← Chapters

ဉာဏ်အလင်း

Vol. 3 Ch. 39

ဉာဏ်အလင်း

Vol. 3 Ch. 39

အခန်း (၃၉) ဉာဏ်အလင်း။

ယွန်ဟန်ဆိုသည့် နာမည်ကိုကြားတော့ ချင်ယွင်သည် အင်မော်တယ်ကမ္ဘာတွင် အဆုံးမဲ့တွင်းနက်ကြီးဟု ခေါ်သည့် ဂျေဒိုင်တစ်ခုရှိသည်ဆိုသည်ကို သတိရ သွားသည်။ ထိုနေရာတွင် သတ္တုပစ္စည်းတစ်ခုရှိသည်- ယင်းက ယွန်ဟန်သံမဏိ ဖြစ်သည်။ ၎င်းသည် အလွန်အမင်း မာကြောသည် ။ ထိုသံမဏိသည် ဓားသမားများ၏ စိတ်ကူးယဉ်ပစ္စည်းဖြစ်သည်။

"ဒီဓားကိုထုလုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေက အဆုံးမဲ့ချောက်နက်ထဲရှိ နှင်းခဲသတ္တုများ ဖြစ်နေမလား" ချင်ယွင်က မသိစိတ်က မေးမိသည်။

ဓားထဲရှိအဘိုးအိုသည် ကျယ်လောင်စွာ ရယ်မောရင်း " ကောင်လေး ၊ မင်းက နည်းနည်းလေး ကြိုတွေးမိထားဖို့ ငါ မမျှော်လင့်ထားဘူး။ မှန်ပါတယ်၊ ဒီဓားရဲ့ ဓားသွားတခုလုံးကို အဆုံးမဲ့ချောက်နက်ကြီးထဲက အေးစက်သံမဏိနဲ့ ပြုလုပ်ထားတာပဲ"

ချင်ယွင်သည် ရုတ်တရက် တုန်ခါသွားပြီး သူ၏ လက်ထဲမှ ဓားပျော့ကို ကြည့်ရင်း သူ၏မျက်လုံးများသည်ပင် တောက်လောင်လာသည်။

အင်မော်တယ်ကမ္ဘာ တစ်ခုလုံးတွင်ပင်၊ အဆုံးမဲ့ချောက်နက်ကြီးထဲက အေးစက်သံမဏိသည် အလွန်ရှားပါးသည်။ သာမာန်အားဖြင့်၊ ဓားသမားများသည် လက်မအရွယ်ရှိသော အဆုံးမဲ့ချောက်နက် အေးစက်သံမဏိကို ထုတ်ယူပြီး အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းများကို ထုလုပ်ရန်အတွင်သာ ၎င်းတို့၏ ဓားများထဲသို့ ပေါင်းထည့်နိုင်ကြသည်။ ထို့ကြောင့်၊ အေးစက်သံမဏိသည် အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင်ပင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုလည်း ဖြစ်သည်။

သို့သော်လည်း ဓားထဲရှိအဘိုးအိုသည် ဓား၏ ဓားသွားတစ်ခုလုံးကို အေးစက် သံမဏိဖြင့် ပြုလုပ်ထားကြောင်း အမှန်တကယ်ပင် ပြောခဲ့သည်။ ယင်းက လက်သီးဆုပ် အရွယ် အေးစက်သံမဏိကို သူ ရယူနိုင်မည်ဟု ဆိုလိုရာမရောက် ပေဘူးလား။

သူ၏ခမည်းတော် အင်မော်တယ်ဧကရာဇ်မင်းမြတ် ချင်ဟန်ပင်လျှင် ဤမျှကြီးမား သော အေးစက်သံမဏိကို ထုတ်ယူနိုင်မည် မဟုတ်ပေ။

ချင်ယွင် အံ့အားသင့်သွားသည်ကို သိလိုက်ပုံရပြီး ဓားထဲရှိအဖိုးအိုက ဆက်လက် ရယ်မောရင်း "အရုပ်လေး၊ ဒီဓားပိုင်ရှင်က ဘယ်သူလဲဆိုတာ မင်းသိလား"

