လရောင်လွှမ်းသော အရိပ်လေးနှင့် ကခုန်ခြင်း
Vol. 16 Ch. 232
ယခုတစ်ခေါက်တွင် ရွှီချင်းသည် အရိပ်ကို များစွာ ခြိမ်းခြောက်နေရန် မလိုခဲ့ပေ။ ထိုစကားတစ်ခွန်းတည်းဖြင့် အရိပ်ကို တုန်ခါသွားစေသည်။
၎င်းမှာ ထိတ်လန့်တုန်ရီလွန်း၍ အလိုလို ပြုမူလိုက်သည့်အလား စုတ်ပြဲနေသည့်အမှတ်အသားများ ပေါ်လာသည်။
၎င်းသာ နှောင့်နှေးနေပါက အသတ်ခံရမည်ကို ကြောက်ရွံ့နေသည့်အလား စိုးရိမ်ပူပန်သည့်အရိပ်အယောင်များ ပြသနေသည်။
“ အဏ္ဏဝါရုပ်အလောင်း … စား … အဆင့်တက် … မြန်မြန်အဆင့်တက် ”
ရွှီချင်းသည် ထိုစကားများကို ဂရုမစိုက်သလို အရိပ်က စိုးရိမ်ပူပန်နေဟန်ဖြင့် ပြောသည်ကိုလည်း ဂရုမစိုက်ဘဲ သံတုတ်နက်လေးကို ကြည့်လိုက်သည်။
သံတုတ်နက်လေး တုန်ရီသွားပြီး အထဲမှ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပေါ်လာသည်။ သူက တခဏလေးအတွင်း စိတ်ပိုင်းဆိုင်ရာအဆင်သင့်ပြင်ပြီးသွားပြီ ဖြစ်သည်။ သူ ပေါ်လာသည်နှင့် ရင်ဘတ်ကို ချက်ချင်းပုတ်၍ မြဲမြံခိုင်ကျည်သောလေသံဖြင့် ရွှီချင်းကို ပြောလိုက်သည်။
“ သခင်လေး၊ စိတ်မပူပါနဲ့။ ဓမ္မအသုံးအဆောင်နည်းနည်းပါးပါးကို စားလိုက်ရင် ကျွန်တော်မျိုး ကျင့်ကြံနေတဲ့လက်နက်စောင့်ဝိညာဉ်အတတ် အဆင့်တက်သွားမှာပါ။ ကျွန်တော်မျိုး ခန့်မှန်းကြည့်ရသလောက် အဲဒီအချိန်ရောက်ရင် သခင်လေးရဲ့ ရတနာသံတုတ်လေးက သခင်လေးရဲ့ထိန်းချုပ်မှုအောက်မှာ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ယှဉ်နိုင်လောက်အောင် စူးရှချွန်ထက်မှာပါ ”
“ အဲဒီလိုမျိုးအစွမ်းထက်တာကို ကြာကြာထိန်းနိုင်မှာ မဟုတ်ပေမဲ့ ကျွန်တော်မျိုး အပြင်းအထန် ကြိုးစားပြီး သခင်လေး အောက်မကျအောင် လုပ်မှာပါ။ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနည်းကိုလည်း ကျွန်တော်မျိုး လေ့လာနေပါတယ် ”
“ ကျွန်တော်မျိုးအသက်က ဘာမှမဟုတ်ပါဘူး။ သခင်လေးကိုပဲ စိတ်ပူတာ။ ကျွန်တာ်မျိုး အသက်ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရလို့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရမယ်ဆိုရင်တောင် သခင်လေး ဘေးကင်းအောင် လုပ်ပေးသွားမှာပါ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက စိတ်အားထက်သန်စွာဖြင့် သူ့ဗိုက်ကို အဆက်မပြတ် ပုတ်လိုက်သည်။ သူ့စကားများကို ကြား၍ အရိပ်လေးမှာ တုန်ရီမနေတော့ဘဲ ဆွံ့အနေ၏။
ထိုစကားကို ရွှီချင်းကြားသောအခါ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အဓိပ္ပာယ်ရှိသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ နားလည်ပြီ ”
ပြောပြီးသည်နှင့် ရွှီချင်း အကြည့်လွှဲလိုက်သည်။ သူ တွေးတောလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ သက်စောင့်မီးများ ချက်ချင်း ငြိမ်းသက်သွားသည်။
