ပျက်ပြားနေသော ဆေးပညာကျင့်ဝတ်
Vol. 18 Ch. 259
“ဒါက …”
ရဲ့ကျင်းက ပုလင်းနက်ကို မယုံသင်္ကာဖြင့် ကြည့်၍ မေးလိုက်သည်။
ပုလင်းက အလွန် ရိုးရှင်းလှပြီး ဘာထုပ်ပိုးမှု အညွှန်းပုံစံမှ မရှိချေ။ ၎င်းက မည်းနက်နေပြီး ဆေးလုံးများ ကြားထဲ၌ ထင်ပေါ်နေသည်။
“ဪ … ဒါက ငါ့ကို တာဝန်ကျ ဆရာဝန်က အလကား ပေးလိုက်တာလေ၊ ဒါက ဆေးကို ပိုပြီး ထိရောက်စေတယ်လို့ သူက ပြောတာပဲ”
ထိုလူက ပြုံး၍ ပြောလေသည်။
“ငါ အမြဲ ဒီမှာ ဆေးခန်းလာပြနေကြလေ”
“အမြဲတမ်း ဟုတ်လား၊ ခင်ဗျား နာနေတာ ဘယ်လောက် ကြာပြီလဲ”
ရဲ့ကျင်း ပို၍ မျက်မှောင်ကြုတ်သွားသည်။
“နှစ်က်လောက် ရှိတော့မယ်၊ ဒါပေမဲ့ မကြာခင် ကောင်းလာမှာပါ”
“နှစ်ဝက်လောက် ဟုတ်လား”
ရဲ့ကျင်း ပင့်သက်ရှိုက်မိသွားသည်။ ပြောရမည်ဆိုလျင် ဤသို့သော ဒဏ်ရာများက အလွန်ဆုံး တစ်လ သို့မဟုတ် နှစ်လလောက်သာ ကြာမြင့်လောက်သည်။
သူ ပုလင်းနက်ကို ဖွင့်၍ ရှူကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့မျက်နှာ သုန်မှုန်သွားသည်။
“ဒါ ဆရာဝန်ဆီကလား”
ရဲ့ကျင်း မယုံနိုင်စွာ မေးလိုက်သည်။ ထိုလူက ခေါင်းညိတ်ပြသည်။
“ဒါ ပျက်စီးယိုယွင်းစေတဲ့ အရာပဲ၊ ဒါက ဒဏ်ရာကို မကုပေးဘူး၊ ဆွေးမြည့်အောင်ပဲ လုပ်တာ၊ အဲ့လိုဆိုရင် ဒဏ်ရာက ပိုဆိုးလာမှာ၊ ဘယ်တော့မှ ကောင်းလာမှာ မဟုတ်ဘူး”
ရဲ့ကျင်း၏ လေသံက အတော်လေး ဆိုးရွားနေသည်။ ဤသို့သော အရာကို မြင်လိုက်ရသဖြင့် အလွန် ထိတ်လန့် မိနေ၏။ ထိုသို့သော အရာမျိုးက ဆေးရုံထဲ၌ ဖြစ်နေသည်ကို သူ မယုံနိုင် ဖြစ်နေလေသည်။
“ပျက် … ပျက်စီးယိုယွင်းစေတာလား”
ထိုလူသည်လည်း အံ့ဩသွားပြီး မကြာခင်မှာပင် ဒေါသထွက်လာ၏။
“ငါ လိမ်းလိုက်တာနဲ့ ဘာလို့ စူးခနဲ ဖြစ်သွားတာပါလိမ့်လို့ တွေးနေခဲ့တာ၊ ဆရာဝန်က အဲ့ဒါက ပုံမှန်ပဲလို့တောင် ပြောလိုက်သေးတယ်၊ ငါ အခုချက်ချင်း သူ့ကို ရှင်းခိုင်းမယ်”
သူ ပြောပြီးသည်နှင့် ချက်ချင်း ဆရာဝန်၏ အခန်းထဲသို့ အပြေး သွားလေသည်။
