← Chapters

စာမေးပွဲပြီးဆုံးခြင်း.....

Vol. 6 Ch. 73

စာမေးပွဲပြီးဆုံးခြင်း.....

Vol. 6 Ch. 73

စာမေးပွဲပြီးဆုံးကြောင်း အချက်ပေးသံထွက်ပေါ်လာသည်နှင့် တပြိုင်နက် တောင်​​​ခြေတွင်လည်း အားပေးဂုဏ်ပြုသံများ ဆူညံနေခဲ့သည်။

ပထမရရှိသူကို သတ်မှတ်ထားပြီလေပြီ.....

နန်ဖန်းကျောင်းတော်သား လီလော့....ပထမ.....

ဤရလဒ်သည် မျှော်လင့်မထားမိသော ရလဒ်ဖြစ်သည်။ စာမေးပွဲစတင်စဉ်ကတည်းက လုချင်းအာတစ်ဉီးတည်းကသာ ရှီယွမ်ကို ယှဉ်ပြိုင်နိုင်မည်ဟု ထင်ကြေးပေးခဲ့သော်လည်း လီလော့အကြောင်း ယောင်လို့ပင်မစဉ်းစားမိခဲ့ကြပေ။

လော့လန်အိမ်တော်သခင်လေး လီလော့ကို ထျန်ရှုစီရင်စုတွင် မသိသူဟူ၍ ရှိလိမ့်မည်မထင်....လော့လန်အိမ်တော်သည် ထျန်စုစီရင်စုတွင် ခြေကုပ်ယူခဲ့ပြီးမှသာ ရှမြို့တော်စီတိုးချဲ့ ပြောင်းရွေ့သွားခဲ့ခြင်းဖြစ်သည်။ထို့အပြင် လော့လန်အိမ်တော်သခင်နှစ်ပါးကြောင့်လည်း ထျန်ရှုနယ်သားများအားလုံး ဂုဏ်တက်ခဲ့ကြသည်မဟုတ်ပေလော....

ထို့ကြောင့် အိမ်တော်သခင်နှစ်ပါး၏ တစ်ဉီးတည်းသော သားဖြစ်သူ လီလော့သည် ငယ်စဉ်ကတည်းကပင် လူသိများ ကျော်ကြားခဲ့လေသည်။သို့သော်လည်း လီလော့ထံတွင် ဗလာနန်းတော်ရှိနေကြောင်းသိလိုက်ရသည့်အခါ မိဘနှစ်ပါးထံမှ အမွေဆက်ခံနိုင်ရန် မဖြစ်နိုင်တော့သည့် လီလော့အပေါ် အမြင်ပြောင်းသွားခဲ့ကြပြန်သည်။

" ကျားက ခွေးကို မွေးတဲ့ အဖြစ်မျိုးပေါ့...."

ထိုသို့သော မှတ်ချက်မျိုးကို  လီလော့ နှစ်ပေါင်းများစွာ ကြားခဲ့ရသည်။

တစ်ချို့ဆိုလျှင် ကျန်းချင်းအာကို သမီးအရင်းဟုထင်နေကြပြီး လီလော့ကို မွေးစားသားဟုပင်ထင်နေကြသေးသည်။

ဆိုးရွှားလှသော မှတ်ချက်များသည် နှစ်ပေါင်းများစွာတိုင်အောင် ဆက်တိုက်ထွက်ပေါ်ခဲ့သည်။

ယနေ့ရလဒ်ကြောင့် လော့လန်အိမ်တော်သခင်လေးအပေါ် ထားရှိသော ထင်မြင်ချက်များကို ပြန်လည်ဆန်းစစ်ရပေတော့မည်။

လော့လန်အိမ်တော်သခင်လေးသည် ကျန်းချင်းအာလောက် မထက်မြက်သော်လည်း တက်ကြွနွေးထွေးသော ပင်ကိုယ်စရိုက်ရှိသူတစ်ဉီးဖြစ်ပြီး အခြေနေအချိန်အခါပေါ်လိုက်ပြီး ဝှက်ဝဲများကို အံဝင်ဂွင်ကျအသုံးပြုနိုင်သူဖြစ်သည်။

