← Chapters

မိစ္ဆာမီး ထုတ်ဖော်ခြင်း

Vol. 16 Ch. 233

မိစ္ဆာမီး ထုတ်ဖော်ခြင်း

Vol. 16 Ch. 233

ထိုသို့ဖြင့် ရွှီချင်း၏တိုက်ပွဲရလဒ်များက အလွန့်အလွန် ကောင်းမွန်နေသည်။ သူ သတ်ခဲ့သည့် စုစုပေါင်းအရေအတွက်မှာ သုံးထောင်ကျော်နေပြီဖြစ်ပြီး အများစုမှာ အရိပ်လေး၏ ကျေးဇူးကြောင့် ဖြစ်ပေသည်။

ထိုအချိန်၌ ရွှီချင်းသည် တိုက်ပွဲရလဒ်များကို ဆက်လက်မလုပ်ကြံဝံ့တော့ပေ။ ယခုက အဆင်ပြေနေပြီဟု သူ ခံစားနေရ၏။

သူသာ ထိုသို့ ဆက်လုပ်နေပါက ဗူးပေါ်သလို ပေါ်သွားမည်ကို သူ စိတ်ပူသည်။ တာဝန်အဆင့်သတ်မှတ်ချက်များကို သူ စစ်ဆေးကြည့်လိုက်ပြီး တစ်ဂိုဏ်းလုံးအနေဖြင့် အမှန်တကယ်ပင် အများအပြားသတ်ခဲ့သည်ကို သူ မြင်လိုက်ရသည်။ အမြင့်ဆုံးမှာ တစ်သောင်းကျော် သတ်ခဲ့ခြင်းဖြစ်ပြီး ခုနစ်ထောင်အထက် သတ်ခဲ့သည့်လူ ခုနစ်ယောက်ရှစ်ယောက်ရှိသည်။ ထိုမှတ်တမ်းတွင် ငါးထောင်သတ်သည့်လူ များစွာ ရှိသည်။

သို့သော်လည်း ထိုလူများက ထူးခြားသော နည်းလမ်းများ ရှိနေသည့်အတွက်ကြောင့်သာ သို့တည်းမဟုတ် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများကို ရွေးသတ်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်မည်ဟု ရွှီချင်း ခံစားနေရသည်။ ထိုသို့မဟုတ်ပါက ထိုအရေအတွက်မှာ လုံးဝမဖြစ်နိုင်ပေ။ ချဲ့ကားလွန်းနေသည် မဟုတ်ပါလား။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သည်လည်း ထိုမျှ အားမနည်းပေ။ ထို့ပြင် ထိပ်ဆုံးတွင် ရှိနေသည့်နာမည်ကို ကြည့်လိုက်ရာ ဝူကျန်းဝူ ဖြစ်နေသည့်အတွက်ကြောင့် သူ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားရသည်။

ရလဒ်ကို လုပ်ကြံဖန်တီးထားနိုင်ချေ များကြောင်း သူ တွေးမိလိုက်သည်။ သို့ဖြစ်ပေရာ သူတို့က ရလဒ်များကို စစ်ဆေးကြည့်ရှုသည့်တိုင်အောင် သူ့ကို စစ်ဆေးနေမည်မဟုတ်ကြောင်း သူ ခံစားလိုက်ရသည်။ ထိုလူများ၏ ရလဒ်များမှာ အဆမတန် လုပ်ကြံဖန်တီးထားသည်ဖြစ်ပြီး သူ၏ရလဒ်များက သင့်တော်အောင် ပြင်ဆင်ထားသည် မဟုတ်ပါလား။

အမှန်တကယ် စွမ်းဆောင်နိုင်သည့်လူများလည်း ရှိသည်။ ဒုတိယမြောက်နေရာတွင် ရှိနေသော ဒုတိယမင်းသမီးကို သူ မြင်လိုက်ရပြီး သူမ သတ်ထားသည့်အရေအတွက်မှာ ရှစ်ထောင်ကျော်နေပြီ ဖြစ်သည်။

