ဓမ္မတံခါးများကို အရူးအမူး ဖွင့်ခြင်း
Vol. 15 Ch. 228
ဝိညာဉ်စွမ်းအားအငွေ့အသက်များ အလွန် အားကောင်းစွာ လွင့်ပျံလာသည်နှင့် ရွှီချင်းမှာ ကြောက်လန့်တုန်ရီသွားသကဲ့သို့ ခံစားလိုက်ရသည်။ အရိပ်သည်လည်း အန္တရာယ်အငွေ့အသက်ကို ချက်ချင်း ရလိုက်သည်။
တစ်ဖက်လူ၏ ပုံရိပ်က ချက်ချင်း ပေါ်လာသည်။
သူသည် အရပ်ရှည်ရှည်နှင့် လူထွားကြီးတစ်ယောက်ဖြစ်သည်။ သူက အခြေတည်အဆင့်သာ ရှိသေးသော်လည်း သူ့ခန္ဓာကိုယ်ထဲမှ သက်စောင့်မီးတောက်အလင်းတန်းများက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲမှ လွင့်ပျံလာသည်။
ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည် အစီအရင်၏ တခြားတစ်ဖက်ခြမ်းတွင် အန္တရာယ်နှင့် ကြုံတွေ့နိုင်ရသည်ဖြစ်၍ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်လာခြင်း ဖြစ်ပေသည်။
ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေဘဲ လေထဲသို့ ဖမ်းဆုပ်လိုက်သည်။ ထိုလူရိပ်က ကြည်လင်ပြတ်သားလာပြီး ရွှီချင်း၏အကြည့်နှင့် ဆုံတွေ့သွားသည့်အချိန်၌ ရွှီချင်းက အစီအရင်ပေါ်ရှိ အစီအမံတစ်ခုကို ချက်ချင်း ဖျက်ဆီးလိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ အစီအရင် ပျက်စီးသွားပြီး တည်နေရာရွှေ့ပြောင်းခါနီး ဖြစ်နေသည့် ထိုလူရိပ်မှာ ချက်ချင်း ဝေဝါးသွားသည်။ ထို့နောက် စိတ်ပျက်အားလျော့သောအော်ဟစ်သံ သဲ့သဲ့ လွင့်ပျံလာသည်။
ရွှီချင်းသည် ခံစားချက်ကင်းမဲ့စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး သူ လုပ်ထားသည့် အစီအမံများကို သိမ်းဆည်းကာ နောက်တစ်နေရာ ရှာလိုက်သည်။
လေးရက်ကြာပြီးနောက် တစ်နေရာကို သူ တွေ့လိုက်ပြီး တိတ်ဆိတ်စွာ စောင့်လိုက်သည်။ နောက်ဆုံး၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဒုတိယမြောက်ကျင့်ကြံသူကို သူ မြင်လိုက်ရသည်။
ထိုကျင့်ကြံသူသည်လည်း အခြေတည်အဆင့်ကျင့်ကြံသူဖြစ်သည်။ ထိုလူက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မရောက်သေးကြောင်း အတည်ပြုပြီးနောက် အရိပ်ကို စစ်ဆေးကြည့်ရန် ညွှန်ကြားလိုက်သည်။ အရိပ်သည် ဓာတ်နှောများကို အာရုံခံနိုင်စွမ်းကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ကျင့်ကြံခြင်းအဆင့်များကို စစ်ဆေးရာတွင် အလွန် ထူးချွန်သည်။
အပြန်အလှန်အကျိုးအမြတ်ရရှိမည်ဖြစ်၍ အရိပ်မှာ အလွန် လေးနက်တည်ကြည်နေပြီး ထိုကျင့်ကြံသူက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မရောက်သေးကြောင်း အတည်ပြုပေးလိုက်ပြီးနောက် ချက်ချင်းပင် သတ်ပွဲ စတင်လေသည်။
