← Chapters

အဓိကကျသူကိုသာ တောက်ပခွင့်ပေးလိုက်ပါ.....

Vol. 5 Ch. 68

အဓိကကျသူကိုသာ တောက်ပခွင့်ပေးလိုက်ပါ.....

Vol. 5 Ch. 68

" မင်းခုနက ဘာပြောလိုက်တာလဲ...."

လီလော့သည် အပျက်စီးပုံများကြားထဲတွင် ခေါင်းစိုက်နေသော စုန်ယွမ်ဖန်ကို သနားသည့်အကြည့်များနှင့် ကြည့်နေခဲ့သည်။

စုန်ယွမ်ဖန်သည် နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသော်လည်း ဂရုမစိုက်နိုင်သေးပေ။

" မင်း...မင်း စည်းတံဆိပ်ရှစ်ခုအဆင့်ရောက်နေပြီ.....မဖြစ်နိုင်ဘူး...."

လီလော့၏ တိုက်ခိုက်မှုသည် သူနှင့်တန်းတူအဆင့်တွင်ရှိနေသောကြောင့် မယုံချင်သော်လည်း ယုံရပေတော့မည်။

ထို့အပြင် လီလော့၏ ပဲ့တင်ထပ်သံသည် အနည်းဆုံး အဆင့်ခုနှစ်လောက်ရှိမည်ဟု ခံစားနေရသည်။

// ဒီကောင့် ပဲ့တင်ထပ်သံက အဆင့်ငါး မဟုတ်ဘူးလား....//

စုန်ယွမ်ဖန် သူ့ကိုယ်သူ အိမ်မက်မက်နေသည်ဟုပင် ထင်နေမိသည်။

လီလော့က သက်ပြင်းခပ်ဖွဖွချလိုက်ပြီး.....

"ပုံပြင်လေးကတော့ လွန်ခဲ့တဲ့ ဆယ်ခြောက်နှစ်ကစတယ်.....ငါနို့ပြတ်ပြီးနောက်တစ်နေ့ရောက်တော့........."

စုန်ယွမ်ဖန်က လီလော့ပြောနေသမျှကို သေချာနားထောင်နေသည်။

သို့သော်လည်း လီလော့ ရုတ်တရက် ခြေဆောင့်နင်းလိုက်သည့်အခါ ရေအလင်းပဲ့တင်ထပ်သံစွမ်းအားများ ထွက်ပေါ်လာပြီး လျင်မြန်သော အရှိန်ဖြင့် စုန်ယွမ်ဖန်ရှိရာဆီ တိုးဝင်သွားပြီး ဓားဖြင့်ခုတ်ချလိုက်လေသည်။

စုန်ယွမ်ဖန် ကမန်းကတမ်း ခုခံလိုက်သော်လည်း ပြင်းထန်သော စွမ်းအားကြောင့် ဒူးထောက်ကျသွားခဲ့သည်။

"မင်း လှည့်စားပြန်ပြီ...."

" မင်း ဉာဏ်ကောင်းလာပြီပဲ...ငါ့လှည့်ကွက်တွေကိုတောင် မြင်နိုင်ပြီဆိုတော့....."

လီလော့က စုန်ယွမ်ဖန်ကို ချီးကျုးလိုက်ပြီး ဖြတ်ကန်လိုက်သည့်အခါ စုန်ယွမ်ဖန်တစ်ယောက် ရွံ့ပုံထဲသို့ မျက်နှာအပ်ပြီး လဲကျသွားခဲ့ရှာသည်။

စုန်ယွမ်ဖန် မတ်တပ်ပြန်မရပ်နိုင်ခင်မှာတင် လီလော့က ရေစွမ်းအားများရစ်သိုင်းနေသော အပြာရောင်ဓားဖြင့် ထိုးလိုက်ပြန်သည်။

စုန်ယွမ်ဖန် နှိုင်းပြစရာမရှိအောင် ဒေါသထွက်နေပြီဖြစ်သည်။ လီလော့သည် စည်းတံဆိပ်ရှစ်ခုအဆင့်ရောက်နေပြီဖြစ်သောကြောင့် သူနှင့် အဆင့်တူနေပြီဖြစ်သည်။ သို့သော်လည်း တိုက်ရိုက်ဖိနှိပ်ရမည့်အစား လှည့်ကွက်မျိုးစုံသုံး၍ လှုပ်မရအောင် တိုက်ခိုက်နေသည်။

လီလော့သည် လော့လန်အိမ်တော်သခင်ဂုဏ်ပုဒ်ကိုမှမထောက် လှည့်ကွက်များကို ဖောဖောသီသီသုံးနေလေ၏။

လီလော့သည် စုန်ယွမ်ဖန်ကို ကြက်ဆင်တစ်ကောင်သဖွယ် ဓားဖြင့် မွှန်းထားသည်မှာ သွေးများပင်စိုရွှဲနေလေပြီ.....

