← Chapters

မင်းကိုး

Vol. 15 Ch. 229

မင်းကိုး

Vol. 15 Ch. 229

အငွေ့အသက်များမှာ အားကောင်းပြီး တဝုန်းဝုန်းပေါက်ကွဲသံများနှင့်အတူ ဓမ္မစွမ်းအားများ လွင့်ပျံနေသည်။

ရွှီချင်း၏ခြေလှမ်းများ ရပ်သွားပြီး သူ့ခေါင်းထဲ အတွေးမျိုးစုံ ဖြတ်ပြေးသွားသည်။

ရှေ့တူရှုမှ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က အသက်ဝင်သွားပြီဖြစ်သည်မှာ သေချာပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ ရောက်နေပြီ ဖြစ်သည်။

တိုက်ခိုက်နေသံများသည် သူတို့နှင့် ချီရွှဲ့ထုံဂိုဏ်းသံများ ထိပ်တိုက်တွေ့ဆုံနေသည်ကို ဖော်ပြနေသည်။

ယခုအခါတွင် ဂိုဏ်းသားအများစုသည် တာဝန်အသီးသီးကို ထမ်းဆောင်နေကြသည်။ ရေအောက်လောက၌ လူများရှိပါသော်လည်း ပြီးခဲ့သည့်နှစ်လအတွင်း ရွှီချင်းမှာ လူအစုအဝေးကြီးကို မတွေ့ခဲ့ရပေ။

သူတို့သည် သူကဲ့သို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို ရှာဖွေကာ ဖျက်ဆီးရသည့် တာဝန်ကို လက်ခံထားသော ဂိုဏ်းသားများဖြစ်နိုင်ချေများသည်။

ရွှီချင်းမှာ ကမူးရှူးထိုး မလှုပ်ရှားဘေးဘဲ ခြေသံလုံအောင်ထားကာ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ စစ်မြေပြင်အနီးသို့ သူ ရောက်တော့မည့်အချိန်၌ ဆောင့်ကြောင့်ထိုင်၍ အရိပ်ကို လှမ်းကြည့်လိုက်သည်။

အရိပ်သည် ရွှီချင်းနောက်သို့ လိုက်နေသည်မှာ ကြာနေပြီဖြစ်၍ ရွှီချင်း၏ အကျင့်စရိုက်ကို ရင်းနှီးနေပြီ ဖြစ်သည်။ ထို့ပြင် တစ်လခန့်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ချောက်တွန်းခြင်း ခံလိုက်ရပြီးနောက် ယခုတွင် သူသည် အလုပ်ကြိုးစားနေပြီဖြစ်ပြီး လျင်မြန်စွာပင် သူ ဖြန့်ထွက်သွားသည်။

ရေအောက်လောကမှ အလင်းဇစ်မြစ်သည် ဘေးပတ်လည်ရှိ သန္တာကျောက်များမှ ဖြစ်ပေသည်။ ထိုအလင်းက ဘေးပတ်လည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေပါသော်လည်း စူးရှတောက်ပစွာ လင်းလက်နေခြင်း မဟုတ်ပေရာ အရိပ်ကို မမြင်နိုင်လုနီးပါး ဖြစ်နေပေသည်။

ထို့ပြင် ဤနေရာတွင် ဓာတ်နှောများဖြင့် ပြည့်နှက်နေပေရာ အရိပ်သည် တိုက်ပွဲအနီးသု့ိ တိတ်ဆိတ်စွာ ချဉ်းကပ်သွားနိုင်လေသည်။

ယင်းက လျင်မြန်စွာ စစ်ဆေးကြည့်လိုက်ပြီးနောက် ချက်ချင်း ပြန်လာသည်။ ရွှီချင်းကို အမူအရာဖြင့် ပြသလိုက်ပြီးနောက် ရွှီချင်းသာ မြင်နိုင်သော မြေပြင်ပေါ်၌ ပုံစံအမျိုးမျိုး လုပ်ပြလိုက်သည်။

