြင့် လက်နေသည်။ ၎င်းက အနီးရောက်တော့မည့်အခိုက်တွင် မျက်လုံးများ ချက်ချင်း ပြူးကျယ်လာပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။
သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။
ဘေးပတ်လည်တွင် ဝပ်နေသော အရိပ်က ဆတ်ခနဲ ခုန်ထလာသည်။ ထိုအရိပ်နက်ကို ၎င်း စောင့်ကြည့်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ ယခုအခါတွင် ၎င်း၏ ခံစားချက်များသည် ဆာလောင်မှုများအသွင် ပြောင်းလဲသွားပြီဖြစ်ကာ အရိပ်နက်ကို ခုန်အုပ်လိုက်သည်။
အရိပ်နက်မှာ သဘာဝရန်သူတော်ကြီးနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အလားပင်။ ၎င်း၏ခန္ဓာကိုယ် တုန်ရီသွားကာ ၎င်း၏အရှိန်သည်လည်း နှေးကွေးသွားသည်။ ၎င်းမှာ ကြောက်လန့်တုန်ရီလွန်း၍ ထွက်မပြေးဝံ့ဘဲ ငြိမ်ကုန်သွားသည့်အလားပင်။
ထိုအချိန်တွင် ရွှီချင်း၏အရိပ်က ပါးစပ်ကြီးဟ၍ အရိပ်နက်ကို ဝါးမျိုလိုက်သည်။
အရိပ်နက်မှာ အရှင်လတ်လတ်ဝါးမျိုခြင်း ခံလိုက်ရသည်။
ဂေ့ခနဲ လေချဉ်တက်လိုက်ရင်း အရိပ်သည် သိသိသာမျက်နှာပျက်သွားသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို ကြည့်လိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ ထိတ်လန့်တုန်လှုပ်ကာ အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သို့သော်လည်း သူ နောက်ဆုတ်လိုက်သည့်အခိုက် ခေါင်းလောင်းသံတဒေါင်ဒေါင် မြည်ဟည်းလာသည်။ ထိုအသံက နူးညံ့သိမ်မွေ့စွာဖြင့် ခန္ဓာကိုယ်ကို ဖောက်ထွင်း၍ ဝိညာဉ်သို့တိုင်အောင် ရောက်သွားသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ သူ့နားထဲ ထိုအသံတိုးဝင်လာသည်နှင့် တစ်ကိုယ်လုံး အလိုလို ရပ်သွားသည်။ သူ အလျင်အမြန် ပြန်လည်လှုပ်ရှားလာနိုင်ပါသော်လည်း ခေါင်းလောင်းက အနီးသို့ ရောက်နေပြီဖြစ်သည်။
အနက်ရောင်ဝင်းလက်သွားပြီး သံတုတ်နက်လေးက ခေါင်းလောင်းကို အောက်သို့ လွှတ်ချကာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ မျက်ခုံးမွေးနှစ်ခုကြားသို့ ထိုးဖောက်လိုက်သည်။ သံတုတ်လေးက ပျံဝဲနေပြီးနောက် ထိုမျိုးနွယ်ဝင်၏ လည်ပင်းကို ထိုးဖောက်ကာ အောက်သို့ ကျနေသော ခေါင်းလောင်းလေးကို ပြန်ကောက်ယူလိုက်သည်။
တချိန်တည်းမှာပင် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာမီးတောက်နက်များ တဟုန်းဟုန်း တောက်လောင်လာပြီး သူ့တစ်ကိုယ်လုံး မီးလောင်ကျွမ်းနေသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။ သူက သူ့ခန္ဓာကိုယ်ပေါ်မှ ငှက်မွေးဓမ္မအသုံးအဆောင်ကိုလည်း အသက်သွင်းလိုက်သည်။
ငှက်မွေးအသုံးအဆောင်ကြောင့် ရွှီချင်းသည် ကြောက်ခမန်းလိလိ မြန်ဆန်သွားပြီး ခြေလှမ်းအနည်းငယ်အတွင်း ဒဏ်ရာအပြင်းအထန် ရနေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ရှေ့တွင် ပေါ်လာသည်။
