လီလော့၏ မျှားတံ......
Vol. 5 Ch. 70
အုန်းးး အုန်းးးး
အပျက်စီးများကြားတွင် မိုးကြိုးသံသဲ့သဲ့ကြားနေရသည်။ခပ်လှမ်းလှမ်းမှကျောင်းသားများကလည်း ရှီယွမ် အားကုန်သုံးကာ လီလော့ကို ဖိအားပေးတိုက်ခိုက်နေသည်ကို ကြည့်နေကြသည်။
ဤအတိုင်းဆိုပါက လီလော့ သိပ်မကြာခင်ထုတ်ပယ်ခံရပေတော့မည်။
လီလော့၏ တိုးတက်လာမှုသည် ကြောက်စရာကောင်းလောက်အောင် လျင်မြန်လှသော်လည်း ရှီယွမ်လို သန်မာသူများနှင့် မယှဉ်နိုင်သေးသည်မှာ နှမြောဖွယ်ကောင်းလှသည်။
ထန်......
သတ္ထုချင်းထိခတ်သံများ ထပ်မံထွက်ပေါ်လာပြီး လီလော့သည် အဆောက်ဉီးပျက်တစ်ခုစီလွှင့်ပျံသွားပြန်သည်။
ရှီယွမ်သည် လှံတံကို ကိုင်ထားပြီး အဆောက်ဉီးပျက်ဆီ ကြည့်နေလေ၏။ရှီယွမ်၏ကိုယ်ပေါ်တွင် လျှပ်စီးများ တဖြတ်ဖြတ် လင်းလက်နေသည်မှာ မြင်ရသူအပေါင်းကို သန်မာသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
" လီလော့...မင်းက ဒီရေကို လှည့်ကွက်သုံးပြီး တားဆီးချင်နေတာလား....မင်းက ထင်သလောက်လဲမဟုတ်ပါလား...."
ရှီယွမ် ခပ်ဖျော့ဖျော့ ပြုံးပြီး လှောင်ပြောင်သောစကားများကိုသာ ရွေးပြောနေသည်။
" မင်းမှာ မာနရှိသေးတယ်ဆို မြန်မြန်အညံ့ခံလိုက်တော့...."
အဆောက်ဉီးပျက်ထဲတွင် လီလော့သည် နံရံကိုမှီထားကာ ရှီယွမ်၏ စကားများကိုနားထောင်ပြီး ရယ်မောနေလေ၏။
" သန်မာလိုက်တဲ့ပြိုင်ဘက်....ငါကလည်း တော်တော် ဉာဏ်တိမ်ခဲ့တာပဲ....ဒီလောက်ထိ ဖြစ်မလာဘူး ထင်ခဲ့ပေမယ့် အခြေနေတွေက ဒီလိုဖြစ်လာပြီဆိုမှတော့....."
လီလော့ အမူအရာမဲ့စွာဖြင့် ဓားနှစ်လက်၏ ဓားရိုးများကို ချိတ်ဆက်လိုက်လေသည်။ ဓားနှစ်လက်၏ ဓားရိုးများတွင် ဟိန်းဟောက်နေသော သားရဲခေါင်းများကို ထွင်းထုထားသောကြောင့် အစွယ်များအချင်းချင်းချိတ်ဆက်သွားကြသည့်အခါ လေးကိုင်းတစ်ခုသဏ္ဍာန်ဖြစ်ပေါ်လာခဲ့သည်။ထိုအခါ ဓားနှစ်လက်၏ ဓားသွားများသည်လည်း ပိုမိုထက်ရှလာခဲ့သည်။
ထိုလေးကိုင်းသည် ဓားနှစ်လက်ဖြင့် ပြုလုပ်ထားသော ငွေပြာရောင်လေးကိုင်းဖြစ်သည်။
လီလော့သည် ဓားသွားပေါ်ရှိ အကွက်တစ်ခုကို ဖိနှိပ်လိုက်သည့်အခါ အပေါက်လေးတစ်ခုဖြစ်ပေါ်လာပြီး လေးကြိုးတစ်ချောင်းထွက်ကျလာသည်။ လီလော့သည် ထိုလေးကြိုးကို ဓားသွားအစွန်းနှစ်ဖက်ပေါ်တွင် သေချာစွာတပ်ဆင်လိုက်သည်။
ဤသည်မှာ လီလော့ စိတ်ကြိုက်ပြုလုပ်ထားသော အထူးလက်နက်ဖြစ်သည်။ အမွှာဓားနှစ်လက်ကို ပေါင်းစပ်လိုက်သည့်အခါ လေးကိုင်းတစ်ခုဖြစ်လာမည်မှန်း မည်သူမျှ ထင်ထားမိမည်မဟုတ်ပေ။
ထိုလေးကိုင်းအကြောင်းကို ထုတ်မပြချင်သော်လည်း ခေါင်းငုံ့နေမည်ဆိုပါက တစ်ဖက်လူ၏ ခေါင်းဖြတ်ခြင်းကို ခံရပေတော့မည်။
လီလော့ အပြင်ဘက်က ရှီယွမ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အေးစက်သည်ထက် ပိုအေးစက်သော အပြုံးမျိုး ပြုံးလိုက်လေ၏။
အပြင်ဘက်က ရှီယွမ်သည်လည်း တစ်ခုခုမှားယွင်းနေပြီဟု ခံစားမိလိုက်သဖြင့် လျှပ်စီးစွမ်းအားများကို လှံတံဆီပို့လွှတ်လိုက်ပြီး အဆောက်ဉီးပျက်ထဲသို့ ပစ်လွှတ်လိုက်သည်။
ဘုန်းးးးးးးး
သို့သော်လည်း ပေါက်ကွဲထွက်လာသောစွမ်းအားများကြောင့် နီးရာကျောက်တုံးတစ်ခုပေါ် ခုန်တက်လိုက်ရသည်။
လီလော့........
