ခုန်မချရဲဘူး......
Vol. 6 Ch. 71
ရှီယွမ်၏ ဘယ်လက်မောင်းသို့ လီလော့၏ မျှားတံ ထိုးဖောက်သွားသောမြင်ကွင်းကြောင့် အဖြူရောင်ဝိဉာဉ်တောင်ခြေတွင် ဆူညံသံများ တိကနဲ တိတ်ကျသွားခဲ့သည်။
ပရိတ်သတ်များသည် ထိုမြင်ကွင်းကို ဗလာမျက်ဝန်းများနှင့် ကြောင်အစွာ ငေးကြည့်နေခဲ့ကြသည်။
သူတို့ ဘာတွေ မြင်လိုက်ရတာလဲ.....
လွှမ်းမိုးနိုင်စွမ်းရှိသော ရှီယွမ်သည် အသာစီးရနေပါရက်နှင့် လီလော့၏ ဘယ်နေရာကမှန်းမသ်ိ ထွက်ပေါ်လာသော မျှားတံကြောင့် ဒဏ်ရာရသွားခဲ့ပြီ....
ဤသည်မှာ အိမ်မက်တစ်ခုလိုသာပင်....
ချိုင်ဝေနှင့် ယန်လင်းချီတို့သည်လည်း ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ မြင်နေရသည်ကို မယုံနိုင်သောကြောင့် မျက်လုံးများကို ဖွင့်လိုက် ပိတ်လိုက်ပင် လုပ်ကြည့်နေမိကြသည်။
" ဘာတွေ ဖြစ်ကုန်တာလဲ...."
ချိုင်ဝေ ကြောင်အစွာ မေးခွန်းထုတ်လိုက်မိသည်။
သူမသည် မကြာသေးမှီက လီလော့ ထုတ်ပယ်ခံရမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုတွင်မူ ရှီယွမ်သည် မြေကြီးပေါ် လဲနေခဲ့လေပြီ.....
မြန်ဆန်လွန်းလှသော အလှည့်အပြောင်းကြောင့် အတွေ့ကြုံရင့်ကျက်သူ ချိုင်ဝေပင်လျှင် မယုံကြည်နိုင်ဖြစ်နေရ၏။
ယန်လင်းချီက နှုတ်ခမ်းကိုက်လိုက်ပြီး....
" လီလော့က ရှီယွမ်ကို ရိုက်လိုက်ပြီထင်တယ်....."
ချိုင်ဝေ ခုံပေါ်မှာ ထိုင်ချလိုက်ပြီး လှပသော အပြုံးတစ်ပွင့် ပြုံးလိုက်ပြီး....
" အခုချိန်ကစပြီး သခင်လေးကို လော့လန်အိမ်တော်ရဲ့ အသုံးမကျတဲ့သခင်လေးလို့ ဘယ်သူခေါ်ရဲသေးလဲ....."
ချိုင်ဝေသည် လီလော့ကို အချိန်တစ်လခန့်သာ ကြည့်ရှုစောင့်ရှောက်ခဲ့ရသော်လည်း မောင်အရင်းတစ်ယောက်သဖွယ် သတ်မှတ်ထားခဲ့ပါသည်။
ထျန်ရှုစီရင်စုတွင် လော့လန်အိမ်တော်၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေရသူ ဖြစ်သဖြင့် လီလော့ မည်မျှ ကြိုးစားကျင့်ကြံခဲ့ရမှန်း ချိုင်ဝေ အလုံးစုံ နားလည်ခဲ့သည်။
အဆုံးမရှိသော ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများကို သုံးခဲ့သည့်အပြင် လီလော့ကိုယ်တိုင်လည်း အပြင်းအထန် ကြိုးစားခဲ့သည်။
ထို့ကြောင့် လီလော့ အနိုင်ရသွားသည်ကို မြင်သည့်အခါ ချိုင်ဝေ ပြောမပြတတ်အောင် ပျော်ရွှင်မိပါသည်။
အခုချိန်မှစ၍ လော့လန်အိမ်တော်တွင် လီလော့ကို အထင်သေးဝံ့သူရှိမည် မဟုတ်တော့ပေ။
ယန်လင်းချီ ခေါင်းညိတ်လိုက်သည်။ လီလော့၏ အောင်မြင်မှုကြောင့် သူမလည်း ပျော်ရွှင်နေမိသည်မဟုတ်ပေလော......
