အချစ်ကို ဖွင့်ဟခြင်း
Vol. 5 Ch. 459
ပိုင်ရှောင်ချန်းသည် လက်ရှိတွင် ဇောင်ထျန်ကျောက်ကို အံ့ဩတကြီး စိုက်ကြည့်နေမိသည်။ သူ၏ လတ်တလောနေ့ရက်များတွင် အဖြူရောင်အရိပ်ကြီး ပြန်ရောက်လာခဲ့ပါက မိမိကိုယ်ကို မည်သို့ ကာကွယ်ရမည်နည်းဟု တရစပ်စဥ်းစားတွေးတောနေခဲ့ပြီး အသည်းအသန်ကြောက်ရွံ့နေခဲ့သည်။ ဇောင်ထျန်ကျောက်နှင့် ထိုအကြောင်းကို မပြောသည်မှာ အတော်ကြာသွားပြီး အခြေအနေတစ်ခုလုံးကိုပါ မေ့လုနီးနီးဖြစ်သွားသည်။
ဇောင်ထျန်ကျောက်၏ စကားလုံးများက သူ့ကို စိတ်ကူးယဥ်ကမ္ဘာထဲမှ ချက်ချင်းပင် လှုပ်နှိုးလိုက်သည်။ သူသည် စိတ်မကောင်းဖြစ်သွားကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အမြန်ဆင်မြန်းလိုက်ပြီး တစ်ခုခုကို တွက်ချက်နေဟန် လက်ချောင်းများကို ကစားပြလိုက်သည်။ ထို့နောက် ကိုယ့်ပေါင်ကိုရိုက်လိုက်သည်။
" အချိန်ကိုက်ပဲ။" ဟု ကျယ်လောင်စွာ ပြောလိုက်သည်။
" အစ်ကိုကြီး ဇောင်၊ မနက်ဖြန် နေ့လယ်ကျရင် အစ်မယွဲ့ရှန်ကို ချစ်နေကြောင်း ဖွင့်ပြောလိုက်တော့။ ဒါနောက်ဆုံး လှုပ်ရှားတာပဲ။ သိပ်မကြာခင်မှာ အဲဒီမိန်းမလှလေးကို ရင်ခွင်ထဲထည့်နိုင်ပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ပြန်မလွှတ်ရတော့ပါဘူး။"
ဇောင်ထျန်ကျောက်သည် ချက်ချင်းပင် အသက်ဝင်လှုပ်ရှားလာပုံပေါ်ကာ အခန်းထဲတွင် အရှေ့လျှောက်လိုက်၊ အနောက်လျှောက်ဖြစ်နေပြီး အမူအရာမှာလည်း စိတ်လှုပ်ရှားမှုနှင့် စိတ်ပူပန်မှုတို့ ပေါင်းစပ်နေပေသည်။ လက်သီးကို ကျစ်နေအောင် ဆုပ်ထားကာ မည်သို့ဆက်ဖြစ်မည်ကို တွေးတောရာတွင် လုံးဝနစ်မြုပ်နေဟန်တူသည်။
တစ်ချက်တွင် သူသည် ရုတ်တရက် ရပ်လိုက်သည်။
"သူ ငါ့ကို ငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ။" ဟု စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "အဲဒါဆို ဘာလုပ်ကြမလဲ။"
ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်သည်။
" အချစ်သူေတာ်စင် ပိုင်ရှောင်ချန်းရဲ့ အချစ်နယ်မြေမှာ နှစ်ပေါင်းဆယ်ချီကြာ အုပ်စိုးလာခဲ့တဲ့ အတွေ့အကြုံတွေအရ အချစ်ကိုဖွင့်ထုတ်ပြတဲ့အချိန်မှာ ကျရှုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းက အင်မတန် အလျင်လိုလို့ပဲ "
"ဒါပေမဲ့ အစ်ကိုကြီးက မတူဘူးလေ။" ဟု လက်ဟန်ခြေဟန်ဖြင့် ကြီးကျယ်စွာ ဆက်ပြောလေသည်။
