← Chapters

စိုးရိမ်သောက

Vol. 5 Ch. 432

စိုးရိမ်သောက

Vol. 5 Ch. 432

နတ်ဆရာသည် ပိုင်ရှောင်ချန်းက စိုးရိမ်တကြီးဖြစ်နေသည်ကို မြင်ကာ ဖက်တီးကျန်းကြီးက သူ့အတွက် မည်မျှ အရေးကြီးသည်ကို သိလိုက်ရလေသည်။ တုန်တုန်ယင်ယင်ဖြင့် သူက ပြန်ပြောလိုက်သည်။

" ဖက်တီးကျန်းကြီးက အမြုတေအဆင့်ရောက်အောင် ကြိုးစားရင်း သေရေးရှင်ရေးအန္တရာယ်နဲ့ ကြုံလိုက်ရတာ "

ထပ်တူ စိုးရိမ်နေဟန်တူေသာ ရွှီပေါက်ချိုင်က သေချာရှင်းပြလိုက်သည်။

" အရင်လတုန်းက အစ်ကိုကြီးကျန်းက သူ အမြုတေအဆင့်ရောက်ခါနီးနေပြီလို့ပြောပြီး တံခါးပိတ်ကျင့်တော့တာပဲ။ သူ့ အင်မော်တယ်ဂူအပြင်မှာ နတ်ဆရာနဲ့ ကျုပ်.. ဓမ္မစောင့်ရှောက်သူတွေအနေနဲ့ စောင့်ပေးခဲ့တယ်။ ပထမတော့ အားလုံးအေးဆေးပဲ။ ကျုပ်တို့ထင်တာက အော်.. သူတော့ လနည်းနည်းလောက်ပဲ ကြာမယ်ပေါ့။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး သုံးရက်မြောက်နေ့မှာ သူ အားနည်းလာတယ်။ အခုတော့ မျော့မျော့ပဲကျန်တော့တယ် "

" ငါလဲ သွားခဲ့တယ် "

ချင်းမေ့ယွမ်က စိုးရိမ်သောက ရောက်နေလျက်ပြောသည်။

" ဒါပေမဲ့ သူ့အင်မော်တယ်ဂူက တင်းတင်းကြပ်ကြပ် ပိတ်ထားတာနဲ့ ငါတို့ ဝင်လို့မရခဲ့ဘူး။ ပြဿနာတက်သွားမှာစိုးလို့ တံခါးကိုလဲ မဖျက်ချင်ဘူးလေ"

ထိုအဖွဲ့နှင့် အချိန်အတော်ကြာအတူနေခဲ့ရသောကြောင့် သူမကိုယ်သူမ သူတို့၏အဖွဲ့ဝင်အဖြစ်သတ်မှတ်ထားပြီး ဖက်တီးကျန်းကြီး အန္တရာယ်ဖြစ်နေစဥ် သူမလည်း သူတို့နည်းတူ စိုးရိမ်ပူပန်လျက်ရှိသည်။

သူတို့၏ရှင်းပြချက်များကို နားထောင်ပြီးနောက် ပိုင်ရှောင်ချန်းက တခဏလေးပင် တုံ့ဆိုင်းမနေတော့ဘဲ အရှိန်တညီးညီး တောက်ပနေသော အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ဖက်တီးကျန်းကြီး၏ အင်မော်တယ်ဂူသို့ တဟုန်ထိုးသွားလိုက်သည်။

နတ်ဆရာ၊ ရွှီပေါက်ချိုင်နှင့်် ချင်းမေ့ယွမ်တို့သည်လည်း မြန်နိုင်သမျှမြန်မြန် နောက်ကလိုက်လာကြသည်။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကြာပြီးနောက် အရှေ့တွင် ဖက်တီးကျန်း၏ အင်မော်တယ်ဂူ ပေါ်လာလေသည်။ ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်နေတော့သည်။ ဖက်တီးကျန်းကြီးသည် သူ၏အစ်ကို အကြီးဆုံးဖြစ်ပြီး သူတို့နှစ်ယောက်လုံး၌ နက်ရှိုင်းသောသံယောဇဥ်များရှိလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပိုင်ရှောင်ချန်း ဝင်ရောက်ခဲ့သည်နေ့ရက်မှာပင် သူတို့နှစ်ယောက်၏ ခင်မင်ရင်းနှီးမှုများ စတင်ခဲ့သည် မဟုတ်ပါလော။