သခင်လေးသည် မိဘနှစ်ပါးနှင့် ကျန်းချင်းအာတို့နှင့်ပါ မတူကွဲပြားသူတစ်ဉီးဖြစ်သည်။

ဆရာရှုရှန်ယွီသည် အဆင့်သတ်မှတ်ချက်ကို အတော်ကြာ ငေးကြည့်နေရာမှ သတိပြန်ဝင်လာပြီး အားပါးတရ ကြွေး​ကြော်နေလေ၏။

" တွေ့လား !!!!လီလော့ ပထမရသွားပြီ! !!!!"

ရှုရှန်ယွီဘေးတွင်ရှိနေသော လင်းဖန်ကတော့ ငိုရမလား ရယ်ရမလား မသိ လမ်းပျောက်နေရှာသည်။

နန်ဖန်းကျောင်း​တော်သည် ထျန်ရှု၏ နံပါတ်တစ်ကျောင်းတော်အဖြစ် ဆက်လက်ရပ်တည်နိုင်ပြီဖြစ်သော်လည်း အောင်နိုင်သူသည် ပထမကျောင်းတော်သား ဟုတ်မနေခဲ့ပေ။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ခန့်ကတည်းက လီလော့၏ တိုးတက်မှုများကို တွေ့မြင်ခဲ့သော်လည်း လင်းဖန် အလေးနက်မထားမိခဲ့ပေ။ လီလော့မည်သို့မျှ အမှီလိုက်နိုင်မည်ဟု ထင်မထားမိခဲ့သည်လည်း ပါပေလိမ့်မည်။လီလော့သည် စာမေးပွဲစတင်ရန် တစ်လခန့်သာ လိုတော့သည့်အချိန်မှစ၍ ပဲ့တင်ထပ်သံပိုင်ဆိုင်နိူင်ခဲ့သောကြောင့် လုချင်းအာနှင့် စုန်ယွမ်ဖန်တို့ကို ဘယ်နည်းနဲ့မျှ လိုက်မှီလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း လီလော့သည် ပထမနေရာကို ဆွတ်ခူးနိုင်ခဲ့လေပြီ....

ထို့ကြောင့် ဝမ်းသာပျော်ရွှင်နေသည့် ရှုရှန်ယွီနှင့် ရင်ဆိုင်လိုက်ရသောအခါ လင်းဖန် ထူးထူးဆန်းဆန်း နောင်တရမိနေခဲ့လေသည်။

လီလော့၏ တိုးတက်လာမှုကို မြင်လိုက်ကတည်းက ပထမကျောင်းတော်ဆီ ဆွဲမခေါ်မိခဲ့သည်ကို နောင်တရမိနေခြင်းဖြစ်သည်။

ယခုလို လီလော့ ပထမရသွားသည့်အတွက် လင်းဖန်တစ်ယောက် အနှိမ်ခံရပေတော့မည်။လီလော့သည် နန်ဖန်းကျောင်း​တော်၏ သက်တမ်းတစ်လျှောက်တွင် ပထမကျောင်းတော်မှ မဟုတ်ဘဲ ပထမဆုံးအကြိမ်အဖြစ် ပထမဆုဆွတ်ခူးနိုင်သူအဖြစ် သတ်မှတ်ခံရပေတော့မည်။

အဆုံးတွင်မူ သူ ( လင်းဖန်) သည် ရေတိုသာကြည့်တတ်သူတစ်ဉီးအဖြစ် ကဲ့ရဲ့ခံရပြီး ရှုရှန်ယွီသည် ဉာဏ်ပညာရှိသူတစ်ဉီးအဖြစ် ချီးကျုးခံရတော့မည်။

သို့သော်လည်း နန်ဖန်းကျောင်းတော်သည် နံပါတ်တစ်နေရာတွင် ဆက်လက်ရပ်တည်နိုင်သေးသည်။ ထို့ကြောင့် လင်းဖန် ငိုရခက် ရယ်ရခက်ဖြစ်နေရခြင်းပင်......

