← Chapters

အစောင့်အရှောက်ကြီးကို စိတ်ဆိုးအောင်လုပ်ခြင်း

Vol. 5 Ch. 425

အစောင့်အရှောက်ကြီးကို စိတ်ဆိုးအောင်လုပ်ခြင်း

Vol. 5 Ch. 425

ဖက်တီးကျန်းကြီးက ဖြစ်ပျက်နေသည်များကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် စိုးရိမ်သွားပြီး ထအော်လိုက်တော့သည်။

“ ရှောင်ချန်း။ "

ချင်းမေ့ယွမ်သည်လည်း အံအားသင့်သွားရသည်။ နတ်ဆရာကမူ တွေဝေမနေပဲ မန္တန်လက်ကွက်တစ်ခုဖော်ကာ ပိုင်ရှောင်ချန်း၏ အသက်အန္တရာယ် စိုးရိမ်မှုရှိ၊မရှိ သိရရန်အတွက် ဂမ္ဘီရအတတ်များကို သုံးလိုက်သည်။

စုန့်ချွဲပင်လျှင် အလွန်အမင်း တုန်လှုပ်နေရသည်။

အခြားလူများအားလုံးမှာလည်း အံ့အားသင့်နေကြပြီး တချိန်ထဲမှာပင် ပျော်ရွှင်သလိုလို ခံစားနေကြတော့သည်။ သို့သော်လည်း သူတို့၏ အမူအရာများက ပြောင်းလဲသွားပြန်သည်။

" ဘာ....ဘာလို့ သူ အပြင်မထွက်လာသေးတာလဲ။ "

" မဟုတ်မှလွဲရော အချိန်များ မလောက်လိုက်တာလား.... "

" တည်နေရာရွှေ့ပြောင်းခြင်း လည်ဆွဲကို သူ မယူသွားမိတာ များလား။ "

" မဖြစ်နိုင်တာ။ သူအဲ့လိုကြီး သေသွားတော့မှာလား။ " ထိုသို့ရုတ်ချည်းပြောင်းလဲမှုများကြောင့် လူတိုင်းမှာ ကြက်သေသေနေကြပြီး မည်သို့မည်ဖုံ ပြုမူရမည်မှန်းမသိလောက်အောင် ဖြစ်သွားရတော့သည်။ သူတို့၏ အတွေ့အကြုံများအရဆိုလျှင် ပိုင်ရှောင်ချန်းသည် သူ၏အသက် အန္တရာယ်ရှိကြောင်း သိသည်နှင့် အပြင်ဘက်သို့ ပြန်ထွက်လာရမည်ဖြစ်သည်။

သို့သော်လည်း အပြင်သို့ မည်သူမှ ပြန်ထွက်မလာသည့်အခါ သူတို့သည် ပိုင်ရှောင်ချန်းက တည်နေရာရွှေ့ပြောင်းခြင်းလည်ဆွဲတစ်ခုကိုပင် မထုတ်လိုက်သည်ကို ပြန်သတိထားမိသွားကြသဖြင့် အမူအရာမျိုးစုံ ထွက်ပေါ်လာကြတော့သည်။

" သူ... သူတကယ်သေသွားတာ မဟုတ်လောက်ပါဘူး.... "

" အေးကွ။ အဲ့ရေက အမြဲတမ်းအေးစိမ့်နေတဲ့ ရေကြီး။ ငါမြင်ဖူးသမျှ အဲ့ထဲကို အရင်ကပြုတ်ကျဖူးတဲ့လူတွေအကုန်လုံး ချက်ချင်း သေသွားရတာချည်းပဲ.... "

" ဒါ.... "

မည်သူကမျှ မည်သို့သော စကားအား ဆိုရမည်ကို မသိနိုင်ကြတော့ပေ။ ဤအခြေအနေကြီးသည် အလွန်ထူးဆန်းနေပြီဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင် လူအုပ်ထဲမှ ကျင့်ကြံသူတစ်ယောက်၏ မျက်ဝန်းများမှာ ဦးခေါင်းခွံထဲမှ ပြုတ်ထွက်တော့မည့်အလား ရုတ်တရက် ပြူးကျယ်သွားတော့သည်။ သူက ကြယ်ပွင့်များကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်တော့သည်။