တင်းကြပ်စွာ ချိတ်ပိတ်ထားသော အင်မော်တယ်ဂူ၏တံခါးရှေ့တွင်ဆင်းသက်လိုက်စဥ် သူ၏စိတ်မှာ ဗလာကျင်းနေတာ့သည်။ ပိုင်ရှောင်ချန်းမှာ အလယ်ပိုင်း ရွှေအမြုတေအဆင့်၏အစွမ်းများသုံးကာ နတ်ဘုရားအာရုံတချို့ အလျင်အမြန်ထုတ်လွှတ်လိုက်၏။ ချက်ချင်းပင် ဖက်တီးကျန်းကြီး၏အငွေ့အသက်များ မည်မျှအားနည်းနေကြောင်း အာရုံရလိုက်လေသည်။ သူ၏ သက်စောင့်အား မီးတောက်သည် ငြိမ်းခါနီးနေလေပြီ။

အမြုတေအဆင့်ရောက်ရန် ထပ်ခါထပ်ခါ ကြိုးစားအားထုတ်ခဲ့ပြီး အကြိမ်တိုင်းကျရှုံးနေခဲ့သောကြောင့် သူ၏သက်စောင့်အားများ ကုန်ဆုံးသွားပုံရသည်။

" ဒါက ဘယ်လိုဖြစ်သွားတာလဲ" ပိုင်ရှောင်ချန်းက ပြောလိုက်သည်။ သူ့ မျက်လုံးများသွေးချင်းချင်းနီနေပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ထာဝရပြုစားခြင်းသိုင်းနှင့် အေးစိမ့်သခင် အဆင့်ရောက်ခါနီးဖြစ်သော အေးစိမ့်ချီများကို ဆင့်ခေါ်လိုက်လေသည်။ ချက်ချင်းပင် အင်မော်တယ်ဂူတံခါးသည် ပင့်ကူအိမ်အလား အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။

ပိုင်ရှောင်ချန်းသည် အထဲသို့ ပြေးဝင်သွားလိုက်ပြီး အရိုးစုကဲ့သို့ သေလူပမာ ဖြူဖပ်ဖြူရော်ဖြစ်လျက် ထိုင်နေသော ဖက်တီးကျန်းကြီးကို တွေ့လိုက်ရလေသည်။

ဝိုးတဝါးမြူတစ်ခုက သူ့ကို ဝန်းရံထားပြီး မြူတချို့မှာ ရံဖန်ရံခါ သူ့ခန္ဓာကိုယ်အထဲ စုပ်ယူခံရပြီးနောက် တစ်ဖန် ပြန်ထွက်လာပြန်သည်။ ထိုသို့ဖြစ်နေသောကြောင့် ဖက်တီးကျန်းကြီး၏ အငွေ့အသက်များ တဖြည်းဖြည်း အားပျော့လာကာ ပြင်းထန်သော သေမင်းအငွေ့အသက်များက အရှိန်အဟုန်ပြင်းစွာဖြင့် အစားထိုးလာလေသည်။

" အစ်ကိုကြီး.."

ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။ သူ၏နှလုံးသားမှာ စူးရှသော ဓားပါးလေးများက ထက်ခြမ်းခွဲနေသည့်အလား နာကျင်လာတော့သည်။ သူက တွေဝေမနေဘဲ ဖက်တီးကျန်းကြီး၏ ခေါင်းထိပ်သို့ ညာလက်ကို လှမ်းတင်လိုက်ပြီးနောက် သူ၏ သက်စောင့်အားမီးတောက် ပြန်တောက်လာရန် မျှော်လင့်ရင်း သက်စောင့်အားများ ထည့်သွင်းပေးလိုက်သည်။

တခဏအကြာတွင် ဖက်တီးကျန်းကြီး၏ကိုယ်ထဲတွင် အပြင် သက်စောင့်အားများကို တွန်းလှန်နေသည့် ထူးဆန်းသော စွမ်းအင်တစ်ခု ရှိနေကြောင်း ပိုင်ရှောင်ချန်း သိလိုက်ရသည်။ ထိုစွမ်းအားမှာ လုံးဝစိတ်ပိုင်းဖြတ်ထားသည့်ပုံစံအလား ခံစားလိုက်ရလေသည်။ ထို့အပြင် ဖက်တီးကျန်းကြီး၏ ဒန်တျန်ထဲတွင် စက်လုံးတစ်လုံးကဲ့သို့သော သိပ်သည်းထူထပ်နေသည့် မြူတိမ်တစ်ခုရှိနေလေသည်။

တစ်ခါတရံ ထိုမြူများသည် အမြုတေတစ်ခုပုံစံ အတူတကွ စုဆုံလာသော်လည်း ပြန်ကွဲထွက်သွားလေ့ရှိသည်။

ဖက်တီးကျန်းကြီး ပတ်ပတ်လည်တွင် လည်ပတ်နေသော မြူများသည် ထိုအားကြောင့် ဖြစ်ပေါ်လာဟန်တူသည်။

"ဘာတွေ ဖြစ်နေတာလဲကွာ " ပိုင်ရှောင်ချန်းက အံ့သြမှင်သက်လျက် ပြောလိုက်သည်။ ဖက်တီးကျန်းကြီးကိုယ်ထဲရှိ တွန်းကန်ခြင်းအားကြောင့် သူထုတ်လွှတ်လိုက်သည့် မည်သည့်သက်စောင့်အားမဆို အကုန်အစင်လွင့်ပျယ်လုနီးပါးဖြစ်နေတော့သည်။ သူ့မှာ ဖက်တီးကျန်းကြီး၏ သက်စောင့်အားများ ကုန်ခမ်းနေသည့် အရှိန်ကို အနည်းငယ်လျှော့ပေးနိုင်ရန်သာ အကောင်းဆုံးမျှော်လင့်နေရတော့သည်။ လက်ရှိနှုန်းနှင့်ဆိုလျှင် ဖက်တီးကျန်းကြီး အသက်ရှင်ရန် နှစ်နာရီခန့်သာ ကျန်တော့သည်။

ထိုအချိန်တွင် နတ်ဆရာနှင့် ချင်းမေ့ယွမ်ရောက်လာ၏။ ဖက်တီးကျန်း၏ ပုံစံကိုတွေ့သောအခါ တုန်လှုပ်သွားကြလေသည်။

" ဒါက ဖြစ်သွားတာလဲကွာ " နတ်ဆရာက တအံ့တသြပြောလိုက်သည်။ "ဖက်တီးကျန်းကြီး တံခါးပိတ်ကျင့်စဥ်ကျင့်တာ တစ်လပဲရှိသေးတယ်လေ။ ဘာလို့ အခု အခြေအနေထိရောက်သွားတာတုန်း။ အမြုတေအဆင့် ရောက်အောင်ကြိုးစားရင်း ဆယ်ကြိမ်ကျရှုံးသွားသလိုပဲ "

ချင်းမေ့ယွမ်က မြူများ အနားကပ်၍ ကြည့်လိုက်ပြီးနောက် ရုတ်တရက်

" ဒီမြူ... ဖက်တီးကျန်းကြီးက စိတ်စွမ်းအင်အဆင့်မြှင့်တင်သူလေ။ ဒါဆိုရင်... သူ... သူ... စိတ်ဆန္ဒအမြုတေဖြစ်ပေါ်ဖို့ ကြိုးစားနေတာများလား"

" စိတ်ဆန္ဒအမြုတေ "