ရွှီချင်းသည် ခေါင်းငုံ့၍ ကြည့်လိုက်သည်။ သူသည် အရိပ်ကို ထိန်းချုပ်နိုင်ပါသော်လည်း လောကကြီးကို မြင်နိုင်ရန် အရိပ်၏မျက်လုံးအား သူ အသုံးမပြုနိုင်ပေ။

သို့သော်လည်း အရိပ်၏ပုံစံအမျိုးမျိုးက ၎င်း မြင်ခဲ့ရသည်များကို ရွှီချင်းအား ရှင်းလင်းစွာ ပြောပြလေသည်။

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်က အခြေတည်အဆင့်ဂိုဏ်းသားတစ်ယောက်ကို ဝိုင်းတိုက်နေတာပေါ့။ မင်းမြင်သလောက် တစ်ယောက်မှ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မရောက်သေးဘူးပေါ့ ”

ရွှီချင်း ခပ်တိုးတိုးပြောလိုက်သည်။

အရိပ်က ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်ပြီး စိတ်အားတက်ကြွသည့်အမူအရာကို ကြိုးစား၍ ပြလိုက်သည်။

“ မင်း သေချာကြည့်ခဲ့တာတော့ ဟုတ်ပါတယ်နော် အရိပ်လေး။ ဒီအဘိုးကြီးလို သခင်လေး ဘေးကင်းလုံခြုံဖို့ကို အမြဲ ဦးစားပေးရမှာ။ နမော်နမဲ့ လုပ်လို့မရဘူး ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ထိုအခွင့်အရေးကို ဖမ်းဆုပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

သူသည် သူ့ကိုယ်သူ ဘဝင်ခိုက်နေ၏။ အကယ်၍ ဘာမှမဖြစ်ခဲ့ပါက သူ့စကားများကြောင့် မိစ္ဆာရွှီက သူ့ကို အမှတ်ပေးလိမ့်မည်ဖြစ်ပြီး အရိပ်လေး၏ အမှတ်များထဲမှ အနည်းအကျဉ်းကို ယူနိုင်မည်ဖြစ်သည်။ အကယ်၍ အရိပ်လေးသာ အမှားတစ်ခုခု လုပ်ခဲ့မိလျှင် သူ၏စကားလုံးများကြောင့် မိစ္ဆာရွှီ၏ရင်ထဲတွင် သူ ပို၍ နေရာယူလာမည်ဖြစ်သည်။

ရွှီချင်းသည် သူတို့နှစ်ယောက်ကို ဂရုမစိုက်ပေ။ အတန်ငယ် ငြိမ်သက်နေပြီးနောက် အနီးသို့ သူ တိုးကပ်သွားသည်။

ယခု သူသည် ဓမ္မတံခါးနှစ်ဆယ့်ရှစ်ခုကို ဖွင့်နိုင်ပြီဖြစ်ပြီး သူ တွက်ကြည့်ရသရွေ့ နောက်ထပ်လူနှစ်ယောက်၊ သုံးယောက်ကိုသာ သတ်နိုင်ခဲ့လျှင် ဓမ္မတံခါးသုံးဆယ်ကို သေချာပေါက် ဖွင့်နိုင်သွားမည် ဖြစ်သည်။

“ ငါ သူတို့ကို လွှတ်ပေးလို့မရဘူး ”

ရွှီချင်းသည် ကျင့်ကြံခြင်းစွမ်းအင်များကို ဖုံးကွယ်၍ တိုက်ပွဲအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ ရှေ့တူရှုမှ အငွေ့အသက်များက ပြတ်သားလာပြီး တိုက်ပွဲသံများကိုလည်း ကောင်းစွာ ကြားလာရသည်။

ခဏအကြာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ရွှီချင်း မြင်လိုက်ရသည်။

ထိုနေရာ၌ ပေါင်းပင်မြက်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသည်။ ပေါင်းပင်ရှည်များက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖုံးအုပ်ထားပါသော်လည်း တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ တဖြည်းဖြည်း ပျောက်ကွယ်နေသည်ကို မကွယ်ဝှက်နိုင်ပေ။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ထိန်းညှိနေပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များစွာ တည်နေရာရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်နေဟန်တူသည်။

ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်သည် အသက်ရှင်စဉ်အခါက လူသားတစ်ယောက်ဖြစ်သည်။ ယခု သူ၏အသားရောင်ပြောင်းလဲသွားပြီး အလောင်းအဆိပ်များ ထုတ်လွှတ်နေသည်မှလွဲ၍ သူ့ပုံစံက အသက်ရှင်နေသော လူတစ်ယောက်နှင့် မခြားပေ။

သူသည် စာပေသမားတစ်ဦးနှင့်ဆင်တူပြီး တာအိုဝတ်ရုံနက်ကို ဝတ်ဆင်ထားသည်။ သူ့ထံမှ အားကောင်းသော ဓမ္မစွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေသည်။

တခြားတစ်ဖက်တွင် အဝါရင့်ရင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော တတိယမြောက်တောင်ထိပ်မှ လူငယ်ရှိသည်။ ထိုလူငယ်နှင့် တိုက်ခိုက်နေသော လူများသည် အတန်ငယ် အားပျော့သောအရှိန်အဝါရှိသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက် ဖြစ်သည်။

ဘေးပတ်လည်မှာလည်း တခြားအစီအမံများ ပြုလုပ်ထားသည်။ ရွှီချင်းအနီးကပ်သွားသည်နှင့် သူ့ဂိုဏ်းတံဆိပ်ပြားမှာ ဆက်သွယ်မှုပြတ်တောက်သွားပြီး ပိတ်ဆို့ခံလိုက်ရသည်။

ရွှီချင်းသည် စိတ်ထဲမထားဘဲ စစ်မြေပြင်ကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။

သတ္တမမြောက်တောင်ထိပ်မှလူငယ်သည် လက်နှစ်ဖက်တွင် ပါးလျသော လက်အိတ်နက်များကို ဝတ်ဆင်ထားသည်။ ထိုလက်အိတ်နက်များကို သူ ဝှေ့ယမ်းလိုက်သည့်အခါတိုင်း အနက်ရောင်အခိုးအငွေ့များထွက်လာကာ ဘေးပတ်လည်တွင် ထူးဆန်းသော ဝိုးတဝါးလူရိပ်များ ပေါ်လာသည်။

သူ့မျက်ခုံးမွေးနှစ်ခုကြားတွင် လှည့်ပတ်ရန် ကြိုးစားနေသည့်လူရိပ်တစ်ရိပ်၏ နောက်ကျောပုံရှိသည်။

သူ တိုက်ခိုက်နေသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်နှစ်ယောက်မှာ သတ္တမမြောက်တောင်ထိပ်မှ အခြေတည်အဆင့်ကျင့်ကြံသူများကဲ့သို့ ရွှီချင်း ခံစားနေရသည်။ သူတို့သည် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မထုတ်ဖော်နိုင်သေးသော်လည်း ဓမ္မတံခါးနှစ်ဆယ်ခန့် ဖွင့်ထားပြီးပြီ ဖြစ်သည်။

သူတို့သည် တိုက်ခိုက်ရန် ဓာတ်နှောများကို ထိန်းချုပ်ကြသည်။ သူတို့၏ တောင့်တင်းသော ခန္ဓာကိုယ်များနှင့် ဓာတ်နှောများကို တွဲဖက်အသုံးချကာ နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေသည်ဖြစ်၍ တတိယမြောက်တောင်ထိပ်မှလူငယ်တွင် ဒဏ်ရာများစွာ ရနေပြီဖြစ်သည်။

“ တတိယမြောက်တောင်ထိပ်က မန္တန်တွေက ထူးဆန်းလိုက်တာ ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး လူငယ်၏နောက်ကျောကို ကြည့်ကာ တတိယမြောက်တောင်ထိပ်၏ အကြောင်းကို စဉ်းစားကြည့်လိုက်သည်။

ထိုလူများကို သူ ကြည့်လိုက်သည့်အချိန်မှာပင် ထိုလူများသည်လည်း သူ့ကို သတိထားမိသွားသည်။