သူက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ လည်ပင်းကို ဓားမြှောင်ဖြင့် ချက်ချင်း ထိုးလိုက်သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ထံမှ စူးစူးဝါးဝါးအော်ဟစ်သံ ထွက်ပေါ်လာသည်နှင့် ဓားမြှောင်က မီးတောက်နက်များအသွင် ပြောင်းလဲကာ ဒဏ်ရာထဲသို့ တိုးဝင်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ တဟုန်းဟုန်း တောက်လောင်လေသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်က ရုန်းကန်ရန်ပြင်လိုက်စဉ် ရွှီချင်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဗိုက်ကို ဒူးဖြင့် အညှာအတာကင်းမဲ့စွာ တိုက်လိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်မှာ ပျက်စီးလုနီးပါးဖြစ်နေပြီး သူ့ဝိညာဉ်ကို မီးတောက်နက်များ တဟုန်းဟုန်းတောက်လောင်နေသည့်အတွက်ကြောင့်လည်း သူ့ထံမှ ပြတ်တောင်းပြတ်တောင်းဖြင့် အော်ဟစ်မြည်တမ်းသံ ထွက်လာသည်။
အရိပ်သည်လည်း အနားကပ်သွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခြေထောက်တလျှောက် ဆန့်ကားသွားသည်။ အရိပ်ဖြတ်သွားသည့်နေရာတိုင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ တုန်ရီကာ စူးစူးဝါးဝါး အော်ဟစ်လေသည်။
အရိပ်ဖုံးလွှမ်းထားသည့်နေရာများတွင် အလျင်အမြန် တိုက်စားခံနေရပြီး အရိပ်က အဏ္ဏဝါရုပ်အလောင်းကို အစစ်အမှန် အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲနေသည့်အလားပင်။
ယင်းသို့ တိုက်စားခံနေရသည်မှာ အရိပ်က ၎င်း၏ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောများကို အရူးအမူး ဝါးမျိုနေသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ထို့ပြင် ဓာတ်နှောများကို ဝါးမျိုနေ၍ အရိပ်၏ခန္ဓာကိုယ်မှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အငွေ့အသက်များ ထွက်လာသည်။
သံတုတ်လေးသည်လည်း ငြိမ်သက်မနေပေ။ ၎င်းက အရိုးဓမ္မအသုံးအဆောင်ထံ တန်းတန်းမတ်မတ်သွားလိုက်ပြီး အဆောင်ကို ထိုးဖောက်လိုက်သည်။ ထို့နောက် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပေါ်လာပြီး ကြမ်းတမ်းစွာ စုပ်ယူလိုက်သည်။ အရိုးဓမ္မအဆောင်မှာ ချက်ချင်း တုန်ခါလာပြီး အထဲရှိ စွမ်းအင်များက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံ အလျင်အမြန် ဝင်ရောက်သွားသည်။
ယင်းဖြစ်စဉ်သည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ ကြာသွားသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ရုန်းကန်ခြင်းမှာ အားပျော့သည်ထက် အားပျော့လာသည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်မှ ဓာတ်နှောများအားလုံး ကုန်ခမ်းသွားပြီး ပြာများအဖြစ် ပြောင်းလဲကာ ပင်လယ်ရေထဲသို့ စိမ့်ဝင်သွားသည်။
အရိုးဓမ္မအဆောင်မှာလည်း ထိုနည်းတူပင်၊ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။
ရွှီချင်း၏မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက်နေသည်။ ထိုအချိန်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲ တဟုန်းဟုန်း တောက်လောင်နေပြီး နှစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါးဆီသို့ အလျင်အမြန် ပြေးဝင်သွားသည်။
ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီနေပြီး မျက်လုံးများ တဖိတ်ဖိတ်လက်နေသည်။ သူ၏ နှစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါး ပွင့်သွားလေပြီ။
ဝိညာဉ်စွမ်းအားများ အထဲသို့ ဝင်ရောက်သွားပြီး ဓမ္မစွမ်းအားများဖြင့် ပြည့်နှက်လာသောအခါတွင် ရွှီချင်းသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို လှည့်ကြည့်ကာ မျက်လုံးများ မှေးသွားသည်။