" အစ်ကိုက အစ်မယွဲ့ရှန်နဲ့ အချိန်အကြာကြီး အတူတူကုန်ဆုံးထားခဲ့ကြတယ်။ ဒါ့ကြောင့် စိတ်ပူဖို့အလိုဆုံးက စကားလုံးပဲ။မကြောက်ပါနဲ့။ ကျုပ် ပိုင်ရှောင်ချန်းက အဲ့လိုအရာတွေမှာ အင်မတန် ကျွမ်းတယ်လေ။ အစ်ကိုကြီးကို သေချာပေါက် ကူညီပေးနိုင်တာပေါ့။ "
ဇောင်ထျန်ကျောက်သည် ပိုင်ရှောင်ချန်း၏ အရည်အချင်းများကြောင့် လုံးဝစိတ်ချလက်ချဖြစ်သွားကာ ပြောသမျှအားလုံးကို လိုက်လုပ်မည်ဖြစ်သည်။ သူသိသလောက်ဆိုလျှင် ပိုင်ရှောင်ချန်းသာ သူ့ကို ကူညီပါက ရင်ဆိုင်နေရသော အခက်အခဲများသည် ဝါးကို ဓားထက်ထက်ဖြင့် ပိုင်းလိုက်သကဲ့သို့ လွယ်ကူစွာ ဖြေရှင်းပြီး ဖြစ်ပေမည်။
" ကျုပ်က အစ်ကိုကြီးကို အစီအစဥ်အပြည့်အစုံနဲ့ ကူညီပေးမှာပါ။"
ပိုင်ရှောင်ချန်းက တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်ရာ သူ့ပုံစံမှာ ပို၍ နားလည်ရခက်ခဲသည့်ပုံပေါက်သွားပေသည်။ ထို့နောက် သူနှင့် ဇောင်ထျန်ကျောက်တို့သည် ထိုကိစ္စကို တစ်ညလုံး ဆွေးနွေးကြလေသည်။ နံနက်ခင်းတွင် ဇောင်ထျန်ကျောက်သည် စိတ်ခွန်အားအပြည့်၊ ယုံကြည်ချက်အပြည့်ဖြင့် ထွက်ခွာသွားသည်။
နေ့လယ်ပိုင်းသို့ ရောက်ရှိလာခဲ့၏။ လှပသော နေ့လေးတစ်နေ့ဖြစ်ပြီး ညင်သာသော လေပြေလေးက လှိုင်းကြက်ခွပ်လေးများသာ ရှိနေသော ပင်လယ်ပြင်ကို ဖြတ်တိုက်လာလေသည်။ အဝေးမှ ကြည့်လျှင် ပင်လယ်ပြင်သည် ကြီးမားလှသော ရွှေရောင်မှန်တစ်ချပ်အလားပင် ဖြစ်သည်။
ဟိုးအဝေးတွင်မူ ကောင်းကင်တံတားပင်လယ်ထဲတွင် နေထိုင်သည့် ထူးခြားလှသော ပင်လယ်ငှက်တစ်အုပ်သည် ပျံဝဲလျက်ရှိပြီး မကြာခဏပင် အော်မြည်နေသည်။
ဇောင်ထျန်ကျောက်သည် သင်္ဘောဦးတွင် ရပ်လျက်ရှိပြီး စိမ်းပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ တမူထူးခြားစွာ ကြည့်ကောင်းနေသည်။ သူ၏ မျက်လုံးများသည် တောက်ပလျက်ရှိကာ အဝေးမှဆိုလျှင် သူ့အသွင်က တောင်တစ်လုံးအလား ထွားကြိုင်းလှပေသည်။ သူ၏ ကျောပြင်မှာ ဖြောင့်မတ်နေပြီး သူ့ကို ကြည့်မိသူတိုင်း၏ မျက်လုံးထဲတွင် ချက်ချင်းပင် စွဲထင်သွားစေမည့် ပြင်းထန်လှသော စွမ်းအင်တစ်မျိုးနှင့် ပြည့်နှက်နေပုံပေါ်သည်။
