ကံဆိုးသွားသော ချန်ဖုန့်
Vol. 18 Ch. 256
ဟော်ရန်ကျားက ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများ၌ နံပါတ်သုံး ချိတ်နေခြင်းက ၎င်းရုပ်ရှင် မည်မျှ နာမည်ကြီးနေသလဲ ဖော်ပြနေသည်။
ရေပန်းစားနေသော ရှာဖွေမှုစာရင်း၌ ချိတ်သွားရသည့် အကြောင်းရင်းမှာ တစ်စုံတစ်ယောက်က ရဲ့လင်းချန်၏ Las Vegas မှ ဗွီဒီယိုနှင့် ဟော်ရန်ကျား၏ နောက်ဆုံးအခန်းကို ယှဉ်ပြထားခဲ့ခြင်းကြောင့်ပင်။ ညတွင်းချင်း ကြည့်ရှုသူများ များပြားလာပြီး မှတ်ချက်များ ပလူပျံလာသည်။
[အားးးး ဝိုင်က လက်တွေ့ဘဝက ဟော်ရန်ကျားဆိုတာကို ငါ အခုမှ သိလိုက်ရတာပဲ]
[တရုတ်ကွန်ဖူးက ကြမ်းလှချည်လား၊ လတ်စသက်တော့ တရုတ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်တဲ့သူတွေ အများကြီး ရှိနေတာပဲ၊ ငါတို့က အရှေ့အာရှရဲ့ ငပျော့ကောင်တွေ မဟုတ်ဘူးကွ]
[ငါ သမိုင်းစာအုပ်တွေကို လိုက်ကြည့်ခဲ့လိုက်တော့ ဒီဟော်ရန်ကျား ဇာတ်ကောင်က တကယ် ရှိခဲ့တာဟေ့]
[ဘာလို့ ဟော်ရန်ကျားက အဆုံးသတ်မှာ သေသွားတာလြ၊ နည်းနည်းလေး ပြောင်းခဲ့လိုက်လို့ မရဘူးလား၊ ဒါမှ သူ မသေမှာလေ၊ ဟူးဟူးဟူး …]
[ဟော်ရန်ကျား ပြုံးပြီး လဲကျသွားတာကို မြင်လိုက်ရတော့ ငါ ငိုမိတယ်၊ သူက တကယ့်ကို ငါတို့နိုင်ငံရဲ့ သူရဲကောင်းပဲ]
[ဒီရုပ်ရှင်က ဘာလို့ တရုတ်လူမျိုးတွေ သန်မာချင်တာလဲဆိုတာကို ပြလိုက်တာပဲ၊ မင်း နောက်မှာကျန်ခဲ့ရင် အဆော်ခံရမှာပဲ၊ မင်း ဟန်ချက်ပျက်သွားရင် နင်းခြေခံရလိမ့်မယ်]
[ဒီလို ဇာတ်ညွှန်းကောင်းမျိုးကို ရေးနိုင်စွမ်း ရှိတယ်ဆိုတော့ ဝိုင်က တကယ် တော်တာပဲ၊ သမိုင်းက တစ်ပတ် ပြန်လည်လာသလိုပဲ၊ တိုင်းတပါးသားတွေက ဆိုးယုတ်ပြီး ကောက်ကျစ်တယ် (ငိုသံနှင့်)]
[ငါသာ အချိန်ခရီးသွားနိုင်ခွင့် ရှိမယ်ဆိုရင် ဟော်ရန်ကျားကို အဲ့လက်ဖက်ရည်ခွက် မသောက်မိဖို့ ငါ့အသက်ကိုပါ ပေးပြီး တားမိမှာ]
…
ဝေ့ပေါ်က အလွန် သက်ဝင်လှုပ်ရှားနေပြီး ထိုရေပန်းစားနေသော ရှာဖွေမှုများကို နှိပ်ကြည့်သူများက ဆက်၍ တိုးလာသည်။ ဟော်ရန်ကျားနှင့် ပတ်သက်သည့် ရေပန်းစားသော ရှာဖွေမှုက စိတ်ဝင်စားမှု မြင့်တက်နေပြီး လူအများက လူစု၍ သွားကြည့်ရန် တိုင်ပင်ကြလေသည်။
