← Chapters

အားနွဲ့သူကို နင်းချေပစ်နိုင်သည့် ကြီးမားသော စွမ်းအား

Vol. 16 Ch. 231

အားနွဲ့သူကို နင်းချေပစ်နိုင်သည့် ကြီးမားသော စွမ်းအား

Vol. 16 Ch. 231

“ အာ … ”

ရောက်ခါနီးပြီဖြစ်သော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကျင့်ကြံသူမှာ ဆတ်ခနဲ ရပ်သွားသည်။

သူသည် အသက်ရှင်စဉ်အခါက လူသားမဟုတ်သောမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး သူ့ပုံစံက လူသားတစ်ယောက်ပုံစံ ဖြစ်ပါသော်လည်း မျက်လုံးခြောက်လုံးပါသည်။ မျက်လုံးနှစ်လုံးက ပုံမှန်နေရာတွင် ရှိပြီး တစ်လုံးက မျက်ခုံးမွေးနှစ်ခုကြား၊ နှစ်လုံးက ပါးနှစ်ဖက်နှင့် တစ်လုံးက နောက်စေ့တွင် ရှိသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၌ သူ့ခန္ဓာကိုယ်တစ်ဝက်ကျော် ရုပ်လုံးပေါ်လာပြီဖြစ်ပြီး သူ့ခေါင်းနှင့် မျက်လုံးတို့ ပေါ်နေပြီဖြစ်သည်။

သူ၏အသက်ရှူသံများ သိသိသာသာ မြန်ဆန်နေပြီး ရွှီချင်းကို ကြည့်နေသည့် မျက်လုံးငါးလုံးဖြစ်စေ၊ နောက်စေ့မှမျက်လုံးဖြစ်စေ ၎င်းတို့အားလုံး မှေးနေကာ မယုံကြည်နိုင်ဟန်များ၊ ထိတ်လန့်အံ့အားသင့်ခြင်းများဖြင့် ပြည့်နေသည်။ သူ့စိတ်ထဲမှ ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

“ မင်း … သက်စောင့်မီးလုံး … ဒါ … ဒါကြီးက … ”

ရွှမ်ယောက်အသွင်သဏ္ဍာန်သို့ ရောက်နေသည့် ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ စိတ်ထဲ တဝုန်းဝုန်းမြည်ဟည်းနေသလို ခံစားနေရပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ သေရေးရှင်ရေးအန္တရာယ်ကြောင့် သူ့ဝိညာဉ်တုန်ခါနေကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖျက်ဆီးရန်မှလွဲပြီး သူ့စိတ်ထဲ တခြားအရာ မရှိတော့ပေ။ သို့သော်လည်း တည်နေရာရွှေ့ပြောင်းခြင်းက ပြီးခါနီးဆဲဆဲဖြစ်၍ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲမှာ သူ ဘာမှမလုပ်နိုင်ပေ။ စာပေသမားကို သူ အလျင်အမြန် အော်ပြောလိုက်၏။

“ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မြန်မြန်ဖျက်ဆီးလိုက် ”

အမှန်စင်စစ် သူတစ်ယောက်တည်းသာ တုန်လှုပ်သွားသည်မဟုတ်၊ ရွှီချင်းအနားသို့ ချဉ်းကပ်ရန်ပြင်နေသော ဝတ်ရုံနက်စာပေသမားသည်လည်း စိတ်ထဲ တဝီဝီမြည်သွားသလို ခံစားလိုက်ရသည်။

ထိုအခိုက် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ မီးတောက်များ၏ အလင်းရောင်နှင့် အပူရှိန်မှာ ကြောက်စရာကောင်းလွန်းလှသည်။

မီးတောက်ပေါက်ကွဲလိုက်သည့်အလား ထိုစွမ်းအင်များကြောင့် ဝတ်ရုံနက်စာပေသမားမှာ သူ၏မျက်လုံးများကို အပ်ကလေးများ မရေမတွက်နိုင်လောက်အောင် ထိုးစိုက်လိုက်သည့်အလား ခံစားလိုက်ရသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ရွှီချင်းကို တည့်တည့်မကြည့်နိုင်တော့ပေ။ သူသည် တုန်လှုပ်ချောက်ချားလွန်း၍ သူ့စိတ်အခြေအနေ ပြိုလဲသွားလုနီးပါး ဖြစ်သွားသည်။