ယခုတစ်ကြိမ်၌ နောက်ဆုံးတစ်ခေါက် အမှားကို သူ သင်ခန်းစာယူလိုက်ပြီး အဆိပ်များ ပို၍ ထူထပ်အောင် ပက်လိုက်သည်။ တချိန်တည်းမှာပင် အရိပ်ကို ပထမဆုံးအနေဖြင့် ချုံခိုတိုက်ခိုက်နိုင်စေရန် စီစဉ်ပေးလိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ဒုတိယမြောက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ပြီး သူက နောက်ဆုံးဖြစ်သည်။
မှော်သင်္ဘောမှာ သူ၏ ဝှက်ဖဲဖြစ်သည်။
ထိုသို့ဖြင့် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်ကြာပြီးနောက် တဂျုံးဂျုံးမြည်ဟည်းသံများ တဖြည်းဖြည်း လွင့်ပျယ်သွားသည်။ နောက်ဆက်တွဲအနေဖြင့် စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာကာ ဒုတိယမြောက်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို သူ သတ်လိုက်သည်။
ထိုသူ၏ဝိညာဉ်ကို စုပ်ယူလိုက်ပြီး သူ့ကိုယ်ထဲ အဆက်မပြတ် လောင်ကျွမ်းစေကာ နှစ်ဆယ့်နှစ်ခုမြောက် ဓမ္မတံခါးကို တွန်းဖွင့်လိုက်ရာ ပွင့်သွားသည်။
ယင်းကြောင့် ရွှီချင်း အလွန် စိတ်လှုပ်ရှားသွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်များက ကြီးစွာသောအကျိုးသက်ရောက်မှုရှိသည်ဆိုသည့်စကားကု သူ ကောင်းစွာ နားလည်သွားသည်။
“ ဒီလိုသာ ဆက်ဖြစ်နေရင် သက်စောင့်မီးတောက်ပေါ်ဖု့ိ ရှစ်ကြိမ်လောက်ပဲ လိုတော့တယ် ”
“ သက်စောင့်မီးတောက်ပေါ်လာပြီး သက်စောင့်မီးအိမ်ပေါ် ထားလိုက်တာနဲ့ ငါ့အတိုက်အခိုက်စွမ်းရည်က မယုံနိုင်စရာကောင်းလောက်အောင် ချက်ချင်း ခုန်တက်သွားမှာပဲ ”
ရွှီချင်း၏နှလုံးသားထဲတွင် မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်လာသည်။ ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို သူ ဖျက်ဆီးတော့မည့်အချိန်၌ အရှိန်အဝါတစ်ခု ချက်ချင်း လွင့်ပံျလာပြန်သည်။
ယင်းအရှိန်အဝါက ရွှမ်ယောက်အသွင်သဏ္ဍာန်မဟုတ်ဘဲ သာမန်ဖြစ်နေသည့် ခံစားချက်မျိုး ပေးနေသည်။ သို့သော်လည်း အရိပ်က ချက်ချင်း အငွေ့အသက်များ ထုတ်လွှတ်လိုက်ရာ ထိုအရှိန်အဝါက ယခင်တစ်ခေါက် ရွှမ်ယောက်အသွင်သဏ္ဍာန်ပိုင်ဆိုင်ထားသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ အရှိန်အဝါမျိုးနှင့် ဆင်တူသည်ကို ရွှီချင်း ချက်ချင်း နားလည်လိုက်သည်။
ထိုလူသည် သူ၏အမှားများကို သင်ခန်းစာယူခဲ့ပြီး တည်နေရာရွှေ့ပြောင်းသောအခါတွင် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရွှီချင်းနှင့် ကြုံတွေ့သွားသည့်အတွက် သူ ကံဆိုးသွားသည်။
ထိုအချိန်၌ သူ့ပုံရိပ်က အပြည့်အဝ ရုပ်လုံးပေါ်တော့မည့်အချိန်တွင် ရွှီချင်းသည် ညာလက်ကိုမြှောက်၍ အညှာအတာမဲ့စွာ အစီအရင်ကို ရိုက်ချလိုက်ရာ ချက်ချင်း ပျက်စီးသွားသည်။ အစီအရင်ထဲရှိ လူရိပ်မှာ အပြင်းအထန်ရုန်းကန်ပြီး ထွက်ချင်နေပါသော်လည်း နောက်ကျသွားသည်။ သူသည် ထွက်မသွားချင်နေသည့်လေသံဖြင့် အော်ဟစ်ရင်းသာ ပျောက်ကွယ်သွားသည်။