ပိုင်ရှောင်ချန်းက ချင်းမေ့ယွမ်ကို တင်းမာခက်ထန်စွာ မော့ကြည့်လိုက်သည်။ ချင်းမေ့ယွမ်ကြောင့်မဟုတ်သော်လည်း သူက ဖက်တီးကျန်းကြီးကြောင့် ရူးသွပ်လုနီးပါးဖြစ်နေ၏။

ချင်းမေ့ယွမ်က စိတ်ဆန္ဒအမြုတေနှင့်ပတ်သက်၍ သူသိသမျှအရာအားလုံးကို ချက်ချင်း ပြောပြလေသည်။

" ဟိုးတုန်းက စိတ်စွမ်းအင်အဆင့်မြှင့်တင်သူတွေက မကြာခဏ စိတ်ဆန္ဒအမြုတေတွေ ဖြစ်ပေါ်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် အဲ့လိုလုပ်တာက အခြေခံအားဖြင့် အင်မတန် အန္တရာယ်များတာကြောင့် နောက်ပိုင်း ဘယ်သူမှ မကြိုးစားတော့သလောက်ပဲ။ သူတို့ရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းစွမ်းရည်ကို လုံးဝမျက်စိမှိတ်ယုံကြည်ချက်ရှိတဲ့ တချို့တလေပဲ အောင်အောင်မြင်မြင် အားထုတ်နိုင်တာ။ ပြောရရင် ဘာမှမဟုတ်တာကနေ တစ်ခုခုဖြစ်ပေါ်လာအောင် အားထုတ်ရတာပဲ"

" စိတ်စွမ်းအင်အဆင့်မြှင့်တင်သူက စိတ်ဆန္ဒအမြုတေကို အောင်အောင်မြင်မြင်ဖန်တီးနိုင်ရင် မယုံကြည်နိုင်ဖွယ် ကံကောင်းခြင်းတွေ ကြုံရမယ်။ တကယ်လို့ ကျရှုံးရင် သေချာပေါက် သေလိမ့်မယ် "

ရှင်းပြချက်ကို ကြားလိုက်သည်နှင့် ပိုင်ရှောင်ချန်းမှာ ကြက်သီးတဖြန်းဖြန်းထသွားပြီး ဖက်တီးကျန်းကြီးကိုယ်ထဲရှိ မြူများထဲတွင် အကြွင်းမဲ့ယုံကြည်နေသည့်ပုံစံများကို အာရုံရခဲ့ကြောင်း သတိပြုမိလိုက်သည်။ ရုတ်တရက် ပိုင်ရှောင်ချန်း၏မျက်နှာပေါ်တွင် ဝမ်းနည်းခြင်းအရိပ်များ ထင်ဟပ်လာတော့သည်။

"စိတ်ဆန္ဒအမြုတေ....."

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ရှိစဥ်အခါက ဖက်တီးကျန်းကြီးကို မနာကျင်စေရန် အောင်မြင်သွားသည်ဟုထင်အောင် သူမည်သို့လှည့်စားခဲ့မိကြောင်း ပြန်တွေးမိလိုက်သည်။ ထိုအချိန်ကစပြီး ဖက်တီးကျန်းကြီး၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ခရီးလမ်းကြောင်း လုံးဝပြောင်းလဲသွားခဲ့သည်။

ယခုအခါ ဖက်တီးကျန်းကြီး၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းလမ်းကြောင်းသည် သူ၏ယုံကြည်ချက်နှင့် ဆက်စပ်နေပြီး ထိုယုံကြည်ချက်သည် သူ့ကြောင့် ဖြစ်ခဲ့ရကြောင်း ပိုင်ရှောင်ချန်းသိလေသည်။

" မင်းတို့တွေ သူ့ကို တတ်နိုင်သမျှ သက်စောင့်အားပေးထား။ ငါ ယင်ယန်ဝိညာဥ်အဆင့်တာအိုပညာရှင်သွားခေါ်လိုက်မယ်"