" ရေ....ရေကူးနေတာ။ သူက ထပ်ပြီး ရေကူးနေတာဟေ့။ "

လူတိုင်းမှာ သိမ့်သိမ့်တုန်သွားကြပြီး အဆင့်များတက်နေသည့် ကြယ်ကိုကြည့်လိုက်ကြသောအခါ ပင့်သက်ရှိုက်သံများ ပေါ်ထွက်လာကြတော့သည်။

အနည်းငယ်အကြာက အဝါရောင် နတ်မီးလျှံစမ်းသပ်ပွဲထဲရှိ အနက်ရောင်ပင်လယ်ကြီးနှင့်တူသော ရေလက်ကြားထဲတွင် ပိုင်ရှောင်ချန်း၏ ဦးခေါင်းက ရေပေါ်သို့ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ သူက တုန်တုန်ရီရီဖြင့် အသက်ပြင်းပြင်းရှူကာ အနည်းငယ် ပြာနှမ်းနေသည့် မျက်နှာဖြင့် ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်လေသည်။

" ငါ ဘယ်နေရာကို ရောက်နေတာတုံးဟ။ "

သူက ငိုတော့မည့်အလား တစ်ကိုယ်လုံး တုန်ရီနေတော့သည်။

" ငါအေးခဲပြီး သေတော့မဲ့အတိုင်းပဲ။ " ယခုတွင်မူ ဤ နတ်မီးလျှံစမ်းသပ်ပွဲများမှာ ပျော်စရာမကောင်းကြောင်းကို သူက သိနားလည်သွားပြီဖြစ်သည်။ စမ်းသပ်မှုတိုင်းတွင် တဟုန်းဟုန်းတောက်လောင်နေသည့် မီးကဲ့သို့ ပူလောင်နေမှု သို့မဟုတ် ရေခဲတမျှ အေးစက်မှုများက နှိပ်စက်မှုတစ်မျိုးကဲ့သို့ ပါဝင်နေသည်။

" အဲ့ဆေးပင်ကြောင့်သာမဟုတ်ရင် ငါဒီကို သေချာပေါက် လာနေမှာမဟုတ်ဘူး။ ဘယ်လို ကြောင်တောင်တောင်နိုင်ရတဲ့ နတ်မီးလျှံစမ်းသပ်ပွဲလဲကွာ။ " ဤအချိန်တွင် သူသည် အကြံကုန်နေပြီဖြစ်သည်။ ပျံသန်းခြင်းကိုလည်း တားမြစ်ထားပြီး ဓားကိုလည်း မည်သည့်နေရာတွင်မှ ရှာ၍မတွေ့ပေ။ ထို့ကြောင့် သူက ရေခဲတမျှအေးစိမ့်နေသည့် ရေကိုဖြတ်၍ ကူးခတ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

" မဟုတ်မှလွဲရော ဒီနတ်မီးလျှံစမ်းသပ်ပွဲက ရေကူးကျွမ်းကျင်မှုကို စစ်ဆေးတာများ ဖြစ်နေမလား။ "

သူက သက်ပြင်းချကာ တုန်တုန်ရီရီနှင့် ရှေ့သို့ ဆက်ကူးနေတော့သည်။ သူထိုသို့ကူးနေသည်ကိုကြည့်ကာ အပြင်ဘက်က ကြည့်နေသူများမှာ အုပ်အော်သောင်းနင်း ဖြစ်နေကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်းကမူ ထိုအချက်ကိုမသိပေ။ သူရေကူးနေစဥ်အတွင်း အေးစိမ့်မှုကြီးကြောင့် သူ၏မျက်နှာမှာ ပြာသထက် ပြာလာတော့သည်။ သူ၏ အရိုးအဆစ်များပင်လျှင် တောင့်တင်းလာပြီဖြစ်သည်။ ထိုအချိန်တွင် ထိုနေရာတစ်ဝိုက်ရှိ အေးစိမ့်ချီများသည် သူ၏ချွေးပေါက်များထဲသို့စိမ့်ဝင်ကာ ကောင်းကင်တာအိုရွှေအမြုတေထဲသို့ စီးဝင်နေသည်ကို သူက သတိထားမိလိုက်တော့သည်။