ဒီအတိုင်းဆက်သွားနေလို့ မဖြစ်တော့သောကြောင့် စုန်ယွမ်ဖန် ရှိသမျှစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး လီလော့ကို လက်ဆွဲတော် လှံဖြင့် ထိုးလိုက်သည်။

ထိုအခါ လီလော့သည် လက်ဖဝါးတွင်ပဲ့တင်ထပ်သံစွမ်းအားများကို စုစည်းလိုက်ပြီး......

" သန်းတစ်ထောင်ရောင်ပြန်ဟပ်ခြင်း! !!"

ထိုအော်သံ​ကြောင့် စုန်ယွမ်ဖန်သည် လီလော့သုံးခဲ့သော ရေကြေးမုံပညာရပ်ကို အမှတ်ရလိုက်မိသည်။ ထိုစဉ်အခါက လီလော့သည် စည်းတံဆိပ်ခြောက်ခုအဆင့်တွင်သာ ရှိနေသော်လည်း ယခုတွင်မူ ယခင်ကထက် ပို၍ အားကောင်းလာပြီဖြစ်သည်။ထို့ကြောင့် လီလော့ ယခုထုတ်သုံးလိုက်သည့်ပညာရပ်သည် ရေကြေးမုံထက်ပင် အားကောင်းမည်ပေလိမ့်မည်။

ထို့ကြောင့် စုန်ယွမ်ဖန်သည် ခွန်အားကို အချိန်မှီ လျှော့ချလိုက်ရသည်။

သို့သော်....လီလော့ရှေ့တွင် ရေကြေးမုံဖွဲ့စည်းလာခြင်းမရှိဘဲ လီလော့၏ ချောမောလှသော မျက်နှာကိုသာ အတိုင်းသားမြင်နေရသည်။

"အညာမိသွားပြန်ပြီ...."

လီလော့ ရယ်မောလိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည့်အခါ ရေလှိုင်းဓားပေါ်တွင် စွမ်းအားများသည် ရေလှိုင်းများသဖွယ် ရစ်သိုင်းလာသည့်အတွက် ပတ်ဝန်းကျင်လေထုသည်ပင် တုန်ခါသွားခဲ့လေသည်။

လီလော့သည် ရေလှိုင်းဓားဖြင့် စုန်ယွမ်ဖန်၏ လှံတံကို ခုတ်ပိုင်းလိုက်လေသည်။

ထန်......

စုန်ယွမ်ဖန် ထက်ပိုင်းပြတ်သွားသော လှံတံကို မြင်လိုက်ရသောအခါ အလွန်ပင်ထိတ်လန့်သွားခဲ့ရသည်။

ဓားသွားသည် လှံတံကို ခုတ်ပိုင်းပြီး​နောက် စုန်ယွမ်ဖန်၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားခဲ့သည်။

"အားးးးး"

စုန်ယွမ်ဖန်၏ ရင်ဘတ်နားတွင် သွေးများစီးကျနေ၏။

ထိုအချိန်တွင် လေတိုးသံကြားလိုက်ရပြီး ရှီယွမ် ရောက်လာသည်ကို မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်ရသည်။

" လီလော့....မင်း လုပ်ရဲတယ်ပေါ့! !!!!"

ရှီယွမ်သည် မိုးချိန်းသံတမျှကျယ်လောင်သောအသံဖြင့် နားစည်ကွဲလောက်အောင် အော်ဟစ်နေသည်။

လီလော့သည် ရှီယွမ်ကို ဂရုစိုက်မနေဘဲ ဒဏ်ရာရထားသည့် စုန်ယွမ်ဖန်ကို ​ခြေတစ်ဖက်ဖြင့်ကန်လိုက်ပြီး ကျန်သည့်​ခြေတစ်ဖက်ဖြင့် ကျိုးနေသော လှံတံကို ဖြတ်ကန်လိုက်သည်။

ထိုလှံတံသည် စုန်ယွမ်ဖန်၏ ပုခုံးတွင် စိုက်ဝင်နေပြီး ယခုချိန်တွင် စုန်ယွမ်ဖန်သည် နံရံတွင် သံမှိုရိုက်ခံထားရသလို ဖြစ်နေလေ၏။

ရှီယွမ်သည် ရောက်လာချင်းမှာပင် လီလော့ထံသို့ လျှပ်စီးစွမ်းအားများ ပါဝင်နေသည့် လှံတစ်ချောင်း ပစ်လွှတ်လိုက်သည်။

လီလော့သည် ထိုလှံတံကို လှလှပပရှောင်တိမ်းလိုက်ပြီး....

