နတ်ဆေးဆရာဝိုင်ကို ဂါဝရပြုခြင်း
Vol. 18 Ch. 258
ဖုန်းချလိုက်ပြီးနောက် ရဲ့လင်းချန် တုံ့ဆိုင်းမနေဘဲ တက္ကစီငှား၍ မြို့တော်ဆေးရုံသို့ တန်းသွားလေသည်။
လေဆိပ်သည် မြို့တော်ဆေးရုံနှင့် အတော်လေး လှမ်းသည်။ ရဲ့လင်းချန် ဆေးရုံအပေါက်ဝ၌ နာရီဝက်မျှ စောင့်လိုက်ရသည်။ နောက်ဆုံးတွင် ဘတ်စ်ကားတစ်စီး ပေါ်လာပြီး ရှုကျန်းနှင့် ရဲ့ကျင်းတို့ ဆင်းလာသည်။
“အဖေ၊ အမေ”
ရဲ့လင်းချန် ချက်ချင်း လှမ်းနှုတ်ဆက်လိုက်သည်။
“လင်းချန် အခုတလော ထမင်းရော ကောင်းကောင်းစားရဲ့လား၊ သား ပိန်သွားသလိုပဲ”
ရှုကျန်းက ရဲ့လင်းချန်ကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ပြီး အပြုံးနှင့် မေးလိုက်သည်။
“စားတာပေါ့၊ မြို့တော်မှာ တခြားဟာတွေ များများစားစား မရှိပင်မယ့် အစားအသောက်ကတော့ ပေါတယ်လေ၊ ကျွန်တော် နောက်မှ အမေတို့ကို နာမည်ကြီးဆိုင်တွေဆီ ခေါ်သွားဦးမယ်၊ ဒါမှ မြို့တော်ရဲ့ အရသာရှိတဲ့ အစားအသောက် အားလုံးကို အမေတို့ မြည်းကြည့်လို့ရမှာ”
ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သည်။
“လမ်းဘေးက ဆိုင်တွေက မသန့်ပါဘူး၊ မင်း အဲ့ဒါမျိုးကို နည်းနည်းပဲ စားရမယ် သိလား”
ရှုကျန်းသည် အဆင်မပြေသလို ခံစားလိုက်ရပြီးနောက် တစ်ခဏမျှ ရပ်လိုက်ပြီးမှ ဆက်ပြောလေသည်။
“ဒါပေမဲ့ ဒီနေ့ စားဖို့ကိုတော့ ပြင်ဆင်ထားပြီးပြီ၊ ဒီည စားသောက်ပွဲတစ်ခု ရှိလိမ့်မယ်”
“စားသောက်ပွဲလား”
ရဲ့လင်းချန်က ရှုကျန်းနှင့် ရဲ့ကျင်းတို့ကို တအံ့တဩ ကြည့်လိုက်သည်။
“မင်းအဖေရဲ့ မိတ်ဆွေတစ်ယောက်က မြို့တော်မှာလေ၊ အတော်လေး အလှမ်းဝေးတဲ့ ဆွေမျိုးလို့ပဲပေါ့၊ သူက မြို့တော်ကို လာပြီးကတည်းက မဆက်သွယ်တာ ကြာပြီ၊ အရင်တုန်းက အမေတို့အားလုံး ဆင်းရဲခဲ့တယ်လေ၊ မင်းအဖေက သူ နေမကောင်းဖြစ်တာကို အလကား ကုပေးခဲ့တာ”
ရှုကျန်းက ပြုံးနေသည်။
“အဖေတို့ ပြီးမှ မင်းနဲ့အတူ အဝတ်အစား အသစ်တွေ လိုက်ဝယ်မယ်၊ မင်းကို ပိုပြီး ထင်ထင်ပေါ်ပေါ် ရှိအောင်လို့ပေါ့၊ အခု မင်း အရွယ်ရောက်နေပြီ၊ မင်းရဲ့ ပုံရိပ်ကို မင်း ဂရုစိုက်မှဖြစ်မယ်၊ နားလည်ရဲ့လား”
ရှုကျန်းကလည်း ဘေးမှနေ၍ ဝင်ပြောလေသည်။