အဆင့်သတ်မှတ်ချက်များကို ကြည့်၍ ထိုအဆင့်များက အတုအယောင် ဖြစ်နေသည့်တိုင်အောင် ဂိုဏ်းက မြင်ခွင့်ပေးထားသည်ဟု သူ ခံစားလိုက်ရသည်။ ပထမဦးစွာ ထိုရလဒ်များသည် တခြားသူများကို စိတ်တက်ကြွသွားစေမည်ဖြစ်သည်။ ဒုတိယအနေဖြင့် ဂိုဏ်းသားအချင်းချင်း ပြိုင်ဆိုင်စိတ် ဖြစ်ကာ အပြင်းအထန် ကြိုးစားကြမည်ဖြစ်သည်။ တတိယအနေဖြင့် ချီရွှဲ့ထုံဂိုဏ်း၏ အရှိန်အဝါကိုလည်း ထုတ်ဖော်ပြသလိုက်မည်ဖြစ်ပြီး လူအားလုံးကို ကြောက်လန့်သွားစေမည်ဖြစ်သည်။

ရွှီချင်းသည် အတန်ငယ် တွေးတောကြည့်လိုက်ပါသော်လည်း တိုက်ပွဲရလဒ်များအား ဆက်လက်မလုပ်ကြံတော့ပေ။ သူနှင့် သင့်တော်မည့် နောက်ထပ်တာဝန်တစ်ခုကိုသာ ရှာလိုက်သည်။ ယခု သူ အနည်းငယ် မောပမ်းနွမ်းနယ်နေပြီဖြစ်၍ ရိုးရှင်းသော တာဝန်ကို ရှာဖွေရန် စီစဉ်ထားသည်။

မကြာခင် အစောင့်အရှောက်တာဝန်တစ်ခုကို ရွှီချင်း အကြည့်ရောက်သွားသည်။

ဒုတိယမြောက်တောင်ထိပ်မှ ဂိုဏ်းသားများသည် မှော်ဆေးပညာပေါ်တွင် လုံးလုံးလျားလျား အာရုံစိုက်ထားကြပြီး ဆေးလုံးများသည် ဒဏ်ရာသက်သာစေသည်သာမက ကျင့်ကြံခြင်းအပေါ်တွင်လည်း ကြီးစွာသော အထောက်အပံ့ဖြစ်သည်။ ယင်းအပြင် အဆိပ်များလည်း ရှိပြီး ထိုအဆိပ်များအနက် တားမြစ်အဆိပ်ဆိုသည့် အဆိပ်တစ်မျိုးရှိသည်။

ထိုတားမြစ်အဆိပ်ကို များသောအားဖြင့် စစ်ပွဲအတွက် ပြင်ဆင်ကြသည်။ စစ်ပွဲထဲတွင် အသုံးချလိုက်ပါက ထိုအဆိပ်၏ ထူးဆန်းသောအစွမ်းကို ရင်ဆိုင်ရန် အလွန်ခက်ခဲသည်။ ထိုအဆိပ်တွင် လူများကို ကြောက်လန့်တုန်ရီသွားစေနိုင်သည့် သတ်ဖြတ်ခြင်းဂုဏ်သတ္တိမျိုးစုံ ရှိသည်။

ထိုအဆိပ်က သန္ဓေပြောင်းခြင်း၊ ဆွဲဆောင်ခြင်းနှင့် တခြားထူးဆန်းသော လက္ခဏာမျိုးစုံကို ဖြစ်စေသည်။ တားမြစ်အဆိပ်တစ်ခုချင်းစီ၏ အစွမ်းများက မတူညီကြဘဲ အသက်သွင်းသည့်နည်းလမ်းလည်း မတူညီပေ။

အကြမ်းဖျင်းဆိုရလျှင် တားမြစ်အဆိပ်ဆေးများကို ချက်ချင်း အသက်သွင်းနိုင်သည်။

ထို့ကြောင့် အဆိပ်ဆေးအများစုက ဂိုဏ်းထဲမှာ ဖော်စပ်ထားခဲ့ပြီးဖြစ်သော ပြီးခါနီးဆဲဆဲဆေးလုံးများဖြစ်ပြီး ဂိုဏ်းသားများက စစ်မြေပြင်ထဲရှိ အထူးနေရာများတွင် ထိုအဆိပ်များကို အောင်မြင်အောင် ဖော်စပ်ကြသည်။