ရှီယွမ် လှံတံကို ပြန်ဆင့်ခေါ်လ်ိုက်ပြီး တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်မိသည်။ ရန်သူ၏လက်ထဲတွင် လေးတစ်လက်ရောက်ရှိနေသည့်အတွက် အနည်းငယ်စိတ်ပူသွားခဲ့ရသည်။
ထိုမြင်ကွင်းကြောင့် တောင်ခြေကလူတွေအပြင် အပျက်စီးနယ်မြေထဲက ကျောင်းသားတွေပါ အကုန်အံ့အားသင့်နေခဲ့ကြသည်။
" မင်း ဘယ်အချိန်ထိ လှည့်ကွက်တွေ သုံးနေဉီးမှာလဲ....."
လီလော့က ရှီယွမ်မေးနေသည်ကို ပြန်မဖြေဘဲ အသက်ပြင်းပြင်းရှူကာ လေးကြိုးကို တင်းနေအောင်ဆွဲလိုက်သည်။ ထိုအခါ လေးညို့ပေါ်တွင် ပဲ့တင်ထပ်သံစွမ်းအားများသည် မျှားတစ်စင်သဖွယ် ပုံပေါ်လာခဲ့သည်။
လီလော့၏ အလင်းပဲ့တင်ထပ်သံကြောင့် မျှားတံတစ်ခုလုံးသည် တလက်လက်တောက်ပနေသည်။လီလော့သည် မျှားတံကို အလင်းပဲ့တင်ထပ်သံစွမ်းအားနှင့် ရေပဲ့တင်ထပ်သံစွမ်းအားတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
လီလော့၏ ခန္ဓာကိုယ်ပေါ်တွင် ပဲ့တင်ထပ်သံစွမ်းအားများရစ်သိုင်းနေပြီး မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်ရှိနေသည်။
ထိုမျှားတံကို အဆင့်မြင့်ရေပဲ့တင်ထပ်သံပညာရပ်ဖြစ်သော ရေစီးကြောင်းပညာရပ်နှင့် အဆင့်မြင့် အလင်းပဲ့တင်ထပ်သံပညာရပ်ဖြစ်သော အလင်းစီးကြောင်းပညာရပ်တို့ကိုပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
အကြိမ်ပေါင်းများစွာကျရှုံးပြီးနောက်တွင် လီလော့သည် ရေနှင့် အလင်းပဲ့တင်ထပ်သံပညာရပ်များကို ကျွမ်းကျင်စွာ ပေါင်းစပ်အသုံးပြုနိုင်ပြီဖြစ်သည်။
ထို့ကြောင့် ထိုမျှားတံကို နှင်းစက်အလင်း ကောင်းကင်စီးကြောင်းမျှားတံဟု ခေါ်ဆိုရပေမည်။
ဤသည်မှာ လီလော့၏ အသန်မာဆုံးသော ဝှက်ဖဲပင်ဖြစ်သည်။
ရှီယွမ်သည် လီလော့ထံတွင် ဝှက်ဖဲမရှိပြီဟုထင်နေခဲ့သော်လည်း မျှားတံကို မြင်လိုက်ရသည့်အခါ အမူအရာပြောင်းသွားခဲ့လေသည်။
မယုံနိုင်လောက်အောင် ပြင်းထန်သည့် ပြိုင်ဘက်ကို ရင်ဆိုင်ရသလိုမျိုး ထူးဆန်းတဲ့ ခံစားချက်ကို ခံစားနေရသည်။
" မဖြစ်နိုင်ဘူး...သူက စည်းတံဆိပ်ရှစ်ခုအဆင့်ပဲရှိသေးတာ....ဘယ်လိုလုပ်ပြီး ချိန်းခြောက်နိုင်စွမ်းရှိနေရတာလဲ....."