" အီး.... မဟုတ်မှလွဲရော။ ဒီနေရာက အေးစိမ့်ချီတွေက ငါ့ရဲ့ကျင့်ကြံမှုကို အထောက်အပံ့ပေးနေတာလားဟ။ " သူက တွေဝေမနေတော့ပဲ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒ မန္တန်တော်ကို ထုတ်သုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ အေးစိမ့်ချီများကို ထုတ်လွှတ်လိုက်တော့သည်။

ထို့ကြောင့် သူ၏ဘေးပတ်လည်ရှိ ရေများထဲမှ အေးစိမ့်ချီများသည် သူ့ဆီသို့ စုစည်းလာကြတော့သည်။ ချီများက ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားသဖြင့် ပင်လယ်ကြီးက အေးခဲလာအခါ အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။

သူ၏ ကောင်းကင်တာအို ရွှေအမြုတေမှာ ကြောက်မက်ဖွယ်အမြန်နှုန်းကြီးဖြင့် လည်ပတ်ကာ အေးစိမ့်ချီများကို စုပ်ယူကာ စွမ်းအင်များကို စုစည်းနေသဖြင့် ပိုင်ရှောင်ချန်းမှာ ဂယောက်ခြောက်ခြားပင်ဖြစ်နေတော့သည်။

ကျေနပ်အားရနေသည့် ပိုင်ရှောင်ချန်းတစ်ယောက် ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်တော်ကို ပို၍အသုံးပြုကာ အေးစိမ့်ချီများကို ဆက်တိုက်စုပ်ယူနေပြီး တဖြည်းဖြည်း အရွယ်အစားကြီးလာနေသည့် သူ၏ ကောင်းကင်တာအို ရွှေအမြုတေကို ကြည့်နေတော့သည်။ တချိန်ထဲမှာပင် သူ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း အဆင့်တက်စပြုလာတော့သည်။

ယခင်က သူသည် အလယ်ပိုင်း ရွှေအမြုတေအဆင့်တွင် ရှိနေသည်ဖြစ်သော်လည်း ယခုတွင်မူ လျင်မြန်စွာဖြင့် နှောင်းပိုင်း ရွှေအမြုတေအဆင့်ဆီသို့ ချဥ်းကပ်နေပြီဖြစ်သည်။ ထို့အပြင် သူသည် အေးစိမ့်ပညာရှင် အဆင့်မှ အေးစိမ့်သခင် အဆင့်အနီးသို့ ရောက်ရှိနေပြီဖြစ်သည်။

ဤကဲ့သို့ ရုတ်တရတ် ကံကောင်းမှုကြီးကြောင့် ပိုင်ရှောင်ချန်းမှာ ဝမ်းသာအားရလွန်းသဖြင့် အသံကုန် အော်ဟစ်နေတော့သည်။

" ပွတာပဲဟေ့။ ဝိုးဟိုး။ ဒီ နတ်မီးလျှံစမ်းသပ်ပွဲက တော်တော်ကို ကောင်းတာပဲဟ။ ဒီမှာ ကံတွေအများကြီးကောင်းနေတာ ငါ့ဖြင့် မယုံနိုင်ဘူး။ ဟားဟားဟား။ "

သူက အလွန်အမင်းစိတ်လှုပ်ရှားနေသဖြင့် အေးစိမ့်ချီများကို ပို၍လျင်မြန်သည့် အမြန်နှုန်းဖြင့် စုပ်ယူနေတော့သည်။ ပင်လယ်ထဲရှိ အေးစိမ့်ချီအားလုံးက သူ့ဆီသို့ အရူးအမူးပြေးလာနေကြသောအခါ ရေဝဲတစ်ခုပင် တဖြည်းဖြည်း ဖြစ်ပေါ်လာတော့သည်။ အဆုံးတွင် ရေထုထည်ကြီးသည် မဲနက်မနေတော့ပဲ အလင်းရောင်ပင် ထိုးဖောက်နိုင်သည်အထိ ကြည်လင်လာတော့သည်။

