အဖွဲ့၏ စွမ်းအား
Vol. 6 Ch. 81
အခန်း (၈၁) အဖွဲ့၏စွမ်းအား
ချင်ယွင်သည် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ရှုပ်ထွေးမူမဖြစ်ချင်သောကြောင့် ခေါင်းစဉ်ကို အလျင်အမြန်ပြောင်းလိုက်ပြီး "ဟုတ်ပြီလေ ၊ မင်း ငါ့ကို ဘာလို့ ရှာနေတာလဲ?"
လျူဂေါ့သည် ချင်ယွင်၏စကားကို ကြားသောအခါ၊ ချင်ယွင်ဆီသို့ လာရင်း ရည်ရွယ်ချက်ကို သတိရပြီး "သိမ်မွေ့ရေခဲအဖွဲ့ထဲ မင်းကိုဖိတ်ခေါ်ဖို့ မင်းဆီ ငါလာခဲ့တာဘဲ" ဟု သူကဆိုသည်။
"သိမ်မွေ့ရေခဲအဖွဲ့လား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"အဖွဲ့ကြီးခြောက်ခု အကြောင်းတောင် မင်းမသိဘူးလား၊ ဟုတ်မှာပါလေ။ မင်း အပြင်စည်းဂိုဏ်းထဲဝင်ပြီး အတွင်းစည်းဂိုဏ်းထဲကို ဝင်တာမှ တစ်လကျော်လောက်ဘဲ ရှိသေးတယ်။ အဖွဲ့ကြီးခြောက်ခုအကြောင်း မင်း မသိခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး။" လျူဂေါ့က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
အမှန်တော့၊ သူသည် အထူးသဖြင့် ချင်ယွင်သည် သိုင်းသခင်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်ကို မြင်သောအခါတွင် ချင်ယွင်ကို သူ၏ နှလုံးသားထဲမှ သဘောကျမိသည်။
လွန်ခဲ့သည့်တစ်လကျော်ကို ပြန်ပြောင်း အမှတ်ရမိလျှင် ချင်ယွင်သည် ကျင့်ကြံမှု မရှိသည့် သေမျိုးတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။ ယခု သူ့ကို မှီလုနီးပါးပင် ဖြစ်နေပြီ။ သူသည် အမှန်တကယ်ပင် အခြားသူများထက် ပို၍ နာမည်ကြီးလိမ့်သည်။
တစ်လကျော်အကြာ ကာလအတွင်းမှာ သူကိုယ်တိုင်ဆို သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့် ကောင်းကင်အလွှာသို့ ဘယ်သောအခါမှ ချိုးဖြတ်နိုင်မည် မဟုတ်ပေ။ ဒါက ရိုးရှင်းလွန်းသည့် အံ့ဖွယ်တစ်ခု ဖြစ်လေသည်။
ဟုတ်ပါသည်၊ ယင်းကြောင့်ပင် သူသည် ချင်ယွင်ကို သိမ်မွေ့ရေခဲအဖွဲ့ထဲသို့ ဆွဲသွင်းရန် ပိုပြီး စိတ်ပိုင်းပြတ်သားစေခဲ့သည်။
