← Chapters

ကော်တုက ရုပ်ထုကို ဖျက်ဆီးလိုက်ခြင်း

Vol. 5 Ch. 437

ကော်တုက ရုပ်ထုကို ဖျက်ဆီးလိုက်ခြင်း

Vol. 5 Ch. 437

ပိုင်ရှောင်ချန်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မီတာ သုံးသောင်းအကျယ် ရေပြင်ကြီးတွင် ရုတ်တရက် ရေပွက်များ တပွက်ပွက်ထလာတော့သည်။ ရေခိုးရေငွေ့များ သိပ်သည်းထူထပ်နေ၍ ထိုအရာကို သဲသဲကွဲကွဲမမြင်ရပေ။

အတန်ငယ်ဝေးသောနေရာမှ ကြည့်လျှင် ထို မီတာ သုံးသောင်းအကျယ်နေရာမှာ ရေပြင်ကြီးအသွင် ပြောင်းသွားဟန် တူနေသည်။

ပိုင်ရှောင်ချန်း၏ ခြေထောက်အောက်မှ စွမ်းအင်လှိုင်းကြီးတစ်ခု ထွက်ပေါ်လာလေရာ သူ့ ဆံပင်များ တလွင့်လွင့်ဖြစ်သွားလေသည်။

တချိန်တည်းမှာပင် ရှေးကာလများဆီမှ ပဲ့တင်ထပ်လာဟန်တူသော ဟိန်းဟောက်သံကြီးနှင့်အတူ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာရာ ကြည့်ရှုနေကြသူများအားလုံး ခေါင်းများချာချာလည်အောင် မူးနောက်သွားကြတော့သည်။

ဝေါင်းးးးး

တိုက်ပွဲကို ကြည့်ရှုနေကြသည့် ကျင့်ကြံသူများသာ ထိုအသံကို ကြားလိုက်ရသည်မဟုတ်ချေ။ အခြားနေရာများရှိ ကျင့်ကြံသူများပင်လျှင် သားရဲတစ်ကောင်၏ ပဲ့တင်ထပ်သွားသော အော်သံကို ကြားလိုက်ရလေသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ခုလုံးရှိ ဂိုဏ်းသားများသည် ဘေးပတ်လည်ကို တုန်လှုပ်စွာ ကြည့်လိုက်ကြပြီး အများစုမှာ အထိတ်တလန့် အော်လိုက်ကြသည်။

" ဘာကြီးလဲဟ"

" မင်း ကြားလိုက်လား ။ ဘယ်လို သားရဲမျိုးက အဲ့လိုအသံမျိုးနဲ့ အော်လိုက်တာတုံး "

" ဘုရားးရေ ။ ငါတို့ နတ်မီးလျှံ စမ်းသပ်ပွဲအပြင်ရောက်နေတာတောင် ကြားလိုက်ရပါလား။ ဘယ်လို နတ်ဘုရား စွမ်းအင်ကြီးတုန်း"

ထိုအချိန်တွင် ကုံ သက်တန့်ဒေသအပေါ်၌ မိုးထိအောင် မြင့်မားနေသော နီရဲနေသည့် တောင်တစ်လုံးရှိလေသည်။ တောင်ထိပ်တွင် မီးလျှံအလား ဆံပင်ရှည်များနှင့် မိန်းမပျိုတစ်ဦး တရားထိုင်နေ၏။ သူမမှာ အလွန်လှပချောမောပြီး သူမ၏အနားသို့ချည်းကပ်လာသည့်မည်သူ့ကိုမဆို လောင်ကျွမ်းသွားစေနိုင်သည့် မမြင်နိုင်သော မီးလျှံများက သူမကို ဝန်းရံထားဟန်ရှိနေသည်။

စောစောက သူမသည် တရားအားထုတ်ခြင်းအပေါ်တွင်သာ လုံးဝ စိတ်နှစ်ထားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း ထိပ်တန်းကြယ်ပွင့်များစမ်းသပ်ပွဲကို အာရုံစိုက်မနေပေ။ သို့သော် သားရဲဟိန်းဟောက်သံကြီးထွက်ပေါ်လာသည်နှင့် သတိပြုမိသွားပြီး သူမ၏မျက်နှာ ဝင်းလက်သွားကာ အနန္တကြယ်သက်တန့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