ပင်လယ်ထဲရှိ ရေအားလုံးသာ ထိုသို့ကြည်လင်သွားပါက ထိုရေပြင်ကြီးသည် အေးစိမ့်နေသော ရေလက်ကြားကြီးတစ်ခု မဟုတ်တော့မည်ကို စိတ်ကူးကြည့်ရုံနှင့်ပင် သိနိုင်သည်။

အပြင်ဘက်ရှိ လူအားလုံးမှာ ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြပြီး ပိုင်ရှောင်ချန်း၏ နတ်ဘုရားတစ်ပါးကဲ့သို့သော အပြုအမူများကြောင့် သူတို့မှာ ဆွံ့အနေကြရတော့သည်။

" ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ စမ်းသပ်ပွဲတွေက ဒီကောင့်အတွက် အထူးပြုလုပ်ပေးထားတာ များလားဟ။ "

" အနီရောင် နတ်မီးလျှံစမ်းသပ်ပွဲကိုလည်း သူက ရေကူးပြီး အောင်မြင်ခဲ့တာ။ လိမ္မော်ရောင် စမ်းသပ်ပွဲတုံးကလည်း သူက ဥာဏ်အလင်းတွေ ရလိုက်သေးတယ်။ အခု အဝါရောင်စမ်းသပ်ပွဲရောက်တော့လည်း သူက ကျင့်ကြံနေတာတဲ့လား။ "

" ဘာတွေများ ဖြစ်ပျက်ကုန်ကြတာတုံးဟ။ "

စကားသံများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး အများစုမှာ မနာလိုစိတ်များဖြင့် ပြည့်နှက်ကြသည်။ ဖက်တီးကျန်းကြီးနှင့် အခြားတာအိုကျင့်ကြံသူများမှာ စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး စုန့်ချွဲကမူ လက်သီးများဆုပ်ရင်း မြေခဓားကမ္ဘာထဲက ဖြစ်ရပ်များကို ပြန်တွေးနေမိတော့သည်။

" ပိုင်ရှောင်ချန်းက ဘယ်နေရောက်ရောက် တစ်နေရာလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်ကို လုပ်နေတော့တာပါလား။ "

သူက အံကြိတ်ကာ ကြိမ်းဝါးနေတော့သည်။

ယခုတွင် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ သက်တံ့ဒေသများရှိ လူအများစုမှာ ပိုင်ရှောင်ချန်းကို စောင့်ကြည့်နေကြပြီဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံတိုးတက်လာသဖြင့် သူ့ပါးစပ်ထံမှထွက်ပေါ်လာသော အာမေဋိတ်သံများကိုပါ ကြားနေရသည်။ ဤအချိန်တွင် သူသည် ထွက်ပေါက်မှ မီတာသုံးထောင်အကွာအထိ ရောက်နေပြီဖြစ်သော်လည်း ရေဆက်မကူးတော့ပဲ ထိုနေရာတွင် ပေါလောပေါ်ကာ စွမ်းအားကြီးမားလာသည့် ခံစားချက်ကြီးတွင် ပျော်မွေ့နေသည်။

" ဟားဟားဟား။ ဒီနေရာက ငါ့အတွက်တော့ သုခ နယ်မြေကြီးတစ်ခုလိုပါလား။ " ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားစွာဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံ တိုးတက်နေသည်ကိုကြည့်နေတော့သည်။ ဤနေရာတွင် နှောင်းပိုင်း ရွှေအမြုတေအဆင့်အထိ တက်လှမ်းနိုင်ရန်မှာ စိတ်ကူးယဥ်အိပ်မက်တစ်ခုသာ မဟုတ်ကြောင်း သူကတွေးတောလိုက်စဥ်မှာပင် တစ်စုံတစ်ယောက်က သူ့အား စိုက်ကြည့်နေသည်ဆိုသည့် ခံစားချက်ကြီးကို ရလိုက်သည်။

