← Chapters

လျူကလန်ကို သတ်ခြင်း

Vol. 2 Ch. 30

လျူကလန်ကို သတ်ခြင်း

Vol. 2 Ch. 30

အခန်း (၃၀) လျူကလန်ကို သတ်ခြင်း

လျူကလန်သည် ချင်နင်းမြို့၌ ကြီးမားသော မျိုးနွယ်စုတခုဖြစ်ရန် ထိုက်တန်ပါ သည်။ စံအိမ်၏ရှေ့ဘက်ခြမ်းက သပ်ရပ်လွန်းပါသည်။ ဗာမီလီယမ်အနီရောင် ဂိတ်တံခါးသည် ဆယ်မီတာကျယ်ပြီး အမြင့် ၃ မီတာရှိ၏။ တံခါးနှစ်ဘက်တွင် ကျောက်ခြင်္သေ့ကြီး နှစ်ကောင်ရှိသည်။ ၎င်းတို့သည် တမူထူးခြားစွာ ခမ်းနားထည်ဝါနေ သည်။

အစောင့်လေးယောက်သည် တံခါးနှစ်ဘက်စလုံးမှာ ရပ်ပြီး ဆေဘာတစ်လက်စီကို ကိုင်ထားကြသည်။ သူတို့၏ စူးရှသော အကြည့်များသည် ဖြတ်သွား ဖြတ်လာ လူအုပ်ကြားကို လွှမ်းခြုံသွားကာကြောက်ရွံ့ ထိတ်လန့်မူကို ခံစားရစေသည်။ ဖြတ်သွား ဖြတ်လာများသည် သူတို့ရှေ့က ဖြတ်သွားသည့်အခါအတိုင်း အရှိန်လျော့ချခြင်းမရှိ အရှိန်မြှင့်လိုက်ကြသည်။

လူငယ်တစ်ယောက်သည် တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူသည် အပေါ်မှာ ချိတ်ဆွဲထားသည့် 'လျူစံအိမ်' ဆိုသည့် စကားလုံးနှစ်လုံးပါ ကမ္ဗည်းပြားကြီးကို ကြည့်လိုက်မိသည်။ အေးစက်သော အပြုံးတစ်ခု သူ၏ ပါးစပ်ထောင့်တွင် ပေါ်လာသည်။ ထို့နောက် လျူစံအိမ်တံခါးဆီသို့ ပတ်ဝန်းကျင်မှ လူအများ၏ အံ့အားသင့်သော အကြည့်များအောက်တွင် လျှောက်သွားသည်။

"ကောင်စုတ်လေး ၊ မင်းဘာလာလုပ်တာလဲ။" အစောင့်ခေါင်ဆောင်းက ချင်ယွင်ကို ချက်ချင်း သတိပြုမိပြီး သူ့ကို တားဖို့ ချက်ခြင်း ရှေ့ကို တိုးလာလိုက်သည်။

"ငါ လျူထန်းရှင်ကို လာရှာနေတာ" ချင်ယွင်က အေးစက်စွာ ပြန်ဖြေသည်။

"လျူထန်းရှင်လား ? ဒီမှာ လျူထန်းရှင်လို့ခေါ်တဲ့လူ ဘယ်သူမှ မရှိဘူး။ လစ်လိုက်‌တော့ ။ ဒီနေရာက မင်းလာရမယ့်နေရာ မဟုတ်ဘူး" အစောင့်က ချက်ချင်းအော်လိုက်သည်။

ချင်ယွင်က ညင်သာစွာပြုံးပြီး ဖြည်းဖြည်းချင်း လှည့်ထွက်သွားသည်။

အစောင့်၏ မျက်နှာသည် ချက်ချင်းပင် လှောင်ပြောင်မှုဖြင့် ပြည့်နှက်သွား သည်။ နူးညံ့သိမ်မွေ့သော ကောင်လေး တစ်ယောက်ဖြစ်သောကြောင့် တစ်ချက်အော်‌ ငေါက်ရုံနှင့် ကြောက်လန့်သွားခဲ့သည်။

သို့သော် ထိုအချိန်တွင် သူတို့၏မျက်လုံးထဲတွင် သိမ်မွေ့သော ထိုကောင်လေးသည် ရုတ်တရက် ပြန်လှည့်ကြည့်ကာ လက်ဖဝါးကို ဓားအသွင်ဖြင့် ခုတ်လိုက် သည်။ စိမ်းပြာရောင် ဓားသွားအလင်းရောင်သည် ချက်ခြင်းဖြတ်သွားကာ တံခါးအပေါ် ရှိ ကမ္ပည်းပြားကြီးသည် နှစ်ပိုင်းကွဲကာ ပြုတ်ကျသွားသည်။