" အင်း.. ကုန်းစွမ်းဝမ်အာတစ်ယောက်ပဲ ဝိညာဥ်အမဲလိုက်ခရီးမထွက်ခင် သက်တန့်ရဲ့ ခရမ်းရောင်အပိုင်းကို ရောက်နိုင်လိမ့်မယ်ထင်တာ။ ငါထင်တာမှားသွားပြီပဲ "

ထိုမိန်းကလေးမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များထဲမှ အဆင့်သုံးနေရာကို နေရာသိမ်းပိုက်ထားသော ချိန်ယွဲ့ရှန်ပင်။

သူမ တစ်ယောက်တည်းသာ ထိုအဖြစ်အပျက်ကို သတိပြုမိသူ မဟုတ်ပေ။ ကျစ်သက်တန့်ဒေသပေါ်ရှိ နက်ရှိုင်းသော ရေကန်ထဲတွင် နှုတ်ခမ်းပါးလေးနှင့် အေးစက်စက် မျက်လုံးပိုင်ရှင် အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေသော လူငယ်လေးတစ်ယောက်ရှိလေသည်။ သူသည် လုံးဝသနားညှာတာခြင်းကင်းမဲ့ဟန်တူပြီး လက်ရှိအချိန်တွင် အမုန်းဝိညာဥ်များနှင့် ပြင်းထန်သောတိုက်ပွဲ ဆင်နွှဲနေလေသည်။ ဝိညာဥ်များမှာ ပြင်းထန်သောတိုက်ကွက်များထုတ်နေသည့်တိုင်အောင် လူငယ်လေး၏ ကျွမ်းကျင်ကျင်ကျင် သုတ်သင်ခြင်း ခံနေရတော့သည်။

ဟိန်းဟောက်သံကြီးပေါ်လာသည်နှင့် သူက တုန့်ခနဲ ရပ်လိုက်ပြီး နားလည်ရခက်သော အရိပ်အယောင်များ လက်နေသည့် မျက်လုံးများနှင့် အပေါ်သို့မော့ကြည့်လိုက်သည်။

" သက်တန့်ရဲ့ ခရမ်းရောင်အပိုင်းကို ဘယ်သူရောက်ရောက် ကိစ္စမရှိဘူး။ ဝိညာဥ်အမဲလိုက်ခရီး စတာနဲ့ ငါ့လမ်းရှုပ်တဲ့ ကောင်မှန်သမျှ သတ်ပစ်မယ်"

ထိုလူငယ်လေးမှာ ချိန်ယွဲ့ရှန်ထက်ပင် အဆင့်မြင့်သော ဂိုဏ်းရှိ ထိပ်တန်းကြယ်ပွင့်များမှ တစ်ဦးဖြစ်သည်။ သူက အဆင့် နှစ် နေရာကို သိမ်းပိုက်ထားပြီး တာအိုနာမည်မှာ ဟီရတစ်ဟု အသိများလေသည်။

ထိုဟိန်းဟောက်သံကြီးမှာ စမ်းသပ်ပွဲအပြင်မှ လူများပင် ကြားရလောက်သည်အထိ ကျယ်လောင်သည်ကို စဥ်းစားကြည့်ပါလျှင် ကုန်းစွန်းဝမ်အာ၏ ရုပ်ထုအပေါ် မည်မျှသက်ရောက်မှုရှိကြောင်း ဖော်ပြရန်ပင်မလိုတော့ချေ။ သူမ၏ မျက်လုံးများ တလက်လက်တောက်ပလာပြီး နောက်ဆုတ်မည့်အစား အရိုးဓားကြီးကို ယခင်ထက်ပိုမြန်သော အရှိန်ဖြင့် ပိုင်ရှောင်ခန်းထံ ပစ်လွှတ်လိုက်သည်။

အရိုးဓားက လေကို ထိုးခွင်းသွားလေရာ နားကွဲလုမတတ် တရွှီရွှီမြည်သံများ ထွက်ပေါ်နေတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက လက်များကို ဝှေ့ယမ်းလိုက်ကာ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေလျက် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