ထိတ်ထိတ်ပျာပျာဖြင့် မော့ကြည့်လိုက်သော အခါတွင်မူ ဧရာမ ပန်းပဲသမားကြီးက သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်တစ်လျှောက် အသက်အန္တရာယ်ရှိလောက်အောင် ပြင်းထန်သည့် ခံစားချက်ကြီးတစ်ခု စီးဝင်လာသဖြင့် ပိုင်ရှောင်ချန်းမှာ တုန်ရီသွားရတော့သည်။ သူသည် လျင်မြန်စွာဖြင့် အေးစိမ့်ချီများ စုပ်ယူခြင်းကို ရပ်တန့်လိုက်တော့သည်။

" ကောင်းပြီ။ ဒီလောက်ဆို ရပြီ သွားတော့မယ်နော်။ ကျေးဇူး..... "

သူက ရှင်းပြချိန်ပင်မရလိုက်ပေ။ ပန်းပဲသမားကြီးက သူ၏ ဧရာမ တူကြီးကို ပိုင်ရှောင်ချန်းထံသို့ ရိုက်ချလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ သနားစဖွယ်အော်ဟစ်ကာ အရူးတစ်ယောက်ကဲ့သို့ လက်ပစ်ကူးနေရတော့သည်။ တူကြီး ကျဆင်းလာသောအခါ ရေလက်ကြားထဲရှိ အနက်ရောင်အရည်များမှာ ရိုက်နှက်မှုဒဏ်ကြောင့် လှိုင်းလုံးများအသွင်း ပြောင်းလဲသွားသည်။

လှိုင်းလုံးများက သူ့ကိုရိုက်ခတ်သွားသဖြင့် ပိုင်ရှောင်ချန်း၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။ ထို့နောက် သူက ခန္ဓာကိုယ်အတွင်းမှ အေးစိမ့်ချီများကို မီတာသုံးထောင်အထိမဟုတ်ပဲ မီတာကိုးထောင်အထိ ထုတ်လိုက်သဖြင့် အရာအားလုံးမှာ ရေခဲအသွင်ပြောင်းလဲသွားတော့သည်။ ပျံသန်းခြင်းကို တားမြစ်ထားသည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းသည် သူ၏ အေးစိမ့်ချီ ကိုယ်ပွားများကို အသုံးချကာ တည်နေရာရွှေ့ပြောင်းခြင်းနှင့်ဆင်တူသည့် နေရာချင်းလဲလှယ်ခြင်းကို ပြုလုပ်နိုင်ဆဲဖြစ်သည်။ ထိုနည်းကိုသုံးကာ သူက ထွက်ပေါက်သို့သွားရန် ပြင်လိုက်တော့သည်။

သူပျောက်ကွယ်သွားသည်နှင့် တပြိုက်နက် ဧရာမတူကြီးသည် သူစောစောက ရှိခဲ့သည့် နေရာကြီးအပေါ်သို့ ကျဆင်းသွားသဖြင့် တုန်ခါမှုလှိုင်းများ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားသည်။ ပိုင်ရှောင်ချန်း၏ပါးစပ်မှ သွေးများပန်းထွက်လာပါသော်လည်း သူက အရှိန်တင်နိုင်လိုက်သည်။

ယခုတွင် သူသည် ထွက်ပေါက်နှင့် အလွန်နီးကပ်နေပြီ ဖြစ်ပါသော်လည်း မျက်စိတစ်မှိတ်အတွင်း ပန်းပဲသမားကြီးက တူကြီးကို နောက်တစ်ခေါက်ထပ်မြှောက်ကာ ရိုက်ချလိုက်ပြန်သည်။ ပိုင်ရှောင်ချန်းမှာ သနားစဖွယ်အော်ဟစ်ကာ အဝါရောက် စမ်းသပ်ပွဲ၏ ထွက်ပေါက်ဆီသို့ ကမူးရှူးထိုးပြေးသွားကာ နောက်တစ်ဆင့်သို့ ရောက်ရှိသွားတော့သည်။