တတိယမြောက်တောင်ထိပ်မှလူငယ်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်နှစ်ယောက်ကို နောက်သို့ အနည်းငယ် ဆုတ်သွားစေရန် အတင်းအကြပ် ဖိတိုက်လိုက်သည်။ ထို့နောက် ရွှီချင်းကို ကတိုက်ကရိုက် အော်ပြောလိုက်၏။

“ ဒီနေရာကို ရုပ်အလောင်းမျိုးနွယ်က ချုပ်နှောင်ထားလို့ အပြင်လောကကို ငါ စာပို့လို့မရဘူး။ ငါ့ကို ကူပါဦး။ ဒါပြီးရင် မင်းကို ဝိညာဉ်ကျောက်တုံးတစ်သိန်းပေးမယ် ”

ချီရွှဲ့ထုံဂိုဏ်းသားများ ထိုကဲ့သို့ အခြေအနေတစ်ခုကို ရောက်နေလျှင် အများစုက ယခုလို ပြောကြမည်သာ ဖြစ်သည်။ သူတို့က တစ်ဂိုဏ်းတည်းသားချင်းဖြစ်သည့်တိုင်အောင် တစ်ယောက်ကိုတစ်ယောက် ကူညီရန် မည်သည့်ကတိကဝတ်မှ ရှိမနေချေ။

တတိယမြောက်တောင်ထိပ်မှလူငယ်၏ အော်ဟစ်သံကြောင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ထိန်းညှိနေသော ဝတ်ရုံနက်စာပေသမားမှာ မျက်မှောင်ကြုတ်သွားသ်။ သူ လှစ်ခနဲ လှုပ်ရှားသွားပြီး ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။

သူက ရွှီချင်းအနား ရောက်သည်နှင့် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ ဘေးပတ်လည်မှ ဂိုဏ်းတံဆိပ်ပြား၏ အဆက်အသွယ်ကို ဖြတ်တောက်နိုင်သော စွမ်းအင်များ ပေါ်လာပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။

သူ၏ တွက်ဆချက်အရ အနှီချီရွှဲ့ထုံဂိုဏ်းသားအနေဖြင့် ဆန္ဒရှိနေလျှင်တောင် နောက်ဆုတ်ရန် နောက်ကျသွားပြီဖြစ်သည်။

ဤနေရာသို့ ထိုဂိုဏ်းသား ရောက်လာခဲ့သည်ဖြစ်ရာ သူ သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

သူက သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ မထုတ်ဖော်နိုင်သေးပါသော်လည်း ဓမ္မတံခါးနှစ်ဆယ်ဖွင့်ထားပြီးပြီ ဖြစ်သည်။

ယင်းအပြင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တောင့်တင်းသော ခန္ဓာနှင့် ပြန်လည်ကုစားနိုင်စွမ်းတို့ကို ဓာတ်နှောများပြည့်နှက်နေသည့် ဤပင်လယ်ရေအောက်ကြမ်းပြင်နှင့် ပေါင်းစပ်လိုက်သောအခါတွင် လူသားမျိုးနွယ်အခြေတည်အဆင့်ကျင့်ကြံသူများကိုပင် မဆိုထားဘိ သူနှင့်အဆင့်တူသူအများစုကို သတ်နိုင်မည်ဖြစ်ကြောင်း ယုံကြည်နေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးအများစုမှာ အသက်ဝင်လာပြီး သူ ပို၍ မြန်ဆန်သွားသည်။ ထိုစဉ် သူ့မျက်လုံးများထဲ အံ့အားသင့်သွားသည့်အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှ ဂိုဏ်းသားသည် သူခန့်မှန်းထားသကဲ့သို့ နောက်ဆုတ်မသွားသည့်အပြင် ရှေ့သို့ တိုးဝင်လာ၏။

“ သူ့ကျင့်ကြံခြင်းစွမ်းအားတွေက လုံလောက်တယ်ထင်လို့ ထွက်မပြေးဘဲ ရှေ့တက်လာတား။ ဒါ သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားတွေရဲ့ အပြုအမူမဟုတ်ဘူး ”