သူသည် အဝေးသို့ မျှော်ကြည့်လျက်ရှိပြီး လက်ကို ခါးနောက်ဘက်တွင် တင်၍ မေးကို မော့ထားကာ ဆံပင်ရှည်များမှာ လေထဲတွင် တဖျပ်ဖျပ်လှုပ်ခါနေသည်။ သူသည် ပြည့်စုံကောင်းမွန်စွာ ထုဆစ်ထားသည့် ရုပ်ထုတစ်ခုအလား ဆွဲဆောင်မှုရှိကာ ကမ္ဘာခြားမှ လာသည့်အလား နတ်ဘုရားဆန်နေတော့သည်။
အမှန်တွင် ပိုင်ရှောင်ချန်း၏ အသံမှာ သူ့နားထဲသို့ စကားများပြောလျက်ရှိသည်ကို မည်သူမျှ သိလိမ့်မည်မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ ဘယ်ဘက်လက်ကို တင်ပါးပေါ်မှာတင်။ ဟုတ်တယ်။ဟုတ်တယ်။ အဝေးကို ကြည့်နေသလိုမျိုး မေးကို မော့ထား။"
"မျက်လုံးထဲက အကြည့်ကို အဲ့တိုင်းပဲထား။ မပြောင်းနဲ့။"
"ဘယ်ဘက်ခြေထောက်ကို ရှေ့ကို ခြေလှမ်းတစ်ဝက်စာလောက်ထုတ်လိုက်။ အင်း...။ ရပြီ။ အဲဒီတိုင်းကောင်းတယ်။ နေဦး။ အစ်ကိုကြီးကြည့်ရတာ တအားတည်လွန်းနေတယ်။ ချစ်ကြောင်းပြောမှာလေ။ အမေးအဖြေလုပ်မှာ မဟုတ်ဘူး။ နည်းနည်းလေး နူးညံ့လိုက်ပါဦး...။"
ပိုင်ရှောင်ချန်းသည် ဇောင်ထျန်ကျောက်ကို လှမ်းမြင်နိုင်သည့် အနီးအနားထောင့်တစ်ခုတွင် ပုန်းလျှိုးကွယ်လျှိုးထိုင်ကာ နတ်ဘုရားအာရုံဖြင့် ညွှန်ကြားချက်များ ပေးနေခြင်းဖြစ်သည်။ သူ မည်သို့ပဲ ညွှန်ကြားသည်ဖြစ်ပါစေ ဇောင်ထျန်ကျောက်က ချက်ချင်းပင် လိုက်လုပ်သည်။ မည်သို့ဖြစ်လာမည်ကို တွေးကာ တုန်လှုပ်နေသော်လည်း ပိုင်ရှောင်ချန်းကို အပြည့်အဝယုံကြည်ရာ သူ့ကိုယ်သူအားတင်း၍ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
"ဟုတ်ပြီ။ ကွက်တိပဲ။ မလှုပ်နဲ့တော့။ အစ်မကြီးယွဲ့ရှန်နဲ့ တွေ့ဖို့သဘောတူထားတဲ့အချိန် ရောက်ခါနီးနေပြီ။ "
ပိုင်ရှောင်ချန်းသည်လည်း စိတ်လှုပ်ရှားလျက်ရှိသည်။ လတ်တလော ဇောင်ထျန်ကျောက်နှင့်ပတ်သက်သည့် သူ၏ အသေးစိတ်အစီအစဥ်အားလုံးမှာ ဤအခိုက်အတန့်သည် အရေးကြီးဆုံးဖြစ်သည်။ ပြင်ဆင်ခြင်းများအားလုံး ပြီးသွားပြီဖြစ်သည်။ နောက်ဆုံးလှုပ်ရှားရတော့မည့် အချိန်ဖြစ်သည်။
"သေချာပေါက် အလုပ်ဖြစ်ရမယ်။" ဟု လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ရေရွတ်လိုက်သည်။ မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်ဆိုင်းနေစဥ် ချိန်ယွဲ့ရှန်သည် ကုန်းပတ်၂ပေါ် ရှိ သူ၏ အခန်းထဲမှ ဖြည်းဖြည်းချင်းလျှောက်ထွက်လာသည်။