ဒုတိယမြောက်တောင်ထိပ်ဂိုဏ်းသားများအတွက် တားမြစ်ဆေးများကို ပြီးစီးအောင် ဖော်စပ်ရန် ပထမဆုံးရွေးချယ်သောနေရာမှာ ရေသူမကျွန်းပတ်လည်ရှိ မီးတောင်အက်ကွဲကြောင်းများစွာရှိနေသော ကျွန်းငယ်လေးများဖြစ်သည်။

သို့သော် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်သည်လည်း ထိုအချက်ကို အထူးအလေးထားပြီး ကျွန်းငယ်လေးများပေါ်ရှိ ဒုတိယမြောက်တောင်ထိပ်ဂိုဏ်းသားများကို သတ်ရန် အဖွဲ့များခွဲ၍ စေလွှတ်ခဲ့သည်။

ထို့ကြောင့် ထိုနေရာသို့ သွားမည့်အခြေတည်အဆင့်ကျင့်ကြံသူများကို ခေါ်ဆောင်သော ယခုလိုအရေးပေါ်တာဝန် ပေါ်လာရခြင်း ဖြစ်သည်။ အခြေတည်အဆင့်ကျင့်ကြံသူများက ထိုနေရာတွင် ကင်းလှည့်နေရင်း ဒုတိယမြောက်တောင်ထိပ်ဂိုဏ်းသားများကို စောင့်ကြပ်ပေးရမည်ဖြစ်သည်။

ထိုတာဝန်အတွက် ဆုကြေးငွေကို ရက်ရက်ရောရောပေးထားပြီး ဝိညာဉ်ကျောက်တုံးသုံးသိန်းဖြစ်သည်။

ထိုသည်ကို ရွှီချင်း မြင်သောအခါ အလွန် စိတ်ဝင်စားသွားသည်။ ထိုကဲ့သို့ စောင့်ရှောက်ရေးတာဝန်သည် စစ်မြေပြင်တွင် သွားရောက်တိုက်ခိုက်သည်ထက် ပို၍ စနစ်ကျသည်။ ရွှီချင်း တွေးတောနေစဉ် ထိုတာဝန်အတွက် လိုအပ်သော အခြေတည်အဆင့်ကျင့်ကြံသူအယောက်နှစ်ဆယ်မှ တစ်ဝက်ကျော် ပြည့်သွားသည်။

ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေတော့ဘဲ တာဝန်ကို ချက်ချင်း လက်ခံလိုက်သည်။

တာဝန်လက်ခံလိုက်သည်နှင့် သူ့ဂိုဏ်းတံဆိပ်ပြားထဲ ပထမတစ်သုတ် ဝိညာဉ်ကျောက်တုံးများကို မှတ်တမ်းတင်လိုက်သည်။ သူ့ကိုလည်း တည်နေရာရွှေ့ပြောင်းခြင်းမြေပုံညွှန်းများ ပေးလိုက်ပြီး ညွှန်ကြားချက်များ ချက်ချင်း ပြောပြလိုက်သည်။

ရွှီချင်းက ဝေ့ကြည့်လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ တန်းတန်းမတ်မတ် သွားလိုက်သည်။ မြေပုံညွှန်းများထဲ သူ ဝင်ပြီးနောက် အစီအရင်အလင်းတန်း၏ ဖုံးကွယ်ခြင်းအောက်တွင် သူ့ပုံရိပ် ချက်ချင်း ပျောက်သွားသည်။

ရေသူမကျွန်း၏ တောင်ဘက်ပိုင်းရှိ ပင်လယ်ပြင်ကျယ်ကြီးထဲ၌ ပုလဲလေးများစီတန်းထားသည့်အလား ကျွန်းလေးများစွာ ရှိသည်။ ထိုကျွန်းလေးများ ပေါ်ပေါက်နေသည်မှာ နှစ်ကာလကြာညောင်းနေပြီဖြစ်ပါသော်လည်း မီးတောက်အက်ကွဲကြောင်းများရှိပြီး အလွန် သေးငယ်သည့်အတွက်ကြောင့် နေထိုင်ရန် မသင့်တော်ပေ။

ချီရွှဲ့ထုံဂိုဏ်း၏ ရေကြောင်းပြမြေပုံပေါ်၌ ထိုကျွန်းလေးများကို ပုလဲကျွန်းများဟူ၍ ခေါ်ဆိုသည်။

ထိုစဉ် ပုလဲကျွန်းများပေါ်၌ မီးတောက်များ တစ်တောင်ပြီးတစ်တောင် ပေါက်ကွဲနေပြီး အမည်းရောင်မီးတောင်ပြာများက အမည်းရောင်နှင်းများအလား ကျဆင်းနေသည်။ နီရဲနေသော ချော်ရည်ပူများသည်လည်း ပုလဲကျွန်းတစ်ကျွန်းပေါ်သို့ မိုးရေစက်များအလား ကျဆင်းနေ၏။

ပုလဲကျွန်းများပေါ်သို့ နီရဲနေသော မိုးရေစက်များနှင့် မည်းနက်နေသော နှင်းပွင့်များ ကျဆင်းနေသည်မှာ ငရဲပြည်သို့ ရောက်သွားသည့်အလားပင်။

ပုလဲကျွန်းများပတ်လည်တွင် ဧရာမလှိုင်းကြီးများ ဝေဟင်သို့ ရိုက်ခတ်နေ၏။ ပင်လယ်ထဲမှ လူရိပ်အများအပြား ပျံထွက်လာပြီး ကမ်းခြေသို့ ချက်ချင်း ဆင်းသက်သွားကြသည်။

ပင်လယ်ထဲမှ ထွက်လာသည့်လူရိပ်များမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ ဖြစ်ပေသည်။

ကျွန်းပေါ်သို့ သူတို့ ဆင်းသက်သွားသည်နှင့် ရက်စက်ကြမ်းကြုတ်သော လူသတ်ငွေ့များ ထွက်ပေါ်လာသည်။ နေရာအနှံ့သို့ ပေါက်ကွဲသံများ လွင့်ပျံသွားပြီး ဓမ္မစွမ်းအားအငွေ့အသက်များနှင့် ဓာတ်နှောများ၏ အရှိန်အဝါများသည်လည်း သိပ်သည်းထူထပ်လာ၏။

ပုလဲကျွန်းတစ်ကျွန်းပေါ်၌ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အုပ်စုကြီးက လမ်းတစ်လျှောက်သတ်ဖြတ်ကာ ကျွန်းနက်ပိုင်းသို့ ရောက်လာကြသည်။

ထိုနေရာ၌ တောင်ကြားတစ်ခုရှိပြီး မြေပြင်၌ မီးတောင်ပြာများ ထူထပ်သိပ်သည်းစွာ ဖုံးလွှမ်းထားသည်။ ရံဖန်ရံခါ ချော်ရည်ပူများ ကျဆင်းလာတတ်ရာ တောင်ကြားထဲရှိ လူအားလုံး အကာအကွယ်အလွှာများကို အသက်သွင်းရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ထိုလူများအားလုံး ချီရွဲှ့ထုံဂိုဏ်းသားများ ဖြစ်ပြီး အများစုက ဒုတိယမြောက်တောင်ထိပ်မှ ဖြစ်ကြသည်။ သူတု့ိက စိုးရိမ်ကြောင့်ကြနေသည့်အမူအရာများဖြင့် မလှမ်းမကမ်းရှိ မန္တန်အစီအရင်များကို ပြင်ဆင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော ပဉ္စမမြောက်တောင်ထိပ်ဂိုဏ်းသားကို မကြာခဏ လှမ်းကြည့်နေသည်။

ထိုကျွန်းပေါ်၌ မီးတောင်တစ်လုံး ရှိနေသည့်အတွက်ကြောင့် တားမြစ်ဆေးများကို မြှုပ်နှံရာတွင် မြေမီးတောက်ကို သုံးစွဲရန် ဒုတိယမြောက်တောင်ထိပ်ဂိုဏ်းသားများကို ထိုကျွန်းသို့ စေလွှတ်ခဲ့သည်။ သူတို့မှာ တားမြစ်ဆေးများကို မြှုပ်နှံပြီးခါစအချိန်မှာပင် ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ရန် အကြောင်းဖန်လာသည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တပ်ဖွဲ့ ရောက်ရှိလာခြင်းကြောင့် ထိုနေရာရှိ မန္တန်အစီအရင်များအားလုံးကို သက်ရောက်သွားပြီး သူတို့ ထွက်သွားရန် လမ်းမရှိတော့ပေ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ပုလဲကျွန်းများကို ထောင်ချောက်အဖြစ် အသုံးချကာ ချီရွှဲ့ထုံဂိုဏ်းကို ထိုးစစ်ဆင်ရန် စီစဉ်ထားဟန်တူသည်။

အမှန်တွင်လည်း ထိုသို့ပင်ဖြစ်သည်။ အဏ္ဏဝါရုပ်အလောင်းတပ်များကို အုပ်စုနှစ်စု ခွဲထားပြီး ရေသူမကျွန်းများသို့ သွားရောက်တိုက်ခိုက်နေသည့်တပ်ဖွဲ့က ဟန်ပြတိုက်ခိုက်ရန်အတွက်သာ ဖြစ်သည်။ ဤနေရာသည် အချက်အချာနေရာဖြစ်၏။ သူတို့က ပုလဲကျွန်းများကို ရှေ့တန်းစစ်မြေပြင်အမိန့်ပေးညွှန်ကြားရာဗဟိုအချက်အချာနေရာအဖြစ် အသုံးချကာ ချီရွှဲ့ထုံဂိုဏ်းသားများကို ခုခံရန် စီစဉ်ထားသည်။

အကယ်၍ ချီရွှဲ့ထုံဂိုဏ်းတပ်ဖွဲ့သာ ထိုပုလဲကျွန်းများပေါ်သို့ ကယ်တင်ရန် ရောက်လာခဲ့ပါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ရေသူမကျွန်းပေါ်ရှိ ဟန်ပြတိုက်ပွဲကို အစစ်အမှန်တိုက်ပွဲအဖြစ် အချိန်မရွေး ပြောင်းလဲလိုက်မည် ဖြစ်သည်။

ထိုကျွန်းများပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အားလုံး သက်ရောက်ခံလိုက်ရသည်။ တချို့အစီအရင်များ ပျက်စီးသွားပြီး တချို့ကို အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များက ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များဖြင့် ထိန်းသိမ်းထားလိုက်သည်။

သူတို့က ထိုမပျက်စီးသေးသော အစီအရင်များနေရာ၌ စောင့်ဆိုင်းနေကာ တည်နေရာရွှေ့ပြောင်းပြီး ရောက်လာမည့် ချီရွှဲ့ထုံဂိုဏ်းသားများအား သတ်ဖြတ်၍ စွမ်းဆောင်မှုရမှတ်များ စုဆောင်းမည် ဖြစ်သည်။

ထိုကျွန်း၏ အနောက်မြောက်ဘက်ရှိ တောင်ကြားနှင့် အတန်ငယ် ကွာဝေးသော ကျဉ်းနက်ကြီးထဲတွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဝင်းလက်သွားသည်။ ထိုတည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ပတ်လည်တွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ဒါဇင်ကျော် ရှိသည်။

ခေါင်းဆောင်က သာမန်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး မျက်လုံးသုံးလုံးနှင့် လူသားမဟုတ်သောမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ သူက တဖျပ်ဖျပ်ဝင်းလက်နေသော အစီအရင်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။

“ အားလုံးပဲ။ ဓမ္မစွမ်းအားအငွေ့အသက်တွေကို သေချာစစ်ဆေးကြ။ တည်နေရာရွှေ့ပြောင်းလာတဲ့လူက သက်စောင့်မီးတောက်ကျင့်ကြံသူတစ်ယောက်ဖြစ်နေရင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ချက်ချင်း ဖျက်ဆီးလိုက်။ အခုရောက်လာတဲ့လူက စွမ်းဆောင်မှုရမှတ်တွေပေးမဲ့ သာမန်အခြေတည်အဆင့်တစ်ယောက်ဖြစ်နေရင် သိပ်ကောင်းမယ် ”

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အခြေတည်အဆင့်ကျင့်ကြံသူက တဖျပ်ဖျပ်ဝင်းလက်နေသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မျှော်လင့်ချက်များ ဝင်းလက်နေသည့်မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။

ယခင်က ချီရွှဲ့ထုံဂိုဏ်း၏ဘိုးဘေး ရုတ်တရက် အဆင့်တက်သွားပြီး ကျူးကျော်ဝင်ရောက်ခြင်းကြောင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးမှာ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တစ်ခုလုံး ရုန့်ရင်းဆတ်ခတ် ဖြစ်သွားခဲ့သည်။ နှစ်ခြိုက်စွာအိပ်မောကျနေခဲ့သော ရှေးဟောင်းပစ္စည်းအနည်းအကျဉ်းသာ နိုးထမလာခဲ့ပါက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ ကပ်ဘေးနှင့် ရင်ဆိုင်လိုက်ရမည် ဖြစ်သည်။

နောက်ဆက်တွဲတိုက်ပွဲများ၌ ချီရွှဲ့ထုံဂိုဏ်းက ရေသူမကျွန်းကို ခြေကုပ်ယူကာ ရှေ့တန်းစစ်မြေပြင်အဖြစ် အသုံးချလိုက်ပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ထိုးစစ်များမှာ အရေးနိမ့်သွားခဲ့ရသည်။ ထိုအကျဉ်းအကြပ်ထဲတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ အထက်ပိုင်းပုဂ္ဂိုလ်များက ရင်းမြစ်အများအပြား ထုတ်ယူသုံးစွဲလိုက်ပြီး ဘဝပြောင်းသွားစေနိုင်သည့် အခွင့်အရေးအချို့ကိုပင် ဆုကြေးအဖြစ် ပေးခဲ့သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်ယောက်က သတ်မှတ်ထားသော စွမ်းဆောင်မှုရမှတ်များကို ရနေသရွေ့ ရင်းမြစ်ပစ္စည်းများ၊ အခွင့်အရေးများဖြင့် လဲလှယ်နိုင်သည်။ သို့ဖြစ်၍ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များမှာ ပို၍ စိတ်တက်ကြွနေသည်။

ယခု တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဘေးရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာလည်း စိတ်တက်ကြွနေသည်။ သို့သော် သူက အလွန် သတိကြီးသူဖြစ်ပြီး ရောက်ရှိလာသူက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်နိုင်သည့် အခြေတည်အဆင့်ကျင့်ကြံသူ ဖြစ်နေမည်ကို သူ စိုးရိမ်နေခဲ့သည်ဖြစ်၍ စွမ်းအားအငွေ့အသက်များကို စစ်ဆေးနိုင်သော ဓမ္မပစ္စည်းတချို့ကို သူ ယူဆောင်လာခဲ့၏။

သူ့ဘေး၌ ဧရာမမျက်လုံးကြီးတစ်လုံး ရှိသည်။ ထိုဧရာမမျက်လုံးကြီးတွင် လက်တံခုနစ်ခု၊ ရှစ်ခုရှိပြီး ထိုလက်တံများက ချီစုစည်းခြင်းအထွတ်အထိပ်အဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ မျက်ခုံးမွေးနှစ်ခုကြားနေရာကို ထိုးဖောက်နေသည်။ ထိုမျိုးနွယ်ဝင်များ၏ အားဖြည့်ပေးခြင်းနှင့်အတူ မျက်လုံးကြီးက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အာရုံစိုက်နေသည်။

မကြာခင် မျက်လုံးကြီးက အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။

ထိုအလင်းကို မြင်၍ အခြေတည်အဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် စိတ်သက်သာရာ ရသွားသည်။ သူ့မျက်နှာပေါ်တွင် သွေးဆာနေသော အမူအရာတစ်ခု ပေါ်လာပြီး သူ ပြေးသွားရန် ပြင်လိုက်သည်။ ထိုအချိန်၌ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ဝင်းလက်သွားပြီး အထဲမှ လူရိပ် ရုပ်လုံးပေါ်လာကာ မန္တန်အစီအရင်အပြင်ဘက်သို့ အနက်ရောင်အလင်း လွင့်ပျံလာသည်။

ယင်းက အခြေတည်အဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ထံ ချက်ချင်း ရောက်သွားသည်။

အခြေတည်အဆင့် ကျင့်ကြံသူ မျက်နှာပျက်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။