" ..... ကော်တု"

မီတာ သုံးသောင်းအကျယ်နေရာကြီးတစ်ခုလုံးမှာ ဧရာမရေအိုင်ကြီးအသွင် ပြောင်းလဲသွားပြီး နားကွဲလုမတတ် ထစ်ခြုန်းမြည်ဟည်းသံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် မဖော်ပြနိုင်လောက်အောင် ကြီးမားသော အချွန်အတက်ကြီးတစ်ခုက မြေကြီးထဲမှ တောင်ကြီးသဖွယ် ထိုးထွက်လာကာ တစ်ကမ္ဘာလုံး ပြည့်သွားတော့သည်။ ဧရာမ အချွန်အတက်ကြီး၏ အောက်တွင် အမည်းရောင်ကြေးခွံအရေပြားကို မြင်နိုင်လေသည်။

ထို့အပြင် အောက်ရှိသတ္တဝါကြီးအပေါ်တွင် ပို၍ပင် များပြားသော အချွန်အတက်များနှင့် ပြည့်နှက်နေတော့သည်။ မီတာ သုံးသောင်းအကျယ်နေရာကြီးမှာ အမှန်တကယ်အားဖြင့် အောက်ဖက်ရှိ ကြောက်ခမန်းလိလိ သားရဲကြီးကို ရိပ်ခနဲသာမြင်လိုက်ရသည့် ပြတင်းပေါက်တစ်ချပ်အလားပင်။

ပထမအချွန်အတက်ကြီးပေါ်ထွက်လာသည်နှင့် ကုန်းစွမ်းဝမ်အာ၏ရုပ်တုကြီးကို ရိုက်ခတ်သွားရာ ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားတော့သည်။ ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည့် လူများအားလုံး ပင့်သက်ရှိုက်သွားကြပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့်များရှိ အဆင့်မြင့်သော လူများမှာမူ အားလုံးအထဲ အတုန်လှုပ်ဆုံး ဖြစ်သွားပုံရသည်။ ချိန်ယွဲ့ရှန်နှင့် ဟီရတစ်တို့မှာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြတော့သည်။

မိုးခြိမ်းသံကိုပင် ကျော်လွန်သွားသည့် အလွန်ကျယ်လောင်သော ထစ်ခြုန်းသံကြီးက အပြာရောင်နတ်မီးလျှံတစ်ခုလုံး ပြည့်နှက်သွားတော့သည်။ မြေထုကြီးနှစ်ခုတိုက်မိသွားသည့်အလား ဖျက်စီးခြင်းတုန်ခါလှိုင်းများ ထုတ်လွှတ်လိုက်ရာ ကုန်းစွန်းဝမ်အာ၏ အရိုးဓားကြီးမှာ ချက်ချင်းပင် တစစီ ကွဲကြသွားတော့သည်။

တစ်ဆက်တည်းမှာပင် သူမ၏ရုပ်ထုကြီးသည်လည်း မှေးမှိန်သွားကာ အက်ကွဲကြောင်းများစွာ ဖုံးလွှမ်းသွား၏။ သူမက နောက်သို့ တဟုန်ထိုး ပြန်ဆုတ်လိုက်သော်လည်း အချိန်မရွေး ပြိုလဲကျသွားတော့မည့်အလား ဖြစ်နေတော့သည်။ သို့သော်လည်း သူမ၏ အရိုးဓားကြီးမှာ မည်သည့်နည်းနှင့်မျှ သာမန်မဖြစ်နိုင်ပေ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပျက်စီးသွားသည့်တိုင်အောင် ဓားချီများ တည်ရှိနေဆဲဖြစ်ပြီး ၄င်းက ဧရာမအရိုးချွန်ကြီးကို ထိုးဖောက်၍ ပိုင်ရှောင်ချန်းထံ သွားနေတော့သည်။