သူ့တစ်ကိုယ်လုံး ချက်ချင်း မှိန်ဖျော့သွားကာ ယခင်အခြေအနေသို့ ပြန်ရောက်သွားသည်။
ကြောက်မက်ဖွယ်ဖိအားသည်လည်း ပျောက်ကွယ်သွားသည်။
အစွမ်းထက်သောအခြေအနေမှ ပြန်ရောက်သွားပြီးနောက် သူ့တစ်ကိုယ်လုံးတွင် ပြန်ပေါ်လာသော အမြင်အာရုံကြောင့် ရွှီချင်း အတန်ငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အဆက်မပြတ် အသက်သွင်းနေရန်ပင် စိတ်ဆန္ဒပြင်းပြလာ၏။
သို့သော်လည်း ထိုစိတ်ကို သူ ချိုးနှိမ်လိုက်သည်။
အမှန်စင်စစ် ရွှီချင်းသည်မဟုတ်၊ ရွှမ်ယောက်အသွင်သဏ္ဍာန်မှ မူလအခြေအနေသို့ ပြန်ရောက်သွားသော မည်သည့်အခြေတည်အဆင့်ကျင့်ကြံသူမဆို ထိုသို့ ခံစားရပေသည်။
ရွှမ်ယောက်အသွင်သဏ္ဍာန်သည် အခြေတည်အဆင့်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များထဲရှိ ဓမ္မတံခါးများကို အစွမ်းကုန်တောက်လောင်ခြင်း ဖြစ်သည်။ ထိုတောက်လောင်နေစဉ်အတောအတွင်း ဓမ္မခန္ဓာများနှင့် တခြားအရာများအပါအဝင် ဓမ္မစွမ်းအားများနှင့် ဝိညာဉ်ပင်လယ်တို့သည် အဆပေါင်းများစွာ အစွမ်းထက်သွားသည်။
ထိုသို့ တိုးတက်သွားခြင်းကြောင့် အလွန်တရာ စွမ်းအင်ကုန်ခမ်းသွားရသည်မှာ သဘာဝပင်။
ယင်းကြောင့် အခြေတည်အဆင့်ကျင့်ကြံသူများအနေဖြင့် သူတို့ကိုယ်သူတို့ ထိန်းချုပ်ကာ မှန်ကန်သောအချိန်တွင် အသုံးချရန် သင်ယူကြရသည်။ အကြမ်းဖျင်းဆိုရလျှင် သက်စောင့်မီးလုံးတစ်လုံးနှင့် ကျင့်ကြံသူတစ်ယောက်က ရွှမ်ယောက်အသွင်သဏ္ဍာန်ကို တစ်နာရီထက်ပိုပြီး ထိန်းထားနိုင်သည်။
ယင်းအချိန်သည် ကန့်သတ်ချက်ဖြစ်သည်။ မလိုအပ်ဘဲ တစ်ယောက်မှ ထိုကန့်သတ်ချက်ထက်ကျော်ပြီး အသုံးမချကြပေ။
သက်စောင့်မီးတောက် ကုန်ခမ်းသွားပြီး ကန့်သတ်ချက်သို့ ရောက်သွားပါက ဓမ္မတံခါးများမှာ အသုံးလွန်၍ ညှိုးခြောက်သွားသည့်အတွက်ကြောင့် ဖြစ်ပေသည်။
ညှိုးခြောက်သွားသော ဓမ္မတံခါးများသည် အမှိုက်သရိုက်များနှင့် ဆင်တူပြီး ထိုအခြေအနေက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ဖြစ်စေပေမည်။
ရွှီချင်းသည် သူ့ခန္ဓာကိုယ်ကို တိတ်တဆိတ် အာရုံခံကြည့်လိုက်သည်။ ပုံမှန်အခြေအနေကို သူ ပြန်လည်အသားကျသွားပြီးနောက် သုံ့ပန်းပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။
ယခုတစ်ခေါက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ အခြေတည်အဆင့်ကျင့်ကြံသူလေးယောက် သူ့လက်ထဲတွင် သေသွားခဲ့ရသည်။ ရွှီချင်း နောင်တအရဆုံးမှာ မျက်လုံးခြောက်လုံးကျင့်ကြံသူက သူ၏တိုက်ခိုက်မှုကို ခုခံရန် ဓမ္မအသုံးအဆောင်လေးခုကို သုံးပစ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်က ရွှမ်ယောက်အသွင်သဏ္ဍာန်ကို စတင်အသုံးပြုခါစဖြစ်၍ သူ့ခန္ဓာကိုယ်ထဲရှိ ကြောက်မက်ဖွယ်စွမ်းအင်များကို ရွှီချင်း မထိန်းချုပ်နိုင်ခဲ့ဘဲ အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။