ရှုရှန်ယွီ လင်းဖန်ကို လှည့်ကြည့်လိုက်သည့်အခါ လင်းဖန်၏ မျက်နှာသည် မစင်မျိုထားရသည့်နှယ် ရှုံ့မဲ့နေသောကြောင့် ရှုရှန်ယွီကို သနားမိသွားသော်လည်း ကလိဖို့မမေ့ခဲ့ပေ။

" ဆရာလင်းဖန်...မင်းက တကယ့် ညီအစ်ကိုကောင်းတစ်ယောက်ပါ....ငါနောက်ဆို မင်းနဲ့အတိုက်ခံမလုပ်တော့ပါဘူး....."

လင်းဖန် အားတင်းပြီး ပြုံးလိုက်သော်လည်း ထိုအပြုံးသည် ငိုနေသည်ထက်ပင် အကျည်းတန်နေသေးသည်။

" ဟားးး ဟားး ဟုတ်တယ်...ငါတို့က ညီအစ်ကိုတွေပဲလေ...သူစိမ်းဆန်တဲ့စကားတွေ ပြောမနေပါနဲ့...."

......... .................. .................. .........

ချိုင်ဝေနှင့်ယန်လင်းချီတို့သည်လည်း အများနည်းတူ မှင်သက်နေခဲ့ကြသည်။

" ဒီလိုရလဒ်မျိုး လုံးဝမျှော်လင့်မထားခဲ့ဘူး...."

"ကျစ်..ကျစ်...လီလော့က ကောင်းကောင်းကြီးဖုံးကွယ်နိုင်ခဲ့တာပဲ... ဒီသတင်းကိုသာ ကျန်းချင်းအာကြားရင် တော်တော်အံ့သြ

နေမှာပဲ..... "

ယန်လင်းချီသည်လည်း လီလော့ ထိုမျှအထိ အောင်မြင်မည်ဟု ထင်မထားမိခဲ့ပေ။

" သခင်လေးသာ ကြယ်တာယာခရီးရှည်ကောလိပ်မှာ ကျောင်းတက်ခွင့်ရမယ်ဆို လော့လန်အိမ်တော်လည်း အခြေမြင့်လာလိမ့်မယ်....ဒါဆို ချင်းအာလည်း အ​တော်ဝန်ပေါ့သွားမှာပါ....."

ချိုင်ဝေ သက်ပြင်းချပြီး ပြောလိုက်သည်ကို ယန်လင်းချီကလည်း ခေါင်းညိတ်ထောက်ခံခဲ့သည်။

လော့လန်အိမ်တော်သည် အတွင်းရေး ကိစ္စများအပြင် ပြင်ပရန်သူများ၏ နှောက်ယှက်ခြင်းများနှင့်ပါ ကြုံတွေ့နေရသော်လည်း လီလော့အပေါ် သစ္စာ​စောင့်သိသူများစွာ ရှိနေပါသေးသည်။ မည်သို့ပင်ဆိုစေ လီလော့သည် အိမ်​တော်သခင်နှစ်ပါး၏ သွေးသားရင်းချာဖြစ်သည့်အတွက် မွေဆက်ခံရာတွင် ကျန်းချင်းအာထက်ပို၍ သင့်တော်သူဖြစ်သည်။

သို့သော်လည်း ဗလာနန်းတော်ရှိနေသည့်အတွက် လီလော့၏ အနာဂတ်များဝေဝါးခဲ့ရပြန်သည်။လီလော့အပေါ် လက်လျှော့ခဲ့သူများလည်း ရှိခဲ့ဖူးသော်လည်း လီလော့ ကောင်းမွန်စွာ စွမ်းဆောင်နိုင်မည်ဆိုပါက ထိုသူများ၏ ယုံကြည်မှုကို ပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး ကျန်းချင်းအာ၏အကူအညီဖြင့် လော့လန်အိမ်တော်ကို ကောင်းစွာဉီးစီးနိုင်ပေလိမ့်မည်။

ချိုင်ဝေရော ယန်လင်းချီပါ အနာဂတ်ကို မျှော်တွေးမှန်းဆနေမိခဲ့ကြသည်။

.............. ................................ ..................