ထိုသို့ အကောင်းဆုံး အခြေအနေသို့ တက်လာသဖြင့် ငါက သူရဲကောင်းသည် box office တွင် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။
ဟော်ရန်ကျားထက် ငါကသူရဲကောင်းကို ကြည့်ပြီးသူများ ပိုများသဖြင့် ရုပ်ရှင်နှစ်ခုကြားမှ သိသာသော ခြားနားမှုကို သူတို့ သတိပြုမိကြသည်။ ငါက သူရဲကောင်းသည် ညံ့ဖျင်းသော ရုပ်ရှင်များ သမိုင်းကြောင်း၌ အဆိုးဆုံး ရုပ်ရှင် ဖြစ်သည်။ ၎င်းသည် လုံးဝကို ကြည့်ချင်စရာ မရှိသော ရုပ်ရှင်ပင်။
အဆင့်သတ်မှတ်ချက်များတွင် ပြောင်းလဲမှု ဖြစ်လာ၏။ ဟော်ရန်ကျား၏ အနိမ့်ဆုံးအဆင့် ၇.၂ မှနေ၍ ၉.၀ သို့ ရောက်လာသော်လည်း ငါက သူရဲကောင်းက နောက်နှစ်ရက်အတွင်း ၇.၀ သို့ ထိုးကျသွားသည်။
မှတ်ချက်ပေးသော ကဏ္ဍတွင်လည်း အာပေါင်အာရင်းသန်သန် ပြောဆိုမှုများနှင့် ပြည့်နေ၏။
[အခုခေတ်မှာ ပိုက်ဆံရဖို့နဲ့ လူတွေကို လိမ်ဖို့အတွက် စုတ်ပြတ်နေတဲ့ ရုပ်ရှင်မျိုးစုံကို တင်နေကြတာပဲ]
[ငါ့လူတို့၊ အဲ့ဒါကို လုံးဝ လုံးဝ သွားမကြည့်နဲ့၊ ဝူဟန်ရဲ့ တမင်သက်သက် တုံးအချင်ယောင်ဆောင်နေတဲ့ မျက်နှာကို မြင်ပြီးတော့ ငါ အန်ချင်သလိုတောင် ဖြစ်သွားတယ်]
[ဒီရုပ်ရှင်ရဲ့ စဦးအမြတ်က ဟော်ရန်ကျားထက် သာနေတာ၊ ဒါ ကလိမ်ကျထားတာ အသိသာကြီး၊ အရှက်ကို မရှိဘူး]
[ရုပ်ရှင်ကို ငါကသူရဲကောင်းလို့တောင် ပေးလိုက်သေးတယ်၊ ဟဲဟဲ သောက်တုံးတွေ]
[ဟော်ရန်ကျားရဲ့ အဆင့်ကို ဘယ်လိုတောင် ဆွဲချရဲတာလဲ၊ အမှိုက်တွေ … မဟုတ်ဘူး ကျေးဇူးတင်တယ်၊ ဒီမှာ မင်းအတွက် ကြယ်တစ်ပွင့်]
…
ထူးဆန်းစွာပင် မကောင်းသော ဝေဖန်ချက်များက ဝူဟန်၏ အမာခံ ပရိသတ်များတွေကို သွားရန်မစမိချေ။ မည်သူမှ သူ့ကို ကာကွယ်ပြောဆိုပေးရန် မကြိုးစားကြချေ။
ရုံတင်ပြီး လေးရက်မြောက်နေ့သို့ ရောက်လာလေသည်။ ဟော်ရန်ကျားသည် box office တွင် စုစုပေါင်း သန်း ၆၀ အထိ စုဆောင်းနိုင်ခဲ့သည်။ ရုံတင်ပြသချိန်ကလည်း ဆက်၍ တိုးလာပြီး ကနဦး ငါးရာခိုင်နှုန်းမှနေ၍ ယခု နှစ်ဆယ့်ငါး ရာခိုင်နှုန်းသို့ ရလာသည်။
ငါက သူရဲကောင်းသည် box office ၌ ၇၂ သန်း ရရှိထားသည်။ ၎င်း၏ ရုံတင်ပြသခွင့်ကလည်း ၃၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ ဟော်ရန်ကျားက ၎င်းကို ကျော်တက်သွားမှန်း သိသာလှသည်။