သေချာတာက ချင်ယွင်သည် လျူဂေါ့ မည်ကဲ့သို့အတွေးမျိုး တွေးနေသည်ကို ဂရုမစိုက်ပါဘူး။ သူ့အတွက်၊ ထိုသို့သော အရှိန်ဟုန်သည် ချဲ့ကားခြင်း မဟုတ်ပေ။ အကယ်၍ သူသည် အတိတ်တုန်းက အင်မော်တယ်ကမ္ဘာအတွင်း တည်ရှိစဉ်ကဆိုလျှင် သေမျိုးတစ်ယောက်အဖြစ်မှ သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့် ကောင်းကင်အလွှာသို့ အဆင့်ချိုးဖြတ်ရန် သုံးရက်မှ လေးရက်သာ ကြာမည် ဖြစ်သည်။ ယခုအချိန်တွင် လျူဂေါ့ပြောသော အဖွဲ့ကြီးခြောက်ခုကိုသာ သူ အလွန် စိတ်ဝင်စားနေသည်။
"မင်းမသိဘူးဆိုမှတော့ အဖွဲ့ကြီးခြောက်ခုနဲ့ ပတ်သက်ပြီး ငါပြောပြမယ်!" လျူဂေါ့က ပြောသည်။
ထို့နောက် သူက ချင်ယွင်အား အဖွဲ့ကြီးခြောက်ခုအကြောင်း ပြောပြသည်။
"ဒါဆို သိမ်မွေ့ရေခဲအဖွဲ့က အဖွဲ့ကြီးခြောက်ခုထဲက တစ်ခုပေါ့?" ချင်ယွင်က မေးသည်။
လျူဂေါ့က ဆောလျင်စွာ ခေါင်းညိတ်လိုက်သည်။
ချင်ယွင်က ခဏလောက် စဉ်းစားလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ အကယ်၍ သူသည် မိုးကြိုးဝိညာဉ်အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းဆယ်ဦးထဲစာရင်း ဝင်ခဲ့လျှင်ပင်၊ သူ၏ကိုယ်ပိုင်အဖွဲ့ကို ဖန်တီးရန် အချိန်မရှိပေ။ အဖွဲ့များထဲမှ တစ်ခုသို့ တိုက်ရိုက် ချိတ်ဆက်၀င်ခြင်းသည် ပိုကောင်းပါသည်။
ယခုလောလောဆယ်မှာ သူ၏မျက်နှာကို မဖော်ပြသေးပါဘူး။ သူ၏ခွန်အားကို စတင် ပြသပြီးသည်နှင့် ထိုအဖွဲ့ကြီးများက သူ့အား သံလွင်ခက်ပစ်ချပြီး ကမ်းလှမ်းကျမှာ သေချာသည်။ ထိုအချိန်တွင် သူသည် မည်သည့်အဖွဲ့နှင့် ပူးပေါင်းသည်ဖြစ်စေ အခြားသော အဖွဲ့ကြီးများကို စော်ကားရာ ရောက်ပါသည်။ ယခုပင် သိမ်မွေ့ရေခဲ အဖွဲ့မှာ ပါဝင်ခြင်းက ပိုကောင်းပါသည်။
ထို့အပြင် ချင်ယွင်သည် လီချင်းကို ရှာဖွေရန် လိုအပ်သည်။ သူသည် အဖွဲ့၏စွမ်းအား ကို အသုံးပြုလျှင် သူ၏အားထုတ်မှု အများအပြားကို သက်သာစေနိုင်သည်။
သိမ်မွေ့ရေခဲအဖွဲ့၏အင်အားနှင့် အဖွဲ့ကြီးခြောက်ခုတွင် အဆင့်သတ်မှတ်ချက်ကို ချင်ယွင်က ဂရုမစိုက်ပေ။ သူ့အတွက်၊ ဤအရာအားလုံးက ဒုတိယဦးစားပေး ဖြစ်သည်။
"ကောင်းပြီ၊ ငါ သိမ်မွေ့ရေခဲအဖွဲ့မှာ ပါဝင်ဖို့ ကတိပေးတယ်။" ချင်ယွင်က ပြန်ဖြေ လိုက်သည်။
ချင်ယွင်၏ သဘောတူညီချက်ကို ကြားလျှင် လျူဂေါ့သည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြုံးပြီး "ကောင်းပြီ အစ်ကိုလင်း၊ ငါတို့က အနာဂတ်မှာ မိသားစုတစ်ခု ဖြစ်လာတော့မယ်။ သေချာတာက၊ ငါ့ကတိက မလုံလောက်ဘူး။ ဝင်ခွင့်လျှောက်လွှာ ဖြည့်ဖို့ ငါတို့ရဲ့ သိမ်မွေ့ရေခဲအဖွဲ့ဌာနချုပ်ကို သွားရမယ်။"