ပိုင်ရှောင်ချန်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်သောအခါ ပန်းပဲသမားကြီးက အေးစက်စက်နှုာမှုတ်လိုက်ပြီး အနက်ရောင် ရေများကိုငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တော့သည်။ စောစောက တူကိုလွှဲရာတွင် သူက အားအကုန်သုံးခဲ့ခြင်း မဟုတ်ပေ။ အကယ်၍ သူသာ အားအကုန်သုံးခဲ့ပါက ပိုင်ရှောင်ချန်းမှာ လွတ်မြောက်နိုင်မည်မဟုတ်ချေ။ ပန်းပဲသမားကြီးသည် ကျောက်ဘီလူးကြီးများနှင့် မတူပဲ ရှင်းကုံကျစ်တာအိုဂိုဏ်းနှင့် ခင်မင်သည့် အနေအထားတွင် ရှိသည်။ ထို့ကြောင့် ဤအင်းဆက်ကဲ့သို့ အကောင်လေးက သူ၏ အေးစိမ့်နေသောအရည်များကို ခိုးယူသောအခါ သူ့အနေဖြင့် မောင်းထုတ်ရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ချေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းမှာ မှင်တက်ရင်း ကျန်ခဲ့ရတော့သည်။ ထိုဂိုဏ်းသားများထံမှ တစ်နှစ်အတွင်း ပုံမှန်ကြားနေကြ ပင့်သက်ရှိုက်သံများထက်ပင် ယခုတစ်ရက်အတွင်း ထွက်လာသည့်အသံများ ပိုများနေပြီဖြစ်သည်။

" အစောင့်အရှောက်ကြီးကိုတောင် စိတ်ဆိုးအောင် သူလုပ်နိုင်လိုက်တာပဲဟ။ "

" သူက နတ်မီးလျှံစမ်းသပ်ပွဲတွေကို စိန်ခေါ်နေတာမှ မဟုတ်ပဲ။ ပစ္စည်းခိုးဖို့ သက်သက် သွားတာပဲ ။ "

ဒေါသတကြီး အော်ဟစ်သံများနှင့် မယုံကြည်နိုင်သော အမူအရာများမှာ နေရာတိုင်းတွင် ကြားနေ၊ မြင်နေရတော့သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်း နတ်မီးလျှံစမ်းသပ်ပွဲများ၏ အပြင်ရှိလူအားလုံးနီးပါးမှာ ငိုရမလို ရယ်ရမလို ဖြစ်နေကြတော့သည်။

" ဘယ်လိုပဲ ဖြစ်ဖြစ်။ ဒီပိုင်ရှောင်ချန်းဆိုတဲ့ ကောင်က သေချာပေါက် ထိပ်တန်းလက်ရွေးစင် တစ်ယောက်ပဲ။ သူ့ဟာသူ ဘယ်လိုနည်းသုံးသုံး ဒီစမ်းသပ်ပွဲသုံးခုကို အောင်မြင်သွားပြီဆိုတော့ ထိပ်ဆုံးအယောက် တစ်ထောင်အဆင့်ထဲ ဝင်သွားပြီပဲ။ "

" အေး နောက်စိန်ခေါ်မှုကို သူဘယ်လို လုပ်မလဲ ကြည့်ကြတာပေါ့။ အဲ့တာက အသေခက်တာတဲ့။ သူ အဲ့အဆင့်ကိုပါ အောင်မြင်ရင် ထိပ်ဆုံး အယောက်ငါးရာထဲ ဝင်သွားတော့မှာ။ "

ကျောက်ရိသုန်သည် စတုတ္ထမြောက် စိန်ခေါ်မှုထဲတွင် ရောက်ရှိနေပြီဖြစ်ပါသော်လည်း မည်သူကမှ သူ့ကို အာရုံစိုက်မနေကြတော့ပေ။ လူတိုင်းမှာ ပိုင်ရှောင်ချန်း၏ ကြယ်ကလေးကိုသာ သေချာ အနီးကပ်ကြည့်ရှုနေကြပြီး အစိမ်းရောင် နတ်မီးလျှံစမ်းသပ်ပွဲဖြစ်သော စတုတ္ထအဆင့်တွင် သူမည်ကဲ့သို့ လုပ်ပြမည်ကို သိချင်နေကြတော့သည်။

All Chapters