ငါက သူရဲကောင်းက ဟော်ရန်ကျားနောက်၌ ကျန်ရစ်ခဲ့တော့မည်မှာ သေချာလှသည်။ ဤသို့သော အခြေအနေအောက်၌ ဟော်ရန်ကျား၏ နောက်ဆုံး ရုံတင်ချိန်က တစ်ဟုန်ထိုး မြင့်တက်လာနိုင်သည်။ လူအများစုက ဟော်ရန်ကျားသည် box office ၌ တစ်ဘီလီယံသို့ ရောက်နိုင်သည်ဟု ထင်ကြေးပေး နေကြလေသည်။
ငါက သူရဲကောင်း၏ မျှော်လင့်အားရဖွယ် မရှိသော ကံကြမ္မာက သရုပ်ဆောင်အားလုံးနှင့် ရိုက်ကူးရေး ဝန်ထမ်းများ အားလုံးကို နားဝေတိမ်တောင် ဖြစ်သွားစေသည်။
ထိုသူများထဲတွင် ချန်ဖုန့်က စိုးရိမ်ပူပန်မှု အများဆုံးပင်။
အစက သူနှင့် ယန်ယွဲ့သည် လီကျင့်ကို မခံချင်အောင် လုပ်ချင်သဖြင့် ငါက သူရဲကောင်းတွင် တမင်တကာ ရင်းနှီး မြှုပ်နှံခဲ့သည်။ အစက အမြတ်ရနိုင်မည့် စီးပွားရေးဟု သူ ထင်ခဲ့မိပြီး အချီကြီး ပွပြီဟုပင် စိတ်ကူးယဉ်ခဲ့သည်။ ၎င်း၏ box office ၌ အမြတ်များများ ရရှိခဲ့ခြင်းက တစ်ရက်သာ ခံပြီး ဆိုးဆိုးရွားရွား ကျဆင်းလိမ့်မည်ဟု မည်သူက ထင်ခဲ့မိမည်နည်း။
“သခင်လေးဝူ၊ ဒါရိုက်တာဝူ မြန်မြန်လေး တစ်ခုခု စဉ်းစားကြပါဦး၊ ဒီလို ဆက်ဖြစ်လို့ မဖြစ်ဘူး၊ ကျုပ်တို့ box office ကနေ အရင်းတောင် ပြန်မရသေးဘူးလေ”
ချန်ဖုန့်က ခါးသက်စွာ တိုက်တွန်းလေသည်။
သူသည် လတ်တလော ရရှိထားသော အသားတင် အမြတ်အားလုံးကို ငါက သူရဲကောင်းတွင် ရင်းနှီးမြှုပ်နှံ ထားခဲ့သည်။ ပမာဏ စုစုပေါင်းက သန်းသုံးဆယ်မျှ ရှိလေသည်။
ထိုပိုက်ဆံသည် အစက နောက်ရုပ်ရှင်အတွက် ချန်ထားခြင်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုသည် သူ့၌ အချိန်တစ်ချို့ အားလပ်နေ၍သာ လုပ်ခဲ့ခြင်း ဖြစ်လေသည်။
“ဘာနည်းလမ်းများ ရှိလို့လဲ”
ဒါရိုက်တာဝူ သက်ပြင်းချသည်။ အခြေအနေက သူ ထင်ထားသည်နှင့် လုံးဝ ခြားနားနေ၏။ သေချာ စဉ်းစားကြည့်လျင် ဝူဟန်၏ ဂုဏ်သတင်းက ထိုမျှ မနိမ့်ကျချေ။ ထို့အပြင် သူတို့သည် နောက်ထပ် သိုင်းကား အနုပညာ ဖြစ်သည့် ရှစ်လေ့ကဲ့သို့သော နာမည်ကျော် အနုပညာရှင်များစွာ ကိုလည်း ဖိတ်ကြားခဲ့သည်။
ဟော်ရန်ကျားက အလွန် လက်ဖျားခါလောက်သည်ဟု ဆိုရပေမည်။ ဤသို့သော အခြေနေ၌ တန်ပြန် တုံ့ပြန်မှု လုပ်ရန် မဖြစ်နိုင်ချေ။ လူအများ၏ အာရုံနှင့် ကျော်ကြားမှုက ဟော်ရန်ကျားထံသို့ စတင် ကပ်တွယ်နေပြီး ရုပ်ရှင်ရုံများကလည်း အကောင်းမြင်စိတ် ဝင်နေလေသည်။ ငါက သူရဲကောင်းက ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း မရှိတော့ပါ။
“ဒါရိုက်တာဝူ ကျော်ကြားမှုကို ဆက်ဝယ်ပါဦး၊ သခင်လေးဝူ ခင်ဗျား ပရိသတ်တွေ မြင်အောင် နည်းနည်းပါးပါး ဝေ့ပေါ်မှာ တင်ပါဦး၊ လက်မှတ် တစ်စောင်၊ နှစ်စောင် ဒါမှမဟုတ် သုံးစောင်လောက် ဝယ်ခိုင်းလေ၊ များလေ ပိုကောင်းလေပဲ၊ ဘာလို့လဲဆိုတော့ ပိုက်ဆံက box officeက ရမှာ မဟုတ်လား”
ချန်ဖုန့်က အမိန့်ပေးသည်။ ပိုက်ဆံများအားလုံး သူ့ဆီမှ ပျံသန်း၍ ထွက်သွားသည်ဟု သူ မြင်နေရလေသည်။
*စိတ်လိုက်မာန်ပါ လုပ်မိတာ၊ ငါ အစကတည်းက စိတ်လိုက်မာန်ပါ လုပ်မိတာပဲ*
သူသည် လီထိုက်ကို မခံချင်၍ ပိုက်ဆံများကို ရင်းနှီးမြှုပ်နှံခဲမိ့ပြီး လီထိုက်နှင့် ပတ်သက်၍ အထင်ကြီးမိ လွန်းခဲ့သည်။ သူ့ပိုက်ဆံကို သူ ပြန်မရနိုင်လျင် နောက်ထပ် ရုပ်ရှင်များ ထပ်ရိုက်ရန် စဉ်းစား၍ပင် မရနိုင်ပါ။ ဒါရိုက်တာ တစ်ဦးဖြစ်သော သူ့လမ်းက ကြီးမားသော အနှောင့်အယှက်ကို ခံစားရပေလိမ့်မည်။
“ကျော်ကြားမှုကို ဝယ်ဖို့ ပိုက်ဆံ လိုမယ်ထင်လား၊ အခု အများအမြင်က ငါတို့ဘက်မှာ မရှိတော့ဘူး၊ အဲ့လို လုပ်ဖို့ ကြိုးစားတာက ငါတို့အတွက် ရှက်စရာ မကောင်းဘူးလား”
ဝူဟန် ခေါင်းခါလေသည်။ သူသည် အစကတည်းက စိတ်အခြေအနေ ဆိုးရွားနေပြီး ချန်ဖုန့်အား ပြုံးပင် မပြနိုင်ပါ။
“ခင်ဗျားက ကျုပ်ပရိသတ်တွေကိုပါ လက်မှတ် အတင်းဝယ်ခိုင်းစေချင်တာလား၊ အဲ့လို အမိန့်မျိုး ကျုပ် ပေးနိုင်မယ်လို့ ခင်ဗျား ထင်နေတာလား၊ ခင်ဗျားမှာ ဦးနှောက် ရှိသေးရဲ့လား”
ချန်ဖုန့်၏ မျက်နှာက နီရဲလာသည်။ သူ ဒေါသထွက်နေသော်လည်း ပြန်မပြောရဲချေ။
ဝူဟန်အတွက် ၎င်းက ဘာမှမဖြစ်ချေ။ အကြောင်းမှာ ရုပ်ရှင်ရိုက်ကူးရန်အတွက် သူ့သရုပ်ဆောင်ကြေးက သန်းနှစ်ဆယ် ဖြစ်နေသောကြောင့်ပင်။
ရိုက်ကူးစဉ်အတွင်း စတန့်သမားများစွာကို သုံးခဲ့ရပြီး သူသည် ရပ်နေရုံကလွဲပြီး ဘာမှမလုပ်ရပါ။ ဝူဟန်၏ မျက်နှာကို ငှားရန်အတွက် သန်း ၂၀ သုံးရသည်နှင့် အတူတူပင်။
သူသည် ထိုပိုက်ဆံကို အလွန် လွယ်ကူစွာ ရှာနိုင်လေသည်။
ရှစ်လေ့နှင့် အခြား သရုပ်ဆောင်များကလည်း အနုပညာကြေး မြင့်လှသည်။ ထိုအနုပညာကြေးများကြောင့် ဇာတ်ညွှန်းနှင့် အခြားသော ကိစ္စရပ်များကို အကြီးအကျယ် စရိတ်လျှော့ချခဲ့ရပြီး သရုပ်ဆောင်များ၏ အနုပညာ ကြေးတွင်သာ အများဆုံး ရင်းနှီးခဲ့ရသလို ဖြစ်နေခဲ့သည်။ သူတို့ ဘယ်လိုလုပ် ရုပ်ရှင်ကားကောင်း တစ်ကားကို ဖန်တီးနိုင်ပါတော့မည်နည်း။