ရဲ့လင်းချန် အောင့်သက်သက်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့မိဘများကို သွားကြိုရမည် ဖြစ်သဖြင့် သူ နှိမ့်ချ၍ ဝတ်စားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစားများ သူ ဝတ်စားထားလျင် သူ့မိဘများ လန့်သွားမည်ကို စိုးရိမ်၍ ဖြစ်လေသည်။
“ဟုတ်တယ်၊ မင်း ပိုကောင်းကောင်း ဝတ်စားထားဖို့ ပိုအရေးကြီးတယ်၊ သူတို့မှာ သမီးချောလေး တစ်ယောက် ရှိတယ်လို့ အမေ ကြားထားတယ်၊ အချိန်တနန်ရင် မင်းတို့ အချင်းချင်း မိတ်ဆက်ပြီး စကားလေး ဘာလေး ပြောကြပေါ့”
ရှုကျန်းက ရဲ့လင်းချန်ကို ပြောပြသည်။
“အမေ ကျွန်တော်က အခုမှ ပထမနှစ်ပဲ ရှိသေးတယ်၊ ကျွန်တော့်ကို တစ်ယောက်ယောက်နဲ့ နေရာချပေးဖို့ စောလွန်းပါသေးတယ်”
ရဲ့လင်းချန် ပြောစရာ စကားမဲ့နေလေသည်။
“မိတ်ဆက်ရုံလေးပဲကို၊ မင်းတို့ အချင်းချင်း သဘောကျချင်လည်း ကျသွားမှာပဲလေ၊ ဘယ်သူ သိနိုင်မှာလဲ”
ရှုကျန်းက ပြောလိုက်သည်။ ရဲ့ကျင်းက ခေါင်းခါ၍ ပြောသည်။
“ဒီမိသားစုက စီးပွားရေးလုပ်ဖို့ မြို့တော်ကို လာခဲ့တာ တော်တော်ကြာပြီ၊ နောက်ပိုင်း သူတို့အိမ် ဖြိုချခံလိုက်ရ ပြီးတော့ ပိုက်ဆံ အများကြီး ရလိုက်တယ်၊ အဲ့ဒါနဲ့ သူတို့ အိမ်ပြောင်းသွားကြတာ၊ သူတို့ တအား ချမ်းသာနေပြီ၊ အခု သူတို့ လုပ်ပေးတာက အရင်က ငါ ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြရုံသက်သက်ပဲ၊ အဲ့လို မိသားစုနဲ့ အရမ်း ရင်းရင်းနှီးနှီး နေရမယ်လို့ ငါတို့ မျှော်လင့်မထားသင့်ဘူး”
ရှုကျန်း ဘာမှမပြောချေ။
“အမေ၊ အဖေ၊ အဖေတို့ နတ်ဆေးဆရာဝိုင်ဆီ လာလည်တာ မဟုတ်လား၊ ကျွန်တော် အဖေတို့ကို ခေါ်သွားပေးမယ်”
ရဲ့လင်းချန်က အံ့ဩစရာ ကောင်းလောက်အောင် နေရာကို ရင်းနှီးနေပြီး သူတို့အရှေ့မှ လျှောက်သွားသည်။
လေပူလက္ခဏာ တုပ်ကွေးကို ထိန်းချုပ်နိုင်သွားသော်လည်း ဆေးရုံကို လာပြရသည့် လူအရေအတွက်က လျော့နည်းသွားသည့် လက္ခဏာ မရှိသေးပေ။
အလုပ်များလှသော ဆေးရုံတွင် လူနာများနှင့် ပြည့်နှက်နေ၏။
လမ်းတစ်လျှောက်တွင် ရဲ့ကျင်းနှင့် ရှုကျန်းတို့သည် ဘေးပတ်လည်မှ အရာများကို လိုက်ကြည့်ပြီး မကြာခဏ အံ့ဩသော အာမေဋိတ်သံများ ထွက်နေကြသည်။
မြို့တော်သည် ရူကောင်းမြို့နှင့် ယှည်လျင် အတော်လေး ကွာခြားသည်။ တစ်ခုက လူအများဖြင့် ဆူညံလှုပ်ရှားနေသည့် အဆင့်မြင့် မြို့ကြီးတစ်မြို့ ဖြစ်ပြီး ကျန်တစ်ခုက ချောင်ကျသော မြို့လေးတစ်ခုပင်။ ကွာခြားချက်က ကြီးမားလှသည်။
မြို့တော်က ဆူညံ၍ ပျားပန်းခပ်နေပုံကို မြင်ပြီးကတည်းက သူတို့ ထိတ်လန့်ပြီးနေပြီ ဖြစ်သည်။ ရွာမြို့လေးမှ ဆေးရုံတစ်ခုအား မြို့ကြီးမှ ဆေးရုံနှင့် ယှဉ်လိုက်သောအခါ ခြားနားချက်က သိသာ ထင်ရှားလှပေ၏။
“မြို့ကြီးတွေက ဆေးရုံတွေက တော်တော်လေး ကွဲပြားတာပဲ”
ရဲ့ကျင်းက လှိုက်လှိုက်လှဲလှဲ ပြောသည်။
ပတ်ဝန်းကျင်ဖြစ်စေ၊ နေရာဒေသဖြစ်စေ၊ ထောက်ပံ့ရေး အသုံးအဆောင်များတွင် ဖြစ်စေ အရာရာအားလုံးက သူ ထင်ထားသည်ထက် သာလွန်နေသည်။
စင်္ကြံလမ်းတစ်လျှောက်ကို ဖြတ်၍ ရဲ့လင်းချန်က ရဲ့ကျင်းနှင့် ရှုကျန်းတို့အား သီးသန့်နယ်မြေသို့ ခေါ်သွား လေသည်။
“အဲ့အခန်းက နတ်ဆေးဆရာဝိုင်က သူ့လူနာတွေကို ကုပေးခဲ့တဲ့ အခန်းလေ”
ရဲ့လင်းချန်က မလှမ်းမကမ်းမှ အခန်းတစ်ခန်းကို ညွှန်ပြသည်။
ထိုနေရာတွင် လူများစွာ ရှိနေပြီး တစ်ယောက်ချင်းစီ၏ မျက်နှာတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။ သူတို့သည် အခန်းထဲ ဝင်လည်ခွင့်ရရန် တန်းစီနေကြပြီး လူအုပ်ထဲမှ မိဘအများစုသည် သူတို့၏ ကလေးငယ်များကိုပါ ခေါ်လာကြသည်။
ရဲ့လင်းချန်သည် ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးချေ။ ထို့ကြောင့် အဆိုပါ မြင်ကွင်းကို မြင်သောအခါ သူ အံ့ဩသွားရသည်။ ထိုမျှ များပြားသော လူများက သူ့ကို ဂါဝရပြုရန် လာလိမ့်မည်ဟု သူ ထင်မထားမိပါ။
မိခင်တစ်ယောက်နှင့် သူမသားက ရဲ့လင်းချန်အရှေ့၌ တန်းစီလျက် အချင်းချင်း ပြောနေကြသည်။
“အမေ ဒီနေရာက နတ်ဆေးဆရာဝိုင် လူ့အသက်တွေကို ကယ်ခဲ့တဲ့ နေရာလား”
ကလေးက မိခင်ဖြစ်သူကို မေးသည်။
“ဟုတ်တယ်၊ သူက ဒီနေရာမှာ ဆေးညွှန်းကို ရေးခဲ့ပြီးတော့ သားကို ကယ်ခဲ့တာလေ”
ကလေး၏ မိခင်က ပြောပြသည်။
“သား ဒါကို အမြဲ အမှတ်ရ ကျေးဇူးတင်နေရမယ် သိလား”
“အင်း”
ကလေးက ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။
“သား ဖျားနေတုန်းက နာတယ်၊ နတ်ဆေးဆရာဝိုင်က တအား အံ့ဩဖို့ကောင်းတာပဲ၊ ဒါပေမဲ့ ဘာလို့ သူ ဘယ်သူလဲ ဆိုတာကို လူတွေကို မပြောပြရတာလဲ”
“သူက အောင်မြင်မှုကို မလိုချင်ဘဲ ကောင်းတဲ့ လုပ်ရပ်ကို လုပ်ခဲ့တာလေ၊ ဒါကိုမှ တကယ့် ဆရာဝန်အစစ်လို့ ခေါ်တာ”
ကလေး၏ မိခင်က ရှင်းပြသည်။
“ဟုတ်တယ် နတ်ဆေးဆရာ ဝိုင်က လူကောင်းတစ်ယောက်ပဲ၊ ငါ့ကလေးရော ငါ့ယောက်ျားရော လေပူလက္ခဏာ တုပ်ကွေး မိခဲ့တာ၊ သူ့ကြောင့်သာ မဟုတ်ရင် ငါလည်း အသက်ဆက်ရှင်ချင်ခဲ့မှာ မဟုတ်ဘူး”
အရှေ့မှလူက နောက်လှည့်၍ ပြောပြသည်။
“ငါ နတ်ဆေးဆရာဝိုင်ကို ကျေးဇူးတင်ချင်လို့ နန်လင်ကနေ ဒီကို လာခဲ့တာ၊ သူ ဘယ်သူလဲဆိုတာကို မထုတ်ပြခဲ့ပင်မယ့် သူ့ကြင်နာမှုကို ငါတို့ လုံးဝ မေ့ပစ်လို့ မဖြစ်ဘူး”
နောက်လူတစ်ယောက်ကလည်း ဝင်ပြော၏။
“ဟုတ်တယ်၊ ငါတို့တွေက နိုင်ငံအနှံ့အပြားကနေ ဒီကို ပြေးလာကြတာ၊ နတ်ဆေးဆရာဝိုင်သာ ဈေးသတ်မှတ် လိုက်မယ်ဆိုရင် ဘယ်လောက် ပိုက်ဆံ ပေးရပါစေ ငါတို့ သူ့ကို ကုခိုင်းစေချင်ဦးမှာပဲ”
“ဟုတ်တယ်၊ ဆရာဝန်တော်တော်များများက သူတို့ဆေးကို လူသိအောင်လုပ်ပြီး အဲ့ကနေ မတရား အမြတ် ရအောင် လုပ်ကြတာ၊ အဲ့ဒါက အခု ဆေးတွေ တအား ဈေးကြီးနေရတဲ့ အကြောင်းရင်းပဲ မဟုတ်လား၊ ဒါပေမဲ့ နတ်ဆေးဆရာဝိုင်ကတော့ တကယ်ကို အတ္တကင်းပြီး ဆေးပညာမှာပဲ နှစ်မြုပ်ထားတာ”
လူတိုင်းတွင် ပြောစရာ ရှိနေပြီး စကားတိုင်းက နတ်ဆေးဆရာဝိုင်၏ ကောင်းကြောင်းများ ဖြစ်လေသည်။
ရဲ့ကျင်းသည်လည်း ပင့်သက်ရှိုက်၍ ပြောလာသည်။
“ဒါက တကယ့်ကို နတ်ဆေးဆရာပဲ၊ သူ့ဆေးပညာတင် ထူးခြားသာလွန်နေတာ မဟုတ်ဘူး၊ သူ့ကျင့်ဝတ်ကလည်း လေးစားဖို့ ကောင်းတယ်”
သူ့လေသံက စိတ်ရင်းနှင့် ပြောဆိုနေခြင်းဖြစ်ကြောင်း သိသာလှသည်။ နတ်ဆေးဆရာဝိုင်ကို သူ အလွန် လေးစားမှန်း သိသာပေသည်။
ရဲ့လင်းချန် ငြိမ်နေမိသည်။ သို့သော် စိတ်ထဲ၌ ကျိတ်၍ ကျေနပ်ကာ ပြုံးနေသည်။
*အဖေ၊ အဖေ့သားကို အဖေ အဲ့လိုလေးစားနေတာက နည်းနည်းတော့ မသင့်တော်ဘူးဗျ*
လူတန်းကြီးက ရှည်လွန်းလှသည်။ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြပြီး အခန်းကို လှည့်ပတ် ကြည်ပြီးသည်နှင့် ပြန်ထွက်လာကြသည်။
လူတော်တော်များများ ဝင်ထွက်ပြီးမှ ရဲ့လင်းချန်နှင့် သူ့မိဘများ ဝင်ခွင့်ရလေသည်။
စားပွဲကို မှန်ဘောင်ထဲ ထည့်ထားသည်မှလွဲ၍ အခန်း၏ ဖွဲ့စည်းပုံက ယခင်အတိုင်းပင်။ အထဲတွင် စာရွက် တစ်ရွက်ကို ပြသထားသည်။ ရဲ့လင်းချန် ရေးခဲ့သော ဆေးညွှန်းဖြစ်ပြီး ဝိုင်ဟုသော သင်္ကေတကိုလည်း ရေးသား ထားလေသည်။