ဝတ်ရုံနက်စာပေသမားမှာ မည်ကဲ့သို့ ချဉ်းကပ်ဝံ့တော့မည်နည်း။ အသက်ဘေးအန္တရာယ်က သူ့စိတ်ထဲတွင် စိုးမိုးသွားပြီဖြစ်ပြီး သူ့ရှေ့တွင်လမ်းတစ်လမ်းသာ ရှိတော့သည်။

ထိုလမ်းမှာ မျိုးနွယ်စု၏ စည်းမျဉ်းကို ချိုးဖောက်ကာ အထက်လူကြီး၏ စကားကို နားမထောင်ရန် ဖြစ်ပေသည်။ သူတု့ိ ရောက်ရှိလာသည်ကို ရန်သူက သိနေပြီဖြစ်ရာ သူ လွတ်မြောက်အောင် ပြေးရပေမည်။

သူ ချက်ချင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်ကာ နောက်ဆုတ်လိုက်သည်။

ထိုစဉ် အဝေးတွင် ရပ်နေသော ရွှီချင်းက ခေါင်းမော့လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲရှိ မီးတောက်က ကောင်းကင်နှင့်မြေပြင်ကို လှုပ်ယမ်းကာ ဘေးပတ်လည်ရှိ ပင်လယ်ရေများကို တဟုန်းဟုန်း လောင်ကျွမ်းနေသည်။ နတ်ဘုရားသားတော်တစ်ပါးအလား သူ့မျက်လုံးများထဲမှပင် မီးတောက်များ ထုတ်လွှတ်နေသည်။

သူ၏အကြည့်က အတားအဆီးများစွာကို ဖောက်ထွင်းပစ်နိုင်ဟန်တူသည်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အငွေ့အသက်များသည်ပင် ယင်းကို မဟန့်တားနိုင်ပေ။ ရွှီချင်းက မျက်လုံးခြောက်လုံးနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို မမှိတ်မသုန် ကြည့်လိုက်သည်။

ဝတ်ရုံနက်စာပေသမားသည် နှေးကွေးစွာ ပြေးနေသည်။ ဘေးပတ်လည်မှ ဖုန်မှုန့်များသည် ရပ်တန့်သွားဟန်တူပြီး အရာအားလုံး မလှုပ်မယှက်ဖြစ်သွားဟန်တူသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အငွေ့အသက်များသည် ရေထဲတွင် မှင်ရည်များ စွန်းထင်းသွားသည့်အလား ဖြည်းညင်းစွာ ပျံ့ကျဲနေသည်။ မျက်လုံးခြောက်လုံးကျင့်ကြံသူသည်သာ အတန်ငယ် မြန်ဆန်စွာ ရွေ့လျားနေသည်။

သို့သော်လည်း ယင်းသည်ပင် အလွန် နှေးကွေးနေ၏။

ရွှီချင်း၏ စူးစိုက်ကြည့်ခံနေရခြင်းကြောင့် မျက်လုံးခြောက်လုံးကျင့်ကြံသူမှာ စိတ်ထဲ တုန်ရီသွားရပြီး သိသိသာသာ မျက်နှာပျက်သွားကာ မထိန်းချုပ်နိုင်တော့ဘဲ စိတ်ထဲမှ အော်ဟစ်မြည်တမ်းလိုက်သည်။

“ မီးလုံးနှစ်လုံး၊ ဒါ သေချာပေါက် နှစ်လုံးပဲ။ ဒီသတ္တမမြောက်တောင်ထိပ်က ဂိုဏ်းသားက သက်စောင့်မီးလုံးနှစ်လုံး ရှိနေတာတောင် ငါ့ကို ဘာလို့ စောစောကတည်းက မထွက်ခိုင်းရတာတုံး ”

သူ စိတ်ထဲမှ အော်ဟစ်မြည်တမ်းနေစဉ် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှာ ရုတ်တရက် ပျက်စီးတော့မည့်လက္ခဏာများ ပြလာသည်။

အစီအရင်၏ တခြားတစ်ဖက်မှ လူက ထိုကပ်ဘေးမှ ရှောင်ရှားနိုင်ရန် အစီအရင်အား ကူညီ၍ ဖျက်ဆီးပေးလိုက်ခြင်း ဖြစ်ပေသည်။

သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။

ရွှီချင်းက ညာလက်ကို မြှောက်၍ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသာအယာ ဖိချလိုက်သည်။

ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ မီးတောင်ကြီးထဲမှ အမည်းရောင်မိစ္ဆာမီးလုံးတစ်လုံး ထွက်လာပြီး ပြန့်ကားသွားကာ ဧရာမမီးလက်ဝါးကြီးအသွင် ချက်ချင်း ပြောင်းလဲ၍ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ ကျဆင်းသွားသည်။

ထိုလက်ဝါးကြီးက အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သော အပူဓာတ်ကို ထုတ်လွှတ်နေသည်။ ထိုလက်ဝါးကြီး ကျဆင်းလာသည်နှင့် မြေပြင်မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မည့်အလား အက်ကွဲကြောင်းများ ထလာသည်။

ပေါင်းပင်များအားလုံး ညှိုးခြောက်ကာ ပြာဖြစ်သွားသည်။ ဘေးပတ်လည်မှ ပင်လယ်ရေသည်လည်း ချက်ချင်း အငွေ့ပျံသွားလေရာ ခြောက်ကပ်ကပ်မြေသားလွှာပေါ်လာပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ပေါ်လာသည်။

ယင်းကြောင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲတွင် သွေးရူးသွေးတန်းဖြစ်ကာ စူးစူးဝါးဝါးအော်ဟစ်နေသော မျက်လုံးခြောက်လုံးနှင့် ကျင့်ကြံသူပေါ်လာသည်။

သူ ထွက်ပြေးရန် အချိန်မရှိတော့ပေ။ သေရေးရှင်ရေးအန္တရာယ်ကြောင့် သူ အော်ဟစ်မြည်တမ်းကာ အစွမ်းကုန်ထုတ်ဖော်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲမှ နောက်ထပ် လက်လေးဖက်ထွက်လာသည်။

သူက လက်ခြောက်ဖက်လုံးကို မြှောက်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးတောက်ကို ပေါက်ကွဲစေကာ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းလိုက်သည်။ ထိုအချိန်၌ သူသည် တွေဝေတွန့်ဆုတ်မနေဘဲ ဓမ္မတံခါးများအားလုံးကို ဖျက်ဆီးကာ သူ့တစ်ကိုယ်လုံးကို မီးလုံးကြီးတစ်လုံးအသွင် ပြောင်းလဲ၍ ရွှီချင်း၏ မီးနက်လက်ဝါးကို ခုခံလိုက်သည်။

တချိန်တည်းမှာပင် သူက ဓမ္မအဆောင်သုံးခုကိုလည်း ထုတ်လိုက်ပြီး ပြာလဲ့လဲ့ကျောက်စိမ်းတစ်လုံးကို ထွေးထုတ်လိုက်သည်။ သူသည် စိတ်ဓာတ်ကျနေသည့်တိုင်အောင် ရက်စက်ကြမ်းကြုတ်ခြင်းအပြည့်ရှိနေသည်။

သို့သော်လည်း ယင်းသည် မလုံလောက်ပေ။

သက်စောင့်မီးလုံးတစ်လုံးက သက်စောင့်မီးအိမ်နှင့် ကျင့်ကြံသူ၏ ရန်သူဖြစ်ရန် မထိုက်တန်ပေ။

မီးနက်လက်ဝါးကြီး ကျဆင်းလာပြီး ဘေးပတ်လည်ရှိအရာအားလုံး ပြာဖြစ်သွားကာ မျက်လုံးခြောက်လုံးကျင့်ကြံသူ၏ ဓမ္မအသုံးအဆောင်များသည်လည်း အသုံးမဝင်တော့ပေ။ ဓမ္မအသုံးအဆောင်နှစ်ခုမှာ ချက်ချင်း အက်ကွဲကာ ပျက်စီးသွားသည်။ တတိယမြောက်ဓမ္မအသုံးအဆောင်သည်လည်း အသက်တစ်ဝက်ရှူချိန်အတွင်း ပျက်စီးသွားသည်။

နောက်ဆုံးပျက်စီးသွားသည်မှာ ပြာလဲ့လဲ့ကျောက်စိမ်းဖြစ်သည်။ ထိုကျောက်စိမ်းက တဖျစ်ဖျစ်မြည်ကာ ပျက်စီးသွားပြီးနောက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ကြီး စတင်ပြိုလဲလာသည်။

မျက်တောင်တစ်ချက်ခတ်အတွင်း သူ၏လက်ခြောက်ဖက်ထဲမှ သုံးဖက် ပျက်စီးသွားသည်။ သွေးများ ဖွာခနဲ ပန်းထွက်လာပြီး သူ့ခြေထောက်များမှာ တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲသွားသည်။