ဤသည်မှာ သူ၏ ရွှယ်ကျဲကော်တုကို တစ်စုံတစ်ယောက်က ထိုးဖောက်နိုင်သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး ဓားချီများမှာ အလွန်လျင်မြန်စွာ ရွေ့လျားနေလေရာ သူ့အတွက် ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။

ဓားချီများက သူ့ကို ထိသွားသောအခါ ပါးစပ်မှ သွေးများပန်းထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကြောင့် တဆတ်ဆတ်တုန်ခါနေသည်။ သူ၏ အရိုးများဖြစ်စေ၊ အသွေးအသားများဖြစ်စေ ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရပြီး ကြိုးပြတ်သွားသည့် စွန်အလား နောက်သို့ ယိမ်းယိုင်သွားလေသည်။

ကြည့်ရသည်မှာ ပြိုင်ဘက်နှစ်ဦးက လက်ရည်တူနေပုံရပြီး ယခုအခါ နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရနေလေပြီ။

အပြင်ဘက်ရှိ လူများမှာ သူတို့၏ နှလုံးသားများကို အံသြတုန်လှုပ်ခြင်းလှိုင်းများ အဆက်မပြတ် ဝင်ဆောင့်နေသည့်အလား ခံစားနေရတော့သည်။ သူတို့သည် ပိုင်ရှောင်ချန်း၏ မှော်သိုင်းများကြောင့် လုံးဝတုန်လှုပ်နေရုံသာမက အမြုတေအဆင့်တိုက်ပွဲများ၏ အပြင်းထန်ဆုံးတိုက်ပွဲကို ကြည့်နေရသည့်အတွက် စိတ်အားထက်သန်မှုများနှင့် ပြည့်နေတော့သည်။

အဆုံးသတ်တွင်

ပိုင်ရှောင်ချန်းက ရှုံးနိမ့်သွားလျှင်တောင် လူအများအာရုံစိုက်ခြင်း ခံရမည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်လေသည်။

" သူတို့နှစ်ယောက်လုံးက ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်တွေနဲ့ အဆင့်တူ နီးပါးပဲ"

" ကုန်းစွန်းဝမ်အာက နှောင်းပိုင်း အမြုတေအဆင့်ကို ရောက်နေပြီ။ ဒါပေမယ့် ဒီလူ ပိုင်ရှောင်ချန်းကတော့ အလယ်ပိုင်း အမြုတေအဆင့်ပဲရှိသေးတယ်"

" ကျုပ် လိုက်မေးကြည့်တုန်းက ပိုင်ရှောင်ချန်းက အလယ်ပိုင်းဒေသမှာရှိတဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းကလို့ ပြောတယ်။ ကုန်းစွန်းဝမ်အာကလည်း အဲဒီဂိုဏ်းကပဲတဲ့။ ဘုရားဘုရား… အဏ္ဏဝါခေါ်သံဂိုဏ်းက ဒီလောက် အံ့သြဖွယ်ကောင်းတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ သူတို့ လွှတ်လိုက်တဲ့ ဓားစာခံနှစ်ယောက်လုံးက ကောင်းကင်ဘုံကိုတောင် တွန်းလှန်ပစ်နိုင်တယ်"

ဖြစ်ပျက်နေသော ကိစ္စရပ်များကို လူတိုင်း ဆွေးနွေးငြင်းခုံနေကြစဥ် အပြာရောင် နတ်မီးလျှံစမ်းသပ်ပွဲအတွင်း ကုန်းစွန်းဝမ်အာ၏ အက်ကွဲနေသော ရုပ်တုကြီး၏ မျက်လုံးများမှ အေးစက်စက်အလင်းများ တောက်ပလာပြီး ခေါင်းမော့လာ၏။ ထို့နောက် သူမက နဖူးပေါ်တွင် လက်ဝါးကို လှမ်းတင်လိုက်သည်။

ဖောက်ခနဲ နဖူးပေါက်သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများ ပို၍ ပျံ့ နှံ့သွားတော့သည်။ သို့သော်လည်း နဖူးကိုဖောက်လိုက်ခြင်းဖြင့် စစ်မှန်သော အေးစိမ့်ချီများကို ဆွဲထုတ်လိုက်လေရာ ဝုန်းဒိုင်းကြဲ ထွက်လာတော့သည်။