ဆေးညွှန်းအား အလွန် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အထဲကို ဝင်သွားသည့် လူတိုင်းက ၎င်းကိုကြည့်၍ ကျေးဇူးတင်စကား ဆိုကြသည်။
အထဲဝင်ကြည့်ပြီးနောက် ရဲ့ကျင်း၏ ဆန္ဒ ပြည့်ဝသွားသည်။ ထို့နောက် သုံးယောက်သား ဆေးရုံမှ ထွက်လာ ကြသည်။
သူသည် အံ့ဩနေဆဲ ဖြစ်သဖြင့် အရှေ့မှလူကို ဝင်တိုက်မိသည်။
“ဒုတ်”
ထိုလူသည် ဆေးများ ယူပြီးခါစ ဖြစ်ပုံရသည်။ သူ့လက်ထဲမှ အိတ်က လွတ်ကျသွားပြီး ဆေးဘူးက ကြမ်းပြင်ပေါ် လိမ့်ကျလာသည်။
“ကျုပ် တကယ် တောင်းပန်ပါတယ်”
ရဲ့ကျင်းက တောင်းပန်စကားဆို၍ ချက်ချင်း ပြန်ကောက်ပေးရန် ခါးကိုင်းလိုက်သည်။
“တောင်းပန်ရမှာက ကျုပ်ပါ၊ ကျုပ်ခြေထောက်တွေက သိပ်မကောင်းဘူးလေ၊ ခုနက ကျုပ် နည်းနည်း စိတ်လှုပ်ရှားပြီး လမ်းလျှောက်နေလို့ပါ၊ အဲ့ဒါကြောင့် ကျုပ်ကိုယ်ကျုပ် အချိန်မီ မထိန်းလိုက်နိုင်တာ”
ထိုလူက ပြောလာသည်။
သူ့အသားအရေက မည်းနက်ပြီး သူ့အသွင်အပြင်အရ သာမန် ပြည်သူတစ်ယောက် ဖြစ်ပုံရသည်။
ရဲ့ကျင်းက ဆေးဘူးများကို တစ်ဘူးပြီး တစ်ဘူး ကောက်လိုက်သည်။ ဆရာဝန်တစ်ဦး ဖြစ်သဖြင့် ဆေးတိုင်း၏ လုပ်ဆောင်ပုံတိုင်းကို သူ သိနေသည်က သဘာဝပင်။ သူ ပြုံး၍ ပြန်ပြောလေသည်။
“ခင်ဗျား ခြေဖဝါးတွေ နာနေတာလား”
“ဟုတ်တယ်”
ထိုလူက ရဲ့ကျင်းကို တအံ့တဩ ကြည့်လေသည်။
“မင်း ဘယ်လို သိတာလဲ”
“ဒီဆေးတွေက အဲ့ဒါအတွက်ပဲလေ”
ရဲ့ကျင်း ပြုံးလိုက်သည်။
“ဒီတစ်ခုလေးက ပေးထားတာ နည်းနည်း များနေသလို ဖြစ်နေတာလေး တစ်ခုပါပဲ၊ ကုသမှုတွေက လုပ်ပြီးသားကို မလိုအပ်ဘ ထပ်လုပ်တာ ဖြစ်နေတယ်၊ အဲ့တော့ ပိုက်ဆံ ပိုကုန်တာပေါ့”
ရဲ့ကျင်းသည် ဝင်လာကတည်းက သတိထားမိသည်။ ဤနေရာမှ လူနာများသည် ပိုက်ဆံကို အရေးမစိုက်သကဲ့သို့ ဆေးထုပ်များကို ပိုက်၍ အိမ်ပြန်နေကြသည်။
“ဒါတွေအားလုံးက ဆရာဝန် ညွှန်းထားတာတွေ၊ ငါတို့က အဲ့လို နားမလည်ပါဘူး၊ ပျောက်သွားရင်ကို ကျေနပ်ပါပြီ”
ထိုလူက ပြောသည်။
ရဲ့ကျင်း ဘာမှမပြောချေ။ သို့သော် ကြမ်းပြင်ပေါ်မှ အနက်ရောင် ဖန်ဘူးတစ်ဘူးကို ကောက်ယူပြီးနောက် သူ မျက်မှောင်ကြုတ်ကာ မသေမချာ ဖြစ်သွားလေသည်။