ထိုကျင့်ကြံသူ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့ပြီး ဓမ္မအသုံးအဆောင်လေးခုသည်လည်း အလားတူကံကြမ္မာကို ကြုံတွေ့သွားရသည်။
“ အနည်းဆုံး ဝိညာဉ်ကျောက်တုံးတစ်သန်းပဲ …”
ထိုအတွေးကြောင့် ရွှီချင်း သက်ပြင်းချလိုက်ပြီး သူ ရရှိခဲ့သည့် သိုလှောင်အိတ်များကို ထုတ်လိုက်သည်။ ၎င်းတို့ကို စစ်ဆေးကြည့်ပြီးနောက် သူ အနည်းငယ် နေရထိုင်ရ အဆင်ပြေလာသည်။
ထိုအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ သိုလှောင်အိတ်များသည် ယခင် သူ ရရှိခဲ့သည့်ပစ္စည်းများထက် အဆပေါင်းများစွာ သာလွန်သည်။ စုစုပေါင်းဝိညာဉ်ကျောက်တုံး သုံးသိန်းခန့် ရှိသည်။ ယင်းတွင် ဓမ္မအသုံးအဆောင်တစ်ခုသာ ပါနေသည်မှာ နှမျောစရာကောင်းလှသည်။
ယင်းဓမ္မအသုံးအဆောင်မှာ ဝတ်ရုံနက်စာပေသမား၏ ခေါက်ယပ်တောင်ဖြစ်သည်။
ယင်းခေါက်ယပ်တောင်သည်လ်း အမြန်နှုန်းကို တိုးတက်စေသည်။ ရွှီချင်းသည် လိုချင်ပါသော်လည်း ကြိတ်မှိတ်သည်းခံနေသည့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကိုကြည့်ကာ ခေါက်ယပ်တောင် ပစ်ပေးလိုက်သည်။
လျှပ်တစ်ပြက်အတွင်း သံတုတ်လေးက ခေါက်ယပ်တောင်ကို ထိုးဖောက်သွားသည်။ ၎င်း ထိုးဖောက်လိုက်သောနေရာသည် မြင်ရခက်သောနေရာဖြစ်ပြီး ယပ်တောင်၏ အပေါ်ပိုင်းမဟုတ်ဘဲ ယပ်တောင်အဖျားစွန်းကို ဖောက်လိုက်ခြင်း ဖြစ်သည်။ ယင်းကြောင့် အပြင်ပန်းမှကြည့်လျှင် ယပ်တောင်တွင် မည်သည့်အပြစ်အနာမျှ ရှိမနေသကဲ့သု့ိ ထင်ရမည်ဖြစ်သည်။
သူက ယပ်တောင်ထဲရှိ ဝိညာဉ်စွမ်းအားများကို စတင်စုပ်ယူလိုက်သည်။ နောက်ဆုံး၌ ယပ်တောင် ဖျော့တော့လာသောအခါတွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သံတုတ်လေးကို အားရကျေနပ်စွာဖြင့် ဆွဲနှုတ်လိုက်ပြီး ယပ်တောင်ကို မှုတ်လိုက်သည်။
ထိုမှုတ်လိုက်သောလေသည် အလွန်ထူးဆန်း၏။ ယပ်တောင်ပေါ် ရောက်သွားသောအခါ ဖျော့တော့စွာ ဝင်းလက်နေရာမှ ရတနာတစ်ပါးအလင်းရောင်ကို ပြန်လည်ထုတ်လွှတ်လာသည်။ ယခင်နှင့် မတူသည့်နေရာ မရှိတော့ပေ။
“ ဒါက အထိအခိုက်မခံဘူးပဲ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ခပ်တိုးတိုးဆိုလိုက်ပြီး ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်မဟုတ်ကြောင်း ပြသချင်နေသည့်အလား ရှက်ရွံ့နေသောအမူအရာတစ်ခု ဆင်မြန်းလိုက်သည်။
ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စကားလုံးများနှင့် အမူအရာများကို ဂရုမစိုက်ဘဲ ယပ်တောင်ကို သိမ်းဆည်းလိုက်သည်။ ထိုစဉ် သူ့ခန္ဓာကိုယ်ထဲရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ကျင့်ကြံသူနှစ်ယောက်၏ ဝိညာဉ်နှစ်ခုက တချိန်တည်း တောက်လောင်လာပြီး သုံးဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်နေလေသည်။
“ ငါ ဝိညာဉ်တွေ နောက်ထပ်လိုသေးတယ် ”
ဓမ္မတံခါးသုံးဆယ်ကို ဖွင့်ပြီးနောက် သူ လိုအပ်သော ဝိညာဉ်စွမ်းအားပမာဏမှာ ယခင်ထက် အဆပေါင်းများစွာ များလာသည်ကို သူ အာရုံခံမိလိုက်သည်။ သာမန်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်သည်ပင် ယခုတွင် ဓမ္မတံခါးတစ်ခုကို မဖွင့်နိုင်တော့ပေ။ သက်စောင့်မီးလုံးနှင့် ကျင့်ကြံသူ၏ ဝိညာဉ်မှသာ ဓမ္မတံခါးကို ဖွင့်နိုင်တော့သည်။
သုံးဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်ပြီးနောက် ဝိညာဉ်နှစ်ခု၏ လက်ကျန်စွမ်းအင်များသည် သုံးဆယ့်နှစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်ရန် မလုံလောက်တော့ပေ။
သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအင်များ တိုးပွားလာစဉ် ရေအောက်လောကထွက်ပေါက်သို့ သူ တဟုန်ထိုး ပြေးသွားသည်။
ထွက်ပေါက်သို့ သူ ရောက်သောအခါ အရှိန်မလျော့သွားဘဲ ဝုန်းခနဲ ပြေးထွက်လိုက်သည်။
သူက လမ်းသွယ်လေးအတိုင်း အပြင်ဘက်လောကသို့ သွားလိုက်သည်။ သူ ပေါ်လာသောအခါတွင် လေဟုန်ခွင်း၍ သွားလာနေသည့် မရေမတွက်နိုင်သော ချီရွှဲ့ထုံဂိုဏ်းသားများကို မြင်လိုက်ရသည်။ ရေသူမကျွန်းပေါ်ရှိ တိုက်ပွဲက အလွန် ပြင်းထန်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများ လွင့်ပျံနေပြီး ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်စွမ်းအင်အငွေ့အသက်များ ပျံ့လွင့်နေသည်။
ရွှီချင်းမှာ လေးနက်တည်ကြည်သွားပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ချီရွှဲ့ထုံဂိုဏ်း၏ အထက်ပုဂ္ဂိုလ်များက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များနှင့် တိုက်ခိုက်နေသည်။ အဝေးတစ်နေရာရှိ တိုက်ပွဲမှာ ပို၍ပင် ပြင်းထန်သည်။
ကျွန်းလေးကျွန်းပေါ်၌ ဓမ္မအသုံးအဆောင်များကိုလည်း အတန်းလိုက် တည်ဆောက်ထားပြီး မန္တန်အစီအရင်စွမ်းအင်များက ပြိုးပြိုးပြက်ပြက်ဝင်းလက်ကာ လေဟုန်ခွင်း၍ စစ်မြေပြင်ပေါ် ကျဆင်းနေသည်။
ဓားကန်များထဲမှ ဓားပျံများသည်လည်း တရွှီရွှီမြည်သံပေး၍ ပျံထွက်သွားသည်။
မန္တန်အစီအရင်များသည်လည်း ထိုနည်းတူပင်။
ဤစစ်ပွဲက အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပြီဖြစ်၏။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ တန်ပြန်တိုက်ခိုက်မှုက အလွန်ရက်စက်ကြမ်းတမ်းပြီး ဂိုဏ်းတံဆိပ်ပြားထဲရှိ မရေမတွက်နိုင်သော တာဝန်များက ထိုသည်ကို သက်သေပြနေသည်။
