ရှောင်ဘိုင် ထွက်လာခြင်း
Vol. 3 Ch. 33
အခန်း (၃၃) ရှောင်ဘိုင် ထွက်လာခြင်း
"ဘုန်း!"
ချင်ယွင်၏ မာကြောသောလက်သီးသည် လျူထန်းရှင်၏ လက်သီးနှင့် ထိပ်တိုက် တွေ့ဆုံသွားပြီးကျယ်လောင်သော အသံထွက်လာသည်။ မခံမရပ်နိုင်သော ပြင်းထန်သည့် စွမ်းအားတစ်ခုက ချင်ယွင်၏ လက်မောင်းမှ တဆင့် ချက်ချင်း ပျံ့နှံ့သွားသည်။
ချင်ယွင်သည် မြေပြင်ပေါ်တွင် ရှည်လျားသော စွပ်ကြောင်းတခုကို ချန်ထားရစ်ခဲ့ပြီး နောက်ကို တိုက်ရိုက်ခွင့်ထွက်သွားခဲ့သည်။
"ရုပ်ခန္ဓာကြံ့ခိုင်မှုက မလုံလောက်သေးဘူး!"
ချင်ယွင်သည် မတ်တပ်ထရပ်ပြီး ထုံကျင်နေသော လက်များကို ခါယမ်းလိုက်သည်။
သူ၏ခန္ဓာကိုယ်ကို အစိမ်းရောင်ကြာပန်းအမှတ်သားက ပြုပြင်မွမ်းမံပေးခဲ့ပြီး 'ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်'၏ ဝိညာဉ်စွမ်းအင်ဖြင့် အဆက်မပြတ် သန့်စင်ပေးသဖြင့် သူ၏ခန္ဓာကိုယ်သည် ကြောက်စရာကောင်းသည့် အဆင့်ကို ရောက်ရှိနေပါပြီ။ သို့ရာတွင်၊ ၎င်းသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်ပါသေးသည်။ သူသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာရှိ လျူထန်းရှင်နှင့် မယှဉ်နိုင်သေးပေ။
'"မှန်တယ်၊ မင်းက ငါ့လက်သီးကို တကယ်ခံနိုင်ခဲ့တယ်။ ငါ့ခွန်အားရဲ့ သုံးဆယ် ရာခိုင်နှုန်းကိုသာ ငါအသုံးပြုခဲ့ပေမယ့် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင် တစ်ယောက်တောင် အဲဒါကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ငါခန့်မှန်းသာ မမှားရင် မင်းရဲ့ခန္ဓာကိုယ်ကလည်း စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းသခင် တစ်ယောက် ကို တိုက်ခိုက်ဖို့ ခွန်အားရှိပြီးသား ထင်တယ်။ အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ယောက်က ဒီလောက်ကြောက်စရာကောင်းတဲ့ ရုပ်ခန္ဓာခွန်အား အဆင့်သို့ ရောက်ရှိဖို့က တကယ်ကို စိတ်ကူးမယဉ်နိုင်တဲ့အရာဘဲ" လျူထန်းရှင်သည် သူ၏မျက်လုံး များတွင် လောဘမီးလျှံများ လောင်ကျွမ်းနေလေသည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် အဖိုးတန်ရတနာတစ်ခုကို ပိုင်ဆိုင်ထားသည် သို့မဟုတ် ဝိဉာဏ်ဆေးတစ်မျိုးမျိုးကို ဝါးမျိုထားသည်ဆိုတာကို သူ သေချာပေါက် သိသည်။ ထိုသို့မဟုတ်လျှင် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင် တစ်ယောက်သည် ယခုလို ကြောက်စရာကောင်းသည့်အဆင့်ကို မည်သို့ ရောက်ရှိနိုင်မည်နည်း။