“ ဒီတော့လဲ မင်းအစွမ်းနဲ့ ငါ့ခန္ဓာကိုယ်၊ ဘယ်သူက ပိုအစွမ်းထက်လဲ ကြည့်ကြသေးတာပေါ့ ”

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်က အေးစက်စက်သရော်လိုက်သည်။ သူသည် ရွှီချင်းကို ခန္ဓာကိုယ်ဖြင့် တိုက်ချင်နေသည့်အလား အနည်းငယ်မျှပင် အရှိန်မလျော့လိုက်ပေ။

တခဏလေးအတွင်း သူတို့နှစ်ယောက်သည် နီးကပ်သည်ထက် နီးကပ်သွားကြသည်။

“ ခရမ်းရောင်ဝတ်ရုံဝတ်၊ ဒါ သတ္တမမြောက်တောင်ထိပ်ကပဲ။ သတ္တမမြောက်တောင်ထိပ်မှာ အရူး မရှိလောက်ပါဘူး ”

ခပ်လှမ်းလှမ်းတွင် ဝန်းရံခံထားရသည့် တတိယမြောက်တောင်ထိပ်မှ လူငယ်သည် ထိုအခွင့်အရေးကို အသုံးချကာာ ကိုယ်လွတ်ရုန်းပြေးရန် ကြံလိုက်ပါသော်လည်း မလုပ်နိုင်ဘဲ သူ့ကိုယ်သူ ကာကွယ်လိုက်ရသည်။

ထု့ိနောက် တတိယမြောက်တောင်ထိပ်လူငယ်၏ မျက်လုံးများ ရုတ်ခြည်း မှေးသွားသည်။

မနီးမဝေးတွင် ရွှီချင်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ပေတစ်ရာသာ ကွာဝေးတော့သည်ဖြစ်ပြီး ဓမ္မအသုံးအဆောင်များကို တစ်ပြိုင်နက်တည်း အသုံးချလိုက်ကြရာ သူတို့၏အရှိန်များ မြင့်တက်သွားသည်။

ရွှီချင်းသည် ငှက်မွေးကို အသုံးချလိုက်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်စာပေသမားက အနက်ရောင်ခေါက်ယပ်တောင်ကို အသုံးချလိုက်သည်။ သူတို့နှစ်ယောက်က ဓမ္မအသုံးအဆောင်များကို ချက်ချင်း ထုတ်လိုက်ပါသော်လည်း သူတို့ဦးတည်ရာက မတူညီပေ။

ရွှီချင်းသည် ငှက်မွေး၏ အမြန်နှုန်းကို အားပြုလိုက်ပြီးနောက် ဆတ်ခနဲ လမ်းကြောင်းပြောင်းလိုက်သည်။ သူ့ပစ်မှတ်သည် စာပေသမားမဟုတ်ဘဲ လူငယ်ကို တိုက်ခိုက်နေသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်နှစ်ယောက် ဖြစ်သည်။

အားနည်းသူကို ပထမဆုံး သတ်ဖြတ်ခြင်းသည် ရွှီချင်း အမြဲကျင့်သုံးသည့် နည်းလမ်းဖြစ်သည်။

များသောအားဖြင့် ထိုနည်းလမ်းက အဆင်ပြေချောမွေ့နေခဲ့သည်။ ယခုတစ်ခေါက်တွင် သူက ငှက်မွေးကိုသုံး၍ အရှိန်တင်ကာ ထိုနည်းလမ်းကို အသုံးချလိုက်သည်။ သို့သော် သူ လမ်းကြောင်းပြောင်းကာ လူငယ်ထံ ပြေးဝင်သွားသည့်အခိုက် စာပေသမားသည်လည်း လမ်းကြောင်းပြောင်းသွားသည်။ သူ၏ပစ်မှတ်သည် ရွှီချင်းမဟုတ်ဘဲ တတိယမြောက်တောင်ထိပ်မှ လူငယ်ဖြစ်သည်။

