← Chapters

အမေနှင့် အဖေက အံ့ဩအောင် လုပ်ခြင်း

Vol. 17 Ch. 257

အမေနှင့် အဖေက အံ့ဩအောင် လုပ်ခြင်း

Vol. 17 Ch. 257

ရဲ့လင်းချန် ဝေ့ပေါ်ထဲမှ ထွက်လိုက်ပြီး အနည်းငယ် ဝမ်းသာသလို ခံစားမိနေသည်။ ရေပန်းစားနေသော ရှာဖွေမှု သုံးခုကြောင့် သူ၏ ရေပန်းစားမှုအမှတ်က တိုးလာမည်မှာ အသေအချာပင်။

သူ စနစ်ထဲသို့ ဝင်ကြည့်လိုက်သောအခါ မူလက ငါးသောင်းသာ ရှိနေသော ရေပန်းစားမှုအမှတ်က ၁၂၅,၆၈၉ သို့ မြင့်တက်သွားသည်။

သူ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

*ငါ့ရေပန်းစားမှုအမှတ်က ခုနစ်သောင်းပဲ တိုးလာတာလား*

တိုးလာသော ပမာဏက မနည်းသော်လည်း ရဲ့လင်းချန်အား စိတ်ကျေနပ်ခြင်း မရှိစေပါ။

ယင်းအတွက် အဖြေက တစ်ခုတည်းသာ ရှိသည်။ သူ၏ ဝံပုလွေပေါက်လေး နာမည်ကျော်လာခြင်းကို သူ့ကိုယ်ပိုင်ဟု မသတ်မှတ်ခြင်းပင်။

ဝံပုလွေပေါက်လေးများ၏ ကျော်ကြားမှုကို ဝံပုလွေလေးများ၏ ကိုယ်ပိုင် အစွမ်းအစဟုသာ သတ်မှတ်ထား ခြင်းပင်တည်း။ လက်ရှိတွင် သူတို့သည် အင်တာနက်ပေါ်မှ နာမည် အကြီးဆုံး တိရစ္ဆာန်များထဲမှ တစ်ကောင် ဖြစ်နေပြီး မရေတွက်နိုင်သော ဖော်လိုဝါများစွာကို ဆွဲဆောင်နေ၏။ ဝံပုလွေပေါက်လေးများက သူ့တိရစ္ဆာန်များ ဟု ဝန်ခံပြောကြားမှသာလျင် သူ၏ ရေပန်းစားမှုအမှတ် တိုးလာပေလိမ့်မည်။

ယခင်က သူ၏ အခြေခံ ဗဟုသုတတစ်ခုသည် အလယ်အလတ်အဆင့် ဗဟုသုတတို့ တိုးတက် ပြောင်းလဲ သွားခဲ့သည်။ ရေပန်းစားမှုအမှတ် တစ်သိန်းကျော် ရထားသဖြင့် သူ နောက်အခြေခံအဆင့် ဗဟုသုတတစ်ခုကို အဆင့်မြှင့် ကြည့်သင့်သလား။

ထိုသို့ တွေးကြည့်လိုက်ရုံနှင့်တင် ရဲ့လင်းချန်၏ စိတ်က ကယောက်ကယက် ဖြစ်လာရသည်။

*လုပ်လိုက်မယ်ကွာ*

သူ့တွင် တစ်ရာ ရာခိုင်နှုန်းဖြစ်နေသော ဗဟုသုတ ပညာရပ်များစွာ ရှိလေသည်။ ၎င်းတို့မှာ ရှေ့ဖြစ်ဟော ပညာ၊ ဖုန်းရွှေ့ လေ့လာခြင်း ပညာ၊ အရဟာ လက်သီးစွမ်းအင်၊ လက်ရေးလှပညာ၊ အနှိပ်ပညာ၊ ဂျာမန်ဘာသာစကား၊ ရုရှားဘာသာစကား … အစရှိသည်တို့ ဖြစ်သည်။

အားလုံးပေါင်း အမျိုးနှစ်ဆယ်ကျော် ရှိနေပြီး တော်တော်များများမှာ ဘဝတွင် လှည့်ကွက်အဖြစ် အသုံးချနိုင်သော ပညာရပ်များ ဖြစ်ပြီး ၎င်းတို့၏ ဆင့်ကဲပြောင်းလဲခြင်းက ဘာဖြစ်မလဲ မှန်းမရချေ။

*အဆင့်မြှင့်တာကို စလိုက်ရအောင်*

အဝါရောင် အလင်းတန်းလေးက ခေါက်တုံ့ခေါက်ပြန် ဖြတ်ပြေးနေသည်။ မတူညီသော ပညာရပ်များစွာ ရှိနေသဖြင့် ရဲ့လင်းချန်က ရလဒ်ကို စိတ်ဝင်တစား စောင့်မျှော်နေလေသည်။

နောက်ဆုံးတွင် အလင်းတန်းက ရှေ့ဖြစ်ဟော ပညာရပ်၌ ရပ်သွားသည်။

*လခွမ်း*

*ရှေ့ဖြစ်ဟောလား*

*အဲ့ဒါက ဘယ်လောက်တောင် မိုက်လိုက်လဲ*

ထိုထူးဆန်းသော ပညာရပ်က တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ ရှေ့ဖြစ်ဟောကို မယုံဟု လူအများစုက ပြောကြသော်လည်း တစ်ခါတရံတွင် အဖြစ်အပျက်များက ခန့်မှန်းထားသည့်အတိုင်း တကယ် ဖြစ်လာတတ်သည်။ မိမိ ယုံချင်လျင် ယုံနိုင်ပေသည်။ ၎င်းတွင် သိပ္ပံနည်းကျ သဘောတရား မရှိချေ။ ယင်းက လူအများကို အံ့ဩအောင် လုပ်နိုင်လေသည်။

ရှေ့ဖြစ်ဟောခြင်းကပင် အံ့ဩစရာ ကောင်းနေပြီ ဖြစ်ပြီး ယင်းအား အဆင့်မြှင့်လိုက်လျင် အဘယ်သို့ ဖြစ်သွားမလဲ မှန်းမရပါ။

ရဲ့လင်းချန် တက်ကြွစွာ မျှော်လင့်နေမိသည်။

ရွှေရောင် အလင်းတန်း ဖြတ်ပြေးသွားပြီးနောက် သူ၏ ရှေ့ဖြစ်ဟောပညာက ပညာအသစ်တစ်ခုအဖြစ် အစားထိုး ပြောင်းလဲသွားသည်။

*အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်) ဆိုပါလား*

ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိပြီးနောက် မသိမသာ တုန်လှုပ်သွားသည်။

အရှိန်အဝါ ဟောကိန်းသည် ရှေ့ဖြစ်ဟောခြင်းမှ ထိုက်တန်သော ဆင့်ကဲပြောင်းလဲမှုတစ်ခု ဖြစ်သည်မှာ အသေအချာပင်။ ရှေ့ဖြစ်ဟောခြင်းအား ရုပ်လက္ခဏာဖတ်ခြင်း၊ လက္ခဏာဖတ်ခြင်း၊ မိမိ၏ မွေးနေ့ကို ဖတ်ရှု၍ ဟောခြင်း အစရှိသဖြင့် ခွဲခြားထားသည်။ လူတစ်ယောက်၏ ကံကြမ္မာကို ဆုံးဖြတ်ရန် ထိုအချက်များအားလုံး‌ ပေါင်းစပ်ရန် လိုအပ်ပေသည်။ သို့သော် အရှိန်အဝါ ဟောကိန်းက မတူပေ။

အရှိန်အဝါ ဟောကိန်းသည် လူတစ်ယောက်၏ အရှိန်အဝါကို မြင်နိုင်စွမ်း ရှိသည်။

လူတိုင်းတွင် ထူးခြားသော အရှိန်အဝါ ကိုယ်စီ ရှိကြပြီး ယင်းက သံလိုက်စက်ကွင်းဟု သိကြသည်။ ယင်းသည် မမြင်ရသလို ထိတွေ့၍လည်း မရပေ။ သို့သော် ၎င်းက လူတစ်ယောက်၏ ဘဝအပေါ် သက်ရောက်မှု အားကြီး၏။

အရှိန်အဝါ ဟောကိန်းက ရဲ့လင်းချန်အား တခြားသူများ၏ အရှိန်အဝါကို မြင်ရစေသည်။

လူတစ်ယောက်၏ အရှိန်အဝါကို မြင်ရခြင်းဖြင့် ထိုလူ ယနေ့ ကံကောင်းမလား၊ ကံဆိုးမလား ခန့်မှန်းနိုင်ပေသည်။ သို့မဟုတ် လူနှစ်ယောက်၏ အရှိန်အဝါက အချင်းချင်း သက်ရောက်စေမလား သိနိုင်ပေ၏။ ရဲ့လင်းချန်သည် စုံတွဲတစ်တွဲ၏ အရှိန်အဝါက လိုက်ဖက်ညီသလား သို့မဟုတ် သဘောထား ကွဲလွဲမလား တစ်ချက်ကြည့်ရုံဖြင့် ဆုံးဖြတ်နိုင်ပေသည်။

ယင်းက အစွမ်းထက်လွန်းလှသဖြင့် ရဲ့လင်းချန် သူ့ကိုယ်သူ မှော်ဆရာကဲ့သို့ ထိုင်ဟောချင်စိတ်ပင် ပေါက်လာရသည်။

သို့သော် အရှိန်အဝါကို သိနိုင်စွမ်း ရှိခြင်းနှင့် ယင်းအား တမင်သက်သက် ပေါင်းလဲခြင်းက မတူသော အရာများ ဖြစ်ကြောင်း ရဲ့လင်းချန် ကောင်းကောင်း သိပါ၏။

အခြားသူ၏ အရှိန်အဝါကို ပြောင်းလဲခြင်းက ကောင်းကင်ဘုံကို ဆန့်ကျင်ရာ ရောက်သလို ထိုလူ၏ အရှိန်အဝါကိုလည်း သက်ရောက်မှု ရှိစေသည်။ ကံကြမ္မာကို သည်အတိုင်းထား၍ သူ့အား တန်ပြန် သက်ရောက်စေမည့် တစ်စုံတစ်ရာကို ပြုလုပ်ခြင်းမှ ထိန်းချုပ်ခြင်းက အကောင်းဆုံးပင်။

နောက်ထပ် အခြေခံအဆင့် ဗဟုသုတ ပညာရပ်ကို ဆင့်ကဲပြောင်းလဲလိုက်ခြင်းက ရဲ့လင်းချန်ကို ပို၍ အံ့အားသင့် သွားစေသည်။ အကယ်၍ အရှိန်အဝါ ဟောကိန်းကို ဆက်၍ အဆင့်မြှင့်လိုက်လျင် သူ၏ စွမ်းရည်က လူတစ်ယောက်၏ ကံကောင်းခြင်း သို့မဟုတ် လူတစ်ယောက်၏ အနာဂတ်ကို မြင်နိုင်ခြင်းတို့ပင် ဖြစ်လာနိုင်၏။ ၎င်းက ကံကြမ္မာ ဖြစ်ရပ်တစ်ခုလုံးကို သူ မြင်နိုင်လောက်သည်အထိ ကြောက်စရာ ကောင်းသော အဆင့်သို့ ရောက်သွားနိုင်သည်။

သူ ခန့်မှန်းသကဲ့သို့ အတိအကျ ဖြစ်လာလျင် တုန်လှုပ်ဖွယ် ကောင်းလောက်သည်။

“ကလင် ကလင် ကလင်”

ရဲ့လင်းချန် အတွေးထဲ နစ်မျောနေစဉ် သူ့ဖုန်းက ထမြည်လာသည်။ ဖုန်းခေါ်သူ နာမည်ကို မြင်သောအခါ သူ အံ့ဩသွားပြီး ချက်ချင်း ဖုန်းကိုင်လိုက်သည်။

“ဟဲလို အမေ”

“သား မင်း မြို့တော်မှာ နေရတာ အသားကျရဲ့လား”

တစ်ဖက်မှ ရှုကျန်း၏ အသံက ပေါ့ပါး၍ အလွန် ပျော်ရွှင်နေပုံ ပေါက်လေသည်။

“ကျွန်တော် အဆင်ပြေပါတယ်”

“အမေ မင်းအတွက် ဘာအံ့ဩစရာ ပြင်ထားလဲ မှန်းကြည့်မလား”

“အံ့ဩစရာလား”

ရဲ့လင်းချန်သည်လည်း ပြုံးလိုက်မိသည်။ သူ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘာအံ့ဩစရာလဲ”

“မင်းအမေနဲ့ အဖေ အခု ဘယ်ရောက်နေလဲ သိလား”

ရှုကျန်းက အပြုံးနှင့် ဆက်ပြောသည်။

“အမေတို့ … မြို့တော်ကို ရောက်နေတာလား”

ရဲ့လင်းချန် မရဲတရဲ မေးလိုက်သည်။

“တော်လိုက်တာ”

ရှုကျန်းက ရဲ့လင်းချန်ကို ဟုတ်မှန်ကြောင်း ပြောလိုက်သည်။

“အရင်တုန်းက ဆေးရုံက တအား အလုပ်များနေခဲ့တာလေ၊ ဒါပေမဲ့ လေပူလက္ခဏာ တုပ်ကွေးအတွက် ထိရောက်တဲ့ ကုသမှု ရှိနေပြီမလား၊ မင်းအဖေလည်း တော်တော်ကြာကြာ အလုပ်များနေခဲ့တာ၊ သူ့အတွက် အချိန်ရဖို့က ခက်တယ်လေ၊ ဆေးရုံက သူ့ကို နားရက် ပေးလိုက်တယ်၊ အမေတို့လည်း အမျိုးသားနေ့အတွင်း အိမ်မှာ ဘာမှလုပ်စရာ မရှိတာနဲ့၊ မင်းဆီ အလည်လာဖို့ ဆုံးဖြတ်လိုက်တာ”