သို့သော်လည်း အနက်ရောင်အလင်းက ချက်ချင်း အရှိန်မြင့်တက်သွားပြီး ယခင်အမြန်နှုန်း၏ နှစ်ဆ ဖြစ်သွားသည်။ ယင်းအလင်း၌ ဝိညာဉ်ကို တုန်ခါသွားစေနိုင်သည့် ခေါင်းလောင်းသံလည်း ရှိနေပေရာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ ဆတ်ခနဲ ရပ်သွားသည်။

ထို့နောက် အနက်ရောင်အလင်းက အခြေတည်အဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ဗိုက်ကို ပိုင်းဖြတ်သွားသည်။

တချိန်တည်းမှာပင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲရှိ လူရိပ် အလျင်အမြန် ပေါ်လာပြီး အစီအရင်ကို စူးစမ်းနေသည့် မျက်လုံးကြီးမှာ ရုတ်တရက် ဝင်းလက်သွားသည်။ ယင်းက အဖြူရောင် မဟုတ်တော့ဘဲ အနီရောင်ဖြစ်သွားသည်။

“ အနီရောင်ဓမ္မစွမ်းအား၊ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို မြန်မြန်ဖျက်ဆီးလိုက်ကြ ”

ဒဏ်ရာရသွားသော အခြေတည်အဆင့်ကျင့်ကြံသူက ဒေါသတကြီး ပြောလိုက်ရာ ဘေးပတ်လည်မှ တခြားအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များလည်း မျက်နှာပျက်သွားသည်။ သူတို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖျက်ဆီးရန် ကြိုးစားလိုက်ကြသည်။

ထိုစဉ် အစီအရင်ထဲမှ ဟိန်းဟောက်သံ လွင့်ပျံလာပြီး ရှဲကျင်းလုံ ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်က အလျင်အမြန် ကြီးထွားလာပြီး ပေတစ်ထောင်အရွယ်အစားဖြစ်လာကာ အစီအရင်ကို လွှမ်းခြုံလိုက်သည်။

၎င်း၏ တောင့်တင်းသော ခန္ဓာကိုယ်က တည်နေရာရွှေ့ပြောင်းခြင်း အနှောင့်အယှက်မရှိ အောင်မြင်သွားစေရန် ဘေးပတ်လည်မှ မန္တန်များအားလုံးကို တားဆီးလိုက်သည်။

ထိုအချိန်၌ အစီအရင်ထဲမှ လူရိပ်မှာ ရှင်းလင်းပြတ်သားလာသည်။

ယင်းလူရိပ်မှာ ရွှီချင်းပင်။

ရွှီချင်းသည် အစီအရင်ထဲမှ ချက်ချင်း ထွက်မသွားသေးဘဲ ဘေးပတ်လည်ကို အေးစက်စက်ကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်နေသော အခြေတည်အဆင့်ကျင့်ကြံသူနှင့် ချီစုစည်းခြင်းအဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဒါဇင်ကျော်ကို မြင်လိုက်ရသည်။

သူက ချော်ရည်အက်ကြောင်းလေးတစ်ခုအနီးမှာ ရှိနေသည်ကိုလည်း သတိထားမိလိုက်သည်။ အလစ်အငိုက်တိုက်ခိုက်မှုများကို ရွှီချင်း ကြိုတင်မခန့်မှန်းထားခဲ့ပါသော်လည်း သတိကြီးကြီးနေသည်ကို သူ အသားကျနေပြီးသား ဖြစ်သည်။

ထို့ပြင် ယခင်က တခြားသူများကို ထိုနည်းလမ်းသုံး၍ သူ တိုက်ခိုက်ခဲ့ဖူးသည်ဖြစ်ရာ မည်သည့်အတွက်ကြောင့် သူ သတိလက်လွတ်နေမည်နည်း။

ရွှီချင်း အကြည့်လွှဲလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ မီးတောင်က ချက်ချင်း ပေါက်ကွဲလာပြီး ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ အသက်သွင်းလိုက်သည်။