ဖက်တီးကျန်းကြီး၏ တစ်စတစ်စနည်းပါးလာနေသော အရှိန်အဝါကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းက အင်မော်တယ်ဂူထဲမှ ပြေးထွက်သွားပြီး မိစ္ဆာနှိမ်နင်းသူများခန်းမထံ သွားလိုက်လေသည်။

နတ်ဆရာနှင့် ချင်းမေ့ယွမ်တို့က ချက်ချင်းပင် ဖက်တီးကျန်းကြီးကိုယ်ထဲသို့ သက်စောင့်အားများ ထည့်သွင်းပေးလိုက်လေသည်။ ယခုမှ ရောက်လာသော ရွှီပေါက်ချိုင်သည်လည်း ထိုနည်းတူပင်။

ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ နီရဲနေသည်။ သူက လမ်းတစ်လျှောက် ပြေးလွှားနေရင်း သူ့ခေါင်းထဲ၌လည်း အတွေးတစ်ခုမှလွဲ၍ တခြားဘာမှမရှိပေ။ ထိုအတွေးမှာ ဖတ်တီးကြီးကျန်းကို မည်သို့မျှ သူ သေခွင့်မပေးနိုင် ဟူ၍ပင်။

သူက မိစ္ဆာနှိမ်နင်းရေးခန်းမထံ တဟုန်ထိုးသွားနေပြီး ကုံဒေသသက်တန့်ပေါ်ရှိ အရပ်မျက်နှာတိုင်းတွင် တရွှီရွှီအသံများကြားလာရလေသည်။

မိစ္ဆာနှိမ်နင်းရေးခန်းမမှာ ဖက်တီးကျန်းကြီး၏ အင်မော်တယ်ဂူနှင့် အတော်ဝေးလေရာ သူသည် စိုးရိမ်ပူပန်ရင်း စိတ်စောနေတော့သည်။ ထို့ကြောင့် တောင်ဖြိုသိုင်းကို ထုတ်ကာ သူ၏ဘယ်ခြေရှိ ထာဝရအရွတ်အကြောများကို အားပြု၍ မြန်နိုင်သမျှ မြန်မြန်သွားနေလေသည်။

မကြာမီ မိစ္ဆာနှိမ်နင်းရေးခန်းမနှင့် နီးလာတော့သည်။ ထိုအချိန်တွင် ကျင့်ကြံသူငါးယောက်က ရှေ့ဆက်မသွားနိုင်ရန် ပိတ်ဆို့လာလေသည်။

လမ်းပိတ်ထားသည့် လူများက ဝတ်ရုံစိမ်းဂိုဏ်းသားသုံးဦးဖြစ်ပြီး အေးတိအေးစက်ဖြစ်နေသည်။ သူတို့ရှိရာသို့ ပိုင်ရှောင်ချန်းက အလောတကြီးလာနေသည်ကို မြင်သောအခါ သူတို့ထဲရှိ တစ်ယောက်က သတိပြုမိသွားပြီ တခဏကြာ ချီတုံချတုံဖြစ်နေပြီးနောက် လှမ်းအော်လိုက်လေသည်။

" ဟိုနားက ကောင်။ ပြန်လာစမ်း။ ဒီ ကီလိုမီတာ ၅၀၀ နယ်မြေက ငါတို့သခင်လေး သီးသန့် ကျင့်ကြံအားထုတ်ဖို့အတွက် ဖယ်ထားတာ"

"ဟုတ်တယ်။ ငါတို့ သခင်လေးက စီမာေဖးရုပဲ "

စီမာဖေးရု၏နာမည်ကို ပြောလိုက်ခြင်းသည် ခြိမ်းခြောက်မှုအကြီးစားဖြစ်မည်ဟု သူတို့ထင်နေပုံရလေသည်။ ဤနေရာသို့ ဖြတ်ရန်ကြိုးစားသည့် မည်သူ့ကို မဆို ထိုအတိုင်းပြောနေခဲ့သည်မဟုတ်ပါလော။