ရွှီချင်းက ဂိုဏ်းတံဆိပ်ပြားထဲသို့ ဓမ္မစွမ်းအားများ လောင်းထည့်လိုက်ပြီး ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။ တာဝန်အများအပြား ပေါ်လာပြီး အများစုက ရှေ့တန်းစစ်မြေပြင်နှင့် ဆက်နွယ်နေကာ ဆုကြေးငွေကိုလည်း ရက်ရက်ရောရော ပေးထားသည်။ စစ်ရေးတာဝန်စာရင်းထဲတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်သောင်းကို သတ်ဖြတ်နိုင်ပါက အမြုတေအဆင့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။ ထိုသတ်မှတ်ချက်ကို ပြည့်မီတော့မည့် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေပြီဖြစ်သည်။
ရွှီချင်းက အလျင်အမြန် စစ်ဆေးကြည့်လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် ပတ်သက်သော တာဝန်ကို ရှာဖွေလိုက်သည်။ သို့သော်လည်း နောက်ထပ်တာဝန်ကို သူ ချက်ချင်း မရွေးသေးပေ။
ယခု သူ့အတွက် အရေးကြီးဆုံးကိစ္စမှာ သက်စောင့်မီးလုံးနှစ်လုံး ပေါ်နေသည့်ကိစ္စကို ရှင်းပြရန် ဖြစ်သည်။
တခြားဂိုဏ်းသားများရှေ့တွင် သက်စောင့်မီးလုံးနှစ်လုံးကို မပြဘဲ သက်စောင့်မီးလုံးတစ်လုံးတည်းဖြင့်သာ သူ တိုက်ခိုက်ရပေမည်၊ ထိုသို့မဟုတ်လျှင် သက်စောင့်မီးလုံးနှစ်လုံး ပေါ်နေသည့်ကိစ္စကို ရှင်းပြရန် ကြိုတင်စဉ်းစားထားရမည်ဖြစ်သည်။ ထို့ပြင် သေရေးရှင်ရေးအခြေအနေတွင် သက်စောင့်မီးလုံးနှစ်လုံးကို မတော်တဆ သူ ထုတ်ပြနိုင်သည်။
သူ ထုတ်ပြမိလိုက်သည်နှင့် စစ်ပွဲတွင် ဝိညာဉ်များဝါးမျိုသည့်ကိစ္စကို အသုံးချ၍ သူ ဖြေရှင်းနိုင်သည်။ ယင်းသို့ ဖြေရှင်းပါက အန္တရာယ်လည်း များမည်မဟုတ်တော့ဘဲ အာရုံစိုက်ခံရနိုင်ချေလည်း နည်းသွားပေမည်။ သို့သော်လည်း ဝိညာဉ်များ ဝါးမျိုသည့်အရေအတွက်ကို စစ်ဆေးကြည့်လာနိုင်သည်။
ထိုအတွက်လည်း ရိုးရှင်းသော အဖြေရှိပေသည်။
ရွှီချင်းက ဂိုဏ်းတံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်ရာ သူ သတ်ခဲ့သည့် အခြေတည်အဆင့်မျိုးနွယ်ဝင်ဆယ့်ငါးယောက်ရှိပြီး ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများကို တစ်ယောက်မှ မသတ်ရသေးကြောင်း ဖော်ပြနေသည်။
“ နည်းလိုက်တာ ”
ရွှီချင်း ခေါင်းယမ်းလိုက်သည်။ ထိုကဲ့သို့ တိုက်ပွဲမှတ်တမ်းလေးတစ်ခုနှင့် အပြင်လူများသာ စိတ်ဝင်တစား စစ်ဆေးကြည့်ပါက သူ့အလိမ်အညာများ ပေါ်သွားပေမည်။
ရွှီချင်းသည် ချောင်ကျသောနေရာတစ်နေရာသို့ သွားလိုက်ပြီး တစ်ယောက်မှမရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် အရိပ်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“ စောစောတုန်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အရှိန်အဝါကို မင်း ထုတ်လွှတ်ခဲ့တယ်မလား။ ထပ်လုပ်ကြည့်စမ်းပါ ”