“ ငါ ဒီလိုမျိုး နောက်ထပ်နည်းနည်းလောက်ပဲ လုပ်နိုင်မှာ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ဒါကို ချက်ချင်း သိသွားမှာပဲ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ဤတာဝန်သည် သူနှင့် အမှန်ပင် သင့်တော်သည်။
ဤတာဝန်ကို သူ ဆက်မလုပ်နိုင်ပါက သက်စောင့်မီးတောက်အတွက် ဝိညာဉ်များရရှိရန် စစ်မြေပြင်သို့ သွားရမည်ဖြစ်သည်။
“ ဆက်ရှာကြည့်တာပေါ့ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ဆုံးဖြတ်ချက်ချကာ ဆက်ရှာလိုက်သည်။ ထိုသို့ဖြင့် ရက်များကုန်လွန်သွားသည်။ မီအဲ့ကျွန်း၏ ရေအောက်လောကရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်စု၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များမှာ များစွာမရှိဘဲ ဒါဇင်အနည်းငယ်သာ ရှိသည်။
ယင်းအနက် ရွှီချင်းက အစီအရင်ရှစ်ခုကို ဖျက်ဆီးပြီးသွားပြီ ဖြစ်ပြီး အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို တွေ့ခဲ့ရသည်။ သူ တစ်ယောက်ကို မြန်ဆန်စွာ သတ်ဖြတ်နိုင်ခဲ့ပါသော်လည်း တခြားတစ်ယောက်ကို ခက်ခက်ခဲခဲ သတ်ခဲ့ရသည်။ ဒုတိယတစ်ယောက်တွင် သက်စောင့်ဓမ္မအသုံးအဆောင်များစွာရှိပြီး သက်စောင့်မီးတောက်ကို ထုတ်ဖော်နိုင်ရန် မလိုတော့ပေ။ ယင်းကြောင့် ထိုသူကို သတ်ရန် ရွှီချင်း အချိန်နှစ်နာရီ ယူခဲ့ရသည်။
ယင်းကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ မည်မျှအစွမ်းထက်သည်ကို သူ နက်နက်နဲနဲ နားလည်လာရသည်။ ထို့ပြင် ထိုအခြေတည်အဆင့်မျိုးနွယ်ဝင်နှစ်ယောက်၏ ဝိညာဉ်များကြောင့် ပွင့်လာသော ဓမ္မတံခါးအရေအတွက်မှာ သုံးခုဖြစ်ပြီး စုစုပေါင်း ဓမ္မတံခါးနှစ်ဆယ့်ငါးခုသို့ ရောက်နေပြီ ဖြစ်သည်။
သို့သော်လည်း ယင်းသည် အဆုံးသတ်မဟုတ်ပေ။ ရွှီချင်းက နောက်ထပ်တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သုံးခုကို တွေ့ခဲ့ပါသော်လည်း မည်သူနှင့်မျှ ထပ်မကြုံရတော့ပေ။ ထိုအစီအရင်သုံးခုကို သူ စိတ်ပျက်လက်ပျက်ဖြင့်သာ ဖျက်ဆီးလိုက်ရသည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း စိတ်ပျက်နေပြီး အရိပ်မှာ စိတ်အားတက်ကြွခြင်း မရှိတော့ပေ။
မီအဲ့ကျွန်းပေါ်မှ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ အပြီးတိုင် ရှင်းလင်းခံလိုက်ရပြီဖြစ်သည်။ ရွှီချင်းသည် စိတ်ပျက်အားလျော့စွာဖြင့် ကျွန်းပေါ်သို့ ပြန်သွားလိုက်သည်။ သူ တာဝန်များကို ကြည့်၍ စစ်ရေးတာဝန်ကို လက်ခံရန် စဉ်းစားနေစဉ် သူ့ဂိုဏ်းတံဆိပ်ပြားထဲ စာတစ်စောင် ဝင်လာသည်။
“ ငါက တတိယမြောက်တောင်ထိပ်က အကြီးအကဲ အူယန်းလင်းပါ။ မင်းရဲ့အချက်အလက်တွေကို ငါ မြင်ထားတယ်။ မင်းနာမည်က ရွှီချင်းမလား ”