ရလဒ်များ ကြေငြာပြီးချိန်တွင် ရှီချင် လုံးဝ အသံတိတ်သွားခဲ့ပြီး သူ့ထံမှ ထိတ်လန့်ဖွယ်ကောင်းသော အော်ရာများသာ ပျံ့လွှင့်လာခဲ့သည်။

ဝေရှသည် ရှီချင် ဖြစ်ပျက်နေသမျှကို ဂရုစိုက်မနေဘဲ အားပါးတရလက်ခုပ်တီးကာ အော်ဟစ် အောင်ပွဲခံနေခဲ့သည်။

"​လီတိုင်ရွှမ်တို့ရဲ့သားလို့ မပြောရဘူး တော်လိုက်တာကွာ...အကုန်လုံး သူ့ကို လျှော့တွက်မိခဲ့ကြတယ်...အဲ့ထဲမှာ တချို့ တချို့သော အမြင်မကောင်းတဲ့ အဘိုးကြီးတွေတောင် ပါလိုက်သေးတယ်......."

ရှီချင်က အသက်မပါသော အပြုံးမျိုးပြုံးလိုက်ပြီး ဘယ်သူကိုမှ နှုတ်မဆက်ဘဲ ထပြန်သွားခဲ့သည်။

ဆရာအန်းလဲ့က စိတ်ဆိုးမာန်ဆိုး ထပြန်သွားသော ရှိီချင်ကို စိတ်မကောင်းဖြစ်သည့် အကြည့်ဖြင့်သာ ကြည့်နေခဲ့လေ၏။

ထို့နောက် ဝေရှဘက်ကိုလှည့်ကာ.....

" ဂုဏ်ယူပါတယ် ဌာနမှုးဝေရှ.....ဒီနှစ်မှာလည်း နန်ဖန်းက ထျန်ရှုရဲ့ နံပါတ်တစ်ကျောင်းတော် ဂုဏ်ပုဒ်ကို သိမ်းပိုက်နိုင်ခဲ့ပြန်ပြီ....."

လီလော့နှင့် လုချင်းအာတို့သည် ပထမနှင့် ဒုတိယနေရာရရှိသွားသည့်အတွက် နန်ဖန်းကျောင်းတော်သည် ဝင်ခွင့် ၂၁ နေရာစာရရှိမည်ဖြစ်သည်။

ဤသည်မှာ တစ်ခါမျှ မကြားခဲ့ဖူးသော ဖြစ်ရပ်မျိုးသာပင်......

ထိုဖြစ်ရပ်ကြောင့် အနာဂတ်တွင် မိဘများသည် သူတို့၏ ကလေးများကို နန်ဖန်းကျောင်းတော်တွင် တက်ရောက်နိုင်အောင် ရေကုန်ရေခမ်းကြိုးစားကြပေတော့မည်။သူတို့သားသမီးများ ကိုယ်တိုင် မစွမ်းဆောင်နိုင်သည့်တိုင် နန်ဖန်းကျောင်းတော်၏ ကြီးမားသော ဂုဏ်သတင်းကြောင့် ကြယ်တာယာခရီးရှည်ကောလိပ်ကို လွယ်ကူစွာဝင်ရောက်နိုင်မည်ဖြစ်သောကြောင့်ပင်....

ဌာနမှုး ဝေရှ၏ ရယ်မောသံများ အသံမဆဲနိုင်နေတော့ပေ။

ထိုအချိန်တွင် အပျက်စီးနယ်မြေထဲမှ ကျောင်းသားများ တောင်ခြေသို့ပြန်ရောက်လာကြသည်။လီလော့နှင့် လုချင်းအာတို့ကို တွေ့လိုက်ရသောအခါ အားပေးဂုဏ်ပြုသံများ ဆူညံသွားခဲ့ပြန်သည်။

အခြားသော နန်ဖန်းကျောင်းသားများသည်လည်း လီလော့ကို ကျေးဇူးