ဘာလို့ ဖိအားပေးရတာလဲ...
Vol. 6 Ch. 72
လီလော့ လှဲအိပ်နေသော ကျောက်တုံးသည် အတော်လေး မြင့်မားသည့်အပြင် အောက်ဘက်တွင်လည်း ကျောက်တုံးအပိုင်းအစများစွာရှိနေသေးသည်။ မျှားပစ်လိုက်စဉ်က ရှိသမျှ စွမ်းအားများကို အကုန်စင်ထုတ်သုံးလိုက်သောကြောင့် အလွန်ပင် အားနည်းနေလေပြီ....အမှောင်ထဲတွင် စောင့်ကြည့်နေသူများရှိသည့်အတွက် အားနည်းနေကြောင်းကို ပြသလိုက်ပါက အခွင့်ကောင်းယူကာ အမဲဖြတ်ဖို့ ကြိုးစားလာကြလိမ့်မည်။
လီလော့ မထီမဲ့မြင်ဟန်ပန်မျိုးထိန်းပြီး ဟန်ဆောင်နေသောကြောင့် ချောင်းမြောင်းနေသူများ နောက်ဆုတ်ကုန်ကြခြင်းဖြစ်သည်။
လုချင်းအာ ကျောက်တုံးပေါ် ခုန်တက်လိုက်ပြီး လီလော့ကို လက်ကမ်းလိုက်သည်။
"လက်အိတ်ပြန်ဝတ်ထားတာလား..."
လုချင်းအာသည်လည်း ဟန်ဆောင်ကာ လက်အိတ်ပြန်ဝတ်ထားသည်။ မဟုတ်ပါက နှစ်ယောက်စလုံး ကိစ္စတုံးသွားပေလိမ့်မည်။
လီလော့ကို ခပ်စူးစူးပြန်ကြည့်နေသည့် လုချင်းအာ၏ပုံသဏ္ဍာန်လေးသည် တမျိုးတဖုံချစ်ဖို့ကောင်းနေသည်။
လုချင်းအာ လီလော့ လက်ကို ဆွဲကာ ကျောက်တုံးအောက်သို့ ခုန်ချလိုက်သည်။
မြေပြင်ပေါ်ခြေချလိုက်သည့်အခါ ပို၍ သက်သာလာသလို ခံစားလိုက်ရသည်။လီလော့ ကြိုးတုပ်ခံထားရသူ သုံးယောက်ကို ကြည့်လိုက်ပြီး.....
"ဒီသုံးကောင်ကိုလည်း ဆုံးမပေးရမယ်...."
သုံးယောက်စလုံးသည် လီလော့ကို လုချင်းအာထက်ပင် ပိုကြောက်နေကြရှာသည်။
ကျုံးဖူ သက်ပြင်းချလိုက်ပြီး.....
" လီလော့က စာမေးပွဲမှာ ကြီးကြီးမားမား စွမ်းဆောင်နိုင်မယ်လို့ ငါပြောခဲ့ဖူးတယ်....ငါ့ ခန့်မှန်းချက်တွေ မှန်နေခဲ့တာပဲ..."
လျန်ရှန်းရော ချီစုပါ အသံတိတ်သွားခဲ့ကြသည်။ မှန်ပေသည်...ကျုံးဖူးထိုသို့ သတိပေးခဲ့ဖူးသော်လည်း မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။ယခုတွင်မူ ကျုံးဖူ၏ ခန့်မှန်းချက်အတိုင်းဖြစ်လာခဲ့လေပြီ....
သူတို့သာ သေချာအလေးထား စီစဉ်ခဲ့မည်ဆိုပါက ဤမျှလောက်ထိ အခြေနေဆိုးလိမ့်မည်မဟုတ်ပေ။
လီလော့ စုန်ယွမ်ဖန်ကို နံရံပေါ်ကဆွဲဖြုတ်ပြီး ရှီယွမ်၏ ဘေးတွင် ပစ်ချလိုက်ပြီး ရှီယွမ်၏ ဒဏ်ရာကိုလည်း သွေးတိတ်အောင်လုပ်ပေးခဲ့သည်။
ရှီယွမ်က မျက်လုံးကို အားတင်းပြီး ဖွင့်ကြည့်လိုက်ကာ.....
" လီလော့...မင်း.... ကောင်းကောင်းကြီး ဖုန်းကွယ်ထားခဲ့တာပဲ..."
လီလော့က ပြုံးပြလိုက်ပြီး....
" မင်းဘာလို့ ငါ့ကို ဖိအားပေးခဲ့သေးလဲ...ငါက ထိပ်တန်းဆယ်ယောက်စာရင်းဝင်နိုင်ရုံနဲ့တင် ကျေနပ်ပြီးသား....မင်းသာ ငါ့ကို ဒီအခြေနေရောက်အောင် တွန်းပို့ခဲ့တာ...."
လျန်ရှန်းတို့ သုံးဉီး တံတွေးမျိုချလိုက်မိကြသည်။
// ဒါကြီးကတော့ နည်းနည်းလွန်သွားပြီ.....//
ရှီယွမ်သည်လည်း လီလော့၏ အပြောကြောင့် ဒေါသထွက်လွန်းနေသဖြင့် တကိုယ်လုံးတုန်ရီနေပြီး သွေးအန်တော့မလိုပင်ဖြစ်နေရသည်။
"ဟေ့...ဒေါသထွက်မနေနဲ့ဉီး...သွေးတွေ ထပ်အန်နေရဉီးမယ်...."
လီလော့ ရှီယွမ်ကို စိတ်ထိန်းခိုင်းလိုက်ပြီးသည်နှင့် အဆင့်သတ်မှတ်ချက်စာရင်းကို စစ်ဆေးကြည့်လိုက်သည့်အခါ အပျက်စီးနယ်မြေထဲတွင် ဆယ့်နှစ်ယောက်သာ ကျန်ပေတော့သည်။
" ဟူးးး တော်ပါသေးရဲ့.. ငါမလုပ်လိုက်ရမှာကို စိတ်ပူနေခဲ့တာ...."
" ဟေ့...ငါ ဘာဆက်လုပ်မယ်ထင်လဲ...."
လီလော့က စုန်ယွမ်ဖန်နဲ့ ရှီယွမ်တို့ကို ကြည့်ပြီး မေးလိုက်သောလည်း အေးစက်သော အပြုံးများသည် အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။
" ထိပ်တန်းဆယ်ယောက်စာရင်းမသတ်မှတ်ရသေးခင် မင်းတို့နှစ်ယောက်ကို ရအောင် ထုတ်ပယ်ပစ်မယ်....."
ရှီယွမ်၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဆုတ်နေပြီး.....
" လီလော့...မင်း သိပ်ရက်စက်တဲ့ကောင်....."
ထိပ်တန်းဆယ်ယောက်စာရင်းမဝင်နိုင်ပါက ကြယ်တာခရီးရှည်ကောလိပ်တွင် ဝင်ခွင့်ရမည်မဟုတ်တော့ပေ။ ဤသည်မှာ ရှီယွမ်အတွက် ကြီးမားလွန်းလှသော ဆုံးရှုံးမှုပင်ဖြစ်လိမ့်မည်။
စုန်ယွမ်ဖန်ကလည်း ထိုသို့အော်ဟစ်လိုက်သည်။
" မင်းအဲ့လို လုပ်လို့မရဘူး....စုန်မိသားစုနဲ့ ဘုရင်ခံစံအိမ်ကို တစ်ပြိုင်နက်တည်း အပြစ်ပြုတော့ မလို့လား....."
" ကလေးဆန်လိုက်ကြတာ....အမှားတစ်ခုခုလုပ်မိခဲ့ရင် တန်ရာတန်ကြေးပြန်ပေးရစမြဲပဲ.....အခု မင်းတို့လုပ်ခဲ့တဲ့ အမှားအတွက် ပြန်ပေးဆပ်ရမယ့်အချိန်ရောက်ပြီ...."
လီလော့ ရှီယွမ်၏ စလစ်ပြားထဲမှာ အမှတ်များကို သိမ်းယူလိုက်ပြီး တစ်ကျောင်းတည်းသားချင်းဖြစ်နေသည့်အတွက် စုန်ယွမ်ဖန်၏ အမှတ်များကို မသိမ်းယူနိုင်သော်လည်း စလစ်ပြားကို ချိုးဖဲ့လိုက်လေသည်။
ယခုဆိုလျှင် ရှီယွမ်နှင့် စုန်ယွမ်ဖန်တို့၏ စလစ်ပြားများထဲတွင် ပြောင်သလင်းခါနေပြီဖြစ်သည်။
လီလော့ လက်ခုပ်အကျယ်ကြီး တီးလိုက်ပြီး....
