ဘယ်ဘက်က အသက်၊ ညာဘက်က သေခြင်းတရား ( ၁ )
Vol. 4 Ch. 55
“ ဒါ … ဒါလည်း အဆိပ်လား ”
အရိုးဓားသည် အကြီးအကျယ် စိတ်ဓာတ်ကျသွားလျက် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ တစ်ခုခု ပြောချင်ပါသော်လည်း ထိုအခိုက် သူ၏ခေါင်းတစ်ခုလုံး ချာချာလည်ကာ သတိလစ်သွားတော့သည်။
ထိုစဉ် မြူခိုးများသည်လည်း ရွှီချင်းနှင့် အရိုးဓားတို့ကို လွှမ်းခြုံသွားသည်။
လေးနာရီကြာပြီးနောက် တားမြစ်နယ်မြေတောအုပ်၏ အစွန်းရှိ လမ်းဆုံနေရာ၌ အရိုးဓားသည် ခန္ဓာကိုယ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ နိုးလာပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ထို့နောက် သူက ဘေးပတ်လည်ကို ကြောင်တောင်တောင် ပတ်ကြည့်လိုက်ပြီး စိုးရိမ်ကြောင့်ကြစွာ ထခုန်လိုက်သည်။
သူသည် အန္တရာယ်မရှိသောနေရာတွင် ရောက်နေပြီး ရွှီချင်းကိုလည်း မမြင်ရတော့ကြောင်း သေချာသောအခါမှသာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ တချိန်တည်းမှာပင် သူ၏မျက်နှာမှ အဖူးအရောင်များသည်လည်း ပျောက်သွားပြီး အဆိပ်မမိခင်အချိန်ကအတိုင်း ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။
“ ငါ မသေသေးဘူးပေါ့ ”
အရိုးဓားသည် ရင်တဒိန်းဒိန်းခုန်နေပြီး ဘေးအန္တရာယ်မှ လွတ်မြောက်လာသည့်ခံစားချက်က အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေသည်။ တစ်ဆက်တည်း သူ၏ဘေးတွင် ရှိနေသော စကားလုံးများ ထွင်းထားသည့် ဝါးပေလွှာကလေးကို သူ သတိထားမိလိုက်သည်။
“ အာမခံသက်တမ်းကုန်သွားပြီ ”
ထိုစကားလုံးများကို ကြည့်၍ အရိုးဓား၏ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာရသည်။ သူ၏လှည့်ကွက်အသေးစားလေးအတွက်လည်း သူ့ကိုယ်သူ အနည်းငယ် ရှက်သွားရသည်။ ခဏအကြာ သူသည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး တောနက်ထဲကိုလှည့်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ”
သူသည် ခပ်တိုးတိုးပြောဆိုလိုက်ပြီး လှည့်၍ ရှေ့တူရှုရှိ လမ်းနှစ်လမ်းကို ကြည့်လိုက်သည်။ ညာဖက်မှလမ်းသည် စခန်းသို့ ပြန်သွားရမည့်လမ်းဖြစ်ပြီး ဘယ်ဖက်မှလမ်းသည် စခန်းမှထွက်ခွာကာ စုန့်တောက်မြို့သို့ သွားသည့်လမ်း ဖြစ်သည်။
သူသည် မတ်တတ်ရပ်နေပြီး ဘေးပတ်လည်တွင် တစ်ယောက်မှ ရှိမနေသည်ကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူသည် အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေ၏။