ကြောက်ခမန်းလိလိအားကြီးကြောင့် ကျန်ရှိနေသော လက်သုံးဖက်သည်လည်း တွန့်လိမ်ကာ တောင့်မခံနိုင်တော့ဘဲ အပြာရောင်သွေးမြူများအဖြစ် ပေါက်ကွဲသွားသည်။

လက်ဝါးနက်ကြီးက အညှာအတာမဲ့စွာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး အောက်ရှိအရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင် ပျက်စီးကာ ပြာများဖြစ်သွားသည်။

မြေပြင်ပေါ်တွင် နက်ရှိုင်းသော လက်ဝါးရာကြီးပေါ်လာပြီး မျက်လုံးခြောက်လုံးနှင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ လုံးလုံးလျားလျား ပျက်စီးသွားကာ စိမ်းဖန့်ဖန့်မီးလုံးတစ်လုံးသာ ကျန်ခဲ့သည်။ အချိန်မရွေး ငြိမ်းသက်သွားတော့မည့်အသွင်ရှိသော စိမ်းဖန့်ဖန့် မီးလုံးသည် အဝေးသို့ အရူးအမူး ပြေးထွက်သွားသည်။

၎င်းသည် သက်စောင့်မီးတောက်အပေါ်သေးသည့် ကျင့်ကြံသူများ၏ အမြင်၌ ကြောက်ခမန်းလိလိမြန်ဆန်နေပြီး ရှင်းရှင်းလင်းလင်း မြင်ရမည်မဟုတ်ပါသော်လည်း ရွှီချင်း၏အမြင်၌ ယင်းသည်ပင် နှေးကွေးလွန်းနေသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထိုခြေလှမ်းနှင့် ဘေးပတ်လည်မှ ပင်လယ်ရေများ လှိုင်းထန်သွားပြီး အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။

သူသည် ကြောက်ခမန်းလိလိ မြန်ဆန်ပြီး မျက်တောင်တစ်ချက်ခတ်အတွင်း အတားအဆီးများအားလုံးကို ဖောက်ထွင်းကာ မျက်လုံးခြောက်လုံးကျင့်ကြံသူရှေ့၌ ပေါ်လာကာ ဆတ်ခနဲ ဆွဲလိုက်သည်။

သူသည် ထိုကျင့်ကြံသူ၏ သက်စောင့်မီးလုံးကို ဂရုမစိုက်ဘဲ ကြက်ပေါက်စလေးတစ်ကောင်ကို ဆွဲယူနေသည့်အလား ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကို ဆွဲယူလိုက်သည်။

ထိုကျင့်ကြံသူမှာ အပြင်းအထန် ရုန်းကန်ပါသော်ငြား အသုံးမဝင်ပေ။ နောက်ဆုံး၌ စူးစူးဝါးဝါး အော်ဟစ်သံများကြားတွင် မီးတောက်နက်များက ရွှီချင်း၏ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားသည်။

ရွှီချင်းက ထိုသူ၏ဝိညာဉ်ကို ချက်ချင်း သန့်စင်လိုက်သည်။

သို့တိုင်အောင် သေလုမျောပါးဖြစ်နေသော မျက်လုံးခြောက်လုံးနှင့် ကျင့်ကြံသူမှာ အနှီချီရွှဲ့ထုံဂိုဏ်းသားက အလွန် အစွမ်းထက်ပါလျက် သူ၏တည်နေရာရွှေ့ပြောင်းခြင်းအား ကြိမ်ဖန်များစွာ နှောင့်ယှက်ခဲ့ရသည်ကို နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။

သက်စောင့်မီးလုံး ပေါ်လာပြီးနောက် ထိုကဲ့သို့ အဆင့်တစ်ခုသို့ ရောက်နိုင်သော လူတစ်ယောက်ကို သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူ သိရသရွေ့ ရွှီချင်းက ယခုလေးတင် သက်စောင့်မီးလုံး ပေါ်လာသည်မှာ လုံးဝမဖြစ်နိုင်ပေ။

အသက်သုံးကြိမ်ရှူစာပြည့်သောအခါတွင် ရွှီချင်းက ညှစ်ထားသည်အား ဖြေလျော့လိုက်သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဝိညာဉ်မှာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး မီးစာအလား တဟုန်းဟုန်းတောက်လောင်နေသည်။