"ဒါက ဒုက္ခများလား?" ချင်ယွင်က မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။
လျူဂေါ့က အဆောတလျင် အမူအယာဖြင့်"ဒုက္ခမများပါဘူး ၊ ဒုက္ခမများပါဘူး။ မင်း ငါနဲ့လိုက်ခဲ့ဖို့ပဲ လိုတယ်။ အဲဒါကို ငါ ဖြည့်ပေးမယ်။"
"အင်း ဒါဆို ကောင်းပြီ!" ချင်ယွင်က သဘော တူပြီးနောက် လျူဂေါ့သည် သိမ်းမွေ့နက်နဲရေခဲအဖွဲ့၏ ဌာနချုပ်ရှိရာသို့ လိုက်သွားခဲ့သည်။
သိမ်မွေ့နက်နဲရေခဲအဖွဲ့၏ ဌာနချုပ်ကို ကြာပန်းငယ်တောင်ထိပ်တွင် တည်ထောင် ထားသည်။ ဤနေရာကို အဖွဲ့အကြီးများအားလုံးသည် ၎င်းတို့၏ ဌာနချုပ်အဖြစ် အသုံးပြုရန် သီးသန့်ထားကြသည်။ အဖွဲ့တစ်ခုစီသည် တောင်ထိပ်တွင် ကြီးမားသော အဆောက်အအုံတစ်ခုအား သိမ်းပိုက်ထားသည်။ အမြင့်မှ အနိမ့်အထိ အဖွဲ့၏ စွမ်းအား အဖြင့် အဆင့်သတ်မှတ်ခြင်းခံရသည်။ အဖွဲ့တစ်ခုဟာ အင်အား ပိုကောင်းလေ၊ သူတို့သိမ်းပိုက်ရမည့် နယ်မြေက ပိုမြင့်လေဖြစ်သည်။
ချင်ယွင် မမျှော်လင့်ထားသည့်အရာမှာ သိမ်မွေ့ရေခဲအဖွဲ့သည် အသေးငယ် ဆုံးနယ်မြေကို သိမ်းပိုက်နိုင်ရုံသာမက တောင်ထိပ်၏ အောက်ခြေတွင် ရှိနေခြင်းပင် ဖြစ်သည်။ ဌာနချုပ်မှာ လူအနည်းငယ်သာရှိပြီး တခြားအဖွဲ့များတွင် လူပေါင်းများ စွာသည် ဝင်လိုက်ထွက်လိုက်ဖြင့် သက်ဝင်စည်ကားနေ၏။
"အယ်၊ ဘယ်လိုဖြစ်ရတာလဲ?" ချင်ယွင်သည် အံ့ဩသွားမိသည်။
သူ၏ထင်မြင်ချက်အရ၊ ၎င်းသည် အဖွဲ့ကြီးခြောက်ခုအနက်မှ တစ်ခုဖြစ်သောကြောင့်၊ အဖွဲ့များ၏ စွမ်းအားများကြားတွင် အလွန်ကွာခြားမှု မရှိသင့်သော်လည်း ဤသိမ်မွေ့ရေခဲအဖွဲ့သည် အဘယ်ကြောင့် ဤမျှလောက် မွဲတေနေရသနည်း။
ချင်ယွင်၏ မေးခွန်းကို ကြားလျှင် လျူဂေါ့သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
သူက အဆောလျင်စွာ ရှင်းပြသည် "ငါတို့အဖွဲ့မှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ ပြီးနောက် အဖွဲ့ကဒီလိုဖြစ်သွားတာဘဲ။ တစ်ချို့လူတွေက အဖွဲ့ဆုတ်ယုတ် သွားတာကို မြင်တော့ သူတို့က တိုက်ရိုက်ထွက်သွားပြီး တခြားအဖွဲ့နဲ့ ပူးပေါင်းသွား ကြတယ်။ မင်းရဲ့စကားကို ပြန်မရုတ်သိမ်းချင်ဘူးမလား?"