ထိုစာကို ရွှီချင်း မြင်သောအခါ ချက်ချင်း သတိထားသွားပြီး ပြန်မဖြေပေ။
“ အများကြီး မတွေးနဲ့။ ဒီရှင်းလင်းရေးတာဝန်ကို ဒီအဘိုးကြီးက ပေးလိုက်တာပါကွ။ ဒါပေမဲ့ တခြားကျွန်းတွေပေါ်က ပြီးစီးတဲ့နှုန်းက သာမန်ပဲရှိတယ်။ မင်း ဘာလို့ ဒီလောက်မြန်နေလဲ ငါ ဂရုမစိုက်ဘူး။ အဲဒါ မင်းရဲ့ကိစ္စပဲ။ ဒါပေမဲ့ ငါ မင်းကို မီအဲ့ကျွန်းနဲ့ ကျူးယင်ကျွန်းက လွဲပြီး တခြားကျွန်းနှစ်ကျွန်းကို သွားပြီး ဆက်ရှာစေချင်တယ်။ မင်း လက်ခံချင်စိတ်ရှိလား ”
ယခုတစ်ခေါက်တွင် ကျောက်စိမ်းပေလွှာမှာ ထွက်လာသည်မှာ စာတစ်စောင်မဟုတ်ဘဲ တည်ကြည်သောအသံဖြစ်နေပြီး ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားကာ သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးနှစ်ဆယ့်ငါးခု တုန်ခါသွားသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး တခဏကြာ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
“ အကြီးအကဲအမိန့်ကို နာခံပါတယ် ”
တတိယမြောက်တောင်ထိပ်မှ အကြီးအကဲသည် ရွှီချင်း၏ အဖြေကို ကြားသောအခါ အလွန် ကျေနပ်သွားသည်။ တခဏလေးအတွင်း သူသည် ရွှီချင်း၏ တာဝန်ကို မီအဲ့ကျွန်းပေါ် ရှာဖွေခြင်းမှာ ကျွန်းအားလုံးပေါ်တွင် ရှာဖွေခြင်းအဖြစ် ပြောင်းလဲလိုက်သည်။
သက်ဆိုင်ရာဝိညာဉ်ကျောက်တုံးဆုကြေးငွေကိုလည်း ရွှီချင်း၏ ဂိုဏ်းတံဆိပ်ပြားထဲတွင် မှတ်တမ်းတင်ပေးလိုက်သည်။
ရွှီချင်းသည် ဂိုဏ်းတံဆိပ်ပြားပေါ်မှ နံပါတ်များကို ကြည့်၍ မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပလာသည်။
ဝိညာဉ်ကျောက်တုံး တစ်သိန်းတစ်သောင်း၊
အစီအရင်တစ်ခုကို ဖျက်ဆီးခြင်းအတွက် ဝိညာဉ်တစ်သောင်းရရှိသည်ဖြစ်ပြီး သူက အစီအရင်ဆယ့်တစ်ခု ဖျက်ဆီးခဲ့ပေရာ ဝိညာဉ်ကျောက်တုံးတစ်သိန်းတစ်သောင်း ချီးမြှင့်ခံရခြင်း ဖြစ်သည်။ ယင်းအနက် အခြေတည်အဆင့်ကျင့်ကြံသူလေးယောက်ကို ဝိညာဉ်ကျောက်တုံးဆုကြေးငွေထဲ ထည့်သွင်းမထားပါသော်လည်း သတ်ဖြတ်သည့်အရေအတွက်ကို မှတ်တမ်းတင်ထား၏။
ရွှီချင်းက အရေအတွက်ကို ကြည့်ကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။ သူ သတ်ခဲ့သည့်အခြေတည်အဆင့်ကျင့်ကြံသူများအနက် ပထမတစ်ယောက်နှင့် နောက်ဆုံးတစ်ယောက်၌သာ ဓမ္မအသုံးအဆောင်တစ်ခုစီ ပါကြသည်။
“ အရေးကြီးတာက ဓမ္မတံခါးတွေ ဖွင့်ဖို့ပဲ ”
ရွှီချင်းက အဝေးရှိ ကျွန်းသုံးကျွန်းကို လှမ်းကြည့်လိုက်ပြီး လေထဲသို့ ပျံတက်ကာ ယိမေကျွန်းသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သည်။
