ရှီကန်ဟိုင်နှင့် ရင်ဆိုင်ခြင်း
Vol. 9 Ch. 132
အခန်း (၁၃၂) ရှီကန်ဟိုင်နှင့် ရင်ဆိုင်ခြင်း
ကျန်းတိုင်၏တိုက်ခိုက်မှုသည် ပရိသတ်တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။ လူတိုင်းက ထူးထူးခြားခြား ရုပ်ရည်သန့်ပြန့်သည့် ထိုလူငယ်လေးကို အံ့အားသင့်စွာ ကြည့်နေကြသည်။
အမှန်တကယ်တော့ သူက လျူရှီယူ၏ လက်တဖက်ကို ဆေဘာတစ်ချောင်းဖြင့် ဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းသည် ဓားကို ကိုင်ဆောင်ထားသည့် လက်ဖြစ်သည်။ လျူရှီယူသည် လုံးဝသုံးစားမရ ဖြစ်သွားမည့်ပုံပေါ်
နေသည်။
ကမန်းကတန်းရောက်ရှိလာသော တော်ဝင်အကြီးအကဲသည် လေထဲတွင်ရပ်ကာ ဤမြင်ကွင်းကို ကြည့်နေသည်။ သူသည် ကျန်းတိုင်ကို အပြစ်ပေးရန် ဘာမှမပြောသေးဘဲ မျက်မှောင်ကြုတ်လိုက်သည်။ လျူရှီယူက သူ့ကို ပထမဆုံး ချောင်းမြောင်းတိုက်ခိုက်သူဖြစ်သည်။
လျူရှီယူသည် မြေပြင်ပေါ်တွင် လှဲနေပြီး ရူးသွပ်စွာ အော်ဟစ်နေသည်။ သူ၏မျက်လုံးများက တစ်ဖက်မှာ ပြုတ်ကျသွားသော လက်ကို စိုက်ကြည့်နေသည်။ သူ၏မျက်နှာပေါ်ရှိ သွေးကြောများသည် ပေါက်ထွက်သွားလုနီးပါးဖြစ်နေပြီး သူ၏ခန္ဓာကိုယ်သည်အဆက်မပြတ် တုန်ခါနေသည်။ သူ၏မျက်နှာက ရက်စက်ကြမ်းကြုတ် လွန်းလှသည်။
"ကောင်းပြီ၊ သူ့ကို ခေါ်သွားလိုက်!"တော်ဝင်အကြီးအကဲက အမိန့်ပေးပြီးနောက် တပည့်အနည်းငယ်က ဝမ်းနည်းစွာအော်ဟစ်နေသော လျူရှီယူကို လာရောက် သယ်ဆောင်ကြသည်။
ပြိုင်ပွဲကွင်းပြင်အပြင်ဘက်မှ ပရိသတ်များ သည် တုန်လှုပ်ချောက်ချားသွားကြပြီး သူတို့၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း ကျန်းတိုင်ကိုကြည့်သည့် သူတို့၏ အကြည့်များသည် ရိုသေလေးစားမှု အပြည့်ရှိလာသည်။
"ဒီပွဲကို ကျန်းတိုင်က အနိုင်ရသူလို့ ငါ ကြေငြာတယ်။ နောက်တပွဲစကြရအောင်။ ဒါပေမယ့် ပြိုင်ပွဲက ပြိုင်ပွဲတစ်ပွဲပဲ၊ တပည့်တွေရဲ့ ခင်မင်ရင်းနှီးမှုကို မထိခိုက်စေနဲ့။ " တော်ဝင်အကြီးအကဲ၏ အိုမင်းနေသည့်အသံသည် အားကောင်းလှပြီး ကောင်းကင် မိုးကြိုးရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်နေသည်။ ထို့နောက် သူသည် သူ၏ တကိုယ်လုံး နောက်တစ်ဖန် အလင်းတန်းအသွင် ပြောင်းလဲသွားပြီး အထူးတန်းစင်မြင့် ဆီသို့ ပြန်ရောက်လာခဲ့သည်။
"ဒါဆို ရှီကန်ဟိုင် နဲ့ လင်းယွင်ကို ဝင်ရောက်လာဖို့ ဖိတ်ခေါ်ပါတယ်။" ဒိုင်လူကြီးက ကြေညာသည်။
ဒိုင်လူကြီးသည် ထိုစကားပြောပြီးသည်နှင့် တပြိုင်နက် ပြိုင်ပွဲကွင်းပြင်အပြင်ဘက်မှ အော်ဟစ် အားပေးသံများ ထွက်ပေါ်လာသည်။