သူက ၎င်းကို မဖျက်ဆီးသေးဘဲ ထောင်ချောက်များ ပို၍ တပ်ဆင်လိုက်ပြီး တိတ်ဆိတ်စွာ စောင့်နေသည်။ တချိန်တည်းမှာပင် အရိပ်ကို သူ ကြည့်လိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို အရိပ် ဝါးမျိုခဲ့စဉ်အခါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ အရှိန်အဝါမျိုး ထုတ်လွှတ်လာသည်ကိုလည်း သူ အာရုံခံမိခဲ့သည်။
အချိန်များ ကုန်လွန်သွားပြီး ဒုတိယမြောက်မျိုးနွယ်ဝင် မပေါ်လာသည့်အတွက် ရွှီချင်း အနည်းငယ် နောင်တရသွားသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က မတုံးအပေ။ တစ်ယောက် တည်နေရာရွှေ့ပြောင်းသွားပြီးနောက် တစ်ခုခုကို သူတို့ အာရုံခံမိခဲ့ပြီး ဖြစ်ပေမည်။ ထို့ကြောင့်သာ နောက်တစ်ယောက် မပေါ်လာခြင်း ဖြစ်သည်။ ရွှီချင်းက ၎င်းကို ဖျက်ဆီးလိုက်ပြီး နောက်ထပ်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ရှာလိုက်သည်။
အရိပ်၏ ဓာတ်နှောများမှာ ပို၍ သိပ်သည်းလာပြီဖြစ်သည်။ ယင်းက ချိုမြိန်သောအစားအစာကို စားသုံးခဲ့ရသည့်အလား ရွှီချင်းထက်ပင် ပို၍ စိတ်အားထက်သန်စွာ ရှာဖွေလေသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အစွမ်းသည်လည်း ပို၍ တိုးတက်လာ၏။ ထိုမျိုးနွယ်ဝင်၏ ဓမ္မအသုံးအဆောင်ကို ဝါးမျိုပြီးနောက် သူ များစွာ အကျိုးရှိသွားသည်မှာ သေချာသည်။
ယင်းကြောင့် ရွှီချင်း အနည်းငယ် ချီတုံချတုံဖြစ်သွားရသည်။ ဓမ္မလက်နက်များကို ဝိညာဉ်ကျောက်တုံးများဖြင့် ရောင်းချနိုင်သည် မဟုတ်ပါလား။
“ သခင်လေး၊ ကျွန်တော်မျိုး ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူး ဖြစ်သွားတယ်။ နောက်တစ်ခါကျရင် ခုနစ်ဆယ်ရာခိုင်နှုန်းစုပ်ယူပြီး သုံးဆယ်ရာခိုင်နှုန်း ချန်ထားလိုက်မယ်။ ဒါဆို အဲဒီဓမ္မအသုံးအဆောင်ကို ကျွန်တော်မျိုးတို့ ရောင်းလို့ရမှာပါ။ ကျွန်တော်မျိုးက လက်နက်စောင့်ဝိညာဉ်ဖြစ်လို့ ကောင်းကောင်းထိန်းချုပ်နိုင်မယ်လို့ ယုံတယ်။ ဝယ်တဲ့သူ သတိမထားမိစေရပါဘူး ”
“ ဒါပေမဲ့ အဲဒါကို ဂိုဏ်းထဲမှာ မရောင်းတာအကောင်းဆုံးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ မှောင်ခိုဈေးတွေအများကြီးကို ကျွန်တော်မျိုး သိထားတယ်။ အဲဒီဈေးတွေမှာ ကျွန်တော်မျိုးတို့ ရောင်းလို့ရတယ် ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် လူကဲခတ်တော်သူတစ်ဦးဖြစ်သည်။ ရွှီချင်း၏မျက်နှာအမူအရာ တစ်မျိုးဖြစ်သွားသည်နှင့် အကြောင်းအရင်းကို ခန့်မှန်းမိလိုက်ပြီး ဂရုတစိုက်ဖြင့် ပြောလိုက်လေသည်။
ရွှီချင်းသည် သံတုတ်နက်ကို ကြည့်လိုက်ပြီး စကားမဆိုလိုက်ပေ။
ထိုသို့ဖြင့် တစ်ရက်ကြာပြီးနောက် အရိပ်၏ ကြိုးစားအားထုတ်မှုနှင့်အတူ ရေအောက်လောကထဲရှိ မြေသားအက်ကြောင်းထဲတွင် ဖုံးကွယ်နေသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နောက်တစ်ခုကို သူ တွေ့လိုက်ရသည်။ သူက ထောင်ချောက်များ တပ်ဆင်လိုက်ပြီး ထိုင်ချကာ စောင့်နေလိုက်သည်။
မျက်တောင်တစ်ချက်ခတ်အတွင်း ခုနစ်ရက်တာ ကုန်လွန်သွားသည်။ ရွှီချင်းက ထိုအစီအရင်ကို ဖျက်ဆီးကာ နောက်ထပ်အစီအရင်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်နှင့် ထိုအစီအရင်ထံမှ ရုတ်တရက် အငွေ့အသက်များ ထွက်ပေါ်လာသည်။