← Chapters

လူ့ဘီလူးကြီးအရိုးစုများ

Vol. 5 Ch. 464

လူ့ဘီလူးကြီးအရိုးစုများ

Vol. 5 Ch. 464

လူတိုင်းမှာ စကားမပြောလျှင်သာရှိမည်၊ ပြောကြလျှင်လည်း တိုးတိုးသက်သာပြောကြလေရာ ပိုင်ရှောင်ချန်းမှာ ပညာရှိအတွေးအခေါ်အတိုင်း မြို့ခံလူများကိုအတုခိုးပြီး လိုက်ပါသွားခြင်းသာ အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက်လေသည်။ ထို့ကြောင့် သူက လူအုပ်ထဲဝင်ရောနိုင်ရန်မျှော်လင့်ရင်း တတ်နိုင်သမျှ အေးစက်စက်နှင့် သီးသန့်ဆန်ပြီး အတန်ငယ် ရက်စက်ကြမ်းကြုတ်သည့်ဟန်ဖမ်းလိုက်လေသည်။

မကြာမီ ယခင်ကဲ့သို့ မထူးဆန်းတော့ပေ။ ပိုင်ရှောင်ချန်းသည် အခြားသူကဲ့သို့ခံစားလိုက်ရပြီး မကြာမီ ပျော်ရွှင်စွှာ လျှောက်ပတ်နေတော့သည်။ အချိန်အနည်းငယ်ကြာသော် သူက တုန့်ခနဲရပ်လိုက်ပြီး အနီးအနားရှိ ဆိုင်တစ်ခုကို လှမ်းကြည့်လိုက်သည်။

" လေလွင့်ဝိညာဥ်အရောင်းဆိုင် "

ဆိုင်နာမည်ကို ကြည့်ပြီးနောက် ချောင်းကြည့်လိုက်ရာတွင် နံရံများမှာ ထူးဆန်းသော ပုလင်းများစွာဖြင့် ပြည့်ကြပ်နေလေသည်။ ထိုပုလင်းများကို ဟိုကြည်သည့်ကြည့်လုပ်နေကြသည့် ကျင့်ကြံသူအနည်းငယ်ပင်ရှိလေသည်။

ပိုင်ရှောင်ချန်းသည် သိချင်စိတ်ပြင်းပြစွာဖြင့် ဆိုင်ထဲဝင်လိုက်ကာ ပုလင်းတစ်လုံးကို ကောက်ကြည့်လိုက်သည်။ အထဲတွင်ရှိသောအရာကို မြင်လိုက်သည်နှင့် သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

အစပိုင်း၌ ပုလင်းထဲတွင် အေးချမ်းသော မြူတစ်ခုပါလေသည်။ သို့သော်လည်း အနီးကပ်ကြည့်လိုက်သည်နှင့် ထိုမြူသည် မျက်နှာတစ်ခုပုံစံရှုံ့တွသွားပြီး သူ့ကို ရန်လိုစွာ စိန်းစိန်းဝါးဝါးကြည့်နေလေသည်။

၄င်းမှာ ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခုဖြင့် ပုံပျက်ရှုံ့တွနေသော မိန်းကလေးတစ်ယောက်၏ မျက်နှာဖြစ်သည်။ ၄င်းဖြစ်ပေါ်လာပြီး တခဏကြာသော် ပိုင်ရှောင်ချန်းထံရောက်ရန်ကြိုးစားနေသည့်အလား ပုလင်း၏ ဘေးနံရံကို ဝင်တိုးနေလေသည်။ ထိုမျက်နှာမှာ အမုန်းဝိညာဥ်မှလွဲ၍ တခြားမဟုတ်ပေ။

