← Chapters

တာဝန်အပြောင်းအလဲ

Vol. 16 Ch. 234

တာဝန်အပြောင်းအလဲ

Vol. 16 Ch. 234

ရွှီချင်းက ခုခံနိုင်စွမ်းကုန်ဆုံးသွားသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို ဂရုမစိုက်ဘဲ ဝိညာဉ်စွမ်းအားများကို ဆက်လက်ထုတ်လွှတ်လိုက်ပြီး ဝိညာဉ်ကို စုပ်ယူပြီးနောက် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ တာဝန်ထဲတွင် ဖော်ပြထားသော မြေပုံအမှတ်အသားက သူ့စိတ်ထဲ ပေါ်လာသည်။

မြေပုံအရ ဤနေရာသည် ထိုကျွန်းပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအမှတ်အသားများအနက် တစ်ခုဖြစ်ပြီး အတော်လေး လျှို့ဝှက်သောနေရာတွင် တည်ရှိသည်။

ထို့ပြင် ဤနေရာ၌ ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်လည်း ရှိနေခဲ့ပေရာ လက်ရှိအခြေအနေက အလွန် အန္တရာယ်များသည်ကို မှန်းဆကြည့်နိုင်သည်။

ယင်းတာဝန်မှာ တာဝန်ကျောက်စိမ်းပေလွှာထဲဖော်ပြထားသည်နှင့် မကိုက်ညီပေ။

မကြာခင် ဤနေရာရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်များအားလုံးကို စုပ်ယူပြီးသည်နှင့် ရွှီချင်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ လျှောက်သွားကာ ပြန်သွားရန် ပြင်လိုက်သည်။

ဖော်ပြထားသော တာဝန်နှင့် မကိုက်ညီသော အခြေအနေများအတွက် ချီရွှဲ့ထုံဂိုဏ်းသားများအနေဖြင့် ဝင်မပါရန် ရွေးချယ်ခွင့်ရှိသည်။

သို့သော်လည်း မကြာခင် ရွှီချင်း၏စိတ်ထဲ လေးလံသွားသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ထူးဆန်းသော စွမ်းအားတချို့ ဖိနှိပ်ထားဟန်တူပြီး အစီအရင်က လူများကိုသာ လက်ခံပြီး ပြန်လည်မပို့ဆောင်ပေ။

“ စိတ်ဝင်စားစရာပဲ ”

ရွှီချင်း ချက်ချင်း ပြန်ထွက်လာသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်အောက်၌ သူ လေထဲ ချက်ချင်း ပေါ်လာသည်။

သူ မိုက်မဲစွာဖြင့် ထိုနေရာတွင် ရပ်မနေဘဲ အလျင်အမြန် ရှေ့သွားကာ ဘေးပတ်ဝန်းကျင်ကို အနီးကပ် အကဲခတ်လိုက်သည်။

သူ စုပ်ယူခဲ့သော ဝိညာဉ်များသည်လည်း သူ၏ဓမ္မတံခါးထံ ပြေးဝင်သွားသည်။

သို့သော်လည်း ဓမ္မတံခါးလေးဆယ်ကို ဖွင့်ပြီးနောက် နောက်တံခါးများကို ဖွင့်ရန် လိုအပ်သော ဝိညာဉ်စွမ်းအားများမှာ ကြောက်ခမန်းလိလိဖြစ်သည်။

ဓမ္မတံခါးတစ်ချပ် ပွင့်သွားရန်အတွက်ပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှ သာမန်အခြေတည်အဆင့် ကျင့်ကြံသူများ၏ ဝိညာဉ်အမြောက်အမြား လိုအပ်သည်။

ကျွန်းတစ်ကျွန်းလုံးကို သူ အဝေးမှ ကြည့်ပြီးနောက် တရိပ်ရိပ်ကျဆင်းနေသော အနက်ရောင်နှင်းပွင့်များနှင့် ချော်ရည်ပူမိုးကို ကြည့်ကာ အောက်သို့ ဆင်းလိုက်သည်။

သူဆင်းလိုက်သော နေရာသည် လဲကျနေသော သစ်ပင်တစ်ပင်၏ဘေးတွင် ဖြစ်သည်။

သစ်ပင်ကြီးတစ်ပင်လုံး မည်းနက်နေပြီး သစ်ရွက်များ ပြောင်ရှင်းနေကာ သစ်သားအကျိုးအပဲ့သာ ကျန်တော့သည်။