သူမသည် ပုံမှန်နှင့် မတူဘဲ အနည်းငယ် ဝတ်စားဆင်ပြင်ထားသည်မှာ သိသာသည်။ သူမသည် စိမ်းပြာရောင်ဝတ်ရုံရှည်ဖြင့် ဆွဲဆောင်မှုရှိလှပြီး ဆံပင်ကိုလည်း ဖွတ်မြီးထိုးကျစ်၍ ထုံးဖွဲ့ထားရာ သူမ၏ နှင်းသဖွယ်ဖြူဖွေးသော လည်တိုင်ကြော့ကြော့လေး ပေါ်လွင်နေပေသည်။ သူမ၏ အသားအရေမှာ မယုံကြည်နိုင်လောက်အောင် ဖြူဖွေးေနပြီး မွန်းတည့်နေရောင်ခြည်သည် သူမပေါ်သို့ ဖြာကျလျက်ရှိရာ ဖြူစင်သန့်ရှင်း၍ တောက်ပစွာ လှပနေသည်။
သူမ၏ ပါးပြင်မှာ အနည်းငယ်နီရဲလျက်ရှိပြီ တစ်ခုခုကို ရှက်သွေးဖြာနေဟန်ရှိသည်။ သူမသည် စိတ်လှုပ်ရှားနေပုံလည်း ပေါ်ကာ လက်မှ ကျောက်စိမ်းလက်စွပ်လေးကို မသိစိတ်ဖြင့် ကစားနေမိသည်။
ပင်မကုန်းပတ်ပေါ်သို့ ခြေချလိုက်ပြီးနောက်တွင် ဇောင်ထျန်ကျောက်ကို သင်္ဘောဦးတွင်ရှိကြောင်း သတိပြုမိသွားပြီး သူရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။
ပိုင်ရှောင်ချန်းသည် ခေါင်းကို ဖျတ်ခနဲငုံ့လိုက်ပြီး ဇောင်ထျန်ကျောက်၏ နားထဲသို့ စိတ်လှုပ်ရှားစွာဖြင့် သတင်းပါးလိုက်သည်။
" လာနေပီ။ နောက်လှည့်မကြည့်နဲ့။ အစ်ကို့ဆီ တည့်တည့်လျှောက်လာနေပြီ။"
ဇောင်ထျန်ကျောက်သည် မသိမသာတုန်သွားကာ သူ၏ ကိုယ်ဟန်အနေအထားကို ထိန်းထားရန် အတတ်နိုင်ဆုံးကြိုးစားကာ တချိန်တည်းမှာပင် ချိန်ယွဲ့ရှန် သူ့ဆီသို့လျှောက်လာနေကြောင်း အတည်ပြုရန် နတ်ဘုရားအာရုံတစ်ချို့ကိုလည်း ထုတ်လွှတ်လိုက်လေသည်။ မကြာမီမှာပင် သူမသည် သူ့ဘေးတွင် ရပ်လျက်ရှိနေတော့သည်။ သူမ၏ မွှေးရနံ့ကြောင့် နှလုံးခုန်များ ရပ်တန့်မလိုဖြစ်သွားပြီး တဒိတ်ဒိတ်ခုန်လာတော့သည်။
"အစ်ကိုကြီးဇောင်၊ ညီမကို ဘာလို့တွေ့ချင်တာလဲဟင်။"ဟု နူးညံ့စွာပြောလိုက်ကာ အင်္ကျီလက်အတွင်းပိုင်းများကို သူမ၏ ပျော့ပျောင်းသော လက်ကလေးများဖြင့် ဆုပ်ထားလေသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် သူမသည် ဇောင်ထျန်ကျောက်၏ ယခုပုံစံကို ထူးဆန်းသည်ဟု ထင်မိကာ တချိန်တည်းမှာပင် ဆွဲဆောင်မှုရှိသည်ဟုလည်း ခံစားနေရသည်။
ပိုင်ရှောင်ချန်းသည် စောင့်ကြည့်နေလျက်က တစ်ခုခုမှားယွင်းသွားမည်စိုးကာ တုန်လှုပ်၍ မျက်လုံးများပြူးလျက်ရှိသည်။
ဇောင်ထျန်ကျောက်သည် အသက်ကို ဖြည်းဖြည်းလေးရှူလိုက်သော်လည်း သူမကို လှည့်မကြည့်ပေ။ ထိုအစား သူ့အကြည့်ကို ပင်လယ်ပြင်တစ်ဆုံးထိ ပို့လွှတ်ထားပြီး ပိုင်ရှောင်ချန်းက ပြောရန် သင်ပေးထားသော စကားလုံးများကို အမြန်စဥ်းစားသုံးသပ်နေရသည်။ ရုတ်တရက် သူသည် ကောင်းကင်ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