ချင်ယွင်က ရှက်ရွံ့စွာ ပြုံးပြီး "စိတ်မပူပါနဲ့၊ ငါက အဖွဲ့ရဲ့စွမ်းအားကို မေးကြည့်ရုံပါ။ ကျန်တာ သိပ်ဂရုမစိုက်ပါဘူး"
ချင်ယွင်၏ စကားကိုကြားလျှင် လျူဂေါ့သည် သက်ပြင်းချပြီး ချင်ယွင်ကို ခြံဝင်းထဲသို့ ခေါ်သွားခဲ့သည်။
ချင်ယွင်သည် အနီးကပ်ကြည့်လိုက်သည်။ ခြံထဲတွင် လူငါးယောက်သာ ကျန်တော့ သည် ။ ထို့အပြင် ဤလူများသည် စာရင်းဖြည့်ရသေးပုံမပေါ် ။ ချင်ယွင်သည် သူတို့ထဲမှ တစ်ယောက်ကို မြင်ဖူးသည်။ ကိုပိန်ရှည် ကျန်းယွန်သည် ဖက်တီးနှင့်အတူ နွေဦး နန်းတော်ပုံပြစာအုပ်ကို အတူတူ ဆွဲလုပြီးဖတ်နေသူဖြစ်သည်။
တကယ်တော့ ချင်ယွင်သည် ရယ်စရာကောင်းသည့်အရာကို အမြဲတွေ့ ခဲ့ရသည်။ လျူဂေါ့နှင့် ကျန်းယွန်တို့၏ အမည်များသည် တစ်ယောက်နှင့်တယောက် ထပ်တူ မကြပေ။ လျူဂေါ့သည် လုံးဝအရပ်မရှည်သလို ကျန်းယွန်သည်လည်း လုံးဝ ၀ကစ်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့နှစ်ယောက်၏ နာမည်များကို ပြောင်းလဲမှည့်လိုက်ခြင်းက ပိုသင့်တော်ပါလိမ့်မည်။
ချင်ယွင်ကိုမြင်လျှင် ကျန်းယွန်သည် သူ့ကို နှုတ်ဆက်ပြီး ပြုံးပြသည်။
ချင်ယွင်က တစ်ဖက်ကို ခေါင်းညိတ်ပြသည်။
လျူဂေါ့က "မင်း ဟိုတခါတုန်းက ကျန်းယွန်နဲ့ ငါ့ကို တောင်ခြေရင်းမှာ တွေ့လိုက်ရတဲ့ အကြောင်းရင်းက ငါတို့သိမ်မွေ့ရေခဲအဖွဲ့ရဲ့အင်အားက အားနည်းသွားလို့ဘဲ။ ငါတို့နှစ်ယောက်ဟာ ဥပဒေစိုးမိုးရေးခန်းမရဲ့ တပည့်တစ်ယောက်ကို စော်ကားခဲ့တယ်၊ ဒါပေမယ့် အဖွဲ့က ငါတို့ကို အကာအကွယ်မပေးနိုင်ခဲ့ဘူး။ ဒါ့အပြင် ငါတို့ဟာ အလုပ်သမားခန်းမရဲ့ တပည့်ဖြစ်လာဖို့အထိ အပြစ်ပေးခံခဲ့ရတယ်။"
ချင်ယွင်သည် အခြေအနေကို ရုတ်တရက် နားလည်သွားသည်။ မိုးကြိုးဝိညာဉ် ဂိုဏ်းဟာ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင် နှစ်ယောက်ကို (အသစ်ရောက်လာသည့်) တပည့်များအတွက် အစီစဉ်ပေးရသည့် နေရာမှာ တာ၀န်ပေးထား ခြင်းက သူ့အတွက် အံ့သြစရာမရှိတော့ပေ။ သူတို့သည် တစ်စုံ တစ်ယောက်ကို ပြစ်မှားစော်ကားခဲ့ကြသည်မှာ ထင်ရှား၏။
"ကောင်းပြီလေ၊ ငါ မင်းဖောင်ဖြည့်ဖို့ မင်းကို အရင်ပို့လိုက်မယ်။" လျူဂေါ့က ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။
သို့သော် လျူဂေါ့သည် ချင်ယွင်ကို အတွင်းခန်းထဲသို့ ခေါ်ဆောင်လာစဉ်တွင် ထူးဆန်းသော အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"အို၊ သိမ်မွေ့ရေခဲအဖွဲ့ကြီးဟာ ဒီလိုအခြေအနေမျိုးအထိ ကျဆင်းသွားခဲ့ပြီလား။ ဒါတောင် တစ်စုံတစ်ယောက်က အမှန်တကယ် ပူးပေါင်းနေသေးတယ်။ ကောင်စုတ်၊ မင်းက လူအသစ် မဟုတ်လား"