"ကောင်စုတ်လေး၊ မင်းသေချင်နေတာလား!" အစောင့်၏ မျက်နှာသည် ချက်ချင်းပင် ပြာဝေသွားသည်။တံခါးရှိကမ္ပည်းပြားသည် စံအိမ်ကြီး၏ ရှေ့မျက်နှာစာဖြစ်သည်။ ယခု သူတို့ရှေ့မှာရှိသည့် ဤကောင်‌လေးသည် တံခါးကမ္ဗည်းပြားကို ခုတ်ထစ်လိုက် သည်။ ဒါက ဗလိုင်းသက်သက် ရန်စခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက် သည် အစောင့်အကြပ်လုပ်နေစဉ် တံခါးကမ္ပည်းပြားကို ရိုက်ချိုးခံရကြောင်း မျိုးနွယ်စုသခင် သိခဲ့ပါက သူတို့သည် မသေခင်ပင် အပိုင်းပိုင်းဖြတ်တောက်ခံရမည် ဖြစ်သည်။

"ငါအထဲဝင်ချင်တယ်၊ မင်းတို့ ငါ့ကိုမတားရင် ပိုကောင်းမယ်။" ချင်ယွင်က သူ၏နောက်ကျောမှာ လက်နှစ်ဖက်ယှက်ကာရပ်ပြီး အေးစက်သည့်အမူအရာဖြင့် ပြောလိုက်သည်။

"မင်းအသက်​ရှင်​ရတာ ပင်​ပန်း​နေနေပြီထင်ရင် ဆက်လုပ်လေ!" အစောင့်တပ်သားက ချက်ချင်း ဒေါသတကြီး အော်လိုက်သည်။

ယခုလို မာနကြီးသည့်လူကို သူတို့ တစ်ခါမှ မတွေ့ဖူးဘူး။ ဤသည်မှာ ချင်းယွမ်မြို့၏ ကြီးကျယ်ခမ်းနားသော မျိုးနွယ်စုကြီး သုံးခုထဲမှ တစ်ခုဖြစ်သော လျူကလန် ဖြစ်သည်။ ဤကောင်လေးသည် ကမ္ပည်းပြားကို ဖြိုဖျက်ရုံတင်မကဘဲ အထဲ၀င်ဖို့ တောင် တွန်းအား ပေးနေခဲ့သည်။ ယင်းက သေခြင်းတရားကို တောင်းခံ နေတာမဟုတ် လျင် မည်သည့်အရာ ဖြစ်တော့မည်နည်း။

ဘေးပတ်ပတ်လည်တွင် ကြည့်ရှုသူများ ပိုများလာကာ အားလုံးက ချင်ယွင်ကို ညွှန်ပြပြီး အချင်းချင်း တီးတိုးပြောကြသည်။

"ဒီကောင်လေးက ဘယ်သူလဲ။ လျူစံအိမ်ရဲ့ တံခါးက ကမ္ဗည်းပြားကို ရိုက်ချိုးဖို့တောင် သတ္တိရှိတာလား။ သူက တမူထူးခြားတဲ့ နောက်ခံအရင်းမြစ်နဲ့အတူ သာမန် လူတစ်ယောက်လို့တော့ ငါ မထင်ဘူး!"

"မှန်တယ်။ ဒါက လျူစံအိမ်ရဲ့ တံခါးကမ္ဗည်းပြားကို ရိုက်ချိုးလိုက်တာ မဟုတ်ဘူး၊ ဒါက လျူစံအိမ်ရဲ့ မျက်နှာကို ရိုက်လိုက်တာ မဟုတ်ဘူးလား။ လျူစံအိမ်ရဲ့ အိမ်တော်သခင်က သူ့ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။"

"သူ ဘယ်သူလဲဆိုတာ ငါသိတယ်။ သူက မြူခိုးတိမ်တိုက် စားသောက်ဆိုင်က လူအလေး မဟုတ်ဘူးလား။ သူဘာလို့ ဒီကိုရောက်နေတာလဲ။"

"ဒါဆို သူက လူအတစ်ယောက်ပေါ့။ သူက လျူကလန်ကို ရန်စရဲတာ အံ့သြစရာတော့ မဟုတ်ဘူး။ ဒီအရူး‌ကောင်လေး သုံးစားမရဖြစ်သွားမလား ဒါမှမဟုတ် သေသွားမလား ဆိုတာ ငါ စောင့်ကြည့်ဦးမယ်။"

"အယ် ၊ မြူခိုးတိမ်တိုက်စားသောက်ဆိုင်က လူအလေးဟာ ရုတ်တရက် တုံးအတာရပ် သွားပြီး လျူကလန်ရဲ့ ဒုတိယသခင်‌လေးနဲ့ တတိယအကြီးကဲကိုတောင် သတ်ပစ်လိုက် တယ်လို့ ဘာကြောင့် ငါ ကြားဖူးပါလိမ့်။"

"လျူကလန်က သူ့ကိုသတ်ဖို့ အမိန့်ထုတ်ထားတယ်လို့လည်း ငါကြားဖူးတယ်။ ယုတ္တိကျကျအရပြောရရင် သူက သူ့အသက်အတွက် ထွက်ပြေးသင့်တယ်။ ဘာလို့ သူ့ကိုယ်သူ ထွက်လာတာလဲ"

"သူက လူအလို့ ငါ ထင်တယ်၊ မဟုတ်ရင် သူဘာလို့ ဒီကိုလာပြီး အသေခံမှာလဲ"

လူတိုင်း စကားစမြည်ပြောနေကြစဉ် ခေါင်းခေါင်းဆောင်အစောင့်က အမိန့်ပေးလိုက်ပြီး သူ၏ နောက်မှ အစောင့်များသည် ၎င်းတို့၏ဓားရှည်များကို ဆွဲထုတ်ကာ ချင်ယွင်ဆီကို ခုတ်ပိုင်းကြသည်။

"ကြည့်စမ်း၊ တိုက်ပွဲဖြစ်နေပြီဟ!" တစ်စုံတစ်ယောက်က နှိုးဆော်သံဖြင့် အော်ဟစ်လိုက်သည်။ အားလုံးက ချင်ယွင်ဆီကို လှမ်းကြည့်ကြသည်။

လျူစံအိမ်မှ အစောင့်များသည် ချင်ယွင်ကို ဓားများဖြင့် ခုတ်နေသည်ကို တွေ့လိုက်သောအခါသူတို့အားလုံး သည်းမခံနိုင်သော အမူအရာများ ပေါ်လာကြသည်။

သူတို့၏အမြင်တွင်၊ လျူစံအိမ်၏ အစောင့်များအားလုံးသည် အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်သည်။ အခြားသူများ သူတို့ကို ရန်စရင် ထိုသူများ သေဆုံးရလိမ့်မည်။

ယခု ချင်ယွင်က သူတို့ကို ရန်စလိုက်သဖြင့် သူတို့၏ အရိုက်အနှက်ခံရမှာ သေချာသည်။ အမျိုးသမီးများသည် သွေးစွန်းနေသော မြင်ကွင်းကို မမြင်ရအောင် သူတို့အနားရှိ ကလေးများ၏ မျက်လုံးများကိုပင် ဖုံးအုပ်ထားကြသည်။

"ကောင်လေး၊ သွား​သေ​လိုက်တော့!" ချင်ယွင် ၏ ခေါင်းကို ခုတ်ဖြတ်ရင်း အစောင့်တစ်ဦး၏ အမူအရာမှာ ခက်ထန်နေသည်။

ချင်ယွင်သည် အစမှအဆုံး ဘာမှမထူးခြားသောအမူအရာကို ထိန်းထားသည်။ အစောင့်များ သူ၏အနားကိုရောက်လာသည့်အခိုက် သူကကြည့်လိုက်ပြီး သူသည် လျှပ်စီး လက်သလိုအရှိန်ဟုန်ဖြင့် သူ့ ပြိုင်ဘက်၏ ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချလိုက်သည်။

"ဘန်း !"

အစောင့်၏ ခန္ဓာကိုယ်သည် ချက်ခြင်း နောက်ပြန် လွင့်သွားပြီး အနီရောင်တံခါးတိုင်ကို ဝင်တိုက်ကာ အသားအပိုင်းစအဖြစ်သို့ ပြောင်းလဲသွားပြီး အခင်းဖြစ်ရာနေရာတွင် သွေးများ စီးကျလာသည်။

"ဒါ…"

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ အံ့အားသင့်သွားကြသည်။

အခြားအစောင့်သုံးဦး အထူးသဖြင့်‌ ခေါင်းဆောင်အစောင့်သည် လုံးဝ အံ့အားသင့်သွား ခဲ့သည်။ သူ၏ လက်ထဲကဓားကို လေထဲမှာ မြှောက်ထားပေမယ့် အောက်ကိုပိုင်းချဖို့ ခွန်အားမရှိတော့ပါဘူး။

မျက်လုံးများ နီရဲနေပြီး လူသတ်မှုအော်ရာများ သူ၏ခန္ဓာကိုယ်မှ တဖြည်းဖြည်း မြင့်တက်လာသော ချင်ယွင်ကို တွေ့လိုက်ရသောအခါ အစောင့်သုံးယောက်၏ မျက်နှာများသည် ထိတ်လန့်ခြောက်ခြားသွားပြီး သူတို့၏ နှလုံးသားထဲတွင် ထိတ်လန့်မှု များနှင့် ပြည့်နှက်နေသည်။

ဤသူသည် ငရဲမှ ထွက်လာသော သတ်ဖြတ်ခြင်း နတ်ဘုရားတပါး ဖြစ်သလော။ အဘယ်ကြောင့် ဤမျှ ကြောက်စရာကောင်းရသနည်း။

ချင်ယွင်သည် ရယ်မောလိုက်ပြီး ရှေ့ကို ဖြည်းဖြည်းချင်း ခြေတစ်လှမ်းချင်း တိုးလိုက်သည်။ အစောင့်သုံးယောက်သည် နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်သွားသည်။

"မြန်မြန် မျိုးနွယ်စုသခင်ကို သတင်းပို့လိုက်။ ငါတို့ကို သတ်ဖို့ တစ်ယောက်ယောက် လာနေပြီလို့ !" အစောင့်တပ်သားသည် ချက်ချင်းဆိုသလို အသိဝင်လာပြီး သူ၏ဘေးနားက အစောင့်ကို ညွှန်ကြားလိုက်သည်။

အစောင့်က ချက်ချင်း ခေါင်းညိတ်ပြပြီး တံခါးဆီ ပြေးသွားသည်။

သို့သော် ခြေလှမ်းအနည်းငယ်မလှမ်းမီတွင် လူတစ်ဦးသည် သူ၏ရှေ့တွင် ပေါ်လာပြီး ရင်ဘတ်ကို ကန်ထုတ်ကာ လွင့်ထွက်သွားခဲ့သည်။

လမ်းမပေါ်သို့ လဲကျကာ သွေးများ ထွက်လာသည်။

"မင်း…"

အစောင့်တပ်သားသည် အလွန်တုန်လှုပ်သွားပြီး စကားမပြောနိုင်ပေ။

"ကူညီကြပါ …"

အခြားအစောင့်သည် သူ၏လက်ထဲမှ ဓားကို လျှို့ဝှက်စွာ ပစ်ချလိုက်ပြီး လျူမျိုးနွယ်၏အိမ်ထဲသို့ ပြေးသွားသည်။

ချင်ယွင်၏မျက်လုံးများသည် ဓားများကဲ့သို့ စူးရှ၏ ၊။ သူသည် ထိုသူကို မည်ကဲ့သို့ ထွက်‌ပြေးခွင့် ပြုမည်နည်း။ သူသည် လွှတ်ချသွားသောဓားကို ကန်ထုတ်လိုက်သည်။

ဓားအလင်းသည် လေအလင်း လျှပ်စီးလက်သကဲ့သို့ ချက်ချင်းပင် လေထုထဲတွင် လင်းလက်သွားသည်။

သနားစရာကောင်းသည့် အော်ဟစ်သံနှင့်အတူ အစောင့်သည် တံခါးနှင့်ကပ်ရိုက်သလို စိုက်၀င်သွားခဲ့သည်။ ဓားသည် တုန်ခါပြီး အသံမြည်နေကာ လူတိုင်း၏နားထဲတွင် သေမင်းအသံကဲ့သို့ ပဲ့တင်ထပ်နေသည်။

ကြည့်ရှုသူများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ တစ်ချို့ဆို နေရာမှာပင် အော့အန်စပြုလာကာ သူတို့၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ကြောက်ရွံ့မှု တစ်ခုကို ခံစားလိုက်ရသည်။

မူလက ချင်ယွင်သည် ဤအစောင့်များလက်တွင် သနားစရာ ကောင်းလောက်အောင် သေဆုံးသွားမည်ဟု သူတို့ထင်ခဲ့ကြသော်လည်း ယခုတွင် ချင်ယွင်သည် ဤအစောင့်များကို ကြက်ငှက်များသတ်သကဲ့သို့ သတ်ဖြတ်နေသည်။

ယခုအချိန်တွင် ချင်ယွင်သည် သူတို့ကို သွေးဆာပြီး ရက်စက် ကြမ်းကြုတ်သည့် ခံစားချက်ကို ပေးစွမ်း‌နေခဲ့သည်။ ယခုလို သွေးထွက်သံယို မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဘေးနားမှလူများ၏ ကျောပြင်သည် အေးစက်သွားသည်။

"မလုပ်နဲ့...မသတ်ပါနဲ့..."