မည်သို့ပင်ဆိုစေ သတိပေးခြင်းမရှိပဲ ဖြစ်ပေါ်လာပြီး ထိုသို့သောတုံ့ပြန်မှုမျိုးအတွက် ပိုင်ရှောင်ချန်းမှာ လုံးဝမပြင်ဆင်ထားရလေရာ မနေနိုင်တော့ပဲ အံ့သြတုန်လှုပ်စွာ စူးခနဲ အော်လိုက်လေသည်။ ချက်ချင်းပင် ပတ်ပတ်လည်ရှိ ကျင့်ကြံသူများက မှုန်ကုပ်ကုပ်မျက်နှာများဖြင့် သူ့ကို လှမ်းကြည့်လိုက်ကြသည်။ တစ်ဆက်တည်းမှာပင် ဆိုင်အတွင်းရှိ အခြားသော ပုလင်းများအားလုံး တုန်ခါလာပြီး အတွင်းရှိ မြူများသည် မျက်နှာများအသွင်ပြောင်းကာ ပိုင်ရှောင်ချန်းကို ဝါးစားလုမတတ်ကြည့်လာကြလေသည်။

အမုန်းဝိညာဥ်များစွာ သူ့ကို ဝိုင်းကြည့်နေကြသောကြောင့် ကြောက်ရွံမှုများဖြင့် ပိုင်ရှောင်ချန်း၏ ဦးခွံမှာ စပ်ဖျဥ်းဖျဥ်းဖြစ်လာတော့သည်။ တဟားဟားရယ်သံများ၊ တရှုံ့ရှံ့ငိုကြွေးသံများ ရောယှက်နေသည့် ထူးဆန်းသော အသံများကိုလည်း သူ ကြားလာရလေသည်။

တချို့အသံများမှာဆိုလျှင် သီချင်းဆိုနေပုံပင်ထင်ရလေသည်။ အသံမျိုးစုံ လည်ပတ်ပြီး အတူတကွပေါင်းစပ်သွားကာ သူ၏ဝိညာဥ်ထဲအထိပင် ထိုးဖောက်ဝင်ရောက်လာတော့သည်။

" ကျုပ်ကို လွှတ်ပေး"

" ဟေး။ အစ်ကိုကြီး . ကျုပ်ကို မှတ်မိလား။ ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက်သိတယ်လေ"

"ဟားဟားဟား။ ဝါးဟားဟား"

အသံများမှာ ကျယ်သထက်ကျယ်လာပြီး ပိုင်ရှောင်ချန်း၏ခေါင်းထဲတွင် မိုးခြိမ်းသံကဲ့သို့ ထစ်ခြုန်းနေတော့သည်။ ထိုအချိန်တွင် သူ့မျက်လုံးထဲ၌ အေးစက်သောအလင်းတစ်ခုပေါ်လာပြီး သူ့ကိုယ်ထဲတွင် အေးစိမ့်ချီများ လည်ပတ်လာလေသည်။ သူ၏ညာလက်မှာ မန္တန်လက်ကွက်တစ်ခု လျှပ်တပြက်ပေါ်လာပြီး သူ့ရင်ဘတ်အပေါ်သို့ ထာဝရပြုစားခြင်းသိုင်း ထုတ်ဖော်လိုက်လေသည်။

ချက်ချင်းပင် အသံများအားလုံး ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။ ပုလင်းထဲရှိ အမုန်းဝိညာဥ်များက သူ့ကို စိုက်ကြည့်နေကြသေးသော်လည်း ကြည့်ရသရွေ့ သူတို့က သူ့စိတ်ကို လွှမ်းမိုးနိုင်ပုံမရသဖြင့် အကြည့်လွှဲလိုက်ကြပြီး မြူစက်လုံးများအသွင် ပြန်ပြောင်းသွားလေသည်။

ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး လှည့်ပတ်ကြည့်လိုက်ကာ နောက်ဆုံးတွင် သူ့အကြည့်သည် ဆိုင်ထောင့်ရှိ လူတစ်ယောက်ပေါ်တွင် ရပ်တန့်သွား၏။ ထိုလူက အသက်ကြီးပြီး သူ၏ ဆံပင်အရောင် နှင့် တူသော ခဲရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ လက်ကို နောက်ပစ်ရင်း သူက ရှေ့သို့လျှောက်လာကာ ပိုင်ရှောင်ချန်းကို ပြုံးပြလေသည်။

" မင်းက လူသစ်လား"