သူစကားပြောပြီးသည်နှင့် အပြာရောင်တပည့်ဝတ်စုံဝတ်ထားသည့် လူငယ်အချို့သည် ခြံအပြင်ဘက်မှ ဝင်လာကြသည်။ ဦးဆောင်သူ လူငယ်သည် သူ၏မျက်နှာတွင် မောက်မာ သော အမူအရာ ရှိပြီး ယခုလေးတင် ပြောခဲ့သော စကားများသည် ထိုလူ၏ပါးစပ်မှ ထွက်ပေါ်လာသည်။
"ဝမ်ဘင်၊ မင်းသစ္စာဖောက်၊ မင်းဒီကိုလာဖို့ မျက်နှာရှိသေးတယ်ပေါ့" လျူဂေါ့သည် ဤလူကိုမြင်သောအခါ ဒေါသတကြီးဟောက်သည် ။
"သစ္စာဖောက်လား?" ဝမ်ဘင်အမည်ရှိ တပည့်က ရယ်မောလိုက်သည်။ သူက လျူဂေါ့ကို ကြည့်ပြီး လှောင်ပြောင်ကာ "ဒီကမ္ဘာကြီးမှာ ရေတွေက အောက်ကို စီးဆင်းပြီး လူတွေက အထက်ကိုတက်ကြတာ မူလကတည်းက ဖြစ်နေကြ သဘာ၀ဘဲလေ။ သိမ်မွေ့ရေခဲအဖွဲ့ဟာ မြေကြီးအထိ ပြုတ်ကျသွားခဲ့ပြီး ငါ့ကို အကူအညီ မပေးနိုင်တော့ဘူး။ ငါ ဒီမှာ နေဖို့ မလိုအပ်တော့ဘူး။ ကြည့်လေ၊ ငါ ကောင်းကင်ဝံပုလွေအဖွဲ့ထဲ ၀င်ရောက်ပြီးတဲ့နောက် အကြီးအမှူးတပည့်တစ်ယောက် ဖြစ်နိုင်တုန်းပဲလေ။ ငါ့လက်အောက်မှာ ညီအစ်ကိုတစ်ဒါဇင်ကျော်ရှိတယ်။ ငါ လစဉ် ချီစုစည်းခြင်းဆေးပြား ၃ ပြားရနိုင်တယ်။ ဒါတွေကို မင်းတို့သိမ်မွေ့ရေခဲအဖွဲ့က ငါ့ကို ပေးမှာလား။ မင်းတို့မှာ စုစုပေါင်း တစ်ဒါဇင်ထက် မပိုမှာကို ငါကြောက်မိတယ်!”
လျူဂေါ့၏မျက်နှာသည် ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး "ဒါဆို သိမ်မွေ့ရေခဲအဖွဲ့ကို မင်းဘာလာလုပ်တာလဲ"
ဝမ်ဘင်က ပြုံးပြီးပြောတယ် "သိမ်မွေ့ရေခဲအဖွဲ့က လူသစ်တွေ စုဆောင်းနေတယ်လို့ ငါကြား လိုက်ရတယ်။ သိမ်မွေ့ရေခဲအဖွဲ့က ဒီလိုအခြေအနေမျိုးမှာတောင် လူသစ်တွေ စုဆောင်းနိုင်မလားဆိုတာ ငါ အရမ်းသိချင်နေတယ်။"
"မင်း အခု မြင်ပြီးပြီမဟုတ်လား ကျေးဇူးပြုပြီး ပြန်သွားပါ!" လျူဂေါ့က မကျေမနပ်သည့် အမူယာဖြင့် ပြောလိုက်သည်။
ဝမ်ဘင်က ရယ်မောလိုက်သည်။ သူသည် လျူဂေါ့ကို လျစ်လျူရှုပြီး ချင်ယွင်ဘက်ကို လှည့်ကြည့်လိုက်သည်။ " ကောင်စုတ် ၊ သိမ်မွေ့ရေခဲအဖွဲ့ဟာ ဒီလိုအခြေအနေမျိုး ရောက်သွားတာကို မင်းလည်းမြင်ဖူးပြီဘဲ။ သူတို့မှာ ထူးချွန်တဲ့ တပည့်တစ်ယောက် တောင် မရှိဘူး။ သူတို့က မင်းကို ဘာအကူအညီမှ မပေးနိုင်ဘူး။ မင်းဘာလို့ ငါတို့ ကောင်းကင်ဝံပုလွေအဖွဲ့ကို မ၀င်တာလဲ။ ?"
