ထူးဆန်းနေပါသော
Vol. 16 Ch. 236
ချီရွှဲ့ထုံဂိုဏ်းက အကျိုးအမြတ်ကို ဦးစားပေးသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်၍ အစွမ်းနိမ့်ကျသူများက အစွမ်းကြီးသူများကို သိသိသာသာ လေးစားကြသည်။ အစွမ်းကြီးသူများနှင့် ပတ်သက်လာရသောအခါတွင် သူတို့သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသရလောက်အောင် မိုက်မဲသူ တစ်ယောက်မှ မရှိပေ။
ထိုကဲ့သို့ သဘောရှိတိုင်း ပြုမူကြသည့် လူအများစုမှာ ယခုအချိန်တိုင်အောင် အသက်ရှင်မည် မဟုတ်ပေ။
ယခုလောလောဆယ်၌ အခြေတည်အဆင့် ပဉ္စမမြောက်တောင်ထိပ်ဂိုဏ်းသားများက ရွှီချင်းကို အကြီးအကဲတစ်ယောက်နှင့် ဆုံတွေ့နေသည့်အလား လေးလေးစားစား ဆက်ဆံကြသည်။
မည်သည့်သဘောထားပင် ရှိနေပါစေ၊ ထိုကဲ့သို့ လေးလေးစားစား ဆက်ဆံသူများကို မုန်းတီးသူ အနည်းအကျဉ်းသာ ရှိပေမည်။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်ပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုကာ ချောင်တစ်ချောင်၌ ထိုင်ချလိုက်သည်။
ဒီရေလှိုင်းကို သူ စောင့်ဆိုင်းနေရင်း သူ့ခန္ဓာကိုယ်ထဲရှိ လေးဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်လိုက်သည်။
သက်စောင့်မီးတောက်အခြေတည်အဆင့်ကျင့်ကြံသူ၏ ဝိညာဉ်မှာ များစွာ အကျိုးရှိသည်။ တခဏလေးအတွင်း ရွှီချင်း၏ လေးဆယ့်တစ်ခုမြောက် ဓမ္မတံခါး အောင်မြင်စွာ ပွင့်သွားပြီး လေးဆယ့်နှစ်ခုမြောက် ဓမ္မတံခါးကို တိုက်ခိုက်ရန် ဝိညာဉ်စွမ်းအားပင် ကျန်သေးသည်။
ယင်းဝိညာဉ်စွမ်းအားများက လေးဆယ့်ခုနစ်မြောက် ဓမ္မတံခါးကို မဖျက်စီးနိုင်ပါသော်ငြား အက်ကွဲကြောင်းများ ဖြစ်သွားစေခဲ့သည်။
ရွှီချင်း အတော်လေး သဘောကျသွားသည်။ ယခုအတိုင်းသာ ဆက်သွားနေပါက ဒုတိယမြောက် သက်စောင့်မီးတောက်ကို ထုတ်ဖော်နိုင်ရန် မလိုတော့ကြောင်း သူ သိလိုက်သည်။ ထိုအချိန်ရောက်လျှင် သူ့ကိုကြည့်ရသည်မှာ သက်စောင့်မီးတောက်နှစ်ခုသာ ရှိနေဟန်ထင်ရမည်ဖြစ်သော်လည်း သူ၏အတိုက်အခိုက်စွမ်းရည်က သက်စောင့်မီးလုံးသုံးလုံးသို့ ရောက်နေမည် ဖြစ်သည်။
‘ သက်စောင့်မီးတောက်အခြေတည်အဆင့်ကျင့်ကြံသူတွေ အများကြီး မရှိတာ နာတာပဲ။ အဲဒီကျင့်ကြံသူတွေနဲ့သာ ကံကောင်းပြီး တွေ့လိုက်လို့ကတော့ ’
ရွှီချင်း၏ အတွေးများ ယောက်ယက်ခတ်နေပြီး နောက်ထပ် ခက်ခဲသော တာဝန်အနည်းငယ်အား လက်ခံရန် သင့်၊ မသင့် စဉ်းစားနေသည်။
သူ စဉ်းစားနေစဉ် တောင်ကြားအပြင်ဘက်ရှိ ဂိုဏ်းသားများက တောင်ကြားထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြပြီး ဆေးပေါင်းဖို ဖြုတ်ကာ ဓမ္မလက်နက်များအား သိမ်းဆည်းနေသော ဒုတိယတောင်ထိပ်ဂိုဏ်းသားများကို ကူညီပေးလိုက်သည်။