" ကဲ ကဲ စာမေးပွဲမှာ အဆင့်ဆယ့်တစ်နဲ့ အဆင့်ဆယ့်နှစ်ရသွားကြတဲ့ ရှီယွမ်နဲ့ စုန်ယွမ်ဖန်တို့ကို ဂုဏ်ပြုပေးလိုက်ကြရအောင်......."
လီလော့ အူမြူးနေသော်လည်း စုန်ယွမ်ဖန်တို့သည် ဖြူဖျော့နေလေပြီ.....
လီလော့ အင်မတန်ကြောက်စရာကောင်းမှန်း နားလည်လိုက်ရသောကြောင့် လျန်ရှန်းတို့သည်လည်း ခြေထောက်ပင် မခိုင်တော့ပေ။
လုချင်းအာသည် လီလော့ကို တိတ်ဆိတ်စွာငေးကြည့်နေခဲ့သည်။ဘာ့ကြောင့်မှန်းမသိသော်လည်း လီလော့ကို အခုလိုမြင်ရသည့်အတွက် သူမ ပျော်ရွှင်နေမိသည်။
လီလော့သည် အမြဲတစေ သိုဝှက်စွာနေထိုင်ခဲ့ပြီး မည်သူ့ကိုမျှ ထိခိုက်အောင် မလုပ်ခဲ့ဖူးပေ။ သူမ နန်ဖန်းကျောင်းတော်ကို စရောက်စဉ်က လီလော့ သူမကို ပဲ့တင်ထပ်သံပညာရပ်များသင်ကြားပေးခဲ့ဖူးသည်။
" စာမေးပွဲမှာနောက်ဆုံးကျန်တဲ့သူတွေကို စတင်ရေတွက်တော့မယ်...."
လုချင်းအာ ထိုသို့ သတိပေးလိုက်သည့်အခါ လီလော့က လျန်ရှန်းတို့ကို ကြည့်လိုက်ပြီး....
" မင်းတို့သုံးယောက် ကံကောင်းသွားတယ်မှတ်......"
နှစ်ယောက်ကိုသာ ထုတ်ပယ်နိုင်မည့်အတွက် အမုန်းတကာ့ အမုန်းဆုံးနှစ်ယောက်ဖြစ်သော ရှီယွမ်နှင့်စုန်ယွမ်ဖန်တို့ကိုသာ ဉီးစားပေးထုတ်ပယ်နိုင်ခဲ့သည်။
ထို့ကြောင့် လျန်ရှန်းတို့သုံးဉီးစလုံး ထိပ်တန်းဆယ်ယောက်စာရင်းဝင်နိုင်ခဲ့ခြင်းဖြစ်သည်။ အခုနေ ၎င်းတို့ထံမှ အမှတ်များကို သိမ်းယူလိုက်သည့်တိုင် ထိုသုံးယောက်စလုံးသည် ထိပ်တန်းဆယ်ယောက်စာရင်း၏အောက်ခြေတွင်ရှိနေဉီးမည်သာ.....
လီလော့ထိိုသို့ပြောလိုက်မှသာ လျန်ရှန်းတို့သုံးဉီးစလုံး ပြုံးနိုင်ရှာတော့သည်။
" အစ်ကိုလော့....ငါတို့တွေ အတင်းအကြပ်ခိုင်းစေခံခဲ့ရတာပါ...ငါတို့ကျောင်းက အကြီးအကဲတွေ ခိုင်းလိို့ ငါတို့လဲ မလုပ်ချင်ပဲလုပ်ခဲ့ရတာပါ....ငါတို့ကို ကျောင်းက အရင်းမြစ်တွေအများကြီးပေးပြီး ပျိုးထောင်ထားတာဆိုတော့ ငါတို့ နာခံရမယ်လေ....."
" ဒါပေမယ့် မပူပါနဲ့...ကြယ်တာယာခရီးရှည်ကောလိပ်ရောက်ရင် အစ်ကိုလော့ကို ငါတို့ခေါင်းဆောင်နေရာမှာထားပြီး ပြောသမျှနာခံပါ့မယ်...."