“ဟေ့ ဆရာယောင်ကောင်၊ အခုချက်ချင်း ထွက်လာခဲ့စမ်း”
ထိုလူသည် စမ်းသပ်ခန်းထဲ ချက်ချင်း ပြေးဝင်သွားပြီးသည်နှင့် ကြမ်းကြုတ်လာသည်။
“အားလုံးပဲ၊ ဒီဆရာဝန် အတုအယောင်ဆီမှာ ထပ်ဆေးကုမခံပါနဲ့၊ ငါ့မှာ ဒဏ်ရာတစ်ခု ရှိတယ်၊ ဒါကို သူက ငါ့ဒဏ်ရာ လုံးဝ မပျောက်နိုင်မယ့် ပျက်စီးစေမယ့် ဆေးကို ပေးခဲ့တယ်”
ထိုစကားသံ ထွက်လာသည်နှင့် လူတိုင်း၏ အမူအရာက မသိမသာ ပြောင်းလဲသွားသည်။ လူနာများ မယုံသင်္ကာ ဖြစ်လာပြီး ဆရာဝန်၏ မျက်နှာက ဖြူရော်သွားပြီး မျက်လုံးထဲတွင် ပျာယာခပ်သော အရိပ်အယောင်များ ပေါ်လာသည်။
ထိုခံစားချက်အစား ခက်ထန်မှုနှင့် ရှက်စိတ်တို့က ချက်ချင်း အစားထိုးလာပြီး ဆရာဝန်က ထအော်လေသည်။
“ဒီတောသားက ဘယ်ကလာတာလဲ၊ ခင်ဗျားက ဒီမှာ လူမိုက်လို လာပြုမူပြီး ငါ့နာမည်ကို လာဖျက်နေတာလား၊ သတိထား မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားကို အသရေဖျက်မှုနဲ့ တရားစွဲပစ်မယ်”
“အားလုံးပဲ ဒီကို ကြည့်ကြပါ၊ ဒါ ဘာလဲ သိလား”
ထိုလူက ပုလင်းနက်ကို ခပ်မြင့်မြင့် မြှောက်၍ အားလုံး မြင်အောင် ပြလိုက်သည်။
“ဒါ ဒီဆရာယောင်ကောင် ငါ့ကို ပေးတဲ့ ဆေးပဲ၊ အဲ့ဒါက ဘာလဲ ငါ မသိခဲ့ဘူး၊ ဒါ ပျက်စီးစေတဲ့ အက်ဆစ်ပါတဲ့ဟာ ဆိုတာ သိလိုက်ပြီ၊ ငါ့ဒဏ်ရာက ဒါကြောင့် နှစ်ဝက်လောက် မပျောက်ခဲ့တာ”
“ဝိုးးးး”
မကြာခင်မှာပင် ဆူညံပွက်လောရိုက်ကုန်၏။
လူတိုင်း အချင်းချင်း ပြန်ကြည့်ကုန်ကြသည်။
“မဟုတ်လောက်ပါဘူး၊ ဘယ်လိုလုပ် ဆရာဝန်တစ်ယောက်က အဲ့လိုလုပ်မှာလဲ”
“မြို့တော်ဆေးရုံက လေပူလက္ခဏာ တုပ်ကွေးကို ကုပေးလိုက်တာလေ၊ သူတို့က နာမည်ရှိပြီးသား၊ အဲ့ဒါကြောင့်လည်း ငါတို့ ဒီလာပြီး ဆရာဝန်နဲ့ ပြတာ”
“တကယ်ကြီးလား၊ ဒါသာ တကယ်ဆို ဒီဆရာဝန်ရဲ့ ဆေးပညာ ကျင့်ဝတ်က ပျက်ပြားနေပြီ”
“ဒီလူက ခုနကမှ ဆေးကုဖို့ လာတာ၊ ငါတော့ သူ လိမ်နေတယ်လို့ မထင်ဘူး”
…
ဆရာဝန်က မျက်မှန်တပ်ထားပြီး အဖြူရောင် ဂျူတီကုတ်ကို ဝတ်ထားသည်။ သူသည် နေရာ၌ ထိုင်၍ တည်ငြိမ်ချင်ယောင်ဆောင်ကာ အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျားက တစ်ခုခုကို ယူလာပြီး ကျုပ်ကို အသရေဖျက်ဖို့ ကြိုးစားတာလား၊ ခင်ဗျားကို ထောင်ထဲ ရအောင်ပို့မယ်ဆိုတာ ယုံထားလိုက်”
“ခွေးကောင်”
ထိုလူက ကြုံးဝါးပြောဆိုပြီး မျက်လုံးများက နီရဲနေသည်။
“ဒါက ဘာဆေးလဲဆိုတာ လူတိုင်း သိတယ်၊ မင်း မယုံရင် သိတတ်တဲ့လူကို စမ်းစစ်ခိုင်းလိုက်”
“အာ… ဒီဆေးက ဘာလဲဆိုတာ ကျုပ် သိတောင် မသိဘူး၊ ကျုပ် ခင်ဗျားကို တစ်ခါမှ မပေးဖူးဘူး”
ဆရာဝန်က အေးစက်စွာ ပြန်တုံ့ပြန်သည်။
“ကျုပ် ခင်ဗျားကို ပေးတဲ့ ဆေးညွှန်းက ရှင်းရှင်းလေး၊ ဒီဆေးကို လုံးဝ မရေးထားဘူး၊ ခင်ဗျား လာလိမ်နေတာ”
“မင်း … မင်း အရှက်ကိုမရှိဘူး”
ဒေါသထွက်နေသော ထိုလူက ဆရာဝန်ကို လက်ညှိုးငေါက်ငေါက် ထိုးသည်။ သူ့မျက်နှာက နီရဲနေပြီး ခံရခက်ကာ ဒေါသထွက်နေ၏။
“ငါ လိမ်ပြောရင် မိုးကြိုးပစ်ပါစေကွာ”
“ဒီမဟုတ်တမ်းတရား ပြောနေတဲ့လူကို နှင်ထုတ်လိုက်တော့”
ဆရာဝန်က စိတ်မရှည်စွာ လက်ခါပြ၍ ပြောလိုက်သည်။ လုံခြုံရေးဝန်ထမ်းက ရှေ့တက်ရန် ပြင်လေသည်။
“ငါ့အနား မလာနဲ့၊ ဒီနေ့ ကိစ္စကို မရှင်းရရင် ငါ မင်းတို့ ဆေးရုံကို ဆွဲချပစ်မယ်”
ထိုလူ၏ မျက်နှာက ခက်ထန်ကြမ်းကြုတ်လာ၏။
“ဟုတ်တယ်၊ ဒီနေ့ ရှင်းလိုက်တာ ပိုကောင်းတယ်၊ ခင်ဗျား ဘာလို့ သူ့ကို အသည်းအသန် နှင်ထုတ်နေတာလဲ၊ ခင်ဗျား လိပ်ပြာမလုံလို့ အပြစ်ရှိသလို ခံစားနေရလို့လား”
ရဲ့လင်းချန်နှင့် သူ့မိဘများက အလျင်အမြန် ရှေ့တိုးလာပြီး ပြောလိုက်သည်။
ထိုလူက ရဲ့ကျင်းကို မြင်သောအခါ ချက်ချင်း ကြိုဆိုလေသည်။
“မင်းက ဘယ်သူလဲ”
ဆရာဝန်၏ မျက်လုံးအိမ်က ကျဉ်းမြောင်းလာသည်။ သူက ရဲ့ကျင်းကို ခပ်မာမာ စိုက်ကြည့်နေ၏။
“ကျုပ်ကလည်း ဆရာဝန်တစ်ယောက်ပဲ၊ ဒီပုလင်းနက်က တကယ်ကို ပျက်စီးယိုယွင်းစေတဲ့ အက်စစ်ဓာတ်ပါတဲ့ ဆေးနဲ့ ပြည့်နေတာ”
ရဲ့ကျင်းက အခိုင်အမာ ပြောလိုက်သည်။
“ဪ လတ်စသက်တော့ ခင်ဗျားလူက ကျုပ်ကို ပြဿနာ ရှာဖို့ လာတာပဲ၊ မင်းက ဘယ်ကလဲ၊ မင်းက ငါ့အကြောင်း မဟုတ်တာတွေ ဖြန့်နေတာပဲ၊ မင်း ဆေးပညာ လောကမှာ ထပ်မနေနိုင်အောင် ငါ သေချာပေါက် လုပ်ပစ်မယ်”
ဆရာဝန်၏ မျက်လုံးများက အေးစက်လာသည်။
“အဲ့ဒါက ပျက်စီးစေတဲ့ဟာ ဖြစ်နေရင်ရော ဘာဖြစ်လဲ၊ ဒါ ငါ့အလုပ်မှ မဟုတ်တာ”
ထိုကိစ္စများ လုပ်ခဲ့ရာတွင် သူက ကောင်းကောင်းကြီး ပြင်ဆင်ထားခဲ့သည်။ သူသည် ယင်းအား လူနာကို ပေးခဲ့ပြီး ဘာသက်သေမှ ချန်မထားခဲ့ပေ။ ထို့ကြောင့် လူနာက မည်မျှ ငြင်းဆန် ပြောဆိုပါစေ ဘာသက်သေမှ မရှိချေ။
“ဒီကို လာပြတိုင်း ငါ မင်းအတွက် ငါးကြီးနှစ်ကောင် လက်ဆောင်ပေးခဲ့တယ်၊ ဒါ ငါ ကျေးဇူးတင်လွန်းလို့ ပေးတာ၊ ဒါပေမဲ့ မင်းက ငါ့ကို လှည့်စားနေခဲ့တာတဲ့လေ”
ထိုလူက ကူကယ်ရာမဲ့စွာ အော်ဟစ်လေသည်။
“ငါ့ငါးတွေ ပြန်ပေး”
လူတိုင်း လှမ်းကြည့်လိုက်သောအခါ စမ်းသပ်ခန်း၏ ထောင့်တစ်နေရာ၌ အိတ်ကြီး တစ်အိမ် ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းထဲမှ ငါးကြီးနှစ်ကောင်က မကြာခဏဆိုသလို တွန့်လိမ်နေ၏။
ငါးနှစ်ကောင်လုံးက အတော်လေး ကြီးပြီး ထိုလူကိုယ်တိုင် ဖမ်းလာခဲ့ခြင်း ဖြစ်ပုံရသည်။ တကယ်ကို အရည်အသွေး ကောင်းသော ငါးများပင်။
ရဲ့လင်းချန်၏ မျက်လုံးများက စူးခနဲ လက်သွားပြီး ဆရာဝန်ကို ကြည့်၍ မေးလိုက်သည်။
“သူ ဒီကိုလာတဲ့အချိန်တိုင်း ခင်ဗျားကို ငါးတွေ ပေးလို့ ခင်ဗျား သူ့ကို ပျက်စီးစေတဲ့ ဆေးကို ပေးတာ မဟုတ်လား၊ ဒါမှ သူ့ဒဏ်ရာ မပျောက်သေးသရွေ့ ခင်ဗျား သူ့ဆီကနေ အဲ့ငါးတွေ ရနေမှာလေ၊ ပြီးတော့ သူက ခင်ဗျားဆီကနေ ဆေးဝယ်ဖို့ ခဏခဏ လာနေရမှာ”
“မဟုတ်တမ်းတရားတွေ”
ထိုအခိုက်တွင် ဆရာဝန်၏ မျက်နှာက ပြာနှမ်းမတတ် ဖြစ်လာသည်။
“ဒီတောသားတစ်သိုက်ကို မြန်မြန် ဆွဲထုတ်သွားကြစမ်း”
“ငါ မသွားဘူး၊ ဒီလို အတုအယောင် ဆရာဝန်မျိုးကို ဘယ်သူမှ အရေးမစိုက်ဘူးလား၊ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား”
ထိုလူက အော်ဟစ်လေသည်။
“ငါ ဝမ်းရေးအတွက် ငါးမြှားရတယ်၊ ငါ အချိန်တိုင်း ရေထဲ ဆင်းနေဖို့ လိုအပ်တယ်၊ အဲ့ဒါကြောင့် ငါ့ခြေထောက်က နာနေခဲ့တာ၊ ဒဏ်ရာက ပြီးခဲ့တဲ့ ခြောက်လလုံးလုံး ပျောက်မသွားခဲ့ဘူး၊ ဒါ ငါ့ကို ဘယ်လောက်ထိ ထိခိုက်စေလဲ သိလား၊ မင်းကိုယ်တိုင် ရှင်းပြစမ်းပါ”
“ဒီနေ့ခေတ် လူမှုအဆင့်အတန်းတွေက ပိုဆိုးလာတာပဲ၊ ဘယ်လိုလုပ် ဆရာဝန်တစ်ယောက်က ဒီလိုကိစ္စမျိုး လုပ်တာလဲ၊ မင်း ဆေးပညာကို လေ့လာတုန်းက ဆရာဝန်ကျင့်ဝတ်တွေ မသင်ခဲ့ရဘူးလား”
ရဲ့ကျင်းက ဝမ်းနည်းသည်ထက် ပို၍ စိတ်ပျက်နေမိသည်။
ဤသည်မှာ ဘေကျင်းမှ မြို့တော် ဆေးရုံ ဖြစ်သည်။ နိုင်ငံ၏ အရေးအပါဆုံး ဆေးရုံဖြစ်သလို အကြီးဆုံးနှင့် အယုံကြည်ရဆုံးလည်း ဖြစ်ပေသည်။
ထိုသို့သော ကိစ္စမျိုးက ဤနေရာမျိုး၌ ဖြစ်နေသည်က ဘယ်လောက် ကျောချမ်းစရာ ကောင်းလိုက်သလဲ။
“ငါ့ကလေး အအေးမိတာကနေ ပြန်မကောင်းလာတာကို မအံ့ဩတော့ဘူး၊ ဒီဆရာဝန်က အဲ့လိုဖြစ်အောင် တစ်ခုခု လုပ်ထားတာများလား”
“ချီးပဲ၊ ငါတို့က သူတို့ကို ယုံလို့ ဒီကိုလာတာလေ၊ သူတို့က ငါတို့ကို လှည့်စားနေတာလား”
“ဒီဆရာဝန်က လက်ဆောင်တွေ တော်တော်လေး ရထားတာပဲ၊ အရင်တစ်ခေါက်တုန်းက သူက ငါ့ကို စာအိတ်နီ တစ်ချို့ ပေးဖို့ အရိပ်အယောင် ပြနေတာ”
“ဒါကို ဘယ်လိုရှင်းမလဲ၊ ငါတို့အားလုံးက အားနည်းတဲ့သူတွေလေ၊ ငါတို့အသက်တွေက အခြားသူတွေရဲ့ လက်ထဲမှာ ရှိနေတာ”
…
ဘေးပတ်ဝန်းကျင်မှ လူများကလည်း ထိုအကြောင်း ပြောလာကြသည်။ ဖြတ်သွားသည့် လူနာများကလည်း လမ်းလျှောက်နေရာမှ ရပ်သွားကြပြီး စမ်းသပ်ခန်းထဲ တိုးမပေါက်သကဲ့သို့ လူပြည့်လာသည်။ တော်တော် များများက လက်ဟန်ခြေဟန်နှင် ပြောဆိုပြီး လက်ညှိုးထိုးနေကြသည်။
အခြားသူများက သူတို့၏ ဖုန်းများကို ထုတ်၍ အခြေအနေကို မှတ်တမ်းတင်ကာ လိုင်းပေါ် တင်ကြသည်။