ကျူးယင်ကျွန်းသို့ သူ မသွားရသည်မှာ ထိုကျွန်းပေါ်တွင် တည်ဆောက်ထားသော ဧရာမသွေးမျက်လုံးကြီးနှင့် ဆက်နွယ်နေမည်ဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။ ထိုမျက်လုံးကြီးသည် ချီရွှဲ့ထုံဂိုဏ်း၏ ဧရာမမျက်လုံးကြီးနှင့် ဆင်တူပြီး ကျွန်းအောက်မှ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်လေးများကို သေချာပေါက် ရှာဖွေမည်ဖြစ်သည်။
သူ တွေးထင်ထားသကဲ့သို့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။ သူသည် ပင်လယ်ကြီးကို ကျော်ဖြတ်ကာ ယိမေကျွန်းနှင့် နီးကပ်သည်ထက် နီးကပ်လာသည်။
ယိမေကျွန်းတစ်ကျွန်းလုံး ဓားကန်များဖြင့် ပြည့်နှက်နေသည်။
ထိုဓားကန်များထဲတွင် မည်သည့်စွမ်းအင်မျိုး ရှိနေမှန်း မသိရပါသော်ငြား ဓားပျံများကို ပို၍ပင် စူးရှချွန်ထက်သွားအောင် လုပ်နိုင်သည်။ အဝေးမှ ကြည့်ပါက ကျွန်းအလယ်ရှိ ဓားကန်ကြီးမှာ အထည်ဝါဆုံးဖြစ်ပြီး သိပ်သည်းထူထပ်သော မြူခိုးများဖြင့် ပြည့်နှက်နေကာ ဓားပျံများ ကူးခတ်နေသည်ကို ဝိုးတဝါး မြင်နိုင်သည်။
ဘေးပတ်လည်တွင် ဓားကန်များ မရေမတွက်နိုင်အောင် တည်ဆောက်ထားသည်။
ရွှီချင်းသည် အနီးသို့ ရောက်သွားသောအခါ ထိုဓားကန်များမှ အန္တရာယ်အရှိန်အဝါများက သူ့အား စူးစိုက်ကြည့်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။
သူ စစ်ဆေးခံနေရသည့်အလား ခံစားလိုက်ရပါသော်လည်း ထိုအရှိန်အဝါများက အလျင်အမြန် ပျောက်ကွယ်သွားသည်။ ရွှီချင်းသည် ရေသူမမျိုးနွယ်၊ တော်ဝင်မိသားစု၏ ပိုင်နက်ဟောင်းဖြစ်သော ယိမေကျွန်းပေါ်သို့ ဘေးကင်းစွာ ဆင်းသက်လိုက်သည်။
သူသည် နေရာမှာပင် ရပ်မနေဘဲ ဟွမ်ရန်ပေးထားသည့် ကျောက်စိမ်းပေလွှာမှ အချက်အလက်အတိုင်း ဆက်သွားလိုက်ရာ ရေအောက်လောကဝင်ပေါက်ကို တွေ့သွားသည်။
သူက အလျင်အမြန် ခုန်ဆင်းလိုက်ပြီးနောက် ကျူးယင်ကျွန်းနှင့် မီအဲ့ကျွန်းထက် သာလွန်သော ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ရပ်ကို မြင်လိုက်ရသည်။
ရေအောက်လောကတစ်ခုလုံးတွင် နန်းတော်များစွာ တည်ဆောက်ထားသည်။ ယခုအခါ နန်းတော်အများစု ဖျက်ဆီးခံလိုက်ရပြီဖြစ်ပါသော်လည်း တချိန်က ခမ်းနားထည်ဝါခဲ့မည်ကို မြင်နိုင်သေးသည်။
ယင်းသည် ရေသူမမျိုးနွယ်၏ နန်းတော်ဟောင်းများ ဖြစ်ပေသည်။
ရွှီချင်းသည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ပါသော်လည်း ထိုနေရာတွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို လိုက်မရှာပေ။
ထိုကဲ့သို့ ပေါ်လွင်နေသည့် အဆောက်အအုံများကို တခြားလူများက ရှာကြပေလိမ့်မည်။ ထိုစဉ် အရိပ်က အငွေ့အသက်များကို ထုတ်လွှတ်ကာ နန်းတော်နှင့် ဝေးရာသို့ ရွှီချင်းကို ညွှန်ပြနေသည်။
နေ့ဝက်ကြာပြီးနောက် သန္တာကျောက်များဖြင့် ပြည့်နှက်နေသည့်တစ်နေရာ၌ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ကို သူ အာရုံခံမိလိုက်သည်။