"ဘယ်သူလဲ၊ ဖြစ်နိုင်တာက ဧကရာဇ်ယူမင် မဟုတ်လား" ချင်ယွင်က နောက်ပြောင်လိုက်သည်။

"မှန်ပါတယ်၊ အဲဒါ ဧကရာဇ်ယူမင်ပဲပေါ့ !" ဓားထဲရှိအဘိုးအိုက တဟားဟား ရယ်မောလိုက်သည်။

ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ချင်းပင် ကျယ်လောင်လာသည်။

စောစောလေးကမှ သူသည် ဧကရာဇ်ယူမင်ကို ဟာသတစ်ခုအနေဖြင့် ပြောလိုက် သည်။ သူ တကယ်မှန်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။

"ဒီဓားကို ဧကရာဇ်ယူမင် ငယ်ငယ်တုန်းက ကိုင်ဆောင်ခဲ့တာပဲ။ တစ်ချိန်တုန်းကဆို ကောင်းကင်တံခွန်တိုင်ကို ဖြတ်ဖို့တောင် သူ အသုံးပြုခဲ့တယ်" အဘိုးကြီးအိုက ဆက်ပြောသည် ။

ချင်ယွင်သည် ကောင်းကင်တံခွန်တိုင်ကို ဖြတ်သည်ဟု ကြားသည်နှင့် သူ ထိတ်လန့်သွားသည် ။

ကောင်းကင်တံခွန်တိုင်က ဘာလဲ။

ယင်းတို့သည် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို ထောက်ပိုးပေးထားသော ဒေါက်တိုင်ကြီး လေးခုဖြစ်သည်။ တချိန်တုန်းက ဖန်တီးရှင်နတ်ဘုရားသည် အင်မော်တယ်ကမ္ဘာတခုလုံးကိုထောက်ပံ့ရန်အတွက် "မြောက်ပိုင်းအမှောင်ပင်လယ်"ရှိ ကြီးမြတ်နက်နဲသောလိပ်၏ ခြေလက် လေးချောင်းကို ဖြတ်တောက်ခဲ့ သည်။ ၎င်းတို့ကို နိုင်းယှဉ်လို့မရ‌အောင် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရသည်။ ၎င်းတို့သည် အရာရာကို ခံနိုင်ရည်ရှိဟု ဆိုနိုင်သည်။

သာမန် အင်မော်တယ်ဘုရင်းများနှင့် အင်မော်တယ် ဧကရာဇ်များတောင်မှ ၎င်းဒေါက်တိုင်တို့ကို လှုပ်ခါဖို့ အခက်တွေ့ပါလိမ့်မည်။

ကောင်းကင်တံခွန်တိုင်ကို ဓားတစ်ချောင်းဖြင့် ဖြတ်တောက်နိုင်ခြင်းက ဘယ်လောက် အစွမ်းထက်လိုက်လဲ။ ဧကရာဇ် ယူမင်သည် ငယ်ရွယ်စဉ်အခါကပင် အလွန် အစွမ်းထက်နေပြီဟု ဆိုင်နိုင်သည်မဟုတ်ပါလား။

"စီနီယာ ၊ စီနီယာက ဧကရာဇ်ယူမင်အကြောင်း အများကြီး သိထားပုံရ တယ်။ ချင်ယွင်က ရုတ်တရက် မေးလိုက်သည်။

ဓားထဲရှိအဘိုးအိုသည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားသည်။

ချင်ယွင် အံ့သြသွားသည်။ ဤအဘိုးအိုသည် ဧကရာဇ်ယူမင် နှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေပုံရသည်။ မဟုတ်ရင် ဧကရာဇ် ယူမင်အကြောင်း ဒီလောက်အများကြီးကို သူဘယ်လိုလုပ်သိနိုင်မှာလဲ။ ဧကရာဇ် ယူမင်သည် သူ၏ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ပြီး သူ၏စိတ်ဝိဉာဏ်ကို ဓားထဲစည်းတံဆိပ်ပိတ်ကာ သေမျိုးကမ္ဘာထဲကိုတောင် ပစ်ချခဲ့သည်။