“ စခန်းခေါင်းဆောင်က ကျင်းကန်းဂိုဏ်းကပဲ။ သူတို့က ဒီအနီးအနား မြို့တွေအားလုံးမှာ အာဏာသက်ရောက်နေတာ။ ငါ စုန့်ထောက်မြို့ကို ထွက်ပြေးရင်တောင် သူ့လူတွေအားလုံး သေသွားတော့ စခန်းခေါင်းဆောင်ရဲ့ ဒေါသကို ရှောင်လို့ရမှာ မဟုတ်ဘူး ”
အရိုးဓားက ပခုံးတွန့်လိုက်သည်။ သူ အသက်ရှင်ရန် နည်းလမ်းတစ်ခု ရှိနေသေးသည်ကို သူ သိထားပြီး ထိုနည်းလမ်းသည် စခန်းသို့ ပြန်သွားကာ စခန်းခေါင်းဆောင်အား သူ့အဖွဲ့ဝင်များကို ကလေးက သတ်ဖြတ်သွားကြောင်း သတင်းပေးရန် ဖြစ်သည်။ ဖြစ်ပျက်သမျှ ကိစ္စရပ်အားလုံးကို ကလေးအပေါ် သူ ပုံချပစ်နိုင်သည်။ ထိုသို့ဆိုပါက သူ အသက်ရှင်နိုင်မည် ဖြစ်သည်။
သို့သော်လည်း ထိုသို့လုပ်ခြင်းသည် သူ၏စိတ်ဓာတ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ ထို့ပြင် ကလေးက သူ့အသက်ကို ကယ်ထားခဲ့သည် မဟုတ်ပါလား။ တဒင်္ဂကြာ စဉ်းစားတွေးတောပြီးနောက် လွန်ဆွဲနေသော သူ၏စိတ်သည် ခိုင်မာပြတ်သားသည့်အသွင် ဖြစ်လာသည်။
“ ဒီဖရိုဖရဲဖြစ်နေတဲ့လောကကြီးထဲ အသက်ရှင်သန်ဖို့က အဓိကပဲ။ ငါ ဘယ်သူ့ကိုမှ ဂရုစိုက်မပေးနိုင်ဘူး ”
ထိုသို့တွေးတောပြီးနောက် သူ၏ရင်ထဲမှ လိပ်ပြာမလုံသည့်ခံစားချက်များကို ချိုးနှိမ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး စခန်းကို တဟုန်ထိုး ပြေးသွားရန် ပြင်လိုက်သည်။
သို့သော် သူ စခန်းကို သွားသည့်လမ်းပေါ် ခြေချလိုက်သည့်အခိုက် သူ၏နောက်မှ အေးစက်စက်အလင်းတန်းတစ်တန်းက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပြေးဝင်လာကာ သူ၏ဦးနှောက်ဗဟိုချက်ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။
ဖောက်ခနဲ မြည်သံနှင့်အတူ အရိုးဓား၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး သွေးများ နေရာအနှံ့ ပြန့်ကျဲသွားသည်။ သူသည် မျက်လုံးများ ပြူးကျယ်နေလျက် မြေပြင်ပေါ် လဲကျသွားပြီး တဆတ်ဆတ် တွန့်ကွေးနေတော့သည်။ သူ၏အမြင်အာရုံကို တရွေ့ရွေ့ ချဉ်းကပ်လာသော လူရိပ်က ဖုံးလွှမ်းလာ၏။ ထို့နောက် သူ၏အမြင်အာရုံများ တဖြည်းဖြည်း မည်းမှောင်လာပြီး ထာဝရ ပိတ်သွားတော့သည်။
သူသည် နောက်ဆုံးထွက်သက်ကို မှုတ်ထုတ်လိုက်ပြီး သေသွားလေသည်။
ရွှီချင်းသည် အရိုးဓား၏အလောင်းရှေ့တွင် မတ်တတ်ရပ်လိုက်ပြီး သံတုတ်လေးကို တိတ်ဆိတ်စွာ နှုတ်ယူလိုက်သည်။