" သခင်လေးက သူ့မိဘတွေနဲ့ အတော်ကွာခြားတယ်နော်......"
လီလော့၏ မိဘနှစ်ပါးသည် ရှပြည်ထောင်စုတွင် လွှမ်းမိုးနိုင်စွမ်းကြီးမားသူများဖြစ်ခဲ့ကြသည်။ မိဘနှစ်ပါး နာမည်ကြီးသလောက် လီလော့ကတော့ သိုသိုသိပ်သိပ်သာနေထိုင်ခဲ့သည်။မသိသူများသည် ကျန်းချင်းအာသည် သမီးအရင်းဖြစ်၍ လီလော့ကို မွေးစားသားဟုပင် ထင်ကြပေလိမ့်မည်။
" ဗလာနန်းတော် ပြသာနာက သခင်လေးအပေါ် ထိုးနှက်ချက် သိပ်ကြီးခဲ့ပုံရတယ်....ဗလာနန်းတော် ကိစ္စကိုဖြေရှင်းပြီးတာတောင် သိုသိုသိပ်သိပ်လေးပဲ ဆက်နေခဲ့တယ်လေ....လုံခြုံမှုရှိအောင် သူ့ကိုယ်သူ သေချာဖုံးကွယ်ထားပြီး သန်မာလာအောင်ကြိုးစားခဲ့တယ်....."
ချိုင်ဝေက ယန်လင်းချီကို လေသံခပ်အေးအေးဖြင့် ရှင်းပြပေးနေခဲ့သည်။
" စုန်ယွမ်ဖန်နဲ့ ရှီယွမ်တို့သာ အတင်းအကြပ်ဖိအားမပေးခဲ့ရင် သခင်လေးလဲ အေးအေးဆေးဆေး ထိပ်တန်းဆယ်ယောက်စာရင်းဝင်နိုင်ရုံလောက်နဲ့ ကျေနပ်လိုက်မယ်ထင်တယ်...."
ယန်လင်းချီ အနည်းငယ်တော့ ဒေါသထွက်မိပေသည်။ လီလော့၏ ပင်ကိုယ်စရိုက်အရဆို ကြယ်တာယာခရီးရှည်ကောလိပ်ဝင်ခွင့်ရပြီးပါက ကျန်သော အရာများကို ခေါင်းထဲထည့်နေလိမ့်မည်မဟုတ်ပေ။
" ငါ့အထင်တော့ ဒါကလည်း သိပ်မဆိုးဘူးထင်တာပဲ....."
ချိုင်ဝေက ဒေါသထွက်နေတဲ့ ယန်လင်းချီကို နူးညံစွာ ပြုံးပြလိုက်သည့်အခါ ယန်လင်းချီက.....
" နင်ကလေ သူ့အပေါ်ဆို သိပ်အကောင်းမြင်တတ်တာပဲ...... "
" ဒါကတော့ သူကချောတာကိုး...."
................. ........
"ဟားးးး ဟားးးး ဟားးးး"
ချိုင်ဝေတို့လိုပင် ဌာနမှုးဝေရှသည်လည်း ပျော်ရွှင်လွန်းသဖြင့် အားရပါးရရယ်မောနေသည်။
ဝေရှ၏ ကျယ်လောင်သော ရယ်သံကြောင့် မလှမ်းမကမ်းမှ ပရိတ်သတ်များပင် လှမ်းကြည့်နေကြသည်။
" လီတိုင်ရွှမ်နဲ့ တိုင်တန်လန်တို့ရဲ့သား ပီသလိုက်တာ....ကျားကမွေးမှတော့ ကျားပဲပေါ့....."
ယခုချိန်တွင် ဝေရှ မျက်နှာပေါ်၌ စိုးရိမ်သောကဟူသမျှ ကင်းစင်နေပြီး ခွန်အားအပြည့်ဖြင့် ရှီချင်ဘက်ကိုလှည့်ကာ.....
" တွေ့ပြီလား....ငါတို့ နန်ဖန်းရဲ့စွမ်းအားကို...."
ရှီချင်သည် လက်ဖက်ရည်သောက်ခြင်းတွင်သာ အာရုံစိုက်ထားသော်လည်း သူ့မျက်လုံးများထဲတွင် စိုးရိမ်သောကရောက်နေသော အရိပ်အယောင်များရှိနေခဲ့သည်။
ဤသည်မှာ မထင်မှတ်ထားသော အလှည့်အပြောင်းတစ်ခုဖြစ်သည်။
ရှုံးလုဆဲဆဲ လီလော့သည် အံ့ဖွယ်မျှားတစ်စင်းဖြင့် ကစားပွဲကို ပြောင်းပြန်လှန်သွားခဲ့သည်။
နှစ်ပေါင်းများစွာ စီစဉ်ထားခဲ့သမျှသည် မျှားတစ်စင်းကြောင့် ပျက်စီးခဲ့ရသဖြင့် ရှီချင် ဒေါသကို အတတ်နိုင်ဆုံးထိန်းထားသော်လည်း အသုံးမဝင်တော့ပေ.....
" မင်း တိတ်တိတ်လေးနေပေးလို့မရဘူးလား! !!!"
" မင်းခေါင်းကြီးသာ တိတ်နေလိုက် !!!!"
ရောင်းသူ ဝယ်သူ အသံတူဆိုသည့်အတိုင်းပင်......
"မင်းကိုယ်မင်းဘာထင်နေလဲ...ငါ့ပါးစပ်ကို ထိန်းချုပ်ချင်နေရအောင် မင်းကိုမင်းဘာကောင်ထင်နေလို့လဲ!!!"
ရှီချင်၏ မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် ခက်ထန်လာပြီး ပဲ့တင်ထပ်သံစွမ်းအားများသည် အစိမ်းရောင်စပါးအုံးမြွေတစ်ကောင်သဏ္ဍာန် ပုံပေါ်လာကာ မြွေတွန်သံသဲ့သဲ့ပင်ကြားနေရသည်။
ဤသည်မှာ ရှီချင်၏ အဆင့်ခုနှစ် အဆင့်နိမ့် အစိမ်းရောင်စပါးအုံးမြွေ ပဲ့တင်ထပ်သံဖြစ်သည်။
"အိုးးး မင်းက တိုက်ခိုက်ချင်နေတာလား....လာစမ်းပါ....ငါလည်း မင်းကို သည်းခံနေတာကြာလှပြီ....."
ဌာနမှုးဝေရှကလည်း ပြောပြောဆိုဆိုနဲ့ ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်သည့်အခါ ခွာလေးဖက်တွင် အနီရောင်မီးတောင်များတောက်လောင်နေသော သားရဲကြီးတစ်ကောင်ထွက်ပေါ်လာသည်။
ထိုသားရဲကြီးသည် အဆင့်ခုနှစ် အဆင့်နိမ့် မီးတောက်လူဝံပဲ့တင်ထပ်သံဖြစ်သည်။
နှစ်ဉီးစလုံးသည် ကောင်းကင်နှစ်မြှုပ်ခြင်းအဆင့်ကျွမ်းကျင်သူများဖြစ်ကြသောကြောင့် ၎င်းတို့ ထုတ်ဖော်လိုက်သည့်စွမ်းအားများကြောင့် ကျောက်သားကြမ်းပြင်များပင် အက်ကွဲကုန်သည်။
ဒေါသတကြီးတိုက်ခိုက်ရန် ပြင်နေကြသော ဝေရှတို့ကို အန်းလဲ့က ဝင်တားရလေတော့သည်။
"လူကြီးမင်းတို့....ကျုပ်တို့က အခုမှစာမေးပွဲစစ်နေတုန်းရှိသေးတယ် ခင်ဗျားတို့ကရရန်ဖြစ်ချင်နေကြပြီ....ဒီလိုသာဆို လာမယ့်နှစ်ကျရင် ထျန်ရှုစီရင်စုတစ်ခုလုံးရဲ့ ဝင်ခွင့်အရေအတွက်ကို လျှော့ပစ်ရမယ်....."