ပတ်ဝန်းကျင်ရှိ လျူကလန်တပည့်များသည် ချင်ယွင်၏စကားကို ကြားသည့်အခါ သူတို့၏ နှလုံးသားများ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဤချင်ယွင်သည် ဤမျိုးနွယ်စုကြီးသုံးခု၏ တပည့်များကို သတ်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ သူ၏ခန္ဓာကိုယ်ကပင် အလွန်သန်မာနေပြီး သူသည် ကံကြမ္မာကောင်းတခုကို ကံကောင်းထောက်မစွာရင်ဆိုင်ကြုံတွေ့ခဲ့တာ ဖြစ်လိမ့်မည်။
လျူဗြောင်သည် ချင်ယွင်ကို ကြည့်ပြီး သူ၏မျက်လုံးများတွင် မနာလိုစိတ်များ ပြည့်နှက်နေသည်။ အကယ်၍ သူသည် ချင်ယွင်၏ ကံကြမ္မာမျိုးနှင့် ကြုံတွေ့မှု ရှိခဲ့ပါက၊ သူသည် သူ၏ ခွန်အားကို တိုးမြင့်နိုင်ပြီး လျူမုဟိုင်ကိုပင် နှိမ်နင်းနိုင်မည် မဟုတ်ပေလော။ ထိုအချိန်ရောက်လျှင် မည်သူကရော သူလျူဗြောင်ကို အထင်သေးရဲလိမ့်မည်နည်း။ လျူကလန်၏ မျိုးနွယ်စုသခင်ရာထူးအတွက် သူ တိုက်ပွဲဝင်ရန်ပင် ဖြစ်နိုင်သည်။
ထိုအကြောင်းတွေးရင်း လျူဗြောင်သည် ချင်ယွင်ကို ပိုလို့တောင် မနာလိုဖြစ်သွား သည်။ အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင် အမှိုက်တစ်စသည် ထိုသို့သော ကံကြမ္မာကောင်းနှင့် တွေ့ကြုံရခြင်း၏ အကြောင်းကို လျူဗြောင်တစ်ယောက် မခံစားနိုင် ဖြစ်နေသည်။
"မဟုတ်ဘူး၊ ငါ သူကြုံတွေ့ရတဲ့ကံကြမ္မာကောင်းကို အောင်မြင်စွာရယူနိုင်ဖို့ ကြိုးစားရ မယ် !" လျူဗြောင်သည် လူအုပ်ကြားတွင်ရပ်ကာ သူ၏စိတ်ထဲတွင် ကျိန်ဆိုရင်း လက်သီးများကို တင်းကြပ်စွာဆုပ်ထားသည်။
"မင်းရဲ့ ခန္ဓာကိုယ်ကို သန်မာစေမယ့်နည်းလမ်းကို လွှဲပေးရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ်!" လျူထန်းရှင်၏စိတ်နှလုံးသည် ပူလောင်သွားသည်။
ယခုအချိန်တွင် သူသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာမှာ ထစ်စို့မြုပ်နေခဲ့သည်။ သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးကွာသော်လည်း ဤနယ်ပယ်ကို ဖြတ်ကျော်ရန် သူ့အတွက် အလွန် ခက်ခဲလွန်းနေသည်။ အကယ်၍ သူသည် ချင်ယွင်၏ ခန္ဓာကိုယ်ကိုသန်မာစေသည့် နည်းလမ်းကို ရယူနိုင်ခဲ့ပါက၊ သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်ကို ဖြတ်ကျော်ရန် ကူညီပေးနိုင်မည့် အခွင့်အလမ်းကို ရှာဖွေနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင်၊ လျူကလန် သည် အခြားမျိုးနွယ်စုကြီးနှစ်ခုကို နှိမ်နင်းနိုင်မည်ဖြစ်သည်။
"ခန္ဓာကိုယ်ကို သန်မာစေမယ့် နည်းလမ်းတစ်ခုလား?"
ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ မူလအစမှာ လျှို့ဝှက်ဆန်းကြယ်လွန်း၏။ သူ၏ခမည်းတော် အင်မော်တယ်ဧကရာဇ် ချင်ဟန်သည် ရှေးဟောင်းခေတ် ဖရိုဖရဲနယ်မြေမှ မတော်တဆ ရရှိခဲ့သောအရာ ဖြစ်သည်။ ယခုတော့ သူ၏ခန္ဓာကိုယ်နှင့် ပေါင်စပ်သွားခဲ့ပြီ။ ၎င်းသည် အလွန် လျှို့ဝှက် ဆန်းကြယ်နေခဲ့သည်။
ချင်ယွင်သည် အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း၊ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ထုတ်လွှတ်ပြီး သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် အသွင်ပြောင်းပေးခဲ့သည်။ ထိုစွမ်းအားကို မည်သို့ထုတ်ပြီး မည်ကဲ့သို့အသုံးပြုရမလဲဆိုသည်ကို သူပင် မသိသေးပါဘူး။
ဒုတိယအနေဖြင့်၊ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်သည် အင်မော်တယ်ကမ္ဘာမှာပင် ထိပ်တန်းကျင့်ကြံခြင်းပညာရပ်တခု ဖြစ်သည်။ ၎င်း၏ ဇာစ်မြစ်သည်လည်း အလားတူ လျှို့ဝှက်ဆန်းကြယ်ခဲ့သည်။ ရှေးခေတ်က အထွတ်အထိပ် တည်ရှိသူတစ်ဦးက ဖန်တီးခဲ့သည်ဟု ဆိုကြပါသည်။ ထိုပုဂ္ဂိုလ်၏ နာမည်ကို မည်သူမှ မသိခဲ့သည်မှာပင် အချိန်အတော်ကြာခဲ့ပြီ။ ထိုပုဂ္ဂိုလ်မှာ မိုးပြာဧကရာဇ်ဆိုသည့် နာမည်ပြောင်ရှိသည်ဟုသာ သူတို့သိကြသည်။
ဤကဲ့သို့ ကျင့်ကြံခြင်းပညာရပ်များသည် ကျင့်ကြံမူအရင်းအမြစ်များ ရှားပါးသည့် သေမျိုးကမ္ဘာကိုအသာထား အင်မော်တယ်နယ်မြေလို ကမ္ဘာမျိုးမှာတောင် မရေတွက်နိုင်အောင် များပြားလှသော ဂိုဏ်းများ၏ လုယက်မူကြောင့် သွေးထွက်သံယို မုန်တိုင်းကြီးကို ဖြစ်ပေါ်စေလာနိုင်သည်။ အကယ်၍ သူသည် လျူကလန်ကို ပေးလိုက်မည်ဆိုလျှင်ပင် လျူကလန်ကရော ထိန်းသိမ်းထားနိုင်မှာလား။
"ခင်ဗျားရဲ့ခန္ဓာကိုယ်ကို သန်မာချင်တယ်ပေါ့ ။ ဒီအကြောင်းကို ခင်ဗျား အိပ်မက် မက်နေတယ်လို့ပဲ ပြောပါရစေ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။
လျူထန်းရှင်၏ မျက်နှာသည် ချက်ချင်းပင် ရေခဲကဲ့သို့ အုံ့မှိုင်းအေးစက်သွားပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် သတ်ဖြတ်လိုသည့်ဆန္ဒက အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာ သည်။
"ဒါဆိုလည်း သွားသေလိုက်ကွာ!" လျူထန်းရှင်က ဒေါသတကြီး ပြောလိုက်သည်။
သူစကားပြောပြီးသည်နှင့် သူ၏အငွေ့အသက်များ ချက်ချင်းပျံ့နှံ့လာပြီး သူ၏ပုံစံ သည် ချင်ယွင်ဆီသို့ တည့်မတ်စွာပစ်၀င်သွားသည့် ပုံရိပ်ယောင်တခု အဖြစ် ပြောင်းလဲ သွားခဲ့သည်။
ချင်ယွင်၏ မျက်ခုံးများက တည်ကြည်လေးနက်လာပြီး သူသည် သူ၏ခါးမှ ဓားပျော့ကို ချက်ချင်းဆွဲထုတ်ကာ မဆိုင်းမတွ ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းသည် အဆင့်ဆင့်ပျံ့နှံ့သွားပြီး ဓားချီသည် ဓားမှတဆင့် ချက်ချင်း ထိုးဖောက်ကာ ဆယ်ကျန်းရှည်သည့် မိုးပြာရောင်ချီဓားအဖြစ် တိုက်ရိုက်ဖွဲ့ စည်းသည်။
မိုးပြာရောင်ချီဓားသည် ပြင်းထန်သည့်ဖြတ်တောက်ခြင်းဆန္ဒကို ထုတ်လွှတ်သည်။ ဓားဆန္ဒသည်ပတ်ဝန်းကျင်လေထုကိုပင် ခွဲထုတ်လိုက်သလို ခံစားလိုက်ရပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
"အလွန်အစွမ်းထက်တဲ့ ဓားချက်ပဲ၊ ဒီဓားတိုက်ခိုက်မှုက တတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ကို သတ်ဖို့ လုံလောက်နေပြီ။ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ယောက်တောင် ဒီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ဝံ့မှာ မဟုတ်ပါဘူး။" ပတ်ဝန်းကျင်မှ တစ်စုံတစ်ယောက်သည် လေးစားမူနှင့်အတူ ချက်ချင်းပင် အော်ပြောလိုက်သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူက ဘယ်လိုလုပ်ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ရတာလဲ" လျူဗြောင်၏ မျက်လုံးများသည် နီရဲနေပြီး သူ၏ ပြင်းထန်သော မနာလိုမှုများကြောင့် ချင်ယွင်အပေါ် မုန်းတီးမှုများ ပြင်းထန် လာသည်။
လျူထန်းရှင်သည်လည်း အနည်းငယ် အံ့အားသင့်သည့် အမူအရာကို ပြသသည်။ ချင်ယွင်သည် ဤမျှပြင်းထန်သော ဓားချက်ကိုထုတ်ဖော်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဟုတ်ပါသည်၊ ဤဓားချက်သည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ကိုပင်ခြိမ်းခြောက်နိုင်သည်။ သူ့အတွက်ဆိုရင်တော့ တားဆီးရုံမှလွဲပြီး ဘာမှမလုပ်နိုင်ပေ။
လျူထန်းရှင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ပျံသန်းလာသော ဓားချီကို လက်သီးဖြင့် ထိုးလိုက်သည်။
တခဏအတွင်းမှာပင်၊ မိုးပြာရောင်ဓားစွမ်းအင်သည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားပြီး လျူထန်းရှင်သည် အတားအဆီးမရှိဘဲ ချင်ယွင်ဆီသို့ ဆက်လက် ပစ်၀င်သွားသည်။
"မကောင်းတော့ဘူး " ချင်ယွင် အံ့သြသွားသည်။ မူလက သူ၏ဓားချက်သည် လျူထန်းရှင်၏ ခန္ဓာကိုယ်ကို တားဆီးနိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် သူ၏ဓားချက်မှသည် လျူထန်းရှင်ကို လုံးဝ မတားဆီးနိုင်ဟု ထင်ရသည်။
"ငရဲကိုသွားလိုက်တော့!"
လျူထန်းရှင်က ချင်ယွင်၏ရှေ့မှာ ပေါ်လာပြီး ရင်ဘတ်ကို လက်သီးဖြင့် ထိုးသည် ။ သူ၏နှုတ်ခမ်းထောင့်မှ အထင်သေးဟန်ဖြင့် ပြုံးနေသည်။ သူ၏လက်သီးက ချင်ယွင်၏အတွင်းအင်္ဂါများကို ကြေမွသွားစေမည်ဟု သူယုံကြည်သည်။
သို့သော်၊ ထိုအချိန်တွင် လျူထန်းရှင်သည် ချင်ယွင်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးကို မြင်လိုက်ရသောကြောင့် တစ်ခုခု မှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရပြီး၊ နှစ်ပေါင်းများစွာ သတိကြီးမူက သူ့ကို ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ဖြစ်စေခဲ့သည်။
မူမမှန်မူများသည် မကောင်းသည့်အရာများဖြစ်ပေါ်လာသည့်အခါ ဖြစ်တတ်သည်။
သူပြန်ဆုတ်ခါနီးတွင် ချင်ယွင်၏ အေးစက်သောအသံက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။
"ခင်ဗျား အခုမှ ပြန်ဆုတ်ချင်တာလား ၊ နောက်ကျသွားပြီ!"
ထိုသို့ပြောပြီးနောက်တွင် ဧရာမနှင်တံကြီးကဲ့သို့ ကြီးမားသောမြွေအမြီးကြီးသည် လျူထန်းရှင်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။
လျူထန်းရှင်၏ ခန္ဓာကိုယ်သည် ချက်ချင်း နောက်ပြန်လွင့်စင်သွားပြီး ခြံဝင်းနံရံကို ၀င်တိုက်သည်။ နံရံသည် ပြိုကျပြီး အုတ်ကျိုးများလွင်းစင်ကာ သူလည်း သွေးအန်လိုက်ရသည်။
"အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲလား!"
လျူထန်းရှင်သည် သူ၏နာကျင်နေသော ရင်ဘတ်ကိုဖုံးအုပ်ကာ ချင်ယွင်၏နောက်မှ မီတာတစ်ရာရှိသော စပါးအုံးမြွေဖြူကြီးကို ထိတ်လန့်စွာ ကြည့်နေ လေသည်။ သူ၏နှလုံးသားသည် မနှိုင်းယှဉ်သာစွာ တုန်လှုပ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ လျူကလန်မှတပည့်များအားလုံး အံ့အားသင့်သွားကြသည်။ သူတို့သည် ကြီးမားသော အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်သွားသည်ကိုသာ မြင်လိုက်ရပြီး သူတို့၏ မျိုးနွယ်စုသခင်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာများရပြီး တောင့်မခံနိုင်ဘဲ နောက်သို့ လွင့်စင်သွားခဲ့ရသည်။
သို့သော်၊ သူတို့သည် ချင်ယွင်တည်ရှိရာသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည့် အခါတွင် သူတို့၏ နှလုံးခုန်သံများ တလွဲတချော် ဖြစ်သွားခဲ့ရသည် ။
ချင်ယွင်၏နောက်မှာ ဧရာမ စပါးအုံးဖြူကြီးတစ်ကောင် ထိုင်နေသည်။ သူ၏ အေးစက်သော မျက်လုံးများက လူအုပ်ကြားကို လွှမ်းခြုံသွားသည်။ ၎င်း၏ပါးစပ်ရှိ နောက်ဆုံးလက်ကျန်မြွေစာသည်ပင် မျိုမချရသေးပေ။ ၎င်း၏ခန္ဓာကိုယ်သည် တုနှိုင်းမရသည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ် နေသည်။ ၎င်း၏အမြီးကို လှန်လှောလှုပ်ယမ်းခြင်းဖြင့်၊ အပြာရောင် ကျောက်ပြား ကြမ်းပြင်တွင် ရှည်လျားသောတွင်းကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့ လေသည်။
"မြွေပုံစံ၊ အဆင့်သုံးဆိတ်သုဉ်းခြင်းသားရဲ!"
လူတိုင်းသည် သူတို့၏နှလုံးသားများကို ပြင်းထန်စွာ ဆွဲထုတ်လိုက်သလို ခံစားလိုက်ရသည်။ ကြမ်းခင်းအဆုံးတွင် ရပ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော ချင်ယွင်ကို သူတို့ ကြည့်နေကြသည်၊ သူ့ကို မည်သို့ လှောင်ပြောင် ဝံ့မည်နည်း။ အားလုံး အံ့ဩသွားကြသည်။
ချင်ယွင်သည် ရှောင်ဘိုင်၏ခေါင်းကို ကိုင်လိုက်ပြီး အပျက်အစီးများကြားတွင် လဲလျောင်းနေသော လျူထန်းရှင်ကို သရော်ကြည့်ကြည့်ကာ " မျိုးနွယ်စုသခင်လျူ ၊ ခင်ဗျားတို့ လျူမိသားစုက ကျုပ်ကို မတားနိုင်ဘူးလို့ ကျုပ် မပြောခဲ့ဘူးလား ? အခု ဒီလိုစကားမျိုးပြောဖို့ သတ္တိအလုံလောက်ရှိသေးရဲ့လား၊ ကျုပ် သိချင်တယ်"