ရွှီချင်းသည် လူသားသဘာဝကို နောကျေအောင် နားလည်ထားသည်။ သို့ဖြစ်၍ သူက ထွက်မသွားသေးဘဲ အရိုးဓားကို အခွင့်အရေးပေးခဲ့ခြင်း ဖြစ်သည်။
အသက်သည် ဘယ်ဖက်လမ်းတွင် ရှိသည်။
သေခြင်းတရားက ညာဖက်လမ်းတွင် ရှိသည်။
အရိုးဓားက ညာဖက်လမ်းကို ရွေးချယ်သွားခဲ့ပေသည်။
ရွှီချင်းသည် ခံစားချက်ကင်းမဲ့စွာဖြင့် အလောင်းဖျောက်ဆေးမှုန့်ကို ထုတ်၍ အလောင်းပေါ် ဖြန့်ကျဲလိုက်သည်။ အရိုးဓား၏အလောင်းက အရည်ပျော်သွားပြီး ရွှီချင်းသည် တည်ငြိမ်စွာဖြင့် တောနက်ထဲကို ပြန်ဝင်သွားသည်။
စခန်းခေါင်းဆောင်၏ ကိစ္စအတွက် သူ စိတ်အနှောင့်အယှက် ဖြစ်မနေပေ။
သူသည် တောအုပ်တလျှောက် ခရီးနှင်နေသည်။ မြူခိုးများ ရှိနေပါသော်လည်း သူ့အပေါ် များများစားစား အကျိုးသက်ရောက်မှု မရှိချေ။ ထိုသို့ဖြင့် နေဝင်ရီတရောအချိန်၌ ရွှီချင်းသည် မြူခိုးများကို ကျော်ဖြတ်၍ လျှိုမြောင်ထဲရှိ စမ်းသပ်ခန်းလေးဆီ ရောက်သွားသည်။
သူ ဝင်လိုက်သည့်အခိုက် ဝံပုလွေအူသံသဲ့သဲ့ လွင့်ပျံလာသည်။ ထိုအသံကြောင့် သူ စိတ်အနှောင့်အယှက်ဖြစ်မသွားပေ။
ပထမဦးစွာ စမ်းသပ်ခန်းထဲမှ သူ ထွက်မသွားခင် ချန်ထားခဲ့သည့်အရာများ ခြေရာလက်ရာမပျက် ရှိနေသေးလားဆိုသည်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်မှသာ သူသည် စမ်းသပ်ခန်းတံခါးကို တွန်းဖွင့်၍ အထဲဝင်သွားသည်။
စမ်းသပ်ခန်းလေးသည် ကြီးကြီးမားမားမဟုတ်ဘဲ အိပ်စက်အနားယူရာ ခုတင်တစ်လုံးပင် မရှိချေ။ ဘေးပတ်လည်တွင် သစ်သားစင်ကလေးများစွာဖြင့် ပြည့်နေပြီး သစ်သားစင်တစ်ခုစီ၌ ဆေးပင်အမျိုးမျိုးနှင့် အဆိပ်ပုလင်းများ ရှိနေသည်။
တချို့ဆေးပင်များနှင် အဆိပ်ပုလင်းများသည် အသုံးပြုပြီးသား ဖြစ်ပါသော်လည်း တချို့အရာများက အကောင်းပကတိရှိနေသေးသည်။ ၎င်းတို့က ရာချီရှိနေပြီး တင်းကြပ်စွာ ထုပ်ပိုးထားသည်။
ရွှီချင်းက လှည့်ပတ်ကြည့်လိုက်သည်နှင့် စိတ်ကျေနပ်သွားသည့်လှိုင်းတံပိုးများ ရင်ထဲ ရိုက်ခတ်လာသည်။
၎င်းတို့သည် သမားတော်ကြီးပိုင်ထံတွင် စတင်သင်ယူနေစဉ်ကတည်းက သူ စုဆောင်းထားခဲ့သောအရာများ ဖြစ်ပေသည်။ အများစုက တားမြစ်နယ်မြေအပြင်ဘက်ပိုင်းမှ ရရှိခဲ့ခြင်း ဖြစ်ပြီး အနည်းစုက တောနက်ထဲမှ ရရှိခဲ့ခြင်းဖြစ်သည်။
အဆိပ်ပင်များစွာ ရှိပြီး ဆေးပင်အနည်းအကျဉ်းလည်း ပါဝင်သည်။
ပထမဦးစွာ ရွှီချင်းသည် စစ်ဆေးကြည့်လိုက်ပြီး မြေပြင်ပေါ် ထိုင်ချကာ စဉ်းစားတွေးတောနေသည်။