သူက ခပ်တိုးတိုးမေးလိုက်သည်။

ပိုင်ရှောင်ချန်းက ခေါင်းညိတ်ပြလိုက်ပြီး ဤနေရာရှိ လူများ ဘာကြောင့် စကားများ မပြောသည်ကို သေချာသိသွားရာ အတန်ငယ် စိတ်ဓာတ်ကျသွားလေသည်။

" ကမ္ဘာမြို့တော်နဲ့ အဲဒီအလွန်က မြို့တွေမှာ အမုန်းဝိညာဥ်တွေနဲ့ အရှုပ်အရှင်းဖြစ်တာတွေကို ရှောင်ဖို့ မင်းအသံ နှိမ့်ထားဖို့လိုတယ်။ အကောင်းဆုံးကတော့ နတ်ဘုရားအာရုံနဲ့ အသံပေးပို့တာပဲ "

" ဒီမှာ အင်မတန် များပြားတဲ့ အမုန်းဝိညာဥ်တွေ ရှိတယ်။ တချို့ကို မင်းမျက်လုံးနဲ့ မြင်နိုင်ပေမယ့် တချို့ကျမရဘူး။ အဲဒီ ပုလင်းတွေထဲ မင်းမြင်လိုက်ရတာက သက်မဲ့ ဝိညာဥ်တွေအပြင် တခြားမဟုတ်ဘူး။ မင်းမြင်တယ်မလား။ မဟာတံတိုင်းရဲ့ အတွင်းကော အပြင်မှာပါ ဝိညာဥ်တွေက တန်ဖိုးအကြီးဆုံးရင်းမြစ်တွေပဲ။ ကျင့်ကြံခြင်းအတွက်ပဲ ဖြစ်ဖြစ်၊ ဆေးစပ်တာ ဒါမှမဟုတ် မှော်ပစ္စည်းတွေလုပ်တာအတွက်ပဲ ဖြစ်ဖြစ် ဝိညာဥ်တွေကို မင်း သုံးရတယ် "

အဖိုးအိုက ပြုံးပြ၍ ခေါင်းညိတ်ကာ လှည့်ထွက်သွားလေသည်။

ပိုင်ရှောင်ချန်းက ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် အချိန်အတန်ကြာ ဝိညာဥ်များကို လှည့်ပတ်ကြည့်လိုက်သည်။ သူသိလိုက်ရသည်မှာ အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်များသည် စျေးအနည်းဆုံးဖြစ်ပြီး အပေါများဆုံးဖြစ်ကာ အမြုတေအဆင့်ဝိညာဥ်များမှာ ပို၍ စျေးကြီးလေသည်။ ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များနှင့် သက်ဆိုင်သောအရာ တစ်ခုမှ မတွေ့ရပေ။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်း ထွက်လာလိုက်ပြီး လူအုပ်ထဲ ပြန်ရောလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် လရောင်ဖြာကျနေသော လမ်းသွယ်များတစ်လျှောက် လမ်းလျှောက်နေရင်း ယခင်ထက်ပင်ပို၍ သတိထားနေလေသည်။ နောက်ဆုံး၌ နောက်ဆိုင်တစ်ခုရောက်သွားကာ ရပ်ပြီး ကြည့်လိုက်မိလေသည်။

ထိုဆိုင်အတွင်းတွင် သူတို့ရောင်းချနေသည်များမှာ.. ....လူ့ဘီလူးကြီး များပင်။

မြို့တော်၏ အပြင်ဘက်တွင် ပြသထားသော အရိုးများအတိုင်း လူ့ဘီလူးကြီးများသည် ပိုထွားပြီး အရပ်ပိုမြင့်သည်က လွဲ၍ ကျင့်ကြံသူများနှင့် အလွန်တူလေသည်။ အများစုမှာ ၃ မီတာ သို့မဟုတ် ထို့ထက်ပို၍ပင် မြင့်ပြီး ဖုထစ်ကာ အမြောင်းလိုက် ထနေသော ကြွက်သားကြီးများဖြင့် အလွန်တရာ တောင့်တင်းသန်မာလေသည်။

ပြသထားသော လူ့ဘီလူးကြီးများကို ခေါင်းတလားများထဲတွင် ထည့်ထားပြီး သူတို့အပေါ်တွင် မရွေ့လျားနိုင်စေသည့် အချုပ်အနှောင်အမှတ်အသားများရှိလေသည်။ ယောက်ျား၊ မိန်းမ နှစ်မျိုးလုံးရှိပြီး သူတို့အထဲမှ တစ်ယောက်စီတိုင်းမှာ အလွန်အထင်ကြီးဖွယ်ကောင်းသော အပြင်အားခန္ဓာကိုယ်ရှိလေသည်။

ပိုင်ရှောင်ချန်းက အနားကပ်သွားသည်နှင့် ဖြူဖျော့နေသည့် မျက်နှာရှိသော အခြေခိုင်မာခြင်းအဆင့် အရောင်းစာရေးတစ်ယောက်က သတိထားမိသွားလေသည်။ ပိုင်ရှောင်ချန်းကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီးနောက် သူက တလေးတစားလက်ယှက်ပြီး ခပ်တိုးတိုးပြော၏။

" အစ်ကိုကြီး၊ ကျုပ်တို့ရဲ့ မြေရိုင်းသားအစေခံတွေက ကမ္ဘာမြို့တော်မှာ ရနိုင်တဲ့ လုံးဝအကောင်းဆုံးမဟုတ်ရင်မဟုတ်မယ်။ ဒါပေမယ့် သေချာပေါက် ထိပ်တန်းပဲ "

ပိုင်ရှောင်ချန်းက လူ့ဘီလူး​ကြီးများကို စပ်စပ်စုစုကြည့်လိုက်ပြီး သူတို့၏ သွားများမှာ တောရိုင်းတိရစ္ဆာန်များအလား စူးရှချွန်ထက်နေသည်ကို တွေ့လိုက်ရာ အံ့သြသွားတော့သည်။

" ခင်ဗျားတွေ့တယ်မလား" အရောင်းစာရေးကဆက်ပြောသည်။

" သူတို့ရဲ့ သွားတွေ အရိုးတွေ မပါပဲနဲ့တောင် သူတို့ရဲ့ အပြင်အားခန္ဓာကိုယ်က အင်မတန် စွမ်အားကြီးတာကြောင့် အတော်ဆုံးအစေခံတွေဖြစ်နေတာပေါ့။ ဒါ့အပြင် သူတို့ကို အချုပ်အနှောင်မန္တန်နဲ့ ပိတ်လှောင်ထားတော့ တစ်ချက်လေးတွေးလိုက်ရုံနဲ့တင် သူတို့ရဲ့ သေခြင်း၊ရှင်ခြင်းကို ခင်ဗျား ထိန်းချုပ်နိုင်တယ်"

" ချင်းမေ့ယွမ် နဲ့လဲ တစ်စက်မှ မတူဘူး "

ပိုင်ရှောင်ချန်းက သိချင်စိတ်ပြင်းပြစွာ တွေးလိုက်သည်။ သူက တစ်ယောက်ဝယ်ရန် စဥ်းစားလိုက်ပါသော်လည်း ကမ္ဘာမြို့တော်တွင် ငွေကြေးကို ဝိညာဥ်ကျောက်တုံးများ၊ တိုက်ပွဲအောင်မြင်မှုရမှတ်များနှင့်သာ လက်ခံလေရာ စွမ်းဆောင်မှုရမှတ်များမှာ လုံးဝ အသုံးမဝင်တော့ပေ။

အရောင်းစာရေးမှာ ဤနေရာတွင် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သောအတွေ့အကြုံများကြောင့် ပိုင်ရှောင်ချန်း ဘာတွေးနေလဲ သူသိလေသည်။ သူက ခပ်တိုးတိုးရယ်ရင်း ပြော၏။

" အစ်ကိုကြီး … ခင်ဗျားက ကမ္ဘာမြို့တော်ကို ခုမှရောက်တာမလား။ ကျုပ်ရှင်းပြပါရစေ။ ဒီလူ့ဘီလူးကြီး တွေက တကယ်တော့ လုံးဝစျေးမကြီးဘူး။ မဟာတံတိုင်းအပြင်ဘက်က လူ့ဘီလူးကြီး တွေကိုယ်တိုင် တည်ထောင်ထားတဲ့ မြို့တော်တွေမှာ အဖမ်းခံရတဲ့ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတွေကို ကျင့်ကြံခြင်းအဆင့်တူတဲ့ လူ့ဘီလူးကြီးတွေထက် ဆယ်ဆများတဲ့စျေးနဲ့ ရောင်းတယ် "

"ဘာ… "

ပိုင်ရှောင်ချန်းက အံ့သြသွားသော အမူအရာဖြင့် ပြောလိုက်လေသည်။

" အဲဒီမှာ လူ့ဘီလူးကြီး တွေက ကျင့်ကြံသူတွေကို ရောင်းတယ်လား "

"သေချာတာပေါ့"

အရောင်းစာရေးက အေးတိအေးစက်ပြန်ဖြေ၏။

" လူ့ဘီလူးကြီးတွေအတွက် မဟာတံတိုင်းထဲက ကျင့်ကြံသူတွေက အားအပြည့်ဆုံးအစားအစာလိုပဲလေ။ အဲဒီမှာ စိတ်စွမ်းအင်မရှိဘူး။ ပြီးတော့ ကျင့်ကြံသူတစ်ယောက်စီထဲမှာ စိတ်စွမ်းအင်ပင်လယ်တစ်စင်းရှိတယ်လေ။ သူတို့အတွက်တော့ ကျင့်ကြံသူတွေက... ..သက်ရှိ စိတ်စွမ်းအင်ကျောက်တွေလိုပဲ "

ပိုင်ရှောင်ချန်း၏ ဦးရေခွံမှာ စပ်ဖျဥ်းဖျဥ်းဖြစ်လာတော့သည်။ မဟာတံတိုင်းအပြင်ဘက်ရှိ လူရိုင်းများ၏ အဖမ်းခံရပြီး စိတ်စွမ်းအင်ကျောက်ကဲ့သို့ အခြောက်ကပ် အစုပ်ခံရမည်ကို တွေးလိုက်ရုံနှင့်ပင် သူ့မှာ အတွင်းကော အပြင်ပါတုန်တက်သွားတော့သည်။

" ဒီနေရာက အင်မတန် အန္တရာယ်များလိုက်တာ..."

သူက တွေးလိုက်သည်။ သူ အတော်လေး သဘောမကျဖြစ်သွားပြီး ဆိုင်မှထွက်လာကာ မြို့ကိုထပ်ကြည့်မည့်အစား တည်းခိုခန်းသာ ပြန်လာခဲ့လိုက်သည်။

မကြာခင် မိုးသောက်ချိန်ရောက်သွားပြီး ဇောင်ထျန်ကျောက်က ပိုင်ရှောင်ချန်းကို လာရှာလေသည်။ ကမ္ဘာမြို့တော်မှ ထွက်ခွာပြီး မဟာတံတိုင်းကို သွားရန် အချိန်ဖြစ်သည်မဟုတ်ပါလော။

သူတို့က ယခင်ထက်ပို၍ ခပ်ဖြေးဖြေးသွားလေသည်။ စိတ်စွမ်းအင်များလည်း တစ်စထက်တစ်စအားနည်းလာရာ ခရီးသွားရ ပိုပင်ပန်းပြီး အပန်းဖြေရန် ကြာချိန်များလည်း မြင့်တက်လာသည်မဟုတ်ပါလော။ ထို့အပြင် ဤခရီးလမ်းကြောင်းသည် ယခင်တစ်ခုထက် ပို၍ အန္တရာယ်များကြောင်း သိသာလေသည်။