မကြာခင် အရာအားလုံး ပြင်ဆင်ပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ပတ်လည်တွင် လူအားလုံး စုရုံးရောက်ရှိလာကြသည်။ ဂိုဏ်း၏ ဒီရေစွမ်းအားကို သူတို့ စောင့်ဆိုင်းနေရင်း ရွှီချင်းကို ခိုးကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးတီးတိုးပြောဆိုနေကြသည်။
ရွှီချင်းက တောင်ကြားထဲရှိ လူအားလုံးအတွက် ကျောထောက်နောက်ခံပမာ ဖြစ်လာဟန်တူသည်။ စစ်မြေပြင်မှာ ရှိသော်လည်း ရွှီချင်း ရှိနေခြင်းကြောင့် သူတို့အားလုံး ဘေးကင်းလုံခြုံစွာ ခံစားနေရသည်။
ထိုစဉ် ကျွန်းတစ်ကျွန်းလုံး တဝုန်းဝုန်းမြည်ဟည်းကာ မြေငလျင်များ ကြိမ်ဖန်များစွာ လှုပ်ခတ်သွားသည်။ တခြားတည်နေရာရွှေ့ပြောင်းခြင်းဆုံမှတ်များမှ အငွေ့အသက်များကြောင့် ဖြစ်ပေါ်လာသော အသံလှိုင်းများသည်လည်း နေရာအနှံ့ ပျံ့လွင့်နေသည်။
ဓာတ်နှောများသည်လည်း တစတစ သိပ်သည်းထူထပ်လာသည်။
ကောင်းကင်ကြီး မှောင်မည်းကာ မိုးသားတိမ်စိုင်များသည်လည်း အန္တရာယ်များကို ကွယ်ဝှက်နေသည့်အလား မှိုင်းညို့လာသည်။
“ ဂိုဏ်းတူအစ်ကို၊ ညီမ ဒီကျွန်းပေါ်မှာ အစီအရင်မျက်လုံးတွေအများကြီး မြှုပ်ထားခဲ့တာ။ အခု မျက်လုံးတစ်ဝက်ကျော် ဖျက်ဆီးခံလိုက်ရပေမဲ့ တချို့မြင်ကွင်းတွေကို ကြည့်လို့ရသေးတယ် ”
ရွှီချင်း တရားထိုင်နေစဉ် ဒုတိယမြောက်တောင်ထိပ်မှ သက်စောင့်မီးတောက်နှင့် မိန်းမပျိုက ဝမ်းဗိုက်ပေါ်ရှိ စုတ်ပြတ်နေသော အင်္ကျီနေရာကို လက်ဖြင့် ဖုံးကွယ်ကာ ဘေးသို့ လျှောက်လာသည်။
ထိုမိန်းမပျို၏ ဒဏ်ရာများက အလွန် ပြင်းထန်ပြီး မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည့်တိုင်အောင် သူမ၏အလှကို ကွယ်ဝှက်မထားနိုင်ပေ။ သူမသည် ဘဲဥပုံသွယ်လျသောမျက်နှာ၊ ကွေးညွှတ်သော မျက်ခုံးမွှေးများနှင့် ဖီးနစ်မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူမသည် အသက်သုံးဆယ်အရွယ် မိန်းမလှလေးတစ်ဦးဖြစ်သည်။ နှစ်ပေါင်းများစွာ ဆေးလုံးများ ဖော်စပ်လာခဲ့သည်ဖြစ်၍ သူမ၏ကိုယ်မှ ကူးမုချင်းကဲ့သို့ သင်းပျံ့သော ဆေးနံ့ ထွက်ပေါ်နေသည်။
ရွှီချင်း လှမ်းကြည့်လိုက်သည်။
ထိုအမျိုးသမီးက ရည်ရွယ်ချက်ရှိရှိလုပ်နေသည်လား မသိရပေ။ ရွှီချင်းက ထိုင်နေပြီး ထိုအမျိုးသမီးက မတ်တတ်ရပ်နေသည့်အတွက်ကြောင့် ရွှီချင်း ခေါင်းမော့ကြည့်လိုက်သောအခါတွင် လက်ဖြင့် ဖုံးထားသော ထိုအမျိုးသမီး၏ ဝမ်းဗိုက်ရှိ စုတ်ပြဲနေသော အင်္ကျီနေရာကို ကောင်းစွာ မြင်နေရသည်။ သို့သော် ထိုအမျိုးသမီးက ထိုနေရာကို သေချာဖုံးကွယ်မထားပေ။ သို့ဖြစ်ရာ တင်းရင်းဝိုင်းစက်သည့် တောင်စိုင်နှစ်ခု ရှိနေဟန်တူသည့် နှင်းပွင့်ပမာ ဖြူစွတ်လှပနေသော နို့နှစ်ရောင်အသားအရေ ပေါ်လာသည်။
ရွှီချင်းက မျက်နှာသေဖြင့် အကြည့်လွှဲကာ အမျိုးသမီး၏ မျက်နှာကို ကြည့်လိုက်သည်။ သူတို့အကြည့်ချင်း ဆုံသွားသည့်အခိုက် ဒုတိယတောင်ထိပ်အမျိုးသမီးသည် ရွှီချင်း၏ မျက်နှာကိုကြည့်၍ သူ့ကိုယ်မှ လာနေသော ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားလိုက်ရပြီး ရင်တဒိန်းဒိန်းခုန်သွားသည်။
သို့သော်လည်း ကိုယ်နေဟန်ထား ပျက်နေသည်ကို ထိုအမျိုးသမီး ချက်ချင်း နားလည်သွားပြီး အလျင်အမြန် ခေါင်းငုံ့၍ မန္တန်လက်ကွက်များ ဖော်လိုက်ရာ ရုတ်တရက် ရှေ့တွင် ဖန်သားပြင်တစ်ခု ပေါ်လာသည်။
ဖန်သားပြင်ပေါ်၌ ပင်လယ်ထဲမှ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်အများအပြား တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များမှာ များပြားလွန်းလှသည်ဖြစ်၍ ထိတ်လန့်တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေပေသည်။
တချိန်တည်းမှာပင် ကျွန်းပေါ်ရှိ နေရာအများစုတွင်လည်း အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များ ရှိနေသည်။
သူတို့အနီးသိ့ု ချဉ်းကပ်လာနေသော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တချို့ပင် ရှိသည်။
“ ဒီရေလှိုင်းလာဖို့ ဘယ်လောက်ကြာမှာတုံး ”
ရွှီချင်းက မေးလိုက်သည်။
“ အသက်တစ်ရာရှူချိန်လောက် ကြာမှာ ”
ရွှီချင်း မေးခွန်းကို ဖြေလိုက်သူမှာ သက်စောင့်မီးလုံးနှင့် အမျိုးသမီး မဟုတ်ဘဲ ခပ်သွက်သွက်လျှောက်လာသည့် ကူးမုချင်း ဖြစ်သည်။
ကူးမုချင်းက မြန်ဆန်စွာ လျှောက်လာနေသည်ဖြစ်၍ မဟူရာဆံကေသာများ လေအဝှေ့တွင် လွင့်ပျံနေသည်။ သူမ ရောက်သောအခါတွင် ဆံစအနည်းငယ်က လှပသော မျက်နှာလေးပေါ် ဝဲလွင့်သွားပေရာ လှပသော မြင်ကွင်းတစ်ရပ် ဖြစ်နေပေသည်။
အထူးသဖြင့် ကြည်လင်တောက်ပသော မျက်ဝန်းများကြောင့် ကူးမုချင်းမှာ ပန်းချီကားချပ်ထဲမှ နတ်မိမယ်ပမာ ဖြစ်နေပေသည်။
ကူးမုချင်းက ဘေးရှိ အမျိုးသမီးကို ကြည့်ကာ ညင်သာစွာ အရိုအသေပေးလိုက်သည်။
“ ဂိုဏ်းတူဒေါ်လေးလီကို နှုတ်ဆက်ပါတယ် ”
အမျိုးသမီးက ပြုံး၍ ကူးမုချင်းကို အဓိပ္ပာယ်ပါသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက် ကူးမုချင်းက ရွှီချင်းကို ကြည့်လိုက်၏။
“ အစ်ကိုရွှီ … ”
ရွှီချင်းက ကူးမုချင်းကို လှမ်းကြည့်လိုက်သည်။
ကူးမုချင်းသည် ‘ အစ်ကိုရွှီ ’ ဟု ခေါ်သည့်အပေါ် ရွှီချင်းက စိတ်ထဲမထားသည်ကို မြင်၍ အလွန် ပျော်ရွှင်သွားပြီး ချိုသာစွာ ပြောလိုက်သည်။
“ အစ်ကိုရွှီ၊ ဒါက ဒီနေရာက တားမြစ်ဆေးကို ထိန်းချုပ်တဲ့ ကျောက်စိမ်းပေလွှာပါ။ ဂိုဏ်းက ညီမတို့ နောက်မဆုတ်ခင် အဲဒီဆေးကို အသက်သွင်းခဲ့ဖို့ တောင်းဆိုထားပါတယ်။ အစ်ကိုက ဒီမှာ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးဖြစ်လို့ အစ်ကိုပဲ ဆုံးဖြတ်ပေးပါ ”
ကူးမုချင်းက ပြောပြီးသည်နှင့် ကျောက်စိမ်းပေလွှာကို ရွှီချင်းအား ပေးလိုက်သည်။
ကျောက်စိမ်းပေလွှာက ဘေးရှိ ဒုတိယမြောက်တောင်ထိပ်မှ အခြေတည်အဆင့်အမျိုးသမီးနှင့် ရှိမနေဘဲ ကူးမုချင်းနှင့်အတူ ရှိနေသည်ကို ရွှီချင်း အံ့အားသင့်မနေဘဲ ကျောက်စိမ်းပေလွှာကို ယူလိုက်သည်။ ချီရွှဲ့ထုံဂိုဏ်းမှ မြေခွေးအိုကြီးများက အဓိကဂိုဏ်းသားများအား အယုံကြည်ဆုံး ဖြစ်သည်ကို သူ သိထားသည် မဟုတ်ပါလား။
ထို့ကြောင့် ယခုကဲ့သို့ စီစဉ်ထားသည်မှာ အထူးအဆန်း မဟုတ်ပေ။
ကျောက်စိမ်းပေလွှာကို ရွှီချင်း ကြည့်နေစဉ် တောင်ကြားအပြင်ဘက်မှ တရွှီရွှီမြည်သံများ ထွက်ပေါ်လာပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တစ်စု ပေါ်လာသည်။ သူတို့က မြေပြင်ပေါ်မှ အလောင်းများကို မြင်ပါသော်လည်း တောင်ကြားထဲသို့ ဆက်လက်တိုးဝင်လာသည်။
တောင်ကြားထဲရှိ လူအားလုံး အထိတ်တလန့် ဖြစ်သွားစဉ် ရွှီချင်းသည် ခေါင်းပင်မော့မကြည့်ဘဲ ကျောက်စိမ်းပေလွှာကိုသာ ဆက်လက်စစ်ဆေးနေ၏။
ထို့နောက် တောင်ကြားအပြင်ဘက်မှ စူးစူးဝါးဝါးအော်ဟစ်သံများ လွင့်ပျံလာသည်။ တောင်ကြားထဲသို့ ချဉ်းနင်းဝင်ရောက်လာသည့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များအားလုံး ချက်ချင်း ပုတ်ပွသည့်လက္ခဏာများ ပြသလာသည်။ မျိုးနွယ်ဝင်တချို့မှာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အပြာရောင်သွေးအိုင်များအဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကြောင့် တောင်ကြားထဲရှိ ဂိုဏ်းသားအားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ရင်တဒိန်းဒိန်းခုန်သွားသည်။ ဒုတိယမြောက်တောင်ထိပ်ဂိုဏ်းသားများမှာ ပထမဆုံး အသိဝင်လာပြီး အပြင်ဘက်လောကကို ငေးကြည့်လိုက်သည်။ တချိန်တည်းမှာပင် ရွှီချင်းကိုလည်း အံ့သြတုန်လှုပ်သည့်အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ယင်းက အဆိပ်ဖြစ်သည်ကို သူတို့ သိသည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်များပင် တောင့်မခံနိုင်သော အဆိပ်မှာ အထူးဖော်စပ်ထားသော အဆိပ်သာ ဖြစ်သည်။ ထိုကဲ့သို့ အထူးဖော်စပ်ထားသော အဆိပ်တစ်မျိုး ဖြစ်ပေါ်လာရန် ဆေးပညာ၌ မြင့်မားသော အသိပညာရှိရမည်သာမက မရေမတွက်နိုင်သော စမ်းသပ်မှုများကိုလည်း လုပ်ရမည်ဖြစ်သည်။
ဆေးပညာဗဟုသုတရှိရန်မှာ အဆင်ပြေပါသော်လည်း စမ်းသပ်မှုများ လုပ်ရန်မှာ အခက်ခဲဆုံး ဖြစ်သည်။
ယင်းကြောင့်လည်း ဒုတိယမြောက်တောင်ထိပ်၌ အဆိပ်ကို ဖော်စပ်သူ အလွန် ရှားပါးနေရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုရသော် လူတစ်ယောက်ကို မသတ်ခင် အဆိပ်ဖော်နေစဉ်အတောအတွင်း အဆိပ်မိသွားနိုင်သည် မဟုတ်ပါလား။