ရှီကန်ဟိုင်သည် စိတ်သဘောထားယုတ်ညံ့သော်လည်း သူ၏ ခွန်အားကို လျှော့တွက်၍ မရပေ။ ယခင်တုန်းက သူသည် အဆင့်လေးရရှိခဲ့ဖူးသည်။ ယခုအချိန်တွင် ချင်ရွှန်းရွှန်းသည် ကျိုးယု၏နောက်တွင် တတိယမြောက်။ နေရာကို တိုက်ရိုက်သိမ်းပိုက်ထားခဲ့သည်။
လင်းယွင်သည် လူသစ်တစ်ဦးသာဖြစ်သော်လည်း သူသည် အတွင်းစည်းဂိုဏ်း၀င် တပည့်များ၏ ပထမနေရာမှ လက်ရွေးစင်တပည့်ဆယ်ဦး၀င်သည့်အထိ တက်လာခဲ့သည်ကို လူတိုင်းမြင်ကြပြီး အဆင့်ခြောက်ရှိ ချောင်ရွှန်းဂျန်ကိုပင် အနိုင်ယူခဲ့သည်။
ယခုအချိန်တွင် သူနှင့် ကျန်းတိုင်တို့သည် ရွေးချယ်ခံထားရသည့် မြင်းနက်နှစ်ကောင် ဖြစ်သည်။ ကျန်းတိုင်၏တိုက်ခိုက်မှုသည် လူတိုင်းကို ထိတ်လန့်စေခဲ့ပြီဖြစ်သည်။ ယခု ဤလင်းယွင်သည် ကျန်းတိုင်ကဲ့သို့ ဒီရေလှိုင်းကို ပြောင်းလဲနိုင်မလားဆိုသည်ကို လူတိုင်းက သိချင်နေကြပါပြီ။
"ကြည့် ၊ ရှီကန်ဟိုင်ပေါ်လာပြီ။"
ရုတ်တရက် လူတိုင်းသည် အချက်ပေးသံနှင့်အတူ အော်ဟစ်လိုက်ပြီး အနောက်ဘက် အရပ်မှာရှိသော အထူးတန်းစင်မြင့်ကို လှည့်ကြည့်လိုက်ကြသည်။
ခရမ်းရောင်၀တ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သည်နှင့် မီတာများစွာ အကွာဝေးသို့ ရောက်ရှိသွားခဲ့သည်။ သူသည် အလယ်ဗဟိုရှိပြိုင်ပွဲကွင်းပြင်သို့ ရောက်ရန် ခြေလှမ်းတစ်ဒါဇင်ခန့်သာ လှမ်းခဲ့ရသည်။ မြေကြီးကဘဲ ကျုံ့သွားသလိုပင်။
"ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်လဲ။ဒီလှုပ်ရှားမှုပညာရပ်တစ်ခုတည်းနဲ့တင် အံ့သြစရာကောင်းနေပြီ !" တပည့်များသည် လေးစားစိတ်ဖြင့် ပြောကြသည်၊
"မြေကြီးစွမ်းရည် မြေထုတုန်ခါပြောင်းလဲခြင်းလား? ဒီအဆင့်အထိ ရောက်နေလိမ့် မယ်လို့ ငါ မမျှော်လင့်ထားဘူး။"
ဤမြင်ကွင်းကို မြင်သောအခါ မြောက်ဘက်အရပ် အထူးတန်းစင်မြင့်ပေါ်ရှိ ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သည့်အမူအရာကို ထုတ်ဖော်လိုက်သည်။
ဒဏ္ဍာရီဆန်ဆန် နတ်ဘုရားလှုပ်ရှားမှုနည်းပညာရပ်… မြေကြီးကို တစ်လက်မအထိ ကျုံ့သွားစေရန်အတွက် မြေထုတုန်ခါပြောင်းလဲခြင်းကို အသုံးပြုပြီး ခြေတစ်လှမ်း တည်းဖြင့် ကမ္ဘာမြေကြီးကို တစ်လက်မအထိ ကျုံ့သွားသည့်အခြေအနေရောက်ရှိရန် အတွက်ဆို မြေကြီးတွန့်ခေါက်ခြင်းသဘောတရားကို အသုံးပြုကြရသည်။
ရှီကန်ဟိုင်သည် မြေထုတုန်ခါပြောင်းလဲခြင်း သဘောတရား၏ တတိယအဆင့်ကိုသာ ဖမ်းဆုပ်ကိုင်ထားသော်လည်း၊ သူသည် ဒါဇင် ပေါင်းများစွာသော အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။ အသက်တူရွယ်တူများ၏ အမြင်တွင်၊ ဤသည်မှာ အလွန်မြင့်မားသောအောင်မြင်မှုတခု ဖြစ်နေပြီဖြစ်သည်။
"လင်းယွင် ထွက်လာခဲ့စမ်း!"