ကုံဒေသသက်တန့်ပေါ်ရှိ လူအတော်များများမှာ စီမာဖေးရု နှင့် ရင်းနှီးကြလေသည်။ သူသည်ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့်များတွင် အဆင့် ၉၇ဖြစ်သည် မဟုတ်ပါလော။ ထိပ်ဆုံး ၁၀၀ အဖွဲ့ဝင်ဖြစ်လေရာ သူက အလွန်တရာနာမည်ကြီးလေသည်။

ပုံမှန်စိတ်အခြေအနေနှင့်ဆိုလျှင် ပိုင်ရှောင်ချန်းသည် ထိုလူများကို ဖြတ်သွားရန်အတွက်နှင့် ဘယ်တော့မှ စကားများရန်ဖြစ်နေမည်မဟုတ်ပေ။ သို့သော် ယခုအခိုက်အတန့်တွင် ဖက်တီးကျန်းကြီး၏ အခြေအနေကြောင့် သူ့နှလုံးသားမှာ ပူလောင်နေရာ စိတ်ရှည် မနေနိုင်တော့ပေ။ စီမာဖေးရုကိုယ်တိုင် ဤနေရာကို တားဆီးပိတ်ဆို့လာမည်ဆိုလျှင်တောင် ဂရုမစိုက်ပေ။ ထို့ထက်ပိုမိုနာမည်ကြီးသော လက်ရွေးစင်သည်လည်း ထိုနည်းတူလုပ်ထားလျှင်ပင် သူဖြတ်သွားရန် အချိန်ဆွဲနေမည်မဟုတ်ချေ။

ယခုအချိန်တွင် အသက်ရှူလိုက်သည့် အချိန်တိုင်းက အရေးကြီးနေသည်။ ဝတ်ရုံစိမ်းဂိုဏ်းသားများကို လုံးဝလျစ်လျူရှုရင်း အမြင့်ဆုံးအရှိန်ဖြင့် သူ ဆက်သွားလိုက်သည်။

ဂိုဏ်းသားသုံးဦး၏မျက်နှာများ ပျက်သွားပြီး တစ်ယောက်က ပြောသည်။

" မင်း..ဘယ်လိုတောင်.... "

သို့သော်လည်း သူ စကားပင် ဆုံးအောင်မပြောလိုက်ရခင် ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်သည်။

" ထွက်သွားစမ်း"

ချက်ချင်းပင် လေပြင်းတစ်ခု ဖြစ်ပေါ်လာ၍ ဂိုဏ်းသားသုံးဦး၏နားများထဲတွင် နားကွဲလုမတတ် ထစ်ခြုန်းမြည်သံကြီးပြည့်နှက်သွားပြီး မယုံကြည်နိုင်ဖွယ်အားတစ်ခုက ရိုက်ခတ်သွားလေရာ သူတို့မှာ ဘေးလွင့်ထွက်သွားပြီး ပိုင်ရှောင်ချန်းသည် သူတို့ကို ကျော်၍ စီမာဖေးရု၏ ချိတ်ပိတ်ထားသော ကီလိုမီတာ၅၀၀နယ်မြေထဲ တစ်ဟုန်ထိုးပြေးဝင်သွားတော့သည်။

ချက်ချင်းပင် ကီလိုမီတာ ၅၀၀ နယ်မြေအတွင်းရှိ ရေကန်နက်ကြီးထဲတွင် စွမ်းအားကြီးအရှိန်အဝါတစ်ခုပေါ်ထွက်လာတော့သည်။

" ငါကျင့်ကြံနေတာကို ဘယ်ကောင် နှောင့်ယှက်ဝံ့တာလဲ" ထိုအသံကြီးနှင့်အတူ မှော်သိုင်းများ ထွက်ပေါ်လာရာ ရေကန်ပေါ်တွင် မျက်နှာကြီးတစ်ခု ပေါ်လာတော့သည်။ ၄င်းမှာ လူငယ်တစ်ယောက်၏ ဒေါသကြောင့်ရှုံ့တွနေသော မျက်နှာကြီးဖြစ်လေသည်။

ထိုလူမှာ စီမာေဖးရုက လွဲ၍ တခြားသူ မဟုတ်ချေ။

All Chapters