ဆိပ်ကမ်းပေါ်၌ ဆင်းသက်လာသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တပ်ဖွဲ့ကို သူ မြင်သွားပြီး အတန်ငယ် မျက်မှောင်ကြုတ်သွားသည်။

ဤကျွန်းပေါ်ရှိ နေရာအများစုတွင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များနှင့် ပြည့်နှက်နေသည်ကိုလည်း သူ သတိထားမိလိုက်သည်။

အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ ဤမျှ များပြားစွာ ရှိနေသည်ဖြစ်ရာ ရွှမ်ယောက်အသွင်သဏ္ဍာန် ကျင့်ကြံသူများ ရှိနေပေမည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူများပင် ရှိနေနိုင်သည်။

ထို့ကြောင့် ရွှီချင်းက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်သည်။

သူ အာရုံစိုက်မခံချင်ပေ။

“ ဒီတာဝန်က ပြဿနာရှိနေပြီ ”

ရွှီချင်း အခက်တွေ့သွားရသည်။

ဤနေရာရှိအခြေအနေက အလွန် အန္တရာယ်များသည်ကို တာဝန်ထဲ၌ မဖော်ပြထားပေ။ တာဝန်ကို လက်ခံလိုက်သော အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဆယ်အတွက် ဤနေရာရှိ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တပ်ဖွဲ့ကို ခုခံရန်မှာ မဖြစ်နိုင်ပေ။ သူတို့ကြား ကွာဟချက် အလွန် ကြီးမားသည်။

ထိုစဉ် ရွှီချင်း၏ ဂိုဏ်းတံဆိပ်ပြား တုန်ခါသွားသည်။ သူ လှမ်းကြည့်လိုက်ရာ သူ လက်ခံလိုက်သည့်တာဝန်က ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။

“ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တပ်ဖွဲ့က ပုလဲကျွန်းတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် တာဝန်မှာ အပြောင်းအလဲတွေ ဖြစ်လာရတယ်။ အဲဒီတာဝန်အတွက် ဆုကြေးက နှစ်ဆဖြစ်ပြီး တွေဝေတွန့်ဆုတ်မနေဘဲ ကျွန်းအလယ်ခေါင်ကို သွားပြီး ဒုတိယမြောက်တောင်ထိပ်ဂိုဏ်းသားတွေကို အတတ်နိုင်ဆုံး ကယ်ထုတ်ရမယ် ”

“ ကျွန်းတိုင်းရဲ့ အလယ်ကို ပဉ္စမမြောက်တောင်ထိပ်က အစီအရင်ကျင့်ကြံသူတွေ နေရာချထားတယ်။ ရေသူမကျွန်းက ဂိုဏ်းရဲ့မန္တန်အစီအရင်ကြီး အသက်ဝင်လာပြီး ပုလဲကျွန်းတွေပေါ်က အချုပ်အနှောင်တွေကို ဆယ့်ငါးမိနစ်ကြာတဲ့အထိ ဖိနှိပ်မယ်။ အဲဒီအတောအတွင်း ပဉ္စမမြောက်တောင်ထိပ်က ဂိုဏ်းသားတွေနဲ့ ပူးပေါင်းပြီး ဂိုဏ်းသားတွေ ပြန်လည်တည်နေရာရွှေ့ပြောင်းနိုင်တယ် ”

ရွှီချင်းက ဂိုဏ်းတံဆိပ်ပြားကို ကြည့်လိုက်ရာ ဂိုဏ်းတံဆိပ်ပြားပေါ်မှ တာဝန်အမှတ်အသားက နီမြန်းနေသည်ကို မြင်လိုက်ရသည်။ ယင်းမှာ ထိုတာဝန်က အလွန်အန္တရာယ်များသည်ကို ဖော်ပြထားခြင်း ဖြစ်သည်။

“ ငါ နားချင်လို့ ရိုးရိုးတာဝန်ပဲ ယူတာကို ဘာလို့ စိတ်ပျက်စရာကောင်းနေရတာတုံး ”

ရွှီချင်း သက်ပြင်းချလိုက်ပြီး ဆတ်ခနဲ နောက်ဆုတ်ကာ အလစ်အငိုက်ဝင်ရောက်လာသည့် ချီစုစည်းခြင်းအဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်ကို တိုက်လိုက်သည်။

ကျင့်ကြံခြင်းအဆင့်ကွာခြားချက်ကြောင့် ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ရောက်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ ပေါက်ကွဲကာ ပျက်စီးသွားသည်။

ရွှီချင်းက ခေါင်းပင်လှည့်မကြည့်ပေ။ သူက ညာလက်ကို မြှောက်လိုက်ရာ ဝေဟင်၌ ဧရာမရှဲကျင်းလုံကြီး ပေါ်လာပြီး မြေပြင်ကို ဝုန်းခနဲ ဆင်းသက်လာသည်။

ပြင်းထန်သော အားအရှိန်ကြောင့် ဘေးပတ်လည်မှ သစ်ပင်များ တစ်ပင်ပြီးတစ်ပင် ပျက်စီးသွားပြီး တရစပ် နောက်ဆုတ်နေသော အခြေတည်အဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ဒါဇင်ကျော် ပေါ်လာသည်။

သူတို့အားလုံး ချီစုစည်းခြင်းအဆင့်မှာသာ ရှိကြသည်။ ပြင်းအားကြောင့် သူတို့ခန္ဓာကိုယ်များ ပြိုလဲသွားပါသော်လည်း ဤနေရာသို့ သူတို့ ရောက်လာသည်မှာ မူမမှန်ပေ။

မည်သည့်အတွက်ကြောင့် ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အလစ်ဝင်တိုက်ခိုက်ဝံ့သနည်း။ ရွှီချင်းက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မထုတ်ဖော်ထားသည့်တိုင်အောင် သူ့ထံမှ အခြေတည်အဆင့်အရှိန်အဝါ ထွက်နေသေးသည်။ မကြာခင် အကြောင်းရင်းကို သူ သိလိုက်ရသည်။

ထိုချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများ၏ လက်ကြိုးများကြားမှ အဖြူရောင်ကြိုးအမျှင်တန်းများကို သူ မြင်လိုက်ရသည်။

ထိုကြိုးမျှင်များကို သူတို့ခန္ဓာကိုယ်များထဲတွင် ထိုးစိုက်ထားပြီး သူတို့၏အပြုအမူများနှင့် အသိစိတ်ကို ရုပ်သေးရုပ်များပမာ ထိန်းချုပ်နေဟန်တူသည်။

ထိုအဖြူရောင်ကြိုးများကို ရွှီချင်း မြင်လိုက်သည့်အခိုက် သူ့ဘေးနှစ်ဖက်မှ လူရိပ်နှစ်ရိပ် လှစ်ခနဲ ပေါ်လာသည်။ သူတို့က ကြောက်စရာကောင်းလောက်အောင် မြန်ဆန်၏။

ထိုနှစ်ဦးသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ တစ်ယောက်၏လက်မှာ အသားပိုကြီးတစ်ခု ရှိပြီး ထိုအသားပိုကြီးမှာ အပေါက်ကြီးတစ်ပေါက် ပါရှိကာ ထိုအပေါက်ကြီးထဲမှ မျက်ဆံများ ထွက်နေသည်။ ယင်းမှာ မျက်လုံးတစ်လုံး ဖြစ်ပေသည်။

ထိုမျက်လုံးက ရွှီချင်းကို စူးစမ်းနေသည့်အလား မမှိတ်မသုန် ကြည့်နေပြီး အဖြူရောင်အလင်း ဝင်းလက်လာသည်။

ထိုမြင်ကွင်းကို ရွှီချင်း စရောက်သည့်အချိန်က မြင်ခဲ့ဖူးသည်။ ယင်းသည် သက်စောင့်မီးတောက်ရှိသော အခြေတည်အဆင့်ကျင့်ကြံသူ ဟုတ်၊ မဟုတ် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ စစ်ဆေးသည့်နည်းလမ်းတစ်ခု ဖြစ်သည်။

သို့သော်လည်း ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးအိမ်ကို အရိပ်ကို ဖုံးအုပ်ထားသည်ဖြစ်ရာ စစ်ဆေးရန် အလွန် ခက်ခဲသည်။

ထိုအဏ္ဏဝါရုပ်အလောင်းအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်က ရွှီချင်းမှာ သက်စောင့်မီးတောက် မရှိကြောင်း အတည်ပြုပြီးသွားဟန်တူကာ ဝှက်ဖဲကိုယ်စီထုတ်၍ ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။

သူတို့ အနားရောက်သည်နှင့် တစ်ယောက်က မန္တန်လက်ကွက်များ ဖော်လိုက်ရာ နဂါးတစ်ကောင် ရစ်ခွေထားသည့် ဧရာမပုဆိန်ကြီးတစ်လက် ပေါ်လာသည်။ ထိုပုဆိန်ကြီးကို ရစ်ခွေနေသည့် နဂါးကြီးမှာ အသက်ဝင်လာပြီး ရွှီချင်းကို ဟိန်းဟောက်လိုက်သည်။

နောက်တစ်ယောက်၏ ပတ်လည်တွင် ရုပ်သေးရုပ်များအသွင် ဖြစ်နေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင် ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများ ပေါ်လာသည်။ ထိုရုပ်သေးရုပ်များ၏ မျက်လုံးများက အေးစက်စက်ဝင်းလက်နေပြီး ရွှီချင်းကို ဝိုင်းထားလိုက်ကြသည်။

သူတို့နှစ်ယောက်က ဓမ္မလက်နက်များ ထုတ်ကာ သူတို့၏ အစွမ်းကို မြှင့်တင်လိုက်ကြသည်။

သူတို့သည် ပူးပေါင်းတိုက်ခိုက်ခြင်းနှင့် အသားကျနေဟန်တူပြီး ဓမ္မတံခါးများကို လှည့်ပတ်လိုက်ကြရာ ဓမ္မအစွမ်းများ ရိုက်ခတ်လာသည်။ ရွှီချင်း၏ခေါင်းအထက်တွင် အရိုးဖြူဖြူလက်တစ်ဖက် ပေါ်လာပြီး ရွှမ်ယောက်အသွင်သဏ္ဍာန်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်သည့် အစွမ်းဖြင့် သူ့ကို တရကြမ်း ဖမ်းဆုပ်လာသည်။

ရွှီချင်းက သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ဤနေရာက ဘေးကင်းလုံခြုံကြောင်း သူ သတိပြုမိလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ သက်စောင့်မီးအိမ် ရုတ်တရက် ဝင်းလက်လာသည်။

ရန်သူများ၌ သက်စောင့်မီးတောက် မရှိပါသော်ငြား ခြေင်္သ့ဆိုသည်မှာ ယုန်သူငယ်ကို အမဲလိုက်သောအခါမှာပင် အစွမ်းကုန်အသုံးချတတ်သည် မဟုတ်ပါလား။

တခဏလေးအတွင်း တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ရွှီချင်း၏ခန္ဓာကိုယ်ထဲမှာ မီးတောင်တစ်လုံး ပေါ်လာသည်။ ယင်းမီးတောင်၏ အလင်းက စူးရှတောက်ပပြီး ၎င်း၏အရှိန်အဝါက ကြောက်စရာကောင်းလှသည်။

တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအင်တစ်ရပ် ချက်ချင်း လွင့်ပျံသွားပြီး အရာအားလုံးကို ဝုန်းခနဲ တိုက်ခတ်သွားသည်။

နှစ်ဖက်ညှပ်တိုက်လာသော အခြေတည်အဆင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်နှစ်ဦးမှာ သိသိသာသာ မျက်နှာပျက်သွားပြီး မျက်လုံးများ ချက်ချင်း မှေးသွားကြသည်။

လက်ပေါ်တွင် မျက်လုံးနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ စိတ်ထဲ တုန်လှုပ်ချောက်ချားနေ၏။ ထိုအချိန်၌ သူ့လက်ပေါ်ရှိ မျက်လုံးမှာ အနီရောင်ဝင်းလက်လာပြီး အနှီချီရွှဲ့ထုံဂိုဏ်းသားက အလွန် အန္တရာယ်များကြောင်း သတိပေးနေသည်။

သို့သော်လည်း ထိုသတိပေးချက်က နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ရွှီချင်း၏ သက်စောင့်မီးအိမ် ဝင်းလက်သွားသည်နှင့် သူ့အရှိန်အဝါဖြင့်ပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်နှစ်ဦးမှာ တဆတ်ဆတ်တုန်ရီလျက် လဲကျတော့မည့်အသွင် ဖြစ်လာသည်။

သူတို့ ပူးပေါင်းတိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသော အရိုးဖြူဖြူလက်ဝါးမှာလည်း အက်ကွဲကြောင်းများ ထလာပြီး အောက်သို့ ပြုတ်ကျသွားကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

ချီစုစည်းခြင်းအဆင့် ရုပ်သေးရုပ်များသည်လည်း စက္ကူများအလား တဟုန်းဟုန်း လောင်ကျွမ်းသွားသည်။

ရွှီချင်းထံသို့ လှစ်ခနဲ ပြေးဝင်နေသည့် ဧရာမပုဆိန်ကြီးမှာ အရည်ပျော်ကျတော့မည့်အလား နီမြန်းလာသည်။ ပုဆိန်ကြီးကို ရစ်ခွေနေသည့် နဂါးကြီးသည်လည်း ရက်စက်ကြမ်းကြုတ်သည့်အသွင်မှ ကြောက်ရွံ့ထိတ်လန့်ဟန်ဖြစ်သွားပြီး နောက်ဆုတ်ရန် ကြိုးစားနေသည်။

ထိုအခြင်းအရာအားလုံးကြောင့် အခြေတည်အဆင့်မျိုးနွယ်ဝင်နှစ်ယောက်မှာ ဒူးများ ညွတ်ခွေလုမတတ် ကြောက်လန့်တုန်ရီနေပြီဖြစ်သည်။

တစ်ဖက်လူ၌ သက်စောင့်မီးတောက်မရှိသည်ကို သူတို့ သေသေချာချာ အာရုံခံမိခဲ့ပါလျက် တခဏလေးအတွင်း သက်စောင့်မီးလုံးတစ်လုံးထက် သာလွန်သည့်အစွမ်းမျိုး ရှိလာရသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေရသည်။

ယင်းသည် သက်စောင့်မီးလုံးနှစ်လုံး စွမ်းအားဖြစ်ပြီး အလယ်ပိုင်း အခြေတည်အဆင့်ကို သူ ရောက်နေပြီဖြစ်ပေရာ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ ကောင်းကောင်း သိသည်။

မတူညီသော အခြေတည်အဆင့်များ၌ ကွာခြားချက်များစွာ ရှိပေသည်။

သက်စောင့်မီးတောက်ရှိခြင်းနှင့် မရှိခြင်းကြားတွင် ပို၍ပင် ကွာခြားချက်များသည်။

သက်စောင့်မီးလုံးတစ်လုံးနှင့် နှစ်လုံးကြားတွင် ကွာခြားချက်မှာ ကောင်းကင်နှင့် မြေပြင်ကြား ကွာခြားချက်နှင့် ဆင်တူသည်။

အခြေတည်အဆင့်ကျင့်ကြံသူများအကြား အဆင့်ကျော်၍ တိုက်ခိုက်ရန် ဖြစ်နိုင်ပါသော်လည်း အခြေတည်အဆင့်ရှိ ကြောက်မက်ဖွယ်အဆင့်များ ခြားနားချက်ကြောင့် အဆင့်ကျော်တိုက်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။

အမှန်စင်စစ် အင်အားစုအားလုံး၌ အလယ်ပိုင်းအခြေတည်အဆင့်ကျင့်ကြံသူ များများစားစား မရှိပေ။ ထိုကဲ့သို့ ကျင့်ကြံသူများမှာ အလွန်မြင့်မားသော ပုံရိပ်ရှိကြပြီး နာမည်ကြီးသူများ ဖြစ်ကြသည်။

သက်စောင့်မီးလုံးနှစ်လုံးနှင့်အထက် ရှိသူများသာ သူတို့ကို ယှဉ်တိုက်နိုင်သည်။

ထို့ကြောင့် ထိုမျိုးနွယ်ဝင်နှစ်ယောက်သည် ခုခံရန်ပင် စိတ်ကူးမနေတော့ဘဲ ချက်ချင်း ဆုတ်သွားသည်။

သို့သော်လည်း ရွှီချင်း၏အမြင်၌ ဘေးပတ်လည်ရှိ အရာအားလုံး အလွန် နှေးကွေးနေသည်။ ထွက်ပြေးရန် ကြိုးစားနေသော အခြေတည်အဆင့်မျိုးနွယ်ဝင်နှစ်ယောက်ကို သူ ကြည့်လိုက်ရင်း ညာလက်ကို အသာအယာ ဖမ်းဆုပ်လိုက်သည်။

ရုတ်တရက် ဘေးမှ တိုက်ပွဲဝင်ပုဆိန်ကြီး ပျက်စီးကာ ပေါက်ကွဲသွားသည်။

နဂါးနက်ကြီးသည်လည်း စူးစူးဝါးဝါးအော်ဟစ်ကာ ပြာဖြစ်သွား၏။ သူ့ခေါင်းအထက်မှ အရိုးလက်ကြီးသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်သည် ချက်ချင်းပင် အားကြီးတစ်ခု၏ သိမ်းကြုံးဆွဲယူခြင်း ခံလိုက်ရသည်။