"ဝမ်ဘင်၊ မင်း အရမ်းလွန်မလာနဲ့!" ချင်ယွင် မဖြေခင် လျူဂေါ့က ဒေါသတကြီး အော်လိုက်သည်။
"အရမ်းလွန်သွားတာလား?" ဝမ်ဘင်သည် သူ၏မျက်နှာတွင် မောက်မာသော အမူအရာ ရှိနေသေးသည်။ "ဒါဆို ငါအရမ်းလွန်သွားတယ်ဆိုရင်ရော မင်း ဘာလုပ်မလဲ။ မင်းရဲ့သိမ်မွေ့ရေခဲအဖွဲ့ခေါင်းဆောင် ချင်ရွှန်းရွှန်းက မင်းတို့ကို အရင်လိုဘဲ ကာကွယ်ပေးနိုင်တုန်းလို့ မင်းထင်နေသလား၊ မင်းကို ပြောလိုက်ပါရစေ၊ မင်းရဲ့ သိမ်မွေ့ရေခဲအဖွဲ့က လူတိုင်းကို ငါတစ်ယောက်တည်း အနိုင်ယူနိုင်နေပြီကွ"
လျူဂေါ့၏ မျက်နှာသည် ပြာနှမ်းနေပြီး ဒေါသထွက်နေသည်။ သို့သော် ၀မ်ဘင်သည် အမှန်အတိုင်း ပြောနေမှန်း သူ၏စိတ်နှလုံးထဲမှ သိလိုက်သည်။ ၀မ်ဘင်သည် လက်ရွေးစင် တပည့်များအဆင့်သို့ မ၀င်ရောက်သော်လည်း သူသည် ထိပ်တန်း အတွင်းစည်းဂိုဏ်းဝင် တပည့်ဆယ်ယောက်တွင် တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ ထို့အပြင်၊ သူသည် မိုးကြိုးဝိညာဥ်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၀၈ ရှိ
သည်။
သို့သော် ချင်ယွင်သည် အံ့အားသင့်သွားပြီး လျူဂေါ့ကို မေးလိုက်သည် "ချင်ရွှန်းရွှန်းလား ? သူမက မိုးကြိုးဝိညာဥ်အဆင့် သတ်မှတ်ချက်တွင် တတိယအဆင့်မှာရှိတဲ့ ချင်ရွှန်းရွှန်း ဖြစ်သလား။"
လျူဂေါ့သည် အနည်းငယ် ထိတ်လန့်သွားသည်။ အဖြစ်ပျက်များကို သူ နားမလည် ပေမယ့် သူက ခေါင်းညိတ်ပြပြီး "ငါတို့ရဲ့ မိုးကြိုးဝိညာဉ်ဂိုဏ်းမှာ ချင်ရွှန်းရွှန်းက တစ်ယောက် တည်းပဲရှိပါတယ်။ ဒါပေမယ့် စီနီယာအစ်မ ချင်က နောက်ဆုံးအကြိမ် မိုးကြိုးဝိညာဉ်တောင်ထဲကို ဝင်ရောက်ပြီးနောက် ပြန်မထွက်လာခဲ့ဘူး။ ဂိုဏ်းထဲက အားလုံး ပြောကြတာက သူမ သေသွားပြီတဲ့..."
ချင်ယွင်သည် ဤချင်ရွှန်းရွှန်းသည် ချင်ဘာတန်၏ သမီးဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားပြီး သိမ်မွေ့ရေခဲအဖွဲ့သည် သူမတည်ထောင်ခဲ့သော အင်အားစုတခု ဖြစ်သည်။
ယင်းကို စဉ်းစားရင်း ချင်ယွင်သည် အားကိုး ရာမဲ့သည့် အပြုံးကို ထုတ်ဖော်လိုက် မိသည်။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။ သို့သော် ဤသိမ်မွေ့ရေခဲအဖွဲ့သည် ချင်ရွှန်းရွှန်း၏ စွမ်းအားဖြစ်သောကြောင့် ချင်ယွင်သည် ဤအတိုင်း ငြိမ်ငြိမ် သက်သက် ထိုင်ကြည့် မနေနိုင်တော့။
ထို့ကြောင့် ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ကစားလိုသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။ သူက ခေါင်းမော့ပြီး မောက်မာသော ဝမ်ဘင်ကို မေးလိုက်သည် "မင်းပြောတာက သိမ်မွေ့ရေခဲအဖွဲ့ တစ်ခုလုံးကို မင်းကိုယ်တိုင် ဖြုတ်ချနိုင်တယ်ပေါ့"
သူ၏လေသံက ဝမ်ဘင်ထက်ပင် လွှမ်းမိုးနိုင်စွမ်းရှိပြီး မောက်မာနေသည်။