သမားတော်ကြီးပိုင် ပေးခဲ့သော အဖြူရောင်ဆေးညွှန်းကို နေ့စဉ်သင်ခန်းစာများထဲတွင် ဖွက်ထားခဲ့ပါသော်လည်း ရွှီချင်းသည် မှတ်စုရေးသားခဲ့ပြီး မှတ်ဥာဏ်လည်း ကောင်းသည်။ ထို့ကြောင့် ထိုဆေးညွှန်းကို သူ သိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ဆေးပင်များ မစုံလင်သေးသဖြင့် မဖော်စပ်ရသေးခြင်းသာ ဖြစ်သည်။
“ ဒီတော့ ဆေးညွှန်းအတိုင်း အဖြူရောင်ဆေးလုံးကို ဖော်စပ်ဖို့က မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ဆေးစွမ်းသတ္တိချင်းတူတဲ့ တခြားဆေးပင်တွေကို အစားထိုးပြီး ငါ ဖော်စပ်ကြည့်ရမယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ထိုနည်းလမ်း အသုံးဝင်မလား သူ မသိပါသော်လည်း သူ မဖော်စပ်နိုင်ခဲ့လျှင်တောင် ဆေးဖော်စပ်ရာတွင် အတွေ့အကြုံ တိုးသွားမည် ဖြစ်သည်။
ထိုအတွေးဖြင့် ရွှီချင်းက ညာဖက်လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားစင်မှ ဆေးပင်ခုနစ်မျိုး၊ ရှစ်မျိုးခန့် ချက်ချင်း လွင့်ပျံထွက်လာကာ သူ့ရှေ့သို့ ရောက်လာသည်။
ရွှီချင်းက အနီးကပ်ကြည့်လိုက်ရင်း တွေးတောကာ စမ်းသပ်ခန်းအနောက်ဘက်သို့ ထွက်လာခဲ့သည်။ စမ်းသပ်ခန်းနောက်ဖေးမြေကွက်လပ်၌ ရောင်စုံပန်းပွင့်များအပြင် ဆေးပင်များစွာ စိုက်ပျိုးထားသည်။
ထိုဆေးပင်များသည် အချိန်အကြာကြီးထား၍ မရသော ဆေးပင်များဖြစ်သည်။ ရွှီချင်းက ထိုဆေးပင်များကို ယူကာ မြေကွက်လပ်လေး၌ စိုက်ပျိုးထား၍ ဆေးခင်းအသေးစားလေး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ရွှီချင်းက ဆေးခင်းလေးဆီ တဖြည်းဖြည်း လျှောက်လာနေစဉ် ဝံပုလွေအူသံများက ပို၍ပင် ရှင်းလင်းပြတ်သားလာသည်။
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေပြီး ထိုအသံများကြောင့် သွေးပျက်ချောက်ချားသွားခြင်း မရှိချေ။ ဆေးခင်းထဲမှ ဆေးပင်သုံးမျိုးကို သူ နှုတ်ယူလိုက်ပြီး လှည့်ပြန်လာသည်။
ဆေးခန်းလေးကို ပြန်ရောက်သည်နှင့် ကျောက်ခွက်ကလေးကို သုံး၍ သူ သင်ကြားခဲ့ရသည့် ဆေးပညာဗဟုသုတများကို အသုံးချ၍ ရောနှောလိုက်သည်။
ဆေးရွက်ခြွေရာတွင်ဖြစ်စေ၊ ဆေးရည်ညှစ်ထုတ်ရာတွင်ဖြစ်စေ၊ ဝတ်မှုန် ထုတ်ယူရာတွင်ဖြစ်စေ သူက အလွန် ဂရုစိုက်၍ လုပ်လေသည်။ သူသည် အသေးစိတ်အချက်အလက်တစ်ခုကိုမျှ လွတ်မသွားစေရန် အတတ်နိုင်ဆုံး ကြိုးစား၍ ရောနှောပေါင်းစပ်သည်။ ကျောက်ခွက်လေးထဲရှိ ဆေးရည်များက တဖြည်းဖြည်း မည်းနက်လာသည်။