ထိုအချိန်မှာပဲ ပြိုင်ပွဲကွင်းပြင်ပေါ်မှာရှိနေသည့် ရှီကန်ဟိုင်က ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။ မြောက်ဘက်အရပ်ရှိအထူး တန်းစင်မြင့်ပေါ်ရှိ ချင်ယွင်ကို ကြည့်လိုက်စဉ် သူ၏အကြည့်များက လျှပ်စီးလင်းလက်သွားသကဲ့သို့ပင်။
ဤရုတ်တရက်ဟစ်အော်သံကြောင့် လူတိုင်းသည် ထိတ်လန့်သွားပြီး မြောက်ဘက် အရပ်ရှိ ချင်ယွင်ကို လှမ်းကြည့်လိုက်ကြသည်။
ချင်ယွင်သည် မျက်လုံးမှိတ်လိုက်သည်။ ရှီကန်ဟိုင်သည် သူ့ကိုမြင်ပြီးကတည်းက ရှီကန်ဟိုင် သည် သူ့အပေါ် အမြဲရန်ငြိုးများဖြင့် ပြည့်နေခဲ့သည်။ သူ့ကိုယ်သူ ဖော်ထုတ်ခံလိုက်ရပြီဟုပင် သူ သံသယဖြစ်မိလာသည်။
သို့သော်လည်း ရှီကန်ဟိုင်၏ စွမ်းဆောင်မှုကို အကဲဖြတ်ကြည့်ရာ ၎င်းသည် သူစိတ်ကူးထားသည့်အတိုင်း ဖြစ်ပုံမပေါ်ပေ။
သူနှင့် ရှီမျိုးနွယ်တို့သည် ရန်သူများအဖြစ် မွေးဖွားလာခဲ့ခြင်းများ ဖြစ်နိုင်ပါသလား။
"သတိထားပါ!" သူ၏ဘေးနားရှိ ကျန်းရွန်ရှင်းက စိုးရိမ်တကြီးပြောသည်။
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။ ထို့နောက် သူ၏တစ်ကိုယ်လုံးသည် လေပြေလေညင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ပြိုင်ပွဲကွင်းပေါ်တွင် ပေါ်လာသည်။
ချင်ယွင်သည် ပြိုင်ပွဲကွင်းပြင်ပေါ်တွင် ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် ရှီကန်ဟိုင်၏ မျက်လုံးများသည် ချက်ချင်း ကျဉ်းမြောင်းသွားပြီး ဓားကဲ့သို့ ထက်မြက်သော သူ၏ အကြည့်များကို တွေ့ရသည်။
"ငါ မင်းအပေါ် ရန်ငြိုးထားမိပုံလည်း မပေါ်ပါဘူး၊ ဟုတ်တယ်မလား။ မင်းငါ့ကို ဘာလို့ ဒီလောက်အထိ ရန်လိုနေရတာလဲ" ချင်ယွင်သည် အရေခွံထူထူဖြင့် မေးကြည့်မိသည်။
ရှီကန်ဟိုင်က အေးစက်စွာပြုံးပြီး ပြောသည် "နာကျည်းချက်မရှိဘူး၊ ရန်ငြိုးအာဃာတ မရှိဘူးဟုတ်လား။ ဟမ့်၊ မင်းရဲ့ဇာစ်မြစ်နဲ့ မင်းဂိုဏ်းထဲဝင်တဲ့အချိန်ကို ငါစုံစမ်းခဲ့ပြီးပြီ။ ငါ့ညီငယ်အသတ်ခံရပြီး လူသတ်သမား ပျောက်ကွယ်သွားတဲ့အချိန်နဲ့ အရမ်းကို တိုက်ဆိုင်နေတယ်။ အဲဒီနေ့ တိုင်ယွန်တောင်တန်းပေါ်မှာ၊ ချင်ယွင်က ပေါ်လာတဲ့အခါ မင်းကပျောက်သွားပြန်တယ်။ မင်းက သံသယအရှိဆုံးလူတစ်ယောက်ပဲ။ ဒါပေမယ့် တကယ်လို့ မင်းက တကယ့် လူသတ်သမားဖြစ်နေရင် ငါမင်းကိုမသတ်ဝံ့ပါဘူး။"
"ဒါဆို မင်းက လူတစ်ယောက်ကို လွှတ်သွားခွင့် ပေးမှာထက် မှားယွင်းပြီး လူတစ်ထောင်ကို သတ်တာ ပိုကောင်းတယ်ဆိုပါတော့" ချင်ယွင်က အထင်သေးဟန်ဖြင့် ရယ်ရင်း ပြောလိုက်သည်။