အဘိုးအိုက ဒီအကြောင်းအရာများကို မဆက်ချင်ကြောင်း ချင်ယွင်က သိထားတာ ကြောင့် ခေါင်းစဉ်ပြောင်းပြီး "စီနီယာက ဒီမြေအောက်ကမ္ဘာ နန်းတော်ကို အတုလို့ ပြောတယ်။ စီနီယာက ဘယ်လိုလုပ် သေချာနေတာလဲ"

ဟု မေးလိုက်သည်။

ဤတစ်ကြိမ်တွင် အဘိုးအိုက “ဒီနန်းတော်ကြီးဟာ ကြီးကျယ်ခမ်းနားပြီး ရွှေရောင်တောက်နေပေမယ့် တကယ့် မြေအောက်ကမ္ဘာနန်းတော်က ဒီနေရာကနေ မိုင်ပေါင်း တစ်သိန်းရှစ်ထောင်အကွာဝေးမှာရှိနေသေးတယ်။ ဒဏ္ဍာရီလာ မြေအောက် ကမ္ဘာ နန်းတော်ဆိုတာက ဖရိုဖရဲလျှပ်စီးပင်လယ်မှာ မွေးဖွားလာတဲ့ ရှန်တန် ရတနာတစ်ခု ဖြစ်တယ်။ နန်းတော်ရဲ့ ပတ်ပတ်လည်မှာ ဖရိုဖရဲလျှပ်စီးကြောင်းတွေနဲ့ ပြည့်နေတယ်။ ဒီသေမျိုးကမ္ဘာငယ်လေးမှာ ဘယ်လိုလုပ်ပေါ်လာနိုင်ပါ့မလဲ။

"မြေအောက်ကမ္ဘာနန်း‌တော်အစစ်ဟာ ကောင်းကင်နဲ့ မြေကြီးမှ မွေးဖွားလာတဲ့ ရှန်တန်ရတနာတစ်ခုလား?" ချင်ယွင်သည် တအံ့တဩပြန်မေးရင်း သူ၏နှလုံးက တဒုန်းဒုန်း ခုန်နေသည်။

အဘိုးအိုက “ဒီလိုမှမဟုတ်ရင် လူတွေက မြေအောက်ကမ္ဘာနန်းတော်ကို နှစ်ပေါင်း သိန်းနဲ့ချီပြီး လိုက်ရှာနေကြတာ ဘာကြောင့်လို့ ထင်လဲ။

ချင်ယွင်သည် အချိန်တော်ကြာအောင် တည်ငြိမ်နိုင်ခြင်းမရှိ အံ့ဩသွားခဲ့ရပြန်သည်။

"ဒီ‌လောက်နဲ့ မြေအောက်ကမ္ဘာ နန်းတော်အတုလို့ မဆိုလိုဘူးမလား?" ချင်ယွင်က ခါးသီးစွာပြောသည်။

ယခင်က မြေအောက်ကမ္ဘာ နန်းတော်၏ ခမ်းနားထည်ဝါမူကို သူ ချီးမွမ်းခဲ့ဖူးပြီး သူ၏ ခံစားချက်အားလုံးသည် အတုအယောင်များသာ ဖြစ်နေခဲ့သည်။

ဓားထဲရှိအဘိုးအိုသည် ကျယ်လောင်စွာ ရယ်မောပြီး နောက်ဆုံးမှာတော့ "ဒီခန်းမဟာ တကယ့် မြေအောက်ကမ္ဘာနန်းတော်နဲ့ ကီလိုမီတာ တစ်သိန်းရှစ်ထောင် ကွာဝေး ပေမယ့်၊ အတုယူထည်ဆောက်ထားတာကလည်း လက်တွေ့ဆန်ပါတယ်။ ဒါ့အပြင်၊ ဒီနေရာမှာ အစစ်အမှန် အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် လက်နက်တစ်ခုလည်း ရှိပါတယ်ကွ"

"အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် လက်နက်လား?" ချင်ယွင်က အံ့သြစွာ ပြောသည်။

လက်နက်များကို သေမျိုးလက်နက်၊ ဝိညာဉ်လက်နက်၊ အင်မော်တယ်လက်နက်၊ အကြီးမြတ်ဆုံး အင်မော်တယ်လက်နက်နှင့် မွေးရာပါရတနာများဟူ၍ ပိုင်းခြားထား သည်။

အင်မော်တယ်လက်နက်များသည် အင်မော်တယ်ကမ္ဘာတွင် အလွန် အသုံးများ သော်လည်း အကြီးမြတ်ဆုံး အင်မော်တယ် လက်နက်များသည် အလွန်အဖိုးတန် သည်။ ဟုတ်ပါသည်။ ရှန်တန်ရတနာများက‌တော့ အဖိုးတန်ဆုံးပါပဲ။ ၎င်းတို့ထဲမှ အများအပြားသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် မွေးဖွားလာခဲ့ကြပြီး ၎င်းတို့တစ်ဦးစီတွင် ပြိုင်ဘက်ကင်းသော စွမ်းအားများ ပိုင်ဆိုင်ထားသည်။

ဓားထဲရှိအဘိုးအိုသည် ဤနေရာတွင် အကြီးမြတ်ဆုံးအင်မော်တယ် လက်နက်တခု ရှိသည်ဟု အမှန်တကယ်ဆိုခဲ့ပြီး ချင်ယွင်ကို အဆုံးမရှိ ထိတ်လန့်စေခဲ့သည်။

"အထက်က ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းကိုကြည့်ဖို့ မင်းရဲ့ခေါင်းကို မော့ထားလိုက်စမ်း။ အဲဒါနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဘာတစ်ခုမှ သတိမထားမိ ဘူးလား?" ဓားထဲရှိ အဘိုးအိုက ပြောသည်။

ချင်ယွင်သည် သူ၏ခေါင်းကို မော့ပြီး ခန်းမထိပ်မျက်နှာကြက်မှာ ချိတ်ဆွဲထားသည့် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းကို တစ်ချက်ကြည့်လိုက် သည်။ ဒီတစ်ကြိမ်မှာတော့ သူသည် ထိန်းချုပ်မူ ကင်းမဲ့သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နတ်ဆိုး သိမ်းပိုက်ခြင်းကို ခံရသကဲ့သို့ ကြယ်စင်စုပုံကြမ်းထဲတွင် နှစ်မြှုပ်သွားခဲ့သည်။

"နိုးထစမ်း!"

ဓားထဲရှိအဘိုးအိုက ကျယ်လောင်စွာ အော်လိုက်သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် သတိပြန်မရမီတွင် တုန်ခါသွားသည်။ သူသည် သက်ပြင်း ချပြီး ဓားထဲရှိအဖိုးအိုကို ကျေးဇူးတင်ကြောင်းပြောလိုက်သည် "ကျေးဇူးတင်ပါတယ် စီနီယာ၊ ကျွန်တော်တို့ကို ကယ်တင်ခဲ့တဲ့အတွက်ပါ"

ချင်ယွင်၏နှလုံးသားမှာ တုန်လှုပ်နေဆဲဖြစ်သည်။ ခန်းမထဲသို့ ပထမဆုံး ဝင်သော အခါတွင် ကြယ်စင်စုပုံကြမ်းကို သူ ဂရုတစိုက် မကြည့်ရှုခဲ့သောကြောင့် အန္တရာယ် မရှိခဲ့ပေ။

သို့သော်၊ အဘိုးအိုက သူ့ကိုသတိပေးပြီးနောက်၊ သူသည် ကြယ်စင်စုပုံကြမ်းကို ပြင်းပြင်းထန်ထန် အာရုံစူးစိုက်မှုဖြင့် ပြန်ကြည့်သောအခါ ကြယ်စင်စုပုံကြမ်းမှ ချက်ချင်းဖမ်းယူခံရပြီး အဆုံးမဲ့ ကြယ်စင်စုများကြားတွင် ပျောက်ဆုံးသွားခဲ့သည်။