အရိပ်လေးသည် အနည်းငယ် အံ့အားသင့်သွားပြီး ရွှီချင်း၏ခြေထောက်အောက်တွင် မေးခွန်းအမှတ်အသား ပေါ်လာသည်။
“ ပြောသလိုသာ လုပ်လိုက်စမ်းပါ ”
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ခပ်ဆတ်ဆတ်ကလေး ဝင်ပြောလိုက်သည်။
အရိပ်လေးမှာ စိတ်သောကရောက်သွားရသည်။ အချိန်အတော်ကြာပြီးနောက် ၎င်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အရှိန်အဝါအနည်းအကျဉ်းကို ထုတ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါပေါ်လာသည်နှင့် ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ သလင်းကျောက်က အရိပ်လေးကို ဖိနှိပ်ကာ ထိုအရှိန်အဝါကို ချက်ချင်း ခြေဖျက်လိုက်သည်။
ပြီးသည်နှင့် အရိပ်လေးမှာ ဝေခွဲမရဖြစ်ကာ ထိတ်လန့်တုန်လှုပ်နေစဉ် ရွှီချင်းက ဂိုဏ်းတံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်ပြီး သူ သတ်ခဲ့သည့် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူအရေအတွက်မှာ သုညမှ တစ် သို့ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။
“ ငါ ခန့်မှန်းထားသလိုပါပဲလား ”
ရွှီချင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အရှိန်အဝါကို အရိပ်လေး ထုတ်လွှတ်သည်ကို သူ မြင်စဉ်အခါက ဂိုဏ်းတံဆိပ်ပြားက သတ်ဖြတ်သည့်အရေအတွက်အား မည်သို့မှတ်တမ်းတင်သည်ကို သူ တွေးတောနေခဲ့သည်။ ယခု သူ၏ စမ်းသပ်မှုရလဒ်ကြောင့် သူ အလွန် ကျေနပ်သွားသည်။
ဂိုဏ်းတံဆိပ်ပြားသည် သက်မဲ့ပစ္စည်းဖြစ်ပြီး မှတ်သားသည့်နည်းလမ်းက အတော်လေး ရိုးရှင်းကာ အရှိန်အဝါနှင့် အငွေ့အသက်များ ပျက်စီးသွားခြင်းတို့ဖြင့် သတ်မှတ်ပေးခြင်း ဖြစ်သည်။
သာမန်အခြေအနေများတွင် ယင်းသည် ပြဿနာမဟုတ်ပေ။ ယင်းကို တုပရန်လည်း မလွယ်ပေ။ လူအများကြီးက ရန်သူတစ်ယောက်ကို စုပေါင်းတိုက်ခိုက်သောအခါမျိုးတွင် သတ်မှတ်ရန် တခြားနည်းလမ်းတစ်မျိုးလည်း ရှိသင့်သည်။ သို့သော် ယခုနည်းလမ်းက မပြည့်စုံပါသော်လည်း အားလုံးခြုံကြည့်လျှင် လက်ခံနိုင်သေးသည်။
သို့ပေမည့် ရွှီချင်း၏အရိပ်က သာမန်နှင့် အနည်းငယ် ကွဲပြားသည့် မိစ္ဆာတစ်ကောင် ဖြစ်သည်။
ယင်းသည် ရွှီချင်း တွေးတောမိသည့်နည်းလမ်းဖြစ်သည်။ နောက်ပိုင်းတွင် သူသည် တာဝန်အများအပြား လက်ခံမည်ဖြစ်သည်။ တစ်ဖက်တွင် ဝိညာဉ်များကို သန့်စင်ကာ ဓမ္မတံခါးများကို ဖွင့်မည်ဖြစ်သည်။ တခြားတစ်ဖက်တွင် အရိပ်ကို အားကိုးကာ တိုက်ပွဲရလဒ်များကို အတုလုပ်မည်ဖြစ်သည်။ ချီစုစည်းခြင်းအဆင့်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ သူ့မှာ လုံလောက်သော မှတ်တမ်းများသာ ရှိနေပါက သက်စောင့်မီးလုံးနှစ်လုံး ဖြစ်နေသည့်ကိစ္စကို ဖြေရှင်းနိုင်မည် ဖြစ်သည်။