မြေပြင်များမှာ အမှန်စင်စစ် ရောနေသော အမည်းရောင်များပင် ပျောက်လာပြီး သွေးများဖြင့် အပြည့်အဝ စိမ့်ဝင်နေသည့်အလား လုံးဝခရမ်းရောင်နီးပါးဖြစ်လာတော့သည်။ မြစ်များအထဲရှိ ရေများသည်လည်း ထိုနည်းတူပင်။ ပိုင်ရှောင်ချန်းနှင့် အဖွဲ့ရှိ အခြားသူများအတွက် အံ့သြတုန်လှုပ်ဖွယ်အတိဖြစ်နေတော့သည်။

တောင်များသည်လည်း ဟိုဟိုသည်သည်ရှိနေပြီး တခါတရံစွန့်ပစ်ထားသော ရွာများနှင့် အပင်များမရှိသော တောင်ကတုံးများဖြစ်ကြလေသည်။ အများအားဖြင့် အမြုတေအဆင့်နီးပါး စွမ်းအားကြီးကာ ဒါဇင်အနည်းငယ်မျှရှိသော အမုန်းဝိညာဥ်များအုပ်လိုက်လည်း ပျံထွက်လာ၏။

ကံကောင်းထောက်မစွာ အမုန်းဝိညာဥ်များက ရန်မမူကြပေ။ ပြောရလျှင် သူတို့က ဘေးတွင် မရပ်မနား ပျံသန်းနေကြလေသည်။ သို့ထိတိုင်အောင် ဇောင်ထျန်ကျောက်နှင့် အခြားသူများမှာ အနီးကပ်စောင့်ကြည့်နေကြပြီး သိသာစွာပင် ပိုင်ရှောင်ချန်းက ပို၍ပင် သတိရှိလေသည်။

သူက ပါးစပ်ကို စေ့နေအောင်ပိတ်ထားကာ အသံသေးသေးလေးပင် မထွက်ချေ။ အမုန်းဝိညာဥ်များ မြင်ကွင်းထဲမှ လုံးဝပျောက်သွားသည့်အခါမှ သူ စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်ရလေသည်။

သူတို့ ရှေ့ဆက်သွားကြစဥ် ကျင့်ကြံသူတစ်ယောက်ကိုမှ မမြင်ရပေ။ ဤကျတ်တီးမြေတွင် သက်ရှိအရိပ်မရှိသလောက်ဖြစ်ပြီး အပင်များနှင့် တိရစ္ဆာန်များပင်လျှင် ရှားပါးလာလေရာ လူတိုင်းမှာ သတိကြီးကြီးထားနေရတော့သည်။

သူတို့ ကျော်ဖြတ်ခဲ့သည့် အပင် သို့မဟုတ် သစ်ပင်တစ်ခုစီတိုင်းသည် အရင်ကတစ်ခုထက်ပို၍ ထူးဆန်းလာပြီး ပို၍ ရက်စက်ကြမ်းကြုတ်ပုံပေါ်လာလေသည်။

ပိုင်ရှောင်ချန်းသည် မည်းမှောင်နေသော ၉ မီတာ အရှည် အချွန်အတက်များပါသော ကျားသစ်နောက်လိုက်နေရင်း မြေပေါ်တွင် ပြေးနေသော ဧရာမတစ်ပင်ကြီးတစ်ပင်ကိုပင် မြင်လိုက်ရလေသည်။ ထိုသတ္တဝါကို ဖမ်းမိပြီးနောက်တွင် သစ်ပင်ကြီးက အရှင်လတ်လတ်မျိုချပစ်လိုက်လေသည်။

တစ်နေရာတွင် ဧရာမလက်အရှင်ကြီးတစ်ခုသည် ချောက်ထဲမှ ထွက်လာကာ ဖြတ်သွားသော အမည်းရောင်သိမ်းငှက်တစ်ကောင်ကို ဖမ်းဆွဲလိုက်ပြီး အသားလုံးကဲ့သို့ ဖိချပစ်လိုက်ရာ သွေးများ ပန်းထွက်လာလေသည်။

ဖိချပစ်လိုက်သော အသံမှာ လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်မှုများဖြင့် တဖျဥ်းဖျဥ်းဖြစ်သွားစေရန် လုံလောက်ပေသည်။

All Chapters