" ယွဲ့ရှန်၊ ကောင်းကင်ကြီးက ဘယ်လောက်ကြည်လင်ပြီး ပြာလဲ့နေလဲ ကြည့်ပါဦး။ မင်းအပေါ်ထားတဲ့ ငါ့ရဲ့ ခံစားချက်တွေကလည်း အဲဒီလိုမျိုးပါပဲ။ ဒီလူသားကမ္ဘာရဲ့ အဆိပ်အတောက်တွေကနေ ကင်းရှင်းပြီးတော့ ကြည်လင်သန့်ရှင်းပါတယ်။ ထာဝရ မပြောင်းလဲတော့ဘူး။"
သူ့စကားများကို တုံ့ပြန်သည့်အနေဖြင့် ချိန်ယွဲ့ရှန်သည် ကောင်းကင်သို့ ကြည့်လိုက်ပြီး သူမ၏ နှလုံးသားမှာလည်း ရုတ်တရက် ရင်ခုန်နှုန်းမြန်လာခဲ့သည်။ သူမ၏ အသက်ရှူသံများပင် မမှန်သလိုဖြစ်လာသည်။
ပိုင်ရှောင်ချန်းပင် မနေနိုင်ဘဲ ဇောင်ထျန်ကျောက်ကို ကျိတ်၍ ချီးကျူးနေမိသည်။ အတိုင်းအတာတစ်ခုကြာပြီးနောက် သူသည် နောက်ဆုံးတွင် အသားကျသွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်း၏ အမြင်အရ ယခု သူ၏ စကားလုံးများသည် လုံးဝအပြစ်ကင်းစင်ပေသည်...။
"ဒီအချိန်ရောက်ဖို့ တော်တော်စောင့်လိုက်ရတာပဲ။" ဟု ကိုယ့်ဘာသာကို ကျေနပ်လျက် တွေးလိုက်သည်။ သို့သော် ချိန်ယွဲ့ရှန်က ကောင်းကင်ပြာကို မော့ကြည့်လိုက်သည့် အချိန်မှာပင်...
မိုးကြိုးသွားများ၏ ဗလုံးဗထွေး မြည်ဟီးသံကို ကြားလိုက်ရလေသည်။ ရာသီဥတုသည် အကြောင်းတစ်စုံတစ်ရာကြောင့် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တိမ်မည်းများ ပေါ်လာကာ ပိုင်ရှောင်ချန်းကြောင်ကြည့်နေဆဲတွင် မိုးခြိမ်းသံများ ထပ်မံထွက်ပေါ်လာသည်။
ဤအချိန်တွင် ကောင်းကင်သည် မပြာနိုင်တော့ဘဲ ခဲရောင်သမ်းသော အမည်းရောင်များ စွန်းထင်းသွားခဲ့သည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်ကာ ဇောင်ထျန်ကျောက်မှာလည်း မျက်လုံးများ ပြူးထွက်သွားသည်။ ချိန်ယွဲ့ရှန်ပင်လျှင် အံ့အားသင့်သွားပုံပေါ်သည်။
"ဘာ...ဘာတွေဖြစ်နေတာလဲ။"
ပိုင်ရှောင်ချန်းသည် အံ့ဩတကြီးဖြင့် တွေးလိုက်သည်။ သေချာပေါက် တစ်ခုခု ထူးဆန်းနေသည်။
ဇောင်ထျန်ကျောက်သည် ဘာမျှမပြောနိုင်တော့ပေ။ ချိန်ယွဲ့ရှန်သည်လည်း ပြောစရာစကားများ ပျောက်ဆုံးနေဟန်ပေါ်ကာ အနည်းငယ်ရှက်သွေးဖြာနေသည်။ ခဏကြာပြီးနောက် ဇောင်ထျန်ကျောက်သည် အံကြိတ်ကာ ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။
"ယွဲ့ရှန်..."