စစ်ပွဲထဲ ရောက်နေခြင်းကြောင့် ထိုနည်းလမ်းက အလုပ်ဖြစ်နိုင်သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အရေအတွက်မှာ များလွန်းပြီး လူအများစုသည်လည်း တခြားလူများကို အာရုံစိုက်နေချိန် မရှိပေ။ သို့ဖြစ်ပေရာ တိုက်ပွဲရလဒ်များကို အလွန်အကျူး မလုပ်ရွေ့ သူ၏အစီအစဉ်က အပြစ်ပြောစရာရှိမည် မဟုတ်ပေ။
သူ စဉ်းစားရမည့်တစ်ခုတည်းသော အချက်မှာ အရိပ်ခံနိုင်မည့် ဖိနှိပ်ခြင်းအရေအတွက် ဖြစ်သည်။
ရွှီချင်းသည် ခဏကြာတွေးတောပြီးနောက် ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။ ယခုကဲ့သို့ သူ ကြိမ်ဖန်များစွာ ဖိနှိပ်သည့်တိုင်အောင် အရိပ်က သေမသွားပေရာ လွယ်လွယ်သေနိုင်မည်မဟုတ်ဟု သူ ခံစားရသည်။
နောက်နှစ်လအတွင်း ရွှီချင်းက တာဝန်များကို အရူးအမူး လက်ခံလိုက်သည်။ ထိုအတောအတွင်း အချိန်အများစုတွင် သက်စောင့်မီးလုံးတစ်လုံးစွမ်းအားကိုသာ သူ အသုံးချခဲ့သည်။ တစ်ယောက်တည်း တိုက်ခိုက်ရသောအခါမှသာ သက်စောင့်မီးအိမ်ကို သူ အသက်သွင်းလေသည်။
သို့သော်လည်း ဂိုဏ်းတံဆိပ်ပြားကို သူ စိုးရိမ်ပူပန်နေသေးသည်ဖြစ်၍ ဂိုဏ်းတံဆပ်ပြားကို အရိပ်ဖြင့် ဖုံးကွယ်လိုက်သည်။
တချိန်တည်းမှာပင် သူက တာဝန်တိုင်း တိုက်ပွဲရလဒ်အများအပြားကို အတုလုပ်လိုက်သည်။ ယင်းအတွက် သူ အရိပ်ကို အတင်းအကြပ် တောင်းဆိုခဲ့သည်။ ရံဖန်ရံခါ အရိပ်က အခြေတည်အဆင့်အရှိန်အဝါနှင့် အငွေ့အသက်များကို ထုတ်လွှတ်တတ်ပါသော်လည်း အတိုက်အခိုက်စွမ်းရည်မပါဝင်ပေ။
ယင်းသည် အရိပ်၏ လုပ်နိုင်စွမ်းအကုန်ဖြစ်ဟန်တူပြီး ရွှီချင်း၏ တိုက်ပွဲရလဒ်တွင် အသတ်ခံရသည့် အခြေတည်အဆင့်ကျင့်ကြံသူ နောက်တစ်ယောက် ပေါင်းထည့်သွားသည်။
အရိပ်၏ ဆိုးဆိုးဝါးဝါး အခြေအနေကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည်ပင် ထိတ်လန့်တုန်လှုပ်သွားရသည်။ သူနှင့် ဘာမှမသက်ဆိုင်ပါသော်လည်း မည်သည့်အတွက်ကြောင့်မသိ သူသည်လည်း ကြောက်လန့်နေ၏။
အရိပ်လေး အမှန်တကယ် ပျက်စီးသွားတော့မည့်အခြေအနေများလည်း ရှိသည်။ သို့သော် ပြီးခဲ့သည့်နှစ်လအတွင်း ရွှီချင်း၏ စစ်မှန်သော တိုက်ပွဲရလဒ်များက အတော်လေး ကောင်းမွန်လာသည်ဖြစ်ရာ အရိပ်လေးမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ကျင့်ကြံသူများကို စုပ်ယူလာနိုင်ခဲ့ပြီး ခက်ခက်ခဲခဲ တောင့်ခံနိုင်ခဲ့သည်။ တချိန်တည်းမှာပင် ရွှီချင်း၏ လေ့ကျင့်မှုအောက်တွင် အရိပ်လေး၏ တိုက်ရည်ခိုက်ရည်မှာ သိသိသာသာ တိုးတက်လာသည်။ ယင်းကြောင့် ရွှီချင်းမှာ အလွန် အံ့အားသင့်နေရတော့သည်။
ရွှီချင်း၏ ဓမ္မတံခါးများသည်လည်း တစ်ခုပြီးတစ်ခု ပွင့်လာကာ လေးဆယ်သို့ ရောက်သွားပြီ ဖြစ်သည်။