အကယ်၍ အဘိုးအိုသည် သူ၏စိတ်ကို ထိတ်လန့်တုန်လှုပ်စေပြီး ကြယ်ရောင်မြစ်ထဲမှ နိုးလိုက်ခြင်းမရှိပါက သူ၏ခန္ဓာကိုယ်သည် ပြိုကျပြီး သေဆုံးသွားသည်အထိ သူ၏စိတ်ဝိဉာဏ်ကို ကြယ်ရောင်မြစ်ထဲမှာ ထာဝရ အကျဉ်းချ ခံထားရပေလိမ့်မည်။

“စိတ်ဝိညာဉ်ကို လှုံ့‌ဆော်နိုင်သော အကြီးမြတ်ဆုံးအင်မော်တယ်ပစ္စည်း” ချင်ယွင်သည် သက်ပြင်းချလိုက်သည်။

"ဟမ့်၊ ကောင်လေး၊ ဒါက ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းရဲ့ မထင်ရှားတဲ့ စွမ်းအားလေး တစ်ခုပါပဲ။ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားက ကျင့်ကြံသူကို ကျင့်ကြံရာမှာ နားလည်သဘောပေါက်မူနှင့်ပတ်သက်ပြီး ကူညီပေးနိုင်စွမ်း ရှိတာပဲ။" အဘိုးအိုက အထင်သေးဟန်ဖြင့် ပြောသည်။

ချင်ယွင်သည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ "နားလည်သဘောပေါက် မူနှင့်ပတ်သက်ပြီး ကျင့်ကြံရာမှာ အထောက်အကူ ပေးတာလား။"

ကျင့်ကြံသူများသည် ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန် နည်းလမ်းနှစ်မျိုးရှိ၏။ တစ်ခုမှာ ဝိညာဉ်စွမ်းအင်များကို မြင့်တင်ခြင်းနှင့် ၎င်းတို့၏ရုပ်ခန္ဓာကိုယ်ကို အားကောင်း စေခြင်းကဲ့သို့သောကိုယ်ပိုင်ခွန်အားကို မြှင့်တင်ခြင်း ဖြစ်သည်။ နောက်တစ်ခုကတော့ နားလည်သဘောပေါက်မူကို ကျင့်ကြံခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏စွမ်းအားများ တိုးမြှင့်လာခြင်းဖြင့် နားလည်သဘောပေါက် နိုင်စွမ်းသည်လည်း အချိုးအစားညီစွာ တိုးလာမည် မဟုတ်ပေ။

တခါတရံတွင်၊ သင့်ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည် သတ်မှတ်ထားသော အဆင့်သို့ ရောက်လျှင်ပင်၊ သင်၏ကျင့်ကြံမူအဆင့်ကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်၊ အင်မော်တယ်ကမ္ဘာတွင် ထိုအဓိကအင်အားစုများ၏ တပည့်များသည် ဝိညာဏ်အရင်းအမြစ်များကို ကြည့်ရုံသာမက ထိုးထွင်းသိမြင်မူ ဉာဏ်အမြင်ကိုလည်း ကြည့်ကြသည်။

ခိုင်မာသောနားလည်နိုင်စွမ်းရှိသူတို့သည် ကမ္ဘာကြီးအတွက် ပို၍ စိတ်လှုပ်ရှားစရာ ဖြစ်လာကြသည်။ ထိုသူများသည် အစောပိုင်းအဆင့်များတွင် ဝိညာဉ်အရင်းအမြစ် ကောင်းသူများကဲ့သို့ ကျင့်ကြံနိုင်ခြင်းမပြုနိုင်သော်လည်း နှောင်းပိုင်းအဆင့်များတွင် ၎င်းတို့၏ပေါက်ကွဲမှုများကြောင့် လူများက ၎င်းတို့အား လျှော့မတွက်ဝံ့ကြပေ။