“အမေနဲ့အဖေ အခု ဘယ်မှာလဲ၊ ကျွန်တော် လာကြိုမယ်”

ရဲ့လင်းချန် ထရပ်၍ ချက်ချင်း ပြောလိုက်သည်။

အိမ်နှင့် ဝေးရာ၌ နေထိုင်ခြင်းက သူ့အတွက် ပထမဆုံး ဖြစ်သလို ထိုမျှ ကြာကြာ‌ နေရခြင်းကလည်း ပထမဆုံးပင်။ သူ သတိမထားမိလိုက်ခင်မှာပင် နှစ်လတာက ကုန်ဆုံးသွားလေပြီ။

တက္ကသိုလ်မှ တစ်စုံတစ်ယောက်က အဖွဲ့ထဲ၌ ကျောင်းသားများ တက္ကသိုလ် တက်ပြီးနောက် မိမိတို့ မိဘများနှင့် တွေ့ချိန်က ပျမ်းမျှအားဖြင့် ဘယ်နှစ်ကြိမ်ရှိသလဲဟု စစ်တမ်းကောက်ခဲ့သည်ကို သတိရမိသွားသည်။

တွက်ချက်မှုများအရ မိဘနှစ်ပါးလုံး အသက်တစ်ရာ နေရလျင်တောင်မှ သူတို့တွင် သက်တမ်း ၅၅ နှစ်သာ ကျန်ရှိတော့သည်။ အကယ်၍ ကလေးများက သူတို့ မိဘများကို ခြောက်လ တစ်ကြိမ် လာတွေ့လျင် သူတို့ အချင်းချင်း တွေ့နိုင်သည့် အခွင့်အရေးက အကြိမ်ရေ ၁၁၀ သာ ရှိသည်။

မိဘများက နောင်တွင် အသက်ရှည်ရှည် နေရသည်အထိ ကံကောင်းမှသာလျင် သူတို့က မိဘများနှင့် အချိန်ကြာကြာ နေနိုင်ပေလိမ့်မည်။

ထိုအထဲမှ လူမှုဘဝရေးရာ၊ အလုပ်နှင့် အိပ်ချိန်တို့ကို ဖယ်လိုက်လျင် လူတစ်ယောက်၏ မိဘများနှင့် အချိန် ကုန်ဆုံးချိန်က ပျမ်းမျှအားဖြင့် တစ်နေ့တွင် လေးနာရီမျှသာ ရှိသည်။ တစ်နှစ်တာအတွက် ပျမ်းမျှအချိန်က နာရီပေါင်း ၁၄၆၀ ဖြစ်ပြီး နှစ်သုံးဆယ်အတွင်း ငါးနှစ်စာသာ ရှိလေသည်။

အိမ်နှင့်ဝေးရာ၌ အလုပ်လုပ်နေသည့် လူအများစုမှာမူ နှစ်သစ်ကူးချိန်မှသာ အိမ်ပြန်နိုင်ပေသည်။

တရုတ် နှစ်သစ်ကူး အားလပ်ရပ်သည် ပုံမှန်အားဖြင့် ခုနစ်ရက်နှင့်အထက် ရှိသည်။ ဇာတိမြို့သို့ အသွားအလာ လုပ်ရသည့် အချိန်၊ သူငယ်များနှင့် ဆုံတွေ့ချိန်နှင့် အိပ်ချိန်ကို ဖယ်လိုက်လျင် မိဘများနှင့် အချိန်ကုန်ဆုံးချိန်က တစ်နှစ်တွင် နှစ်ဆယ့်လေးနာရီသာ ရှိသည်။ စုစုပေါင်းအားဖြင့် နှစ်သုံးဆယ်အကြာမှသာ မိဘများနှင့် အတူရှိချိန်က တစ်လစာသာ ရှိပေမည်။

ကိန်းဂဏန်း အချက်အလက်များက ထိတ်လန့်စရာပင်။ တစ်ခါမှသာ မတွက်ချက်ပြထားလျင် မိဘများနှင့် သူ အတူ ရှိနိုင်မည့်အချိန်က ဘယ်လောက် အကန့်အသတ်သာ ရှိကြောင်း သူ တွေးမိမည် မဟုတ်ပါ။