ရှီကန်ဟိုင်၏အမူအရာသည် မှုန်မှိုင်းနေပြီး သူ၏နှုတ်ခမ်းကွေးးက ကဲ့ရဲ့ခြင်းလား မထီမဲ့မြင်ပြုခြင်းလား သိရန်ခက်ခဲစေသည်။
ငါသည် ဤကမ္ဘာကြီး၏လူသားများကို ကယ်တင်ရမည့်အစား ဖျက်ဆီးခြင်းကို သာ၍နှစ်သက်၏။ ဤသည်မှာ ရှီကန်ဟိုင်၏ တာအိုကျင့်ကြံခြင်း နှလုံးသား ဖြစ်ပေသည်။
ချင်ယွင်၏အမူအရာသည် ငြိမ်သက်နေသော်လည်း သူ၏နှလုံးသားထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူသည် ရှီတိုင်ယာကို သူသတ်ခဲ့သော်လည်း ရှီတိုင်ယာက သူ့ကို အရင်သေအောင် ရန်စခဲ့၍ဖြစ်သည်။ ယခု ရှီကန်ဟိုင်သည် လူတစ်ယောက် လွတ်မြောက်သွား မှာစိုးသည့်အတွက် လူပေါင်းတစ်ထောင်ကို လွဲမှားစွာသတ်ဖြတ်မှာဖြစ်ပြီး ၎င်းတို့ အနက်မှ တစ်ဦးတစ်ယောက် ကိုမှလွတ်မြောက်ခွင့်မပြုဟူသောဝါဒကို ဆွဲကိုင်ထား သည်။ ယင်းက ကိုယ့်ကိုယ်ကို ဘ၀င်ခိုက်ပြီး စိတ်ကြီး၀င်နေသည်ဟု ချင်ယွင်ကို ခံစားလာရစေသည်။
ဟိုအတိတ်တုန်းက သူ့ဆီမှအရာအားလုံးကို လုယူသွားသောထိုလူမှာလည်း ယခုလို ကိုယ့်ကိုယ်ကိုအထင်ကြီးသည့် အမူယာမျိုးရှိ၏။ ရှီကန်ဟိုင်၏ လက်ရှိအမူယာနှင့် အတူတူပင်ဖြစ်သည်။ သို့သော် သူ၏ နည်းလမ်းများနှင့် စွမ်းအားသည် ရှီကန်ဟိုင်ထက် အဆတစ်ထောင်ကျော် ပိုအားကောင်းသည်။
ချင်ယွင်သည် သူ၏ဘဝတွင် အမုန်းဆုံးအရာမှာ ဤလူဖြစ်သောကြောင့် ရှီကန်ဟိုင်ကို
သတ်ပစ်ရန်အထိပင် စေ့စေ့စပ်စပ် တွေးထားခဲ့သည်။
ဟုတ်ပါသည်၊ ရှီကန်ဟိုင်မှာလည်း ချင်ယွင်ကိုသတ်ဖို့ ရည်ရွယ်ချက်ရှိပါသည်။ သူတို့နှစ်ဦးသည် အဆုံးမရှိသော တိုက်ပွဲများကို ရင်ဆိုင်ကြုံတွေ့ကြရလိမ့်မည်။
"ကဲ စလိုက်ရအောင်။ မင်း ဘယ်လောက် မောက်မာနိုင်မလဲ ကြည့်ရတာပေါ့" ချင်ယွင်သည် သူ၏ကြွက်သားများ အက်ကွဲတော့မည့်အထိ တိုက်ခိုက်လိုသည့် ဆန္ဒများဖြင့် ပြည့်နေခဲ့သည်။
ရှီကန်ဟိုင်က ရယ်မောလိုက်သည်။ အဋ္ဌမအဆင့် အထွတ်အထိပ်ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တဦး၏အငွေ့အသက်က တခဏအတွင်း ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏လက်များသည် လက်ဖဝါးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့လက်ဖ၀ါး၏ နောက်ပါပုံရိပ်များသည် ခရမ်းအနက်ရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းထားသည်။ ရက်စက်ကြမ်းကြုတ်ပြီး အေးစက်သည့် သတ်ပစ်လိုသည့် အငွေ့အသက်က ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
"ယင်နတ်ဆိုးလက်ဝါး!" လူအုပ်ကြီးထဲမှ အလန့်တကြား အော်လိုက်သည်။
ယခင်ကတည်းက ရှီကန်ဟိုင်သည် ဤအဆင့်အထိ တောက်လျှောက်တက်လှမ်းရန် ဤ ယင်သတ်နတ်ဆိုးလက်ဝါးသိုင်းပညာကို အားကိုးခဲ့သည်။ မည်သူမျှ သူ၏ ယင်နတ်ဆိုးလက်ဝါး ၏စွမ်းအားကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ရှီကန်ဟိုင်၏လေးလံသောဓားကြီးသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်း သည်ဟုဆိုခဲ့သော်လည်း သူ၏လေးလံသောဓားကြီးကို အစမှအဆုံးအထိ အသုံးပြုရန် မည်သူကမျှ အတင်းအကြပ်မစွမ်းဆောင်နိုင်ခဲ့ပေ။ ချင်ယွင်သည် ဤအဆင့်ကို ပြီးမြောက်အောင် စွမ်းဆောင် နိုင်မလားဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း ကျဉ်းမြောင်းသွားသည်။ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင်မရှိ၊ ယင်းအစား ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများသာ ရှိလေသည်။
ယင်နတ်ဆိုးလက်ဝါး ?
"ဟင့်၊ အဲဒါက ပြင်ပဂိုဏ်းတစ်ခုရဲ့ ဖောက်ပြန်တဲ့ မိစ္ဆာလမ်းစဉ်တခု လေးပါပဲ။ ယင်နတ်ဆိုးလက်ဝါးကို လေ့ကျင့်ချင်တယ်ဆိုရင် ယင်မိစ္ဆာချီကို အဆက်မပြတ် စုပ်ယူရမယ်။ အပြင်းထန်ဆုံးယင်မိစ္ဆာချီက သေဆုံးလူတယောက်ရဲ့ အလွန်မင်း ပြင်းထန်တဲ့ နာကြည်းချက်များမှ ဖြစ်ပေါ်လာတာဘဲ။ ယင်နတ်ဆိုးလက်ဝါးကို လေ့ကျင့်ဖို့အတွက် မင်းဟာ လူတော်တော်များများကို သတ်ပစ်ရမှာကို ငါကြောက်မိတယ်"
ချင်ယွင်သည် လူကောင်းမဟုတ်သော်လည်း သူ၏နှလုံးသားထဲတွင် အကောင်းနှင့် အဆိုးရှိသည်။ သူသတ်ခဲ့သည့်လူများအားလုံးသည် သတ်သင့်သော သေသင့်သော လူများဖြစ်သည်။
ရှီကန်ဟိုင်သည် ရာဇ၀တ်မှုများစွာကို ကျူးလွန်ခဲ့သောကြောင့် သူ့ကို ဖယ်ရှားသည့် အတွက် သူ၏ စိတ်ထဲ မည်သို့မျှ ခံစားရမည် မဟုတ်ပေ။
ကမ္ဘာပေါ်ရှိ မကောင်းမှုအားလုံးကို ချေမှုန်းရန် သူ၏ဓားနှင့် ဆေဘာကို အသုံးပြုမည်ဟု သူ ကျိန်ဆိုခဲ့ဖူးသည်။
သေချာတာက၊ ရှီကန်ဟိုင်ကိုသတ်ဖို့အတွက် အချိန်မတန်သေးပါဘူး။ ယခုအချိန်သည် ပြိုင်ပွဲတစ်ခုသာဖြစ်ပြီး အချင်းချင်း သေသည်အထိ တိုက်ခိုက်ခြင်းကို တားမြစ်ထား သည်။ ထို့ကြောင့်၊ ယခု သူ၏ယာယီရည်မှန်းချက်က ရှီကန်ဟိုင်ကို နာကျင်စေရန်ဖြစ်သည်။
"ငရဲကိုသွားလိုက်တော့!" ရှီကန်ဟိုင်သည် အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။