ထိုးထွင်းသိမြင်မူဉာဏ်သည် အလွန်အရေးကြီးသောကြောင့် ၎င်း ထိုးထွင်းသိမြင်မူ ဉာဏ်ကို အထောက်ကူဖြစ်စေသည်ဘ ဆေးဝါးများနှင့်အင်မော်တယ် ပစ္စည်းများသည် သဘာဝအတိုင်း မွေးဖွားလာခဲ့ကြသည်။

ဤအရာအားလုံးသည် အလွန်အဖိုးတန်သော အရာများဖြစ်သည်။

ဥပမာအားဖြင့်၊ ချင်ယွင် ယခင်တုန်းက မထင်မှတ်ရရှိခဲ့သော အံ့ဖွယ်သန့်စင်မြက် ဖြစ်ပြီး အံ့ဖွယ်သန့်စင်မြက်အကူညီဖြင့် ထိုအချိန်တုန်းက သူသည် အနှစ်သာရ ဖြတ်တောက်ခြင်းစွမ်းရည်ကို လုံးလုံးလျားလျား ပေါင်းစည်းနိုင်ခဲ့သည်။

ယခုတော့ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းသည် သူ၏နားလည်သဘော‌ပေါက်မူအတွက် အမှန်တကယ် အထောက်အကူဖြစ်သဖြင့် ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာခဲ့သည်။

"ဘာဖြစ်နေတာလဲ ကောင်လေးရ။ မင်း သွေးဆောင်ခံလိုက်ရပြီလား? ဟား ဟား" အဘိုးအို၏ ရယ်မောသံက ထွက်ပေါ်လာသည်။

ချင်ယွင်လည်း တဟားဟား ရယ်လိုက်ပြီး "စီနီယာ၊ ဒီအင်မော်တယ်အဆင့်ပစ္စည်းက နားလည်သဘောပေါက်မူနှင့်ပတ်သက်ပြီး အသုံးဝင်တယ်။ အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းကို အသာထားလိုက်ဦး။ ဒီရတနာကတင် အဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်နေပြီလေ။ ဘာလဲ ကျွန်တော်ကရော သွေးဆောင်ခံလို့ မရနိုင်ဘူးလား။"

"ဟမ့် !" အဘိုးအိုက ပြုံးပြီး ဆက်ပြောသည် " မင်းဆန္ဒ‌တွေ အရမ်းစောမနေနဲ့ဦး ။ ဒီခန်းမပိုင်ရှင်က ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းကို ဒီမှာတင်ထားခဲ့တယ်။ သူက လာလည်မယ့်လူကို စောင့်နေတာအမှန်ဘဲ၊ ဒါပေမယ့် လူတိုင်းတော့ မရနိုင်ဘူး။ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းကိုရရှိဖို့အတွက် မင်းက စမ်းသပ်မှုတစ်ခု ပြုလုပ်ရမယ်။"

"ဘာစမ်းသပ်မူလဲ?" ချင်ယွင်က ပြန်မေးသည်။

"မင်းရှေ့မှာရှိတဲ့ ခရမ်းရွှေဖြူ ကျောက်စိမ်းပလ္လင်ကို မင်း မြင်တယ်မဟုတ်လား။ ထိုင်လိုက်ပါ" အဘိုးအိုက ပြောသည်။

ချင်ယွင်သည် သံသယဖြစ်မိသည်။ ခန်းမဆောင်ရှေ့ရှိ အဆုံးမဲ့ ဖိအားများထုတ် လွှတ်နေသော ခရမ်းရွှေဖြူပလ္လင်ကို ကြည့်လိုက်ရာ အကြောင်းပြချက်မရှိဘဲ သူ၏နှလုံးသားထဲသို့ ကြောက်ရွံ့မှုအရိပ်အယောင်များ တိုးဝင်လာသည်။