ချန်ဖုန့်၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေ၏။ နောက်ဆုံးတွင် သူ သက်ပြင်းသာ ချမိတော့သည်။ သူသည် ဒါရိုက်တာငယ် တစ်ဦးသာ ဖြစ်ပြီး ဤအခြေအနေသို့ ရောက်နေသော ကိစ္စများတွင် ဝင်ပြောပိုင်ခွင့် မရှိချေ။ သူ လုပ်နိုင်တာဟူ၍ သူ့ကံဆိုးမှုကို ငြိမ်၍ လက်ခံရုံသာ ရှိတော့သည်။
ချန်ဖုန့်၏ ရင်းနှီးမြှုပ်နှံမှုအရ သူသည် box office မှ ဆယ်ရာခိုင်နှုန်း ရပိုင်ခွင့် ရှိသည်။ တစ်နည်းအားဖြင့် ဆိုရလျင် ငါက သူရဲကောင်းသည် box office ၌ သန်း ၃၀၀ ရနိုင်မှသာလျင် သူ့အရင်းကို သူ ပြန်ရနိုင်ပေမည်။
အခြေအနေအရ ငါက သူရဲကောင်းသည် သန်းတစ်ရာပင် ရနိုင်ပါ့မလား ကြည့်ရပေဦးမည်။
ကိစ္စရပ်တစ်ခုလုံးက သူ့အား သူ့ပိုက်ဆံ သုံးပုံနှစ်ပုံကို ဆုံးရှုံးစေခဲ့သည်။ ယင်းက သူ့အတွက် ကြီးမားသော ဆုံးရှုံးမှု မဟုတ်ဟု ပြောခြင်းသည် လျှော့ပြောခြင်းသာ ဖြစ်ပေသည်။
အကယ်၍ ဟော်ရန်ကျားတွင်သာ သူ ရင်းနှီးမြှုပ်နှံခဲ့ပါက သူ အိပ်မက်မက်နေရာမှ နိုးလာပြီး ထရယ်လော က်သည်အထိ ဖြစ်လောက်သည်။ မှားယွင်းသော ခြေလှမ်းတစ်လှမ်းက သူ့အား အရာအားလုံး ဆုံးရှုံးစေခဲ့သည်။
တစ်ချိန်လုံး ယန်ယွဲ့က ဘေးတွင် ငိုင်၍ ရပ်နေ၏။ သူမသည် ဟော်ရန်ကျားနှင့် ပတ်သက်သော သတင်းများကို မကြာသေးခင်က ဖတ်ခဲ့ရသည်။ ဟော်ရန်ကျားဟု ပြောလိုက်တိုင်း သူမ လီကျင့်ကိုသာ တွေးမိသည်။
ယင်းသည် တစ်ခဏအတွင်း ကျော်ကြားလာသော ရုပ်ရှင်ဖြစ်ပြီး လူပေါင်းများစွာအား အထင်ကြီးစိတ်များ ဖြစ်ပေါ်စေကာ ယင်းတန်ဖိုးက မိုးထိမတတ် မြင့်မားနေသည်။
များစွာသော ပရိသတ်များက ကွန်ဖူး စူပါစတားများ၏ တင့်တကယ်သော နေ့ရက်များ ပြန်လာပြီဟု ကျယ်လောင်စွာ ပြောဆို၍ လီကျင့်အား အားပေးကြလေသည်။
သူမမျက်နှာက မသိမသာ မိန်းမောသလို ဖြစ်နေပြီး ထိုအချက်ကို လက်မခံချင် ဖြစ်နေသည်။ လီကျင့်တွင် ထိုသို့ အကြီးအကျယ် ကံကြမ္မာ ပြောင်းလဲမှု ရှိလိမ့်မည်ဟု သူမ ထင်မထားမိပါ။ အကယ်၍ သူမကသာ သူ့ချစ်သူ ဆက်ဖြစ်နေခဲ့ပါက သူမအဆင့်အတန်းကလည်း သေချာပေါက် မြင့်တက်လာလောက်သည်။