ခေါင်းဆောင်အစောင့်သည် အသိဉာဏ်ကင်းမဲ့သွားပြီး လုံးဝ ကြောက်လန့်သွားခဲ့ သည်။ သူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ချင်ယွင်၏ ပေါင်ကို ပွေ့ဖက်ပြီး သနားရန် တောင်းခံလိုက်သည်။

ချင်ယွင်၏ အမူအရာသည် အေးစက်သွားသည်။ ထိုအဖြစ်အပျက်ပြီးနောက် သူသည် အမှန်တရားတစ်ခုကို နားလည်လာသည်။ ရန်သူကို ရက်ရက်စက်စက် ဆက်ဆံရမည်။ ဤအစောင့်များ၏ လက်များသည် အပြစ်မဲ့ပြည်သူများ၏ သွေးများဖြင့် စွန်းထင်းနေခဲ့သည်။

ဤကမ္ဘာကြီးတွင် အားနည်းသူများအ‌ပေါ် တောတွင်းဥပဒေအတိုင်း ဖမ်းဆီသတ်ဖြတ် စားသောက်ကြသောကြောင့် သတ်ဖြတ်ခြင်းများကို ရပ်တန့်ရန်အတွက် ငါချင်ယွင်က သတ်ခြင်းကို ကျင့်သုံးမည်။ မကောင်းမှု ဟူသမျှသည် ငါတစ်ဦးတည်းမှာသာ ဖြစ်စေပြီး ဤကမ္ဘာကြီးအတွင်း ငြိမ်းချမ်းမှုရှိရမည်။ ဤသည်မှာ သူကျင့်ကြံနေခဲ့သော သူ၏တာအို နှလုံးသားဖြစ်သည်။

တာအိုနှလုံးသားသည် လူတစ်ဦး၏ဆန္ဒကို ကျင့်ကြံရန်ဖြစ်သည်။ အချို့က ငွေကြေးအတွက် ကျင့်ကြံကြပြီး အချို့က အာဏာအတွက် ကျင့်ကြံ ကြသည်။ ငွေ၏စွမ်းအား အာဏာ၏စွမ်းအားသည် သူတို့၏ တာအိုနှလုံးသား ဖြစ်သည်။

ချင်ယွင်၏ တာအိုနှလုံးသားသည် စစ်မှန်သောကြင်နာမှုဖြစ်သောကြောင့် သူသည် ကမ္ဘာပေါ်တွင် အရိုးရှင်းဆုံးနှင့် အဖိုးတန်ဆုံးအရာများကို ကာကွယ်ရန် သတ်ဖြတ်ခြင်းကို အသုံးပြုလိုစိတ်ရှိခဲ့သည်။

ရုတ်တရက်၊ ချင်ယွင်၏ ပါးစပ်ထောင့်က တွန့်ကွေးသွားပြီး ခေါင်းဆောင်အစောင့်၏ ဦးရေပြားသည် ထုံကျင်သွားသလိုခံစားလိုက်ရပြီး ဆိုးရွားသော ကြိုတင်သတိပေးချက် တစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။

“မင်း နတ်ဆိုး” ခေါင်းဆောင်အစောင့်သည် ချက်ချင်း အော်ဟစ်လိုက်သည်။

ချင်ယွင်သည် မထီမဲ့မြင် ပြုံးကာ ခေါင်းဆောင်အစောင့်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြတ်တောက်ရန် လက်ဝါးဓားကို တိုက်ရိုက် ရိုက်ထုတ်လိုက်သည်။

"သတ်ဖြတ်ခြင်းနတ်ဆိုးလား။ အဲဒီတော့ ငါ နတ်ဆိုးဖြစ်သွားရင်ရော ဘာဖြစ်လဲ။"

ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နောက်ပြန်မလှည့်ဘဲ လျူစံအိမ်တံခါးကို ဖြတ်ကျော်ကာ လျှောက်သွားလိုက်သည်။

ကြည့်ရှုသူများသည် ချင်ယွင်ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူတို့၏နှလုံးသားထဲ တွင် ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သူက တကယ် နတ်ဆိုးများလား?

စာစဉ်(၂)ပြီးပြီ

ဘာသာပြန်သူ နေဇင်

All Chapters