ထိုစကားများကြောင့် ဝေရှတို့နှစ်ဉီးစလုံး စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်ကြရသည်။
အန်းလဲ့ ထိုနှစ်ယောက်ကြောင့် ခေါင်းယမ်းလိုက်ပြီး မှန်နံရံပေါ်က မြင်ကွင်းကိုသာ အာရုံစိုက်နေလိုက်သည်။
နံရံပေါ်တွင် ချိတ်ဆွဲခံထားရသော စုန်ယွမ်ဖန်သည် ပြင်းထန်သော ဒဏ်ရာကြောင့် တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
ရလဒ်ကို သေချာဆုံးဖြတ်ပြီးသွားပုံရသည်။
သို့သော်လည်း ထိုရလဒ်သည် မည်သူမျှ ထင်မထားမိသော ရလဒ်မျိုး ဖြစ်နေသည်။
" လော့လန်အိမ်တော်သခင်လေးကို အသုံးမကျဘူးလို့ ပြောနေကြတယ်....ဒါတွေက အတုအယောင် ကောလဟာလတွေ ဖြစ်နေခဲ့တာပဲ......"
....... ......... ........... .............
အပျက်စီးနယ်မြေထဲတွင်........
လက်မောင်းမှ သွေးများစီးကျနေသောကြောင့် ရှီယွမ်သည် မြေပြင်ပေါ်တွင် လူးလိမ့်အော်ညီးနေသည်။
ထိုမြင်ကွင်းကို အမှောင်ထဲမှ ကြည့်နေသူများသည် လေအေးတစ်သုတ်ရှိုက်သွင်းလိုက်မိသည်အထိ အံ့သြနေကြရသည်။
ရှီယွမ်နှင့် မနီးမဝေးတွင်ရှိနေသော စုန်ယွမ်ဖန်သည် တုန်လှုပ်ခြောက်ခြားမှုစွာ တစ်ကိုယ်တည်းရေရွတ်နေသည်။
" မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...."
လီလော့ ရှီယွမ်ကို ရိုက်ချနိုင်ခဲ့သည်ကို မယုံနိုင်သေးပေ။
ဤသည်မှာ ယုတ္တိမဲ့လွန်းလှသည်။ ရှီယွမ်သည် အဆင့်ခုနှစ်ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသော စည်းတံဆိပ်ကိုးခုအဆင့် ကျွမ်းကျင်သူဖြစ်သည်။ထျန်ရှုတွင် ရှီယွမ်ကို ယှဉ်နိုင်သူဟူ၍ လုချင်းအာတစ်ယောက်သာ ရှိပေလိမ့်မည်။
သို့သော်လည်း လီလော့၏ လက်ထဲတွင် ကျရှုံးခဲ့ရသည်။
စုန်ယွမ်ဖန်၏ရင်ထဲတွင် ခါးသက်သော ခံစားချက်များ လှိုက်တက်လာခဲ့သည်။ရှီယွမ်၏ ဂုဏ်သိက္ခာကိုသာ ထောက်ထားနေစရာမလိုပါက စုန်ယွမ်ဖန် အော်ဟစ်ကျိန်ဆဲနေလောက်လေပြီ......