သူ၏အစွမ်းနှင့်ပတ်သက်၍ ပြောခဲ့သည့်စကားများမှာ ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်း ဖြစ်ပေသည်။

သူ၏လှုပ်ရှားမှုအမှန်ကို ဖုံးကွယ်ရန် ထိုသို့ ပြောခဲ့ခြင်းပင်။ မျက်တောင်တစ်ချက်ခတ်အတွင်း သူတု့ိနှစ်ယောက်သည် သက်တန့်အသွင်ပြောင်းလဲ၍ တတိယမြောက်တောင်ထိပ်မှလူူငယ်နှင့် တခြားအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်နှစ်ယောက် တိုက်ခိုက်နေသည့်နေရာသို့ ရောက်သွားသည်။

ဝုန်းခနဲ မြည်ဟည်းသံ လွင့်ပျံသွားသည်။

တတိယမြောက်တောင်ထိပ်မှလူငယ်မှာ သွေးတစ်ပွက်အန်သွားပြီး နောက်သု့ိ လွင့်သွားသည်။ သေရေးရှင်ရေးအခြေအနေ၌ သူ့လည်ပင်းပေါ်တွင် အနက်ရောင်ဆေးမှင်ကြောင်တစ်ခု ပေါ်လာသည်။

ယင်းမှင်ကြောင်မှာ ကြာပန်းတစ်ပွင့်ဖြစ်သည်။ ထိုကြာပန်းသည် လူးလွန့်ကာ သူ့ခေါင်းပေါ် ပျံတက်သွားကာ ဝတ်ရုံနက်စာပေသမား၏ ထိုးနှက်ချက်ကို ကုစားပေးနေသည်။

တခြားတစ်ဖက်တွင် ရွှီချင်းသည်လည်း အနီးကပ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာမီးတောက်နက် ဝုန်းခနဲ ထွက်ပေါ်လာပြီး သံတုတ်နက်သည်လည်း အရှိန်အဟုန်ပြင်းစွာ ပြေးဝင်သွားကာ ရွှီချင်းနှင့် တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်လိုက်သည်။

မျက်တောင်တစ်ချက်ခတ်အတွင်း တတိယမြောက်တောင်ထိပ်မှ လူငယ်နှင့် တိုက်ခိုက်နေခဲ့သည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်၏ခေါင်းမှာ ပေါက်ထွက်သွားပြီး တခြားတစ်ယောက်မှာ ဓားမြှောင်ဖြင့် လည်မျိုလှီးဖြတ်ခြင်း ခံလိုက်ရသည်။

ဦးခေါင်း ထိုးဖောက်ခြင်း ခံလိုက်ရသူသည် စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းကာ ဒရောသောပါး နောက်ဆုတ်သွားသည်။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ အလျင်အမြန်ဖော်လိုက်ရာ သူ့ရှေ့တွင် လက်ခြောက်ဖက်နတ်ရုပ်ထုတစ်ခု ပေါ်လာသည်။ ၎င်းက ဟိန်းဟောက်ကာ သံတုတ်နက်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

သို့သော်လည်း ရွှီချင်း၏ဓားမြှောင်ဖြင့် လည်မျိုလှီးဖြတ်ခြင်းခံလိုက်ရသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ ထိုမျှ ကံမကောင်းပေ။

အနက်ရောင်ဓားမြှောင်မှာ မီးတောက်များအသွင်ပြောင်းလဲကာ သူ့ကို လွှမ်းခြုံသွားသည်။ တချိန်တည်းမှာပင် ရွှီချင်းက ထိုသူ၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်ရာ ထိုသူ၏နှလုံးသားတိုင်အောင် လက်သီးက ထိုးဖောက်သွားသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲတွင် ဓမ္မတံခါးနှစ်ဆယ့်ကိုးခုမှာ ပွင့်နေပြီဖြစ်ပြီး မိစ္ဆာမီးတောက်နက်များက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူးဝင်ရောက်သွားကြသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ တဟုန်းဟုန်းတောက်လောင်နေသည့်လူတစ်ယောက်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ သူ စူးစူးဝါးဝါးအော်ဟစ်လိုက်စဉ် ရွှီချင်း၏ အရိပ်သည်လည်း ထိုအခွင့်အရေးကို အမိအရယူကာ ကြမ်းတမ်းစွာ စုပ်ယူလိုက်သည်။