ထို့နောက် သူသည် အသံကိုမြှင့်ကာ ပင်လယ်ပြင်ကို လက်ညှိုးညွှန်လိုက်ပြန်သည်။ "ပင်လယ်ပြင်က ဘယ်လောက်တည်ငြိမ်နေလဲ ကြည့်လိုက်ပါဦး။ အခု ကိုယ့်ဘဝထဲမှာ မင်းရှိနေပြီဆိုတော့ ကိုယ့်ရဲ့ နှလုံးသားကလည်း အဲဒီပင်လယ်ပြင်လိုပါပဲ။ ဒါကြောင့် ကိုယ်ဟာ မင်းနဲ့ အေးအတူ ပူအမျှ နေသွားမယ်ဆိုတာကို တောင်တန်းကြီးနဲ့ပင်လယ်ပြင်ကြီးကို သက်သေထားပြီးတော့ ကျိန်ဆိုပါတယ်။ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ဘယ်မိန်းကလေးကမှ ကိုယ့်ရဲ့ နှလုံးသားကို နည်းနည်းလေးတောင် လှုပ်ခတ်စေတော့မှာ မဟုတ်ပါဘူး။ ကိုယ့်နှလုံးသားက ဟောဒီပင်လယ်ပြင်ကြီးလို အဆုံးမရှိ၊ ငြိမ်းချမ်းပြီးတော့ လှိုင်းတစ်စက်ကလေးမှ မရိုက်ခတ်ပါဘူး။ “
ချိန်ယွဲ့ရှန်သည် ဇောင်ထျန်ကျောက် လက်ညှိုးညွှန်ရာ ပင်လယ်ပြင်သို့ လိုက်ကြည့်နေစဥ် ကြက်သီးများပင် ထသွားသည်။ သို့သော် သူ၏ ပါးစပ်မှ ထိုစကားလုံးများ ထွက်ကျသွားသည်နှင့်...
တိမ်တိုက်များမှ မိုးချုန်းသံများ ပို၍ မြည်ဟည်းလာကာ ကြီးမားသော မိုးရေစက်များ ကျဆင်းလာပြီး သင်္ဘောပေါ်နှင့် ပင်လယ်ပြင်ကိုပါ ဆူညံစွာ ပက်ဖြန်းနေသည်။ ရုတ်တရက် ရေပြင်ပေါ်တွင် လှိုင်းလုံးကြီးများပေါ်လာပြီး လုံးဝ မတည်ငြိမ်နိုင်တော့ပေ...။
ပိုင်ရှောင်ချန်းမှာ ထခုန်မိမတတ်ဖြစ်သွားကာ ချက်ချင်းပင် ချွေးစေးများ ပြန်လာတော့သည်။ အဖြစ်အပျက်များမှာ ထူးဆန်းလွန်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ ဖြစ်နေရသည့်အကြောင်းများကို စဥ်းစားရင်း ရူးမတတ်ဖြစ်နေသည်။
"ဒီချစ်သူနှစ်ယောက်ရဲ့ ကံကြမ္မာကို ငါ မှားပြီး သုံးသပ်မိတာများလား..." ဟု သူ အလန့်တကြား တွေးမိသွားသည်။ ကောင်းကင်နှင့် ကမ္ဘာမြေတို့က သူ့ကိုတိုက်ရိုက်ဆန့်ကျင်၍ တမင်တကာ သူ့စကားများကို ပြောင်းပြန်လှန်နေသည့်အလား ဖြစ်ရာ ဇောင်ထျန်ကျောက်မှာ မျက်ရည်များပင် ဝဲလာရသည်။ သူ ဒေါသများလည်းထွက်လာပြီး ထိုအချိန်မှာပင် ချိန်ယွဲ့ရှန်သည် ရုတ်တရက် နူးညံ့စွာ ရယ်မောလိုက်သည်။
ချိန်ယွဲ့ရှန်သည် အစကတည်းက လှပြီးသားဖြစ်သော်လည်း ရယ်မောလိုက်သောအခါ မျက်လုံးလေးများသည် လခြမ်းကွေးနှစ်မွှာ အသွင်ပြောင်းသွားကာ ပို၍ သိမ်မွေ့လှပသွားလေသည်။ သူမ၏ နူးညံ့ကာကျောက်စိမ်းသဖွယ်လက်ကလေးများကို ဆန့်ထုတ်ကာ ဇောင်ထျန်ကျောက်၏ လက်ကို ဆုပ်ကိုင်လိုက်လေရာ ချက်ချင်းပင် သူမ၏ ခံစားချက်များမှာ သိသာသွားလေသည်။