အေးစိမ်ချီများ ပျံ့နှံ့လာသည်နှင့် အက်ကွဲသံများကြားလိုက်ရပြီး ကုန်းစွန်းဝမ်အာရုပ်တု၏ ဘေးပတ်လည်ရှိ အရာအားလုံးမှာ အေးခဲသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမက မီတာ ဒါဇင်ပေါင်းများစွာ မြင့်မားသည့် ဧရာမရေခဲဘီလူးကြီးအသွင်ပြောင်းသွားတော့သည်။

သူမက ရေခဲဘီလူးကြီးဖြစ်သွားသည် ဆိုလျှင် ကြီးကျယ်နေလိမ့်မည်မဟုတ်ေချ။ သို့သော်က သူမက အရွယ်အစားကြီးလာစဥ် သူမ၏ပတ်လည်ရှိ အေးစိမ့်ချီများမှာ သေစေနိုင်ေလာက်သည်အထိ အေးစိမ့်လာပြီး မီတာ သုံးသောင်းနယ်ပယ်အတွင်းရှိ အပူချိန်မှာ အလွန်လျင်မြန်စွာ ကျဆင်းလာကာ အရာအားလုံးမှာ လုံးဝအေးခဲသွားတော့သည်။

အေးစိမ့်ချီသည် အလွန်စွမ်းအားကြီးလေရာ လေထုကြီးပင် အေးခဲသွားပြီး မြေပြင်မှာ အပိုင်းပိုင်း ကွဲကြေလာတော့သည်။

ထိုနေရာတစ်ခုလုံး အေးခဲသွားသည့်အတွက် တဖောက်ဖောက်မြည်သံများသာ ကြားနေရတော့သည်။

ထိုမျှသာမက ကုန်းစွန်းဝမ်အာမှာ ဆက်လက် ကြီးမားလာလေသည်။

" အေးစိမ့် နိဂုံး "

အပြင်ဘက်ရှိ လူတိုင်းမှာ အလွန်အမင်း တုန်လှုပ်နေကြပြီး ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များပင် တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ တချို့မှာ ကုန်းစွန်းဝမ်အာ၏ အေးစိမ့်ချီများက မည်သည့်နေရာမှ လာနေသည်ကို သတိပြုမိလိုက်လေရာ တအံ့တသြ ရေရွတ်မိလိုက်ကြသည်။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ တဖြည်းဖြည်း သတိပြုမိလာလေရာ သူတို့အမူအရာများတွင် အံ့သြမှုများ ထင်ဟပ်နေတော့သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ပင်လျှင် တိုက်ပွဲကို ကြည့်ရှုရန် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာတော့သည်။

သူတို့ပင် ထိုသို့ ဖြစ်ပျက်နေပါက အခြားလူများမှာ ဆိုဖွယ်ရာမရှိတော့ပြီ။ အပြာရောင်နတ်မီးလျှံစမ်းသပ်ပွဲအတွင်း အေးစိမ့်နိဂုံးသိုင်းစွမ်းအားကို အာရုံရလိုက်သဖြင့် ပိုင်ရှောင်ချန်း မျက်နှာပျက်သွားတော့သည်။ အချိန်အနည်းငယ်အတွင်း သူသာ် အေးခဲသွားကာ ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ အသတ်ခံရတော့မည်ဖြစ်ကြောင်း သိလိုက်လေသည်။

" သောက်ကျိုးနည်းကွာ.. ကုန်းစွန်းဝမ်အာက ဒီလို အေးစိမ့်ချီတွေကို ဘယ်လိုလုပ်ရသွားတာတုံး "

သေရေးရှင်ရေးအချိန်တွင် ပိုင်ရှောင်ချန်းသည် အလျင်အမြန်အေးခဲနေသည့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ရွေးချယ်စရာ တစ်ခုသာရှိတော့ကြောင်း သိလိုက်လေသည်။