" ဟေးးး ညစာ အမှီစားဖို့ ပြန်လာတာလား...."

နံရံတွင် သံမှိုရိုက်ခံထားရသလို စွဲကပ်နေသော စုန်ယွမ်ဖန်သည် ယခုချိန်တွင် ဒဏ်ရာ ပြင်းထန်စွာ ရထားသည့်အတွက် လီလော့ကို တိုက်ခိုက်ရာတွင် ပါဝင်ကူညီနိုင်တော့မည်မဟုတ်ပေ။

ရှီယွမ်သည် လီလော့ကို မီးဝင်းဝင်းတောက်နေသော အကြည့်နှင့် ကြည့်လိုက်ပြီး....

"လီလော့...မင်းကို ငါတို့အားလုံး လျှော့တွက်မိလိုက်ပြီ.....မင်းက နန်ဖန်းကျောင်းတော်ရဲ့ ခန့်မှန်းရအခက်ဆုံး ကျောင်းသားပဲ...."

လီလော့က ပြုံးလိုက်ပြီး.......

" အိုးးး မင်းက သိပ်ကြင်နာတတ်တာပဲနော်...."

ရှီယွမ်က အမူအရာမဲ့စွာဖြင့်......

"သိပ်လည်း ဂုဏ်ယူမနေနဲ့....အရာအားလုံးက ကြိုတင်သတ်မှတ်ထားပြီးမို့ မင်းဘာကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး...."

" ပြောင်းလဲနိုင်သည် ဖြစ်စေ၊ မပြောင်းလဲနိုင်သည်ဖြစ်စေ ငါ့မှာ ​ကြိုးစားခွင့်ရှိနေသေးတယ်.....ပြီးတော့ ငါတွေးထားတာ တစ်ခုလည်းရှိတယ်...."

လီလော့က ရှီယွမ်နှင့် စုန်ယွမ်ဖန်တို့ကို တလှည့်စီကြည့်လိုက်ပြီး.....

" ယုလန် ပြောခဲ့သလိုပဲ... မင်းတို့ကို မစင်တွင်းထဲနှစ်ပစ်မယ်....."

ရှီယွမ် ခေါင်းခါလိုက်ပြီး လက်ထဲကလှံတံနဲ့ လီလော့ကို ချိန်ရွယ်လိုက်ကာ.....

"တော်လောက်ပြီ.... ပေါက်ပန်းစျေးစကားတွေ ပြောမနေနဲ့တော့....မင်းက ကိုယ့်ကိုကိုယ် လှည့်စားနေတဲ့ လူမိုက်ကောင်ပဲ....မင်းရဲ့ ခွန်အားအစစ်အမှန်ကို ထုတ်ပြလိုက်တော့... အဲ့လိုမှမဟုတ်ရင် မင်းတို့ လော့လန်အိမ်တော်ရဲ့ သိက္ခာတရားတွေ ကုန်းကောက်စရာမရှိအောင် ကျဆင်းရလိမ့်မယ်...."

ရှီယွမ်သည် ထိုသို့ပြောပြီးသည်နှင့် စည်းတံဆိပ်ကိုးခုအဆင့်ပဲ့တင်ထပ်သံစွမ်းအားများကို အကုန်အစင်ထုတ်ဖော်လိုက်လေသည်။

ဘန်းးးးးး

ရှီယွမ်၏ အရှိန်သည် ကြောက်စရာကောင်းလောက်အောင် လျင်မြန်လွန်းလှပေသည်။

ဝှစ်.......

အသက်ရှုကြိမ်အနည်းငယ်စာလောက်အတွင်းမှာပင် ရှီယွမ် လီလော့ရှေ့သို့ရောက်လာခဲ့ပြီဖြစ်သည်။

လီလော့သည် ရှီယွမ်၏တိုက်ကွက်များကို ရေအစွန်အဖျားပညာရပ်ဖြင့် ခုခံခဲ့သည်။

ဘန်းးးးး

ဓားသွားနှင့် လှံတံတို့ ထိခတ်သံများ ဆူညံနေလေ၏။

တိုက်ခိုက်မှုတိုင်းတွင် ရှီယွမ်သည် တစ်လက်မမျှ နောက်မဆုတ်ခဲ့ရသော်လည်း လီလော့သာလျှင် နောက်ဆုတ်ပေးနေခဲ့ရသည်။

"စည်းတံဆိပ်ရှစ်ခုအဆင့်တဲ့လား.....မင်းရဲ့စွမ်းအားက သန့်စင်သားပဲ....ငါ့ရဲ့ လျှပ်စီးတွေတောင် မင်းခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး....."