သူ့ကိုယ်ထဲမှ မီးတောက်များ မြင့်တက်လာပြီး ကြောက်စရာကောင်းလောက်အောင် အပူရှိန် မြင့်မားလာသည့်အတွက်ကြောင့် ဘေးပတ်လည်ရှိ အရာအားလုံး တွန့်လိမ်ရှုံ့တွလာသည်။ ဓမ္မစွမ်းအားများကို အာရုံခံနိုင်သည့် မျက်လုံးကြီး ပေါက်ကွဲသွားပြီး ထိုမျက်လုံးကြီးနှင့် ချိတ်ဆက်ထားသော ချီစုစည်းခြင်းအဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ခုနစ်ယောက်၊ ရှစ်ယောက်မှာလည်း သွေးပွက်ပွက်အန်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ဘေးပတ်လည်ရှိ တခြားချီစုစည်းခြင်းအဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များသည်လည်း စူးစူးဝါးဝါး အော်ဟစ်နေကြသည်။ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကြောင့် ရွှီချင်းမှာ ကြည့်ပင်မကြည့်ဝံ့သည့် လူတစ်ယောက်ဖြစ်နေသည်။ ချီစုစည်းခြင်းအဆင့်မှာ ရွှီချင်း ရှိစဉ်က တတိယအကြီးအကဲကို မကြည့်နိုင်သကဲ့သို့ပင်။

သူက တတိယအကြီးအကဲမဟုတ်ပါသော်လည်း အနှီချီစုစည်းခြင်းအဆင့် မျိုးနွယ်ဝင်များသည်လည်း ယခင်က သူကဲ့သို့ မဟုတ်ပေ။

အမှန်စင်စစ် ထိုခံစားချက်မှာ များစွာ ကွာခြားခြင်းမရှိပေ။ ထိုအချိန် စူးစူးဝါးဝါး အော်ဟစ်သံများ နေရာအနှံ့မှ ထွက်ပေါ်လာပြီး ရွှီချင်းက ရှေ့တစ်လှမ်း လှမ်းလိုက်သည်။ သူသည် အလွန်လျင်မြန်ပြီး တခဏလေးအတွင်း သံတုတ်နက်လေး၏ ထိုးဖောက်ခြင်း ခံထားရသော အခြေတည်အဆင့်ကျင့်ကြံသူရှေ့သို့ ရောက်သွားသည်။

ထိုလူ ကြောက်လန့်တုန်ရီနေစဉ် ရွှီချင်းက ခေါင်းထိပ်ကို ဖိချလိုက်သည်။ မီးတောက်နက် အမြောက်အမြား တဟုန်းဟုန်း လောင်လောက်လာပြီး ထိုလူကို လွှမ်းခြုံကာ ဝါးမျိုသွားသည်။

ထိုသူမှာ ရုန်းကန်ချင်ပါသော်လည်း ရွှီချင်း၏ သက်စောင့်မီးအိမ်က ဖိနှိပ်ထားပေရာ ထိုသူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဓမ္မတံခါးများ တဝုန်းဝုန်းမြည်ဟည်းလာပြီး ကျင့်ကြံခြင်းအခြေခံ ချက်ချင်း မငြိမ်မသက် ဖြစ်လာသည်။ သူ့ကိုယ်ထဲသို့ တိုးဝင်လာသော ရွှီချင်း၏ မိစ္ဆာမီးတောက်နက်ကို ခုခံရန် သူ့အတွက် ခက်ခဲသည်။

သွေးပျက်ခမန်း အော်ဟစ်သံ လွင့်ပျံလာ၏။

အမှန်စင်စစ် ထိုသူက အစွမ်းမနိမ့်ပေ။ ရွှီချင်းသာ သက်စောင့်မီးတောက်ကို အသက်မသွင်းခဲ့ပါက ထိုသူကို အနိုင်ယူရန် အစွမ်းကုန်တိုက်ခိုက်ရပေမည်။ ယခုတွင် အရာအားလုံး တခဏလေးအတွင်း ကိစ္စပြတ်သွားခဲ့သည်။

ရွှီချင်းအတွက် မည်သည့်မျိုးနွယ်မှဖြစ်စေ သက်စောင့်မီးတောက် မရှိသေးသည့် အခြေတည်အဆင့်ကျင့်ကြံသူများမှာ လွယ်ကူသော သားကောင်များသာ ဖြစ်ပေသည်။

All Chapters