ဇောင်ထျန်ကျောက်သည် သူမနှင့် မျက်လုံးချင်းဆုံမိသွားရာ တုန်လှုပ်သွားပြီး ထိုအခိုက်အတန့်တွင် ဖန်တီးလိုက်သော မှတ်ဥာဏ်မှာ ထာဝရတည်တံ့သွားတော့မည်ဖြစ်သည်။
ချိန်ယွဲ့ရှန်သည် ဇောင်ထျန်ကျောက်ကို ဟိုးအရင် သူမ၏ဖခင်က တပည့်အဖြစ်ခေါ်ယူလိုက်စဥ်ကစ၍ တိတ်တခိုးချစ်နေခဲ့သူဖြစ်သည်။ သူသည် သာမန်နေ့စဥ်ဘဝတွင် ကို့ရို့ကားယားနိုင်ကာ နားလည်ရခက်သော်လည်း အရေးကြီးချိန်များတွင် ကြမ်းတမ်းသော ကျားတစ်ကောင်ဖြစ်သွားတတ်သော သူ့ပုံစံကို အမြဲပင် သဘောကျခဲ့သည်။
ယခင်က သူနှင့် ရင်းနှီးအောင်ပင် ကြိုးစားခဲ့ဖူးကာ ဇောင်ထျန်ကျောက်ကမူ သတိထားမိဟန်မတူချေ။ သူ၏ အချိန်အများစုကို လေ့ကျင့်ခြင်းဖြင့် ကုန်ဆုံးစေကာ နောက်ဆုံးတွင် ချိန်ယွဲ့ရှန်သည် စိတ်ပျက်အားလျှော့ကာ သူမ၏ ခံစားချက်များကို မြှုပ်နှံလိုက်ရတော့သည်။ မကြာခဏပင် ထိုခံစားချက်များကို ပြန်တွေးကာ သက်ပြင်းချရမြဲဖြစ်သည်။
စစ်သင်္ဘောခရီးရှည်စတင်ပြီးနောက်တွင် ဇောင်ထျန်ကျောက်သည် ပန်းရောင်ဝတ်စုံဖြင့် လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရပြီးနောက် ထိတ်လန့်အံ့ဩသွားခဲ့သည်။ ထို့နောက်တွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးမှာ သူမအတွက် အိပ်မက်အလားပင်ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ဇောင်ထျန်ကျောက်နှင့် ချိန်ယွဲ့ရှန်တို့နှစ်ယောက်ကြားတွင် ဖြစ်ပျက်နေသည်များကို ကြည့်ကာ သူတို့နှစ်ယောက်၏ ကံကြမ္မာကို မှားယွင်းသုံးသပ်မိလျှင်ပင် မတူကွဲပြားစွာ လုပ်ဆောင်ရန် မရှိသည်ကို ကျေနပ်နေမိသည်။ သူသည် ရယ်မောကာ အချစ်သူတော်စင်ဟူသော သူ၏ ဂုဏ်ပုဒ်ကို ကျေနပ်ဝမ်းမြောက်စွာဖြင့် မေးကို မော့လိုက်ကာ အထီးကျန်သူရဲကောင်းတစ်ယောက်၏ အနေအထားကို ပြောင်းလိုက်လေသည်။ ထို့နောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ကာ ရေရွတ်သည်။
" လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ငါ၊ ပိုင်--"
သို့သော် ကိုယ့်ဘာသာ ကျေနပ်ပီတိဖြစ်နေသည့်အချိန်မှာပင် စကားဆုံးအောင် မပြောနိုင်ဘဲ ကောင်းကင်မှ မိုးခြိမ်းသံများသည် ပိုမိုပြင်းထန်လာကာ စစ်သင်္ဘောဆီသို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလာကြသည့် ပုံရိပ်များ ပေါ်ပေါက်လာသည်။
ထိုအုပ်စု၏ ရှေ့ဆုံးမှ ခေါင်းဆောင်မှာ အခြားသူမဟုတ်- ချိန်ဟဲ့ထျန်ပင် ဖြစ်သည်။