သို့သော် သူသည် ခရမ်းရောင်ရွှေပလ္လင်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းနေဆဲ ဖြစ်ပြီး ရတနာပလ္လင်၏လက်ကိုင်ကိုထိရန် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးသည် နှစ်တစ်သောင်းကြာ အေးစက်သော ရေခဲတုံးကဲ့သို့ အေးစက်နေသည်။

"ထိုင်လိုက်ပါ!" မြူနှင်းချောက်နက်ဓားသည် လေထဲတွင် လွင့်မျောကာ အသံနက်ကြီး ထွက်လာသည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်ပြီး နောက်ဆုံးတွင် အံတင်းတင်းကြိတ်ပြီး ပလ္လင်ပေါ်တက်ထိုက်သည်။

သို့သော် သူထိုင်လိုက်သည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သော စွမ်းအားများ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

ချင်ယွင်သည် ထိတ်လန့်သွားပြီး ဤစွမ်းအားကို စုပ်ယူရန် ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်ကို လျင်မြန်စွာ ဖြန့်ကျက်လိုက်သည်။

ဤစွမ်းအားသည် သန့်ရှင်းသော်လည်း အကန့်အသတ် မရှိပေ။ ယခုအချိန်တွင် ချင်ယွင် ခံနိုင်ရည်ရှိသော အရာမဟုတ်ပေ။

ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ကြီးမားသော စွမ်းအားများစွာ ၀င်ရောက်လာသည်။

စွမ်းအားများသည် အထိန်းကွပ်မဲ့ပြီး မောက်မာကာ ချင်ယွင်၏ ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် ပြေးလွှားကာ သူ၏ ချီစွမ်းအင်လမ်းကြောင်းများကို ဖောင်းကားလာ သည်အထိ တွန်းပို့နေသည်။

"အား…"

ချင်ယွင်သည် သနားစရာကောင်းစွာ အော်ဟစ်လိုက်သည် ။ သူ၏တစ်ကိုယ်လုံး ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ တစ်ကိုယ်လုံး နီရဲလာသည်။

"ငါ မရတော့ဘူး...ငါ မခံနိုင်တော့ဘူး!" ချင်ယွင်သည် ပလ္လင်မှထရန် ရုန်းကန်ရင်း ဒေါသတကြီးဟောက်သည်။

သို့သော်၊ မြူနှင်းချောက်နက်ဓားသည် ရုတ်တရက် ပျံတက်လာပြီး ချင်ယွင်၏နဖူးကို ဓား၏ နောက်ကျောဖြင့် ပုတ်လိုက်ကာ သူမတ်တပ်ရပ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ကို ပုတ်လိုက်ပြန်သည်။

တစ်ချိန်တည်းမှာပင်၊ အဘိုးအို၏ ကြမ်းတမ်းသော စကားလုံးများက "မင်း အခု တွေ့ကြုံနေရတာက ပထမဆုံး စမ်းသပ်မှုပဲ၊ အဲဒါက ဉာဏ်အလင်း စမ်းသပ်မူဖြစ်တယ်။ မင်း ဒီစမ်းသပ်မှုကိုတောင် မကျော်ဖြတ်နိုင်ရင် ကောင်းကင်ဘုံ ကိုးလွှာ ကြယ်စင်စုပုံကြမ်းကို မင်းရရှိနိုင်မှာ မဟုတ်ဘူး။"

ချင်ယွင်သည် အနည်းငယ် တုန်လှုပ်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် အလွန် နာကျင်နေသော်လည်း ပလ္လင်မှ ထွက်ခွာရန် မကြိုးစားတော့ပေ။

"စိတ်အေးအေးထားပြီး အာရုံစူးစိုက်ပါ။ မင်းရဲ့ကျင့်ကြံခြင်းပညာရပ်ကို အာရုံစိုက် လိုက်ပါ။ ဒီစွမ်းအားအားလုံးကို မင်းရဲ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲလိုက်ပါ။" အဘိုးအိုက ထပ်ပြောသည်။

ချင်ယွင်သည် အံတင်းတင်းကြိတ်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ဖြန့်ကျက်ရန် အာရုံစိုက်လိုက်သည်။

All Chapters