ရုတ်တရက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်တစ်ပိုင်း ညှိုးခြောက်သွားပြီး မီးတောက်များက အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းလာသည်။ အဏ္ဏဝါမျိုးနွယ်ဝင်မှာ ဝိညာဉ်ကို ဆုံးရှုံးလိုက်ရပြီး ဇီဝိန်ချုပ်သွားရာ သူ၏အော်ဟစ်မြည်တမ်းသံ တိခနဲ ရပ်သွားသည်။

အရိပ်၏ကိုယ်ပေါ်မှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အရှိန်အဝါများ ပို၍ပင် အားကောင်းလာပါသော်လည်း အရိပ်က လျင်မြန်စွာ ချေဖျက်ကာ ဖိနှိပ်လိုက်သည်။

ထိုအခြင်းအရာအားလုံးသည် ဖော်ပြရန်သာ ကြာပါသော်လည်း အမှန်စင်စစ် တခဏလေးအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

မျိုးနွယ်ဝင်တစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ရွှီချင်းက ဝတ်ရုံနက်စာပေသမားကို ကြည့်လိုက်သည်။ ထိုစာပေသမား၏ ရွေးချယ်မှုက သူနှင့်အတူတူဖြစ်နေသည့်အတွက် သူ အနည်းငယ် အံ့အားသင့်နေရ၏။

စာပေသမားသည်လည်း ပထမဆုံးအကြိမ်အဖြစ် တည်ကြည်လေးနက်သွားသည်။ သူသည် ထွက်ပြေးသွားသော တတိယမြောက်တောင်ထိပ်မှလူငယ်ကို ဂရုမစိုက်ဘဲ ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။

ထိုစဉ် အဝေးရှိ တည်နေရာရွှေ့ပြောင်းအစီအရင်မှ အငွေ့အသက်များ ထွက်ပေါ်လာသည်။ အလင်းများ ပြိုးပြိုးဝင်းလက်လာပြီး အရှိန်အဝါတစ်ခု လွင့်ပျံလာသည်။

ထိုအရှိန်အဝါသည် မပြင်းထန်ဘဲ အတော်လေး အားပျော့ကာ ပတ်ဝန်းကျင်ကို စစ်ဆေးရန်အတွက်သာ တည်နေရာရွှေ့ပြောင်းလာဟန်တူသည်။

ထိုအရှိန်အဝါ လွင့်ပျံလာပြီးနောက် ၎င်းက လျှို့ဝှက်နည်းကို အသုံးပြုလိုက်ရာ ရွှီချင်းကို အာရုံခံမိသွားသည်။ တခဏကြာ ရပ်တန့်သွားပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အငွေ့အသက်များ တဟုန်းဟုန်း ထွက်ပေါ်လာပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှ အာကာသကို ခုန်ကူးလာဟန်တူသည့် ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

“ မင်းကိုး။ ငါ အပြင်ရောက်တာနဲ့ မင်း အသေပဲ ”

ထိုအော်ဟစ်သံဆုံးသည်နှင့် ရွှမ်ယောက်အသွင်သဏ္ဍာန်အရှိန်အဝါများ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှ ပျံ့လွင့်လာသည်။ ထိုသူသည် ရွှီချင်း၏ ကြိမ်ဖန်များစွာ ဟန့်တားခြင်း ခံခဲ့ရသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ရွှမ်ယောက်အသွင်သဏ္ဍာန်ထုတ်ဖော်နိုင်သော ကျင့်ကြံသူမှလွဲ၍ တခြားမဟုတ်ပေ။

ရွှီချင်းကို အာရုံခံမိပြီးနောက် သူ ထောင်းခနဲ ဒေါသထွက်သွားပြီး ချက်ချင်းပင် တည်နေရာရွှေ့ပြောင်းလိုက်လေသည်။

All Chapters