ရှီယွမ် မျက်လုံးများ ပြူးကျယ်လာခဲ့ရသည်။သူ့ထံတွင် လျှပ်စီးချပ်ဝတ်ရှိနေသည့်အတွက်လုချင်းအာ အထွတ်အထိပ်အခြေနေတွင် ရှိနေသည်ကိုပင် ရှီယွမ် မကြောက်မိခဲ့ပေ။
//ဒီအလင်းမျှားတံက ဘာကြီးလဲ.....မြို့စားအဆင့်ပညာရပ်များဖြစ်နေမလား....ဒါပေမယ့် စည်းတံဆိပ်ရှစ်ခုအဆင့်လောက်နဲ့ ဒီလိုပညာရပ်မျိုးကို အသက်သွင်းနိုင်မှာ မဟုတ်လောက်ဘူး....//
ရှီယွမ် နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်လေပြီ....လီလော့၏ ဘာမှန်းမသိသော တိုက်ကွက်ကြောင့် အဆင်ခြင်မဲ့စွာ ရှေ့ဆက်တိုးမည့်အစား နောက်ဆုတ်ရန်သာ ရွေးချယ်လိုက်တော့သည်။
ဤသည်မှာ လီလော့၏ နောက်ဆုံးတိုက်ခိုက်မှု ဖြစ်နိုင်သည်။ ထိုတိုက်ကွက်ကို ရှောင်တိမ်းနိုင်သ၍ ထိခိုက်မှုရှိနိုင်လိမ့်မည်မဟုတ်ပေ။
ရှီယွမ် နောက်ဆုတ်သွားသည်ကို လီလော့ တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ လျှပ်စီး၏ အမြန်နှုန်းသည် အလင်း၏ အမြန်းနှုန်းလောက် လျင်မြန်နိုင်မည်လော......
လီလော့ လေးကြိုးကို လခြမ်းသဏ္ဍာန် ကွေးနေအောင် ဆွဲလိုက်ပြီး ပစ်လွှတ်လိုက်သည်။
ဝှစ်.......
လျှပ်စီးလက်သံကဲ့သို့သော အသံမျိုး ကြားလိုက်ရသည်။
လေထုကို ခွင်းသွားသော လင်းလက်နေသည့် မျှားတံတစ်ချောင်းကို သာမာန်မျက်စိနှင့်ပင် မြင်နိုင်သော်လည်း ထိုမျှားတံ၏ ဉီးတည်ရာကို မမှန်းဆနိုင်ကြပေ။
ဘန်းးးးးးး
လေထုကို ခွင်းလာသော မျှားတံကြောင့် ရှီယွမ်၏ ဆံပင်များပင်ထောင်တက်သွားလေသည်။
" လျှပ်စီးခြေလှမ်း...."
ရှီယွမ်၏ ခြေထောက်အောက်တွင် လျှပ်စီးစွမ်းအားများ စုဝေးလာပြီး အမြန်နှုန်းသည်လည်း အကန့်အသတ်ရောက်သိအထိ တိုးမြင့်လာခဲ့သည်။
သို့သော်လည်း အသုံးမဝင်ခဲ့ပေ။
လင်းလက်နေသော မျှားတံသည် ရှီယွမ်၏မြင်ကွင်းထဲသို့ဝင်လာခဲ့သည်။
သူ့ရှေ့က နံရံတွင်ရှိနေသော အပေါက်ထဲမှ နေရောင်ခြည်သဖွယ်လင်းလက်နေသော အလင်းတန်းတစ်ခု ဉီးတည် ပျံသန်းလာနေ၏။
ဘေးကြပ်နံကြပ်အခြေနေကြောင့် ရှီယွမ်သည် လျှပ်စီးစွမ်းအားများ ခန္ဓာကိုယ်အနှံ့ ပို့လွှတ်လိုက်သည်။ သူ၏ လှံတံသည်လျှပ်စီးနဂါးတစ်ကောင်သဖွယ် ရှေ့သို့ တိုးထွက်လာခဲ့သည်။
ထန်...
ထိုအသံသည် ရှင်းလင်းပီသစွာ ထွက်ပေါ်လာပြီး ရှီယွမ်၏ လှံတံ နှစ်ပိုင်းကျိုးသွားခဲ့သည်။
ရှီယွမ်၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် လီလော့၏ နှင်းစက်အလင်း ကောင်းကင်စီးကြောင်းမျှားတံသည် ရှီယွမ်၏ ဘယ်ဘက်လက်ဖဝါးကို ဖောက်ဝင်သွားခဲ့သည်။
"အားးးးးးးး"
ရက်စက်ပြင်းထန်လှသော လျှပ်စီးချပ်ဝတ်သည် တခဏတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီး ရှီယွမ်၏ အော်သံနက်နက်ကြီးသာ ထွက်ပေါ်လာခဲ့သည်။
မျှားချက်ကြောင့် ရှီယွမ်၏ ဘယ်ဘက်ပုခုံးကနေ သွေးများစီးကျနေပြီး လူကိုယ်တိုင်ကလည်း အပျက်စီးပုံထဲသို့ လွှင့်စင်သွားခဲ့သည်။
ပြင်းထန်စွာ ဒဏ်ရာ ရသွားသည့်အတွက် နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျနေသေးသည်။
ထိုမြင်ကွင်းကြောင့် တောင်ခြေတွင်ရှိနေသော ပရိတ်သတ်အားလုံး မှင်သက်နေကြလေသည်။