သူတို့နှစ်ယောက်လုံး ခက်ခက်ခဲခဲ ထွက်ပြေးလိုက်ရာ သူတို့ခန္ဓာကိုယ်များ တွန့်လိမ်ကာ တဖျစ်ဖျစ် အက်ကွဲသံများ ထွက်ပေါ်လာသည်။

မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်းက သူတို့နှစ်ယောက်ကို လေထဲတွင် ဖမ်းဆုပ်ထားသည်။ သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာမီးတောက်နက် လွင့်ပျံသွားကာ သူတို့ကို လွှမ်းခြုံသွားပြီး သူတို့ဝိညာဉ်များကို ကြမ်းတမ်းစွာ စုပ်ယူနေသည်။

သူတို့ စူးစူးဝါးဝါးမအော်ဟစ်နိုင်ခင်မှာပင် သူတို့ခန္ဓာကိုယ်များထဲမှ ဓမ္မတံခါးများ ပျက်စီးကာ သူတို့ခန္ဓာကိုယ်များ ပေါက်ကွဲသွားသည်။ ထို့နောက် သူတို့ဝိညာဉ်များကို မိစ္ဆာမီးတောက်က ဆွဲယူသွားပြီး ရွှီချင်း၏ခန္ဓာကိုယ်ထဲ ပို့ဆောင်လိုက်သည်။

ရွှီချင်းက ချာခနဲလှည့်ကာ အဝေးသို့ လျှောက်သွား၏။

ထိုအခြင်းအရာအားလုံးမှာ တခဏလေးအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

အဝေးသို့ ရွှီချင်း ပျောက်ကွယ်သွားပြီးနောက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီး မည်သည့်အရာမျှ မကျန်ခဲ့ပေ။

မြေပြင် ခြောက်ကပ်ကာ သစ်ပင်များ ညှိုးနွမ်းသွားသည်။ အရိုးလက်ကြီးဖြစ်စေ၊ တိုက်ပွဲဝင်ပုဆိန်ဖြစ်စေ၊ အလောင်းဖြစ်စေ အရာအားလုံး ဖုန်မှုန့်များ ဖြစ်သွားသည်။

ထိုဖုန်မှုန့်များက ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်နက်များနှင့် ရောယှက်သွား၏။

မိုးကုတ်စက်ဝိုင်းအောက်၌ ရွှမ်ယောက်အသွင်သဏ္ဍာန်အစွမ်းဖြင့် ရွှီချင်းသည် လျှပ်စီးလက်သည့်အလား ကျွန်းအလယ်ဗဟိုသို့ တရိပ်ရိပ်ပြေးသွားသည်။

တာဝန်အပြောင်းအလဲ ဖြစ်သွားပြီကို ရွှီချင်း နားလည်သည်။

စစ်မြေပြင်သည် အမြဲတမ်း ပြောင်းလဲနေတတ်ပြီး ထိန်းချုပ်ရန် ခက်ခဲသည်။ သို့သော်လည်း ယခုကဲ့သို့ တခဏလေးအတွင်း တာဝန်ကို ထိန်းညှိနိုင်သည်မှာ ချီရွှဲ့ထုံဂိုဏ်းက ဤစစ်ပွဲကို ကောင်းစွာ ထိန်းချုပ်ထားပြီဖြစ်ကြောင်း သက်သေပြနေသည်။

ထို့ကြောင့် ကျွန်းအလယ်ဗဟိုသို့ သွားကာ ဒုတိယမြောက်တောင်ထိပ် ဂိုဏ်းသားများကို ကယ်ထုတ်ရမည့် တာဝန်အား ရွှီချင်းက ဆက်လက်ထမ်းဆောင်ရန် ရွေးချယ်လိုက်သည်။

တာဝန်ကို လက်ခံခဲ့ကြသည့် တခြားဂိုဏ်းသားများကိုမူ ရွှီချင်း ဂရုမစိုက်ပေ။

ထိုစဉ် ကောင်းကင်ယံ၌ မိုးခြိမ်းသံ မြည်ဟည်းနေပြီး ဆယ့်ငါးမိနစ်ဆိုသော အချိန်ကန့်သတ်ချက်ကြောင့် ရွှီချင်းမှာ ဖုံးကွယ်မနေတော့ပေ။ သူသည် အလွန် မြန်ဆန်စွာ သွားလာနေပေရာ အသက်ဆယ်ကြိမ်ရှူစာအတွင်း အဝေးတစ်နေရာရှိ တောင်ကြားကို သူ လှမ်းမြင်လိုက်ရသည်။

All Chapters