အားသာနေသည်ဟုထင်ရသော်လည်း ရှီယွမ်ကို ကြည့်ရသည်မှာ ပြသာနာရှိနေပုံရသည်။လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားသည် အတော်ပင် သန့်စင်နေသည်။ရှီယွမ်သည် အဆင့်ခုနှစ် ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသည့်အတွက် အတော်ပင် လွှမ်းမိုးဖိနှိပ်နိုင်သူဖြစ်သည်။

အဆင့်မြင့်သော ပဲ့တင်ထပ်သံများသည် ဝိဉာဉ်စွမ်းရည်ပိုင်ဆိုင်သည့်အတွက် ပြိုင်ဘက်၏ ပဲ့တင်ထပ်သံစွမ်းအားများကို ယိုယွင်းပျက်စီးစေနိုင်သော အားသာချက်များရှိပေသည်။ ရှီယွမ်၏ လျှပ်စီးပဲ့တင်ထပ်သံသည်လည်း ထိုနည်း၎င်းပင်.....

သို့သော်လည်း လီလော့ကို ရိုက်လိုက်ချိန်တိုင်း ရှီယွမ်၏ ပဲ့တင်ထပ်သံစွမ်းအားများသည် လီလော့ ခန္ဓာကိုယ်ထဲသို့ မထိုးဖောက်နိုင်ဘဲ ပျက်ပြယ်သွားကြသည်။

လီလော့ ဓားနှစ်လက်ကို ညှင်သာစွာဝှေ့ယမ်းလိုက်သည်။

ရှီယွမ်သည် အမှန်ပင်ကြောက်စရာကောင်းသည့် ပြိုင်ဘက်တစ်ဉီးဖြစ်သောကြောင့် လုချင်းအာ ထိတ်လန့်နေသည်မှာ ထူးဆန်းမနေတော့ပေ။

ခွန်အားက စည်းတံဆိပ်ကိုးခု....ပဲ့တင်ထပ်သံက အဆင့်ခုနှစ်ကိုမှ အဆင့်မြင့်တဲ့လျှပ်စီးပဲ့တင်ထပ်သံ.......

ဤသည်မှာ အမှန်ပင် ထိတ်လန့်စရာကောင်းလှပေသည်။

လီလော့ ရုတ်တရက်ပြုံးလိုက်မိသည်။ သူသည် ပြိုင်ဘက်၏ ကြောက်စရာကောင်းမှုကို စိတ်ဝင်စားခြင်းမရှိဘဲ ထိုအစားပို၍ပင်စိတ်လှုပ်ရှားနေလေ၏။

ဤနှစ်များအတွင်း လီလော့သည် ဗလာနန်းတော်ကြောင့် ကိုယ်ပိုင်အရည်အချင်းများကို စိတ်ရှိတိုင်း ထုတ်မပြနိူင်ခဲ့ပေ။

ထို့​ကြောင့် လုံခြုံသည်ဟုခံစားမိစေရန် ဝှက်ဖဲများကို သိုသိပ်စွာ ဖုန်းကွယ်ထားခဲ့ရသည်။

သူသည် တစ်ချိန်လုံး သိုသိပ်စွာနေထိုင်ခဲ့ရသည်။

သန်မာသူဖြစ်လာစေရန် သိုသိပ်စွာနေထိုင်ပြီး ကျင့်ကြံနေခဲ့ရသော်လည်း တိုက်ခိုက်လိုစိတ်ပြင်းပြနေခဲ့သည်။

မည်သိို့ပင်ဆိုစေ လီလော့သည် မြို့စားအဆင့်ကျင့်ကြံသူနှစ်ဉီးမှ မွေးဖွားလာသူဖြစ်သည်။

နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ်နေထိုင်ခဲ့ခြင်းကို ယခုချိန်တွင် အဆုံးသတ်လိုက်ပြီး စိတ်ရှိတိုင်း တောက်ပဖို့ အချိန်တန်ခဲ့လေပြီ.....

လီလော့ ခပ်ဖျော့ဖျော့ ရယ်သွမ်းလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ကာ ရှီယွမ်ဆီသို့ ဓါးချက် ပစ်လွှတ်လိုက်လေတော့သည်။

All Chapters