" အသက်ဝင်တောင်ဂါထာ " သူ့ပါးစပ်ထဲမှ ထိုစကားလုံးများ ထွက်သွားသည်နှင့် သူ့မျက်လုံးတစ်ဖက်စီတွင် ကျောက်ဘီလူးကြီးနှစ်ကောင်၏ ပုံရိပ်များပေါ်လာလေသည်။ တချိန်တည်းမှာပင် သူ့ဘေးပတ်လည်တွင် ကျောက်ဘီလူးကြီးတစ်ကောင်၏ ပုံစံဖြစ်တည်လာတော့သည်။

တောင်နဲ့ ပေါင်းစပ်သွားတဲ့အခါ မင်းက တောင်ဖြစ်လာပြီး တောင်က မင်းဖြစ်သွားလိမ့်မယ်….

ဝုန်း…

ပိုင်ရှောင်ချန်းကို မမြင်ရတော့ပေ။ ထိုအစား လူတိုင်းမြင်လိုက်ရသည်မှာ မီတာဒါဇင်ပေါင်းများစွာ မြင့်မားသော ဧရာမကျောက်ဘီလူးကြီးတစ်ကောင်ဖြစ်နေတော့သည်။

ချက်ချင်းပင် ကျောက်ဘီလူးကြီးက မည်သည့် အမြုတေအဆင့်ကျင့်ကြံသူကိုမဆို ကြောက်လန့်တုန်လှုပ်သွားစေသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် ပင့်သက်ရှိုက်မိသွားကြ၏။ ထိုစွမ်းအင်ထွက်ပေါ်သည်နှင့် အေးစိမ့်ချီများထံသို့ အရှိန်ပြင်းစွာ တိုးဝင်သွားပြီး အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာလေသည်။

အပြင်ဘက်ရှိ အချို့ကျင့်ကြံသူများမှာ မည်သည့်အရာကို မြင်နေရကြောင်း သတိပြုမိသွားလေရာ တအံ့တသြအော်သံများ ထွက်ပေါ်လာတော့သည်။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် တုန်လှုပ်နေကြလေသည်။

" အသက်ဝင်တောင်ဂါထာ"

ကုန်းစွန်းဝမ်အာ၏ အေးစိမ့်နိဂုံးသိုင်းကွက်က အတော်လေး အံ့သြတုန်လှုပ်ဖွယ်ကောင်းနေသော်လည်း အသက်ဝင်တောင်ဂါထာပါ ပေါင်းစပ်လိုက်သည်တွင် လူတိုင်း၏ မျက်လုံးများ ပြူးထွက်ကုန်ကြသည်။

" တစ်ယောက်ယောက်က အသက်ဝင်တောင် ဂါထာကို အောင်မြင်အောင် ကျင့်ကြံနိုင်လိမ့်မယ်လို့ ကျုပ် လုံးဝ မယုံခဲ့ဘူး"

" ဒီလူပိုင်ရှောင်ချန်းက တကယ်ကို လက်ဖျားခါလောက်ပါတယ်"

ဂိုဏ်းခေါင်းဆောင်၏ မျက်နှာမှာပင် အလွန်လေးနက်သော အရိပ်အယောင်တစ်ခု ရှိနေသည်။

ထိုအချိန် အဆုံးမဲ့မဟူရာချောက်၏ အပြင်ဘက် ကျောက်တုံးကြီးပေါ်တွင် ကျောက်တောင်က ထိုင်နေပြီး သူ့မျက်လုံးများမှာ ထူးဆန်းသောအလင်းများ တလက်လက်တောက်ပနေသည်။ သူ၏ အပြုံးမှာ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်တန်ရာသည်။

ထိုအခိုက်အတန့်တွင် ရေခဲဘီလူးကြီးသည် ဧရာမကျောက်ဘီလူးကြီးနှင့် မျက်နှာချင်းဆိုင်နေပြီး နှစ်ကောင်လုံးမှ ထုတ်လွှတ်နေသော စွမ်းအားများကြောင့် အပြာရောင်နတ်မီးလျှံ စမ်းသပ်ပွဲတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါနေတော့သည်။

" သေစမ်းကွာ "

ပိုင်ရှောင်ချန်းက မာန်သွင်းအော်ဟစ်လိုက်လေသည်။

All Chapters