// မင်း သက်သက်ဟန်ဆောင်နေတာလား ခွေးသားရဲ့.....//
စုန်ယွမ်ဖန်သည် ကိုယ်တိုင်မကြုံဖူးသောကြောင့် မျှားချက်၏ ပြင်းထန်မှုကို မသိနိုင်ခဲ့ပေ။ ထို့ကြောင့် ရှီယွမ်ကို ကျိန်ဆဲနေခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စုန်ယွမ်ဖန် နားလည်ခဲ့ရင်လည်း လက်တွေ့အခြေနေကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။
လီလော့သည် နွယ်ပင်များဖုံးလွှမ်းနေသော ကျောက်တုံးပေါ်ထိုင်လိုက်ပြီး ရှီယွမ်၏ စုတ်ပြတ်သတ်နေပုံကို အရသာခံ ကြည့်ရှူနေသည်။
လီလော့သည် ထိုင်နေရာကနေ လှဲချလိုက်ပြီး လက်ထောက်၍ပင် ကြည့်နေလိုက်သေးသည်။
ယခုချိန်တွင် လီလော့၏ ပုံသဏ္ဍာန်သည် နတ်ဆိုးဘုရင်တစ်ပါးနှင့်တူနေသဖြင့် အမှောင်ထဲမှ စောင့်ကြည့်နေသူများသည် အသက်ပင် ဖြောင့်အောင် မရှူနိုင်ကြတော့ပေ။
မိနစ်အနည်းငယ်ကြာသောအခါ လုချင်းအာ ပြန်ရောက်လာခဲ့ပြီး သူမနှင့်အတူ ကြိုးတုပ်ခံထားရသော လျန်ရှန်းတို့သုံးဉီးပါ ပါလာခဲ့သည်။
သူမသည် နံရံပေါ်တွင် ချိတ်ဆွဲခံထားရသော စုန်ယွမ်ဖန်ကို အရင်မြင်လိုက်ရပြီး အပျက်စီးပုံထဲတွင် လူးလိမ့်နေသော ရှီယွမ်ကိုပါ မြင်လိုက်ရသောအခါ ခြေလှမ်းများပင် နှေးဖင့်သွားခဲ့ရသည်။
သွေးထွက်လွန်နေသောကြောင့် ရှီယွမ်၏ မျက်နှာသည် တစ္ဆေတစ်ကောင်သဖွယ် ဖြူဆုတ်နေသောကြောင့် လုချင်းအာ အတော်ပင် အံ့အားသင့်ခဲ့ရသည်။
သူမနှင့်အတူပါလာသူ သုံးဉီးသည် သူမထက်ပို၍ အံ့သြထိတ်လန့်နေကြရှာသည်။
လီလော့ လှဲအိပ်နေသော ကျောက်တုံးနားရောက်သည့်အခါ လုချင်းအာ မော့ကြည့်လိုက်ပြီး လီလော့ကို လှမ်းမေးလိုက်သည်။
" နင်အဆင်ပြေရဲ့လား....."
လုချင်းအာ၏ အသံကိုကြားသည်အခါ လီလော့ ကျောက်တုံးအောက်ကို ငုံ့ကြည့်လိုက်ပြီး စိတ်သက်သာရာရသွားဟန်ဖြင့်......
" နင်ရောက်လာပြီလား....ဒါဆိုလည်း ငါ့ကို ဖမ်းထားပေးစမ်းပါ.....ငါ့စွမ်းအားတွေ အကုန်သုံးလိုက်ရလို့ တစ်စက်မှ မကျန်တော့ဘူး....ကျောက်တုံးက မြင့်တော့ခုန်မချရဲလို့ နင့်ကိုစောင့်နေတာ....."
လုချင်းအာ ဒေါသထွက်မိသလို ရယ်လည်း ရယ်ချင်နေမိသည်။
// ဒါဆို သူ ဟန်ပါပါလှဲအိပ်နေတာ စွမ်းအားတစ်စက်မှ မကျန်တော့လို့ပေါ့....//