ထိုမေးခွန်းကို ရဲ့လင်းချန် ပထမဆုံး မြင်လိုက်ရချိန်တွင် ရင်ထဲ၌ ထိတ်လန့် တုန်လှုပ်သွားပြီး ဆစ်ခနဲ နာကျင်သွား သလို ခံစားလိုက်ရသည်။

လူတိုင်းသည် မိမိတို့၏ မိဘများက အမြဲ မိမိဘေး၌ ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသလို လောကကြီးက ဆက်လက်၍ လည်ပတ်နေလိမ့်မည်ဟု ယုံကြည်ထားကြသည်။ မိမိတို့က ကလေးငယ်များအဖြစ် မွေးဖွားလာ ကြပြီး မိမိတို့ မိဘများက မိမိတို့မိဘများအဖြစ် ထာဝစဉ် ရှိနေလိမ့်မည်ဟု ထင်မှတ်ထားလေသည်။

သို့သော် လက်တွေ့ ရင်ဆိုင်ရသောအခါ မိမိတို့ မည်မျှ ခွန်အားမဲ့ကြောင်း သတိပြုမိလာကြသည်။

“ရတယ်၊ အမေတို့ အခုမှ လေယာဉ်ဆိုက်တာ၊ အခု မြို့တော်ဆေးရုံကို သွားမယ့် ဘတ်စ်ကားကို စောင့်နေတာလေ၊ ဆေးရုံကိုပဲ တန်းလာခဲ့၊ အမေတို့ အဲ့မှာ တွေ့မယ်၊ ဒီကို လာတွေ့ရမယ့်အချိန် သက်သာသွားတာပေါ့၊ အလုပ်ရှုပ် သက်သာတယ်လေ”

ရှုကျန်းက ပြောလာသည်။

“အမေတို့ ဆေးရုံကို သွားမလို့လား၊ ဘာလို့လဲ”

ရဲ့လင်းချန် စိုးရိမ်စွာ‌ မေးလိုက်သည်။

“မင်းအဖေက နတ်ဆေးဆရာဝိုင်ကို ဂါဝရ သွားပြုမလို့လေ၊ သူက လူတွေအများကြီးကို ကယ်ခဲ့တာမလား၊ မင်းအဖေအကြောင်း မင်း သိသားနဲ့၊ အမြဲ ဆေးပညာနဲ့ ပတ်သက်ရင် တအား အလေးအနက် ထားတာလေ”

ရှုကျန်းက ပြောပြသည်။

နတ်ဆေးဆရာက လူနာများအား ကုသပေးခဲ့သည့် နေရာကို ထိန်းသိမ်းထားကြသည်။ ၎င်းက ဆေးရုံ၏ ပြတိုက်ပစ္စည်း ဖြစ်လာပြီး နတ်ဆေးဆရာ ဝိုင်၏ ကောင်းမွန်သော စိတ်သဘောထားကို မမေ့လျော့စေရန် လေးစားမှု ပြသည့် နေရာအဖြစ် အသုံးပြုကြသည်။

“ဟုတ်ကဲ့”

ထိုအခါမှသာ ရဲ့လင်းချိန် စိတ်အေးသွားသည်။ သူ့မိဘများ နေမကောင်း ဖြစ်နေခြင်း မဟုတ်၍ တော်ပါသေးသည်။ ထို့နောက် သူ ပြန်ပြောလိုက်သည်။

“မြို့တော်ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တွေက တကယ် လူကျပ်တယ်၊ ကားငှားလိုက်ပါ၊ ပိုက်ဆံကို အရမ်း စိုးရိမ်မနေပါနဲ့”

“နည်းနည်းလေး ကျပ်ညပ်တာက ဘာမှမဖြစ်ပါဘူး၊ မြို့တော်က တက္ကစီတွေက အရမ်း ဈေးကြီးတာ၊ ဘာလို့ အဲ့ဒါအတွက် ငွေကုန်ခံမှာလဲ”

ရှုကျန်းက ပြုံး၍ ဆူလေသည်။

“မင်း ပိုက်ဆံ ရှိတာနဲ့ ဒီအတိုင်း သုံးမပစ်နဲ့နော်၊ အမေတို့ စီးရမယ့် ဘတ်စ်ကား လာပြီ၊ ဖုန်းချလိုက်တော့မယ်၊ မြို့တော် ဆေးရုံရဲ့ ဝင်ပေါက်ရှေ့မှာ ဆုံကြမယ်နော်”

All Chapters