လီလော့ ထိုသုံးယောက်ကို လျစ်လျူရှူလိုက်ပြီး လုချင်းအာဘက်လှည့်ကာ....
" သူတို့ သုံးယောက်ရဲ့ အမှတ်တွေ သိမ်းလိုက်....မြင်ရတွေ့ရတာ မျက်စိနောက်လာပြီ.... "
လုချင်းအာသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ငြင်းဆန်လိုက်သောကြောင့် လီလော့ ကြောင်အနေသဖြင့် နားလည်သဘောပေါက်လွယ်သော ကျုံးဖူက မနေနိုင်မထိုင်နိုင်သတိဝင်ပေးလိုက်ရလေသည်။
" အစ်ကိုလော့....လုချင်းအာက ငါတို့အမှတ်တွေ သိမ်းယူလိုက်မယ်ဆို မင်းထက် အမှတ်ပိုများသွားပြီး ပထမနေရာရသွားမှာစိုးလို့ မသိမ်းတာပါ....."
ထိုစကားကြောင့် လျန်ရှန်းရော ချီစုပါ မျက်လုံးပြူးသွားကြလေသည်။သူမတို့ကို တိုက်ခိုက်ခဲ့သူသည် လုချင်းအာဖြစ်သည့်အတွက် အမှတ်များကို သိမ်းယူခြင်းသည် ဖြစ်သင့်ပေသည်။ သို့သော်လည်း လုချင်းအာက လီလော့နောက်တွင်သာနေလိုသဖြင့် ရသင့်ရထိုက်သည်များကို ပျော်ပျော်ကြီး စွန့်လွှတ်နေသည်။
// ဒီနှစ်ယောက်ကတစ်ခုခုတော့ တစ်ခုခုပဲ....ကြိုက်များ ကြိုက်နေကြတာလား....//
ကျူံးဖူပင်လျှင် လီလော့ကို အားကျသော အကြည့်များနှင့် ကြည့်နေမိခဲ့သည်။
// ဒီကောင်စွံလှချည်လား....ကျန်းချင်းအာလို နတ်ဘုရားမလေးနဲ့ စေ့စပ်ထားတဲ့အပြင် အလှလေးတွေနဲ့လည်း အီစီကလီလုပ်နေသေးတယ်.....//
ကျူံးဖူ သတိပေးလိုက်မှသာ ရှီယွမ်၏ အမှတ်များကို သိမ်းယူထားသည်ကို သတိရလိုက်မိသည်။
"မြန်မြန်လုပ်ပါ ချင်းအာရယ်....ငါ့မှာ ပထမနေရာကိုကြောက်တဲ့ရောဂါရှိလို့ပါ...."
" စိတ်မပူပါနဲ့ ကျင့်သားရသွားမှာပါ...."
လုချင်းအာ ငြင်းလိုက်ပြန်သည်။
" လုချင်းအာ! !!!ငါ ဘာအမှားများလုပ်မိလို့ အဲ့သလောက် ရက်စက်နေရတာလဲ....."
" မြန်မြန် သိမ်းလိုက်စမ်းပါ....တောင်းပန်ပါတယ်.....ငါ ပထမနေရာ မလိုချင်ဘူး!!!!! "
လုချင်းအာသည် ကျောက်တုံးတစ်ခုပေါ်ထိုင်ချလိုက်ပြီး ပြာယာခတ်နေသော လီလော့ကို မေးထောက်ပြီး ထိုင်ကြည့်နေလေ၏။
သိပ်မကြာခင်မှာပင် အပျက်စီးနယ်မြေတစ်ခုလုံးဆီ ပဲ့တင်ထပ် ပျံ့လွှင့်လာသော အချက်ပေးသံကို ကြားလိုက်ရသည်။
အပျက်စီးနယ်မြေထဲတွင် ကျန်ရစ်နေခဲ့သူများသည် ဝမ်းသာအားရ သက်ပြင်းချနိုင်ချိန်တွင် လီလော့၏ အမူရာသည် အလွန်ပင် သုန်မုန်နေလေ၏။
ကံဆိုးစွာနှင့် လီလော့ ပထမရသွားခဲ့လေပြီ...