ထို့နောက် ရွှီချင်းက သူ့မျက်လုံးများထဲတွင် နှေးကွေးစွာ ထွက်ပြေးနေသော ဝတ်ရုံနက်စာပေသမားကို ကြည့်လိုက်ပြီး သက်စောင့်မီးတောက်ရှိခြင်းနှင့် မရှိခြင်းကြားက ကွာခြားချက်ကိုပင် တွေးတောမိလိုက်သည်။

“ မယုံနိုင်စရာကောင်းလောက်အောင် ကွာတာပဲ ”

ရွှီချင်းက ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီး ဝတ်ရုံနက်စာပေသမားထံ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ရွှမ်ယောက်အသွင်သဏ္ဍာန်အမြန်နှုန်းကြောင့် ဝတ်ရုံနက်စာပေသမားသည် သူ့ကို မမြင်နိုင်လောက်အောင် ဖြစ်သွားသည်။ ပင်လယ်ရေများ တဝုန်းဝုန်း ထလာပြီး ဝတ်ရုံနက်စာပေသမား၏ ရှေ့တွင် ရွှီချင်း ပေါ်လာသည်။

ဝတ်ရုံနက်စာပေသမား မလှုပ်ရှားနိုင်ခင် ရွှီချင်း၏လက် မြှောက်တက်သွားပြီး လက်ထဲတွင် မီးတောက်နက် ဓားမြှောင်တစ်လက်ပေါ်လာကာ စာပေသမား၏ လည်ပင်းကို ပိုင်းဖြတ်သွားသည်။

ခေါင်းနှင့်ခန္ဓာ နှစ်ခြမ်းကွဲသွားပြီး ၎င်းတို့ကို မီးတောက်နက်များ ဆက်သွယ်ပေးထားသည်။

မီးတောက်နက်များ လွင့်ပျံသွားသည်နှင့် ခေါင်းနှင့်ခန္ဓာမှာ ကွဲထွက်သွားပြီး တဟုန်းဟုန်းလောင်ကျွမ်းသွားသည်။ ၎င်းတို့ ပြာများဖြစ်ကာ ပျောက်ကွယ်သွားသောအခါတွင် ရွှီချင်းသည် တတိယမြောက်တောင်ထိပ်မှလူငယ် ထွက်ပြေးသွားသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုလူငယ်ကို မမြင်ရတော့ပေ။ သူ အဝေးသို့ ရောက်သွားပြီဖြစ်ပြီး ဤနေရာရှိ အပြောင်းအလဲများကို မြင်နိုင်ရန် မဖြစ်နိုင်တော့ပေ။

ရွှီချင်းက ထိုလူငယ်၏အကြောင်းကို တွေးတောလိုက်ပြီး နောက်မှ မလိုက်တော့ပေ။

ထိုလူငယ်သည် ထွက်ပြေးသွားသည်မှလွဲ၍ မကောင်းဆိုးဝါးကိုလည်း ထုတ်လွှတ်ပေးခဲ့သည် မဟုတ်ပါလား။ ထိုလူငယ်က သူ့ကို ပစ်မှတ်ထားကာ ထွက်ပြေးသွားသည့်တိုင်အောင် အနည်းငယ် အကူအညီပေးခဲ့သေးသည်။

ရွှီချင်းက စစ်ပွဲအကြွင်းအကျန်များကို စုဆောင်းလိုက်ပြီး ဘေးဘီဝဲယာကို စစ်ဆေးကြည့်ကာ တစ်ခုမှ မကျန်ခဲ့ကြောင်း အတည်ပြုလိုက်သည်။ ထိုအခါမှသာ သူ ထွက်သွားပြီး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

ရွှမ်ယောက်အသွင်သဏ္ဍာန်ကြောင့် ရေအောက်ထဲ သွားနေသော ရွှီချင်းသည် စိတ်တက်ကြွနေပြီး ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်မျိုးကို ခံစားနေရပြီး သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသော ထိုခွန်အားကြောင့် သူ ဘေးကင်းလုံခြုံစွာ ခံစားနေရခြင်း ဖြစ်ပေသည်။

သူသည် မြန်ဆန်လွန်း၍ သာမန်အခြေတည်အဆင့်ကျင့်ကြံသူများက သူ့ကို မမြင်နိုင်ပေ။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ မီးတောက်ပေါက်ကွဲနေသည့်အလား ခံစားချက်သည် သူ့ကိုပင် အံ့သြတုန်လှုပ်သွားစေသည်။