ထိုကဲ့သို့ ပြင်းထန်သော အဆိပ်ကြောင့် လူအားလုံး ပို၍ပင် စိတ်အေးလက်အေး ဖြစ်သွားကြသည်။ တစ်ဆက်တည်း တောင်ကြားအပြင်ဘက်တွင် ချက်ချင်း ငြိမ်ကျသွားသည်။ ပြင်းထန်သော အဆိပ်နှင့် ညအမှောင်ထုကို အားပြုကာ သံတုတ်နှင့် အရိပ်တို့ အပြင်ထွက်၍ တိုက်ခိုက်နေခြင်းကြောင့် အလွန် လျင်မြန်စွာ ငြိမ်သက်သွားသည်မှာ သဘာဝကျပေသည်။
ထိုသို့ဖြင့် အသက်တစ်ရာစာ ရှူချိန် ကုန်ဆုံးသွားတော့မည်ဖြစ်သည်။ လူအားလုံး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင်ဘက်တွင် အုပ်စုလိုက် ရပ်နေကြပြီး အသက်ဝင်မည့်အချိန်ကို စောင့်နေကြသည်။
ဤနေရာရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က မကြီးမားပေ။ ဤနေရာရှိ လူအရေအတွက်အရ လူအားလုံး တည်နေရာ ရွှေ့ပြောင်းရန် သုံးကြိမ်အသက်ဝင်ရန်သာ လိုသည်။
ရွှီချင်းသည်လည်း မတ်တတ်ရပ်ကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဘေးသို့ လျှောက်သွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တောင်ကြားအပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ရွှီချင်း လှည့်ကြည့်လိုက်သည့်အချိန်မှာပင် တောင်ကြားအပြင်ဘက်ရှိ ညအမှောင်ထုထဲ တုန်လှုပ်ချောက်ချားစရာကောင်းသော မီးအရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာသည်။ ယင်းအရိပ်သည် အဖြူရောင်ဝတ်ရုံဝတ်လူရိပ်ဖြစ်ပြီး အဝေးမှ အလျင်အမြန် ပြေးလာနေ၏။
ထိုလူ၏ ခန္ဓာကိုယ်မှ အလောင်းအဆိပ် ထွက်ပေါ်နေပြီး သက်စောင့်မီးတောက်သည်လည်း တဟုန်းဟုန်း တောက်လောင်နေသည်။ သူ၏ ရွှမ်ယောက်အသွင်သဏ္ဍာန်အရှိန်အဝါက သက်စောင့်မီးလုံးတစ်လုံးနှင့် ကျင့်ကြံသူထက် သာသည်။ သူ အနားကပ်လာသည်နှင့် မိုးခြိမ်းသံ မြည်ဟည်းသွားသည်။
သူက ဖော်ပြ၍ မရနိုင်လောက်အောင် မြန်ဆန်ပြီး သာမန်အခြေတည်အဆင့်ကျင့်ကြံသူများအနေဖြင့် သူ့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် မဖြစ်နိုင်ပေ။ သက်စောင့်မီးလုံးတစ်လုံးနှင့် အမျိုးသမီးသည်ပင် ကောင်းစွာ မမြင်ရပေ။
ထိုအချိန်၌ ချီရွှဲ့ထုံဂိုဏ်းသားများမှာ ထိန်းချုပ်၍မရနိုင်လောက်အောင် စိတ်ထဲတင်းကြပ်လာကြသည်။
အဝေးမှကြည့်ပါက ထိုသူ၏ခန္ဓာကိုယ်ထဲ မီးတောင်တစ်လုံး ပေါက်ကွဲနေသည့်အလား ဖြစ်နေပြီး အလောင်းအဆိပ်နှင့် တွဲဖက်လိုက်သောအခါတွင် မီးတောက်များက စိမ်းဖန့်ဖန့်အရောင်ပြောင်းသွားသည်။
“ သက်စောင့်မီးလုံးနှစ်လုံး ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။
ယင်းလူသည် စစ်မြေပြင်၌ ရွီှချင်း မြင်ဖူးသည့် ပထမဆုံး သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူ ဖြစ်သည်။
သူ့အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းပြီး အနားရောက်သည်နှင့် သူ့ကိုယ်မှ ထွက်ပေါ်နေသည့် အလင်းရောင်ကြောင့် ကောင်းကင်နှင့်မြေပြင် စိမ်းဖန့်သွားသည်။
တောင်ကြားထဲသို့ စိမ်းဖန့်ဖန့်လက်ဝါးတစ်ချပ် ဖျတ်ခနဲ ပိတ်ရိုက်လိုက်သည့်အလားပင်။
အနားသို့ ရောက်သောအခါတွင် ထိုလူရိပ်သည် တောင်ကြားထဲရှိ အရာအားလုံးကို ရှင်းရှင်းလင်း မြင်သွားသည်။ သူ အတန်ငယ် ရပ်တန့်သွားဟန်တူပါသော်လည်း မည်သည့်အတွက်ကြောင့်မသိ တဟားဟား ရယ်မောကာ ပို၍ပင် မြန်ဆန်စွာ သွားလေသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး ရှေ့တစ်လှမ်း လှမ်းလိုက်သည်။ မြေပြင်သို့ ခြေထောက်ကျသည့်အခိုက် သူ့ကိုယ်ထဲမှ သက်စောင့်မီးအိမ် တောက်လောင်လာသည်။
တဝုန်းဝုန်းမြည်ဟည်းကာ မီးတောင်ပေါက်ကွဲသွားခြင်းနှင့်အတူ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ ပြောင်းသွားသည်။ ရင်းနှီးသော အာရုံတစ်ခု ပြန်လည်ပေါ်ပေါက်လာပြီး ဘေးပတ်လည်ရှိ အရာအားလုံး နှေးကွေးသွားသည်။ ရှေ့တူရှုမှ ချဉ်းကပ်လာနေသော လူရိပ်သည်သာ ပုံမှန်နှုန်းဖြင့် ရွေ့လျားနေ၏။
ရွှီချင်းက လေထဲသို့ ချက်ချင်း ပျံတက်လိုက်ပြီး ထိုလူရိပ်ထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
မျက်တောင်တစ်ချက်ခတ်အတွင်း သူတို့နှစ်ယောက် လေထဲ ထိပ်တိုက်တွေ့ဆုံသွားသည်။ မိုးခြိမ်းသံထက် ကျယ်လောင်သော မြည်ဟည်းသံကြီး အဖက်ဖက်သို့ လွင့်ပျံသွားသည်။ တချိန်တည်းမှာပင် ရွှီချင်းသည် ခန္ဓာကိုယ်ထဲ သက်စောင့်မီးတောက် တောက်လောင်နေလျက် ညာလက်ကို လက်သီးအဖြစ် ဆုပ်၍ အညှာအတာမဲ့စွာ ထိုးနှက်လိုက်သည်။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ထဲမှလည်း သက်စောင့်မီးတောက် တောက်လောင်လာပြီး သူသည်လည်း လက်သီးချက်တစ်လုံး ပစ်လွှတ်လိုက်သည်။
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံသွားသည်။ ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး ကိုယ်တွင်းအင်္ဂါများ အလိပ်လိုက်ထလာသည်။ ထိုကျင့်ကြံသူ မည်မျှအစွမ်းထက်သည်ကို သူ သတိထားမိလိုက်သည်။ ထိုကျင့်ကြံသူ၏အစွမ်းက ရွှီချင်းခန့်မှန်းထားသော သက်စောင့်မီးလုံးနှစ်လုံးထက်ပင် ကျော်လွန်နေသည်။
သူက ခိုင်မာသော ချီစုစည်းခြင်းအဆင့်အခြေခံ ရှိပြီး သက်စောင့်မီးအိမ်လည်း ပိုင်ဆိုင်ထားသည်ဖြစ်၍ သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူများကို အသာစီးရယူနိုင်ပါသော်ငြား ထိုဝတ်ရုံဖြူဝတ်အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်မှာ အနည်းငယ် ကွဲပြားနေသည်။
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ရှဲကျင်းလုံပေါ်လာပြီး ထိုကျင့်ကြံသူထံ ဝင်ရောက်သွားသည်။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာမီးတောက်နက်များလည်း တဟုန်းဟုန်း တောက်လောင်လာပြီး မီးဓားမြှောင်များအသွင်ဖြင့် ထိုကျင့်ကြံသူထံ တန်းတန်းမတ်မတ် ဝင်သွားသည်။
ရွှီချင်းက ဘယ်လက်ကို မြှောက်လိုက်ရာ မျက်တောင်တစ်ချက်ခတ်အတွင်း သူ့ခေါင်းအထက်တွင် ကောင်းကင်ဓားမော့တစ်လက် ပေါ်လာသည်။
ရွှမ်ယောက်အသွင်သဏ္ဍာန်သို့ သူ ရောက်သွားခြင်းကြောင့် ထိုဓားမော့က ပို၍ပင် ကြီးမားလာကာ အစွမ်းထက်လာသည်။ ဓားမော့ကိုယ်ထည်တစ်ခုလုံး မီးတောက်နက်များ တောက်လောင်နေပြီး ဝတ်ရုံဖြူဝတ်ကျင့်ကြံသူကို အညှာအတာမဲ့စွာ ခုတ်ပိုင်းလိုက်သည်။
မြေပြင်တုန်ဟီးသွားစေနိုင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။
ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ ခန္ဓာကိုယ် နောက်သို့ လွင့်စဉ်သွားသည်။ ဓားမော့ကို သူ အလွယ်တကူ မခုခံနိုင်ခဲ့ဘဲ သူ့ကိုယ်ထဲမှ သက်စောင့်မီးတောက်များ ယိမ်းခါနေသည်။
ရွှီချင်းက ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် ပြေးဝင်သွားပြန်သည်။
ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ တစ်ကိုယ်လုံး ဝတ်ရုံဖြင့် လွှမ်းခြုံထားပြီး သူ့ရုပ်ရည်သွင်ပြင်ကို မမြင်ရပါသော်လည်း သူ့မျက်လုံးများထဲတွင် ရူးသွပ်သည့်အရိပ်အယောင်များ အထင်းသား ပေါ်လာသည်။
ထိုရူးသွပ်သည့်အရိပ်အယောင်များကို ရွှီချင်း မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူ များများစားစား တွေးတောနေရန်အချိန်မရှိဘဲ ဆက်လက်ပြေးထွက်သွားသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ဝတ်ရုံဖြူဝတ်ကျင့်ကြံသူနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ဘုန်းခနဲ မြည်ဟည်းသံများ ဆက်လက်လွင့်ပျံသွားသည်။ သူတို့နှစ်ယောက်က ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသီးသီးထုတ်ဖော်၍ လေထဲတွင် လက်သီးချင်း ဖလှယ်နေကြသည်။ သူတို့မန္တန်များက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ အသက်ဆယ်ကြိမ်ရှူစာအတွင်း လက်သီးချင်း အကြိမ်တစ်ရာကျော် ဖလှယ်ပြီးသွားကြပြီ ဖြစ်သည်။
ထိုသို့ အစွမ်းကုန် တိုက်ခိုက်ပြီးနောက် သူတို့နှစ်ယောက်လုံး နောက်ဆုတ်သွားသည်။ ရွှီချင်းက သွေးတစ်ပွက်အန်လိုက်ပြီး ဝတ်ရုံဖြူဝတ်ကျင့်ကြံသူသည်လည်း သွေးတစ်ပွက် အန်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများအပြင် အားမလိုအားမရဖြစ်ခြင်းနှင့် အံ့အားသင့်ခြင်းများ ရောယှက်နေ၏။
ရွှီချင်းက တစ်ဖက်လူ၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်ပါသော်လည်း စကားတစ်ခွန်း မဆိုပေ။ သူ့ကိုယ်ထဲမှ မီးတောင် ပေါက်ကွဲလာပြီး စူးရှချွန်ထက်သော ဓားတစ်လက်ပမာ ပြေးထွက်သွားသည်။
သူက လက်ထဲရှိ ဓားမြှောင်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ဓားမော့ပြန်ပေါ်လာသည်။ တစ်ဆက်တည်း သူ့ကိုယ်ထဲမှ ဝိညာဉ်ပင်လယ် ပြန့်ကားလာသည်။ သံတုတ်နက်လေးသည်လည်း ခေါင်းလောင်းသံ တဒေါင်ဒေါင် မြည်သံပေးနေသည်။
ယင်းအပြင် ရွှီချင်းသည် တိုက်ခိုက်ရာ၌ အဆိပ်များစွာကိုလည်း ပက်လိုက်သည်။ သူ အနားသို့ ရောက်သွားသည်နှင့် ထိုကျင့်ကြံသူ၏ လည်ပင်းကို ဓားမြှောင်ဖြင့် အညှာအတာမဲ့စွာ လှီးဖြတ်လိုက်သည်။
ထိုဝတ်ရုံဖြူဝတ်ကျင့်ကြံသူသည်လည်း ခေသူမဟုတ်ပေ။ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ ဘေးပတ်လည်မှ အလောင်းအဆိပ်များ ချက်ချင်း အေးစက်သွားပြီး ရွှီချင်းကို အေးခဲချင်နေသည့်အလား အရပ်မျက်နှာအနှံ့မှ တိုးဝင်သွားသည်။ တစ်ဆက်တည်း သူ့ရှေ့မှာ ရေခဲတုံးကြီး ပေါ်လာကာ ရွှီချင်းကို တိုက်ခိုက်လိုက်သည်။
ရွှီချင်းမှာ နောက်ဆုတ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ မျက်လုံးများ ဝင်းလက်သွားပြီး ဆတ်ခနဲ လှုပ်ရှားသွားသည်။ မည်သည့်လျှို့ဝှက်အတတ်ကို သူ အသုံးပြုလိုက်သည် မသိရပါသော်လည်း လေဟာနယ်ထဲ သူ ဝင်ရောက်သွားကာ ရွှီချင်းရှေ့၌ ပေါ်လာပြီး ရွှီချင်း၏လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
ထိုသည်ကို ရွှီချင်းမြင်သောအခါ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ အံ့အားသင့်သွားရလောက်အောင် မရှောင်တိမ်းဘဲ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ လက်ဝါးကို ခေါင်းဖြင့် အညှာအတာမဲ့စွာ တိုက်လိုက်သည်။
ထို့နောက် ခေါင်းနှင့်လက်ဝါး ထိပ်တိုက်တွေ့ဆုံသွားသည်။ ရွှီချင်း၏ခေါင်းမှ သွေးများ ဖွာခနဲ ပန်းထွက်လာပြီး ဝတ်ရုံဖြူဝတ်ကျင့်ကြံသူမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူ့ညာလက်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ သူ နောက်ဆုတ်ရန် ပြင်လိုက်စဉ် ရွှီချင်းက သူ့အနားသို့ တိုးလာပြီး သူ့ဗိုက်ကို လှီးလိုက်သည်။
ရွှီချင်းက ကြောက်ခမန်းလိလိ မြန်ဆန်နေရာ ဝတ်ရုံဖြူဝတ်ကျင့်ကြံသူ၏ မျက်လုံးများ မှေးသွားသည်။ သူ့စိတ်ထဲ တုန်ရီသွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သို့သော် သူ့ဝတ်ရုံ ထိုးဖောက်ခံလိုက်ရပြီး အထဲမှ ပစ္စည်းတချို့ ပြန့်ကျဲသွားသည်။
ပစ္စည်းမျိုးစုံ ရှိပါသော်လည်း မျက်လုံးထဲ ထင်းခနဲ ဖြစ်စေသည့် ပစ္စည်းများမှာ သစ်သီးများ ဖြစ်သည်။ လိမ္မော်သီးများ၊ မက်မွန်သီးများ၊ သစ်တော်သီးများ ပါဝင်ပြီး ယင်းသစ်သီးများအနက် ပန်းသီးများက အများဆုံး ဖြစ်သည်။