သူ့မျက်လုံးများ ဝင်းလက်သွားပြီး အလျင်အမြန် သွားကြည့်ကာ အစီအမံများ လုပ်၍ စောင့်ဆိုင်းနေလိုက်သည်။
ယခုတစ်ခေါက်တွင် သူ၏ကံကြမ္မာ မဆိုးပေ။ ရက်အနည်းငယ် ကြာပြီးနောက် ထိုနေရာရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က ခပ်ဖျော့ဖျော့ဝင်းလက်သွားကာ အရှိန်အဝါတစ်ခု လွင့်ပျံလာသည်။ အထဲမှ ဝိုးတဝါးလူရိပ်မှာ သိသာထင်ရှားလာပြီး ထိုလူရိပ်၏ ကျင့်ကြံခြင်းအဆင့်ကို သူ စစ်ဆေးကြည့်ကာ တိုက်ခိုက်လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးက မကြာခဲ့ပေ။ ရွှီချင်းသည် ထိုကျင့်ကြံသူကို သတ်ဖြတ်ကာ အစီအရင်ကို ဖျက်ဆီးလိုက်ပြီး ဆက်လက်ရှာဖွေလိုက်သည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်လာခဲ့ပြီး မကြာခင် တစ်လကြာသွားသည်။ ရေအောက်လောကရှိ နေရာအနှံ့အပြားသို့ ရွှီချင်း ရောက်သွားခဲ့သည်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို သူ ရှာဖွေပြီး ဖျက်ဆီးရင်းဖြင့် နှစ်ဆယ့်ရှစ်ခုမြောက်ဓမ္မတံခါးအထိ သူ တဖြည်းဖြည်း ဖွင့်နိုင်လာခဲ့သည်။
“ နောက်ထပ်နှစ်ခုလိုသေးတယ် ”
ရွှီချင်း၏ရင်ထဲတွင် မျှော်လင့်ချက်များ ရှင်သန်ကြီးထွားလာပြီး ယုံချန်ကျွန်းသို့ ဦးတည်လိုက်သည်။
ထိုတာဝန်ကို သူ ထမ်းဆောင်နေစဉ်အတောအတွင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် ချီရွှဲ့ထုံဂိုဏ်းကြားက စစ်ပွဲမှာ ပြင်းထန်သည်ထက် ပြင်းထန်လာသည်။
ပြီးခဲ့သည့်နှစ်လတာအတောအတွင်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က စစ်ဆင်ရေးငါးခုဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့သည်။ သူတု့ိရည်ရွယ်ချက်မှာ ချီရွှဲ့ထုံဂိုဏ်းကို ရေသူမကျွန်းများမှ ဆုတ်ခွာစေရန် ဖြစ်သည်။
ထိုစစ်ဆင်ရေးငါးခုမှာ တိုက်ခိုက်သည့်အခါတိုင်း ကြီးမားလာပါသော်လည်း ချီရွှဲ့ထုံဂိုဏ်းမှာ ကျစ်လျစ်တောင့်တင်းစွာ ခုခံကာကွယ်နိုင်ခဲ့သည်သာမက ကြိမ်ဖန်များစွာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
ချီရွှဲ့ထုံဂိုဏ်းသားများစွာ တည်နေရာရွှေ့ပြောင်းကာ စစ်ပွဲထဲ ဝင်လာကြသည်။
ချီရွှဲ့ထုံဂိုဏ်း၏ မဟာမိတ်များဖြစ်သော လူသားမဟုတ်သောမျိုးနွယ်များသည်ပင် တစ်ခုပြီးတစ်ခု စစ်ပွဲထဲဝင်ပါလာကြသည်။
ယင်းကြောင့် ရေသူမကျွန်းများပေါ်၌ လူသားမဟုတ်သောမျိုးနွယ်အများအပြားကို မြင်နိုင်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဘက်၌လည်း လူသားမဟုတ်သောမျိုးနွယ်များ ဝင်ပါလာကြသည်။ ယင်းကြောင့် နှစ်ဖက်ကြားရှိ တိုက်ပွဲမှာ ကြီးမားသည်ထက် ကြီးမားလာသည်။
သို့သော်လည်း ယင်းသည် ရွှီချင်းနှင့် မသက်ဆိုင်ပေ။ ယခုအချိန်၌ သူသည် ယုံချန်ကျွန်းအောက်ရှိ ရေအောက်လောကတစ်လျှောက် တဟုန်ထိုးသွားနေပြီး အရိပ် ရှာဖွေ့ပြီဖြစ်သည့် နောက်ထပ် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဆီသို့ ချဉ်းကပ်သွားသည်။
“ ငါ ကံကောင်းရင် လဝက်နဲ့ နောက်ဆုံးဓမ္မတံခါးနှစ်ခုကို ဖွင့်နိုင်လောက်တယ် ”
ရွှီချင်းက သူ့ဂိုဏ်းတံဆိပ်ပြားထဲရှိ ဝိညာဉ်ကျောက်တုံးအရေအတွက်ကို ကြည့်လိုက်ရာ ဝိညာဉ်ကျောက်တုံးသုံးသိန်းကျော် စုဆောင်းမိပြီး ဖြစ်သည်ကို တွေ့လိုက်ရသည်။ ယင်းအပြင် သက်စောင့်မီးတောက် ပေါ်လာတော့မည့်အချက်ကြောင့်လည်း သူ ပို၍ပင် စိတ်လှုပ်ရှားလာ၏။
“ သက်စောင့်မီးတောက်ပေါ်လာလို့ သက်စောင့်မီးအိမ်ကို ငါ မီးညှိလိုက်ရင် ခေါင်းဆောင်ကို အလဲသိပ်နိုင်မလား မသိဘူး ”
ရွှီချင်းမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ သူ့နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာသော သံတုတ်နက်လေးသည်လည်း တုန်ခါနေ၏။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ရွှီချင်းကဲ့သို့ စိတ်လှုပ်ရှားနေပြီး သူသည်လည်း အဆင့်တက်တော့မည်ကို အာရုံခံမိနေသည်။
‘ ငါ အဆင့်တက်တာနဲ့ ပိုအသုံးဝင်ပြီပဲ။ ဒါဆို ခဏလောက်တော့ မိစ္ဆာရွှီ စွန့်ပစ်လိုက်မှာကို ငါ စိတ်ပူစရာမလိုဘူး ’
အရိပ်သည်လည်း ထိုနည်းတူပင်။ ၎င်း၏ဓာတ်နှောများက ထူထပ်သိပ်သည်းလာသည်ဖြစ်ရာ ရွှီချင်းမှာ အရိပ်ကို အကြိမ်အနည်းငယ်ခန့် ဖိနှိပ်သင့်လား တွေးနေမိသည်။
အရိပ်သည် ရွှီချင်း၏အတွေးများကို ခန့်မှန်းမိလိုက်သည့်အလား ချက်ချင်း တုန်ရီသွားပြီး ကပ်ဖားရပ်ဖားလုပ်သည့်အရိပ်အယောင်များကို အလိုလို ပြသလိုက်လေရာ ရွှီချင်း၏မျက်လုံးများထဲ ဆုံးဖြတ်ချက်ချလိုက်ဟန် ပေါ်လာသည်။
အရိပ်မှာ ထူးဆန်းလွန်းသည်ဟု သူ ခံစားနေရသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို ဝါးမျိုပြီးနောက် အရိပ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အရှိန်အဝါကို ထုတ်လွှတ်လေသည်။ ယင်းကြောင့် ရွှီချင်း သတိထားသွားရသည်။ အရိပ်ကို အဆင့်တက်ရန် အချိန်အနည်းငယ် ပေးလိုက်သည့်တိုင်အောင် ခြိမ်းခြောက်သင့်သည်ဟု သူ ခံစားနေရဆဲပင်။
သူက ခန္ဓာကိုယ်ထဲရှိ ခရမ်းရောင်သလင်းကျောက်ကို လှည့်ပတ်ကာ အရိပ်ကို ဖိနှိပ်တော့မည့်အချိန်တွင် သူ့မျက်နှာ ဆတ်ခနဲ တောင့်တင်းသွားသည်။ သူ ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်လိုက်၏။
ရှေ့တူရှုရှိ ငါးကီလိုမီတာအကွာမှနေ၍ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အငွေ့အသက်များ သိသိသာသာ ပျံ့လွင့်လာသည်။
ယင်းနေရာ၌ အငွေ့အသက်မျိုးစုံ ရှိနေပြီး လူတစ်ယောက်တည်းသာ မဟုတ်ဘဲ လူအုပ်စုကြီး ရှိနေ၏။