‘ အခု ခေါင်းဆောင်နဲ့ယှဉ်ရင် ဘယ်လိုနေမလဲ မသိဘူး ’

ရွှီချင်းက စိတ်ထဲမှ ခပ်တိုးတိုးရေရွတ်လိုက်သည်။ သက်စောင့်မီးအိမ်ပေါ်တွင် တဟုန်းဟုန်း တောက်လောင်နေသော သက်စောင့်မိးတောက်ကို သူ အာရုံခံကြည့်လိုက်ရင်း ရွှမ်ယောက်အသွင်သဏ္ဍာန်က မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ နက်နက်နဲနဲ နားလည်သွားသည်။

“ ငါ့အစွမ်းတွေအားလုံး ပြောင်းလဲခံလိုက်ရသလိုပဲ ”

ရွှီချင်းသည် တဟုန်ထိုး သွားနေရင်း ညာလက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် ယခင်ထက် အဆပေါင်းများစွာ ခံ့ညားထည်ဝါသော မီးတောက်ပင်လယ်နက်ကြီး ဝင်းလက်လာပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖျက်ဆီးလိုက်သည်။

ပြီးသည်နှင့် သူသည် လက်သီးစုပ်လိုက်ပြီး မြေပြင်ကို ဖိချလိုက်ရာ တဝုန်းဝုန်းမြည်ဟည်းကာ မြေပြင်အက်ကွဲသွားပြီး ဧရာမကျဉ်းနက်ကြီးတစ်ကျဉ်း ပေါ်လာသည်။

သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ ပင်လယ်ရေ တဝုန်းဝုန်း မြည်ဟည်းလာပြီး ကျဉ်းနက်ကြီးထဲသို့ တိုးဝင်သွားသည်။ ကျဉ်းနက်ကြီးထဲတွင် ပင်လယ်ရေများဖြင့် ပြည့်သွားပြီးနောက် ပင်လယ်ရေများက ရေဝဲကြီးတစ်ခုအသွင်ဖြင့် အဖက်ဖက်သို့ ပျံ့နှံ့ရိုက်ခတ်သွားသည်။ သာမန်အခြေတည်အဆင့်ကျင့်ကြံသူများမှာ ထိုရေလှိုင်းဒဏ်အောက်တွင် ခန္ဓာများသာမက ဝိညာဉ်များပါ ပျက်စီးသွားမည် ဖြစ်သည်။

“ ငါ့ခန္ဓာကိုယ်ရော မန္တန်တွေရော တိုးတက်လာတာပဲ ”

ရွှီချင်း စိတ်တက်ကြွသွားသည်။ ရေအောက်လောကရှိ ချောင်ကျသောနေရာတစ်နေရာတွင် သူ ဆတ်ခနဲ ရပ်လိုက်ပြီး အရိပ်ကို ကြည့်လိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းကာ သံတုတ်နက်လေးကို ထုတ်လိုက်ပြီး ကြည့်လိုက်သည်။

အရိပ်မှာ ချက်ချင်း တုန်ရီသွားသည်။ သံတုတ်နက်လေးထဲရှိ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်လည်း အပြင်းအထန် တုန်ရီသွားသည်။ အမှန်စင်စစ် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ရွှီချင်း ရောက်ကတည်းက သူတို့ ငြိမ်သက်နေခဲ့ကြသည်။

ထိုအခြေအနေ၌ ရွှီချင်းသည် သူတို့ကို ကြောက်မက်ဖွယ် ခံစားသွားရစေပြီး အထူးသဖြင့် ရွှီချင်း၏ ရွှမ်ယောက်အသွင်သဏ္ဍာန်က သာမန်သက်စောင့်မီးလုံးတစ်လုံးနှင့် ရွှမ်ယောက်အသွင်သဏ္ဍာန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ အစွမ်းထက်နေပေသည်။ သူသည် သက်စောင့်မီးလုံးတစ်လုံးနှင့် ကျင့်ကြံသူတစ်ယောက်ကို ကြက်ကလေးငှက်ကလေး သတ်သကဲ့သို့ သတ်ပစ်နိုင်သည်။ ယင်းကြောင့် သူတို့ အလွန်အမင်း ကြောက်လန့်နေရခြင်း ဖြစ်ပေသည်။

“ ပေးထားတဲ့အချိန် ပြည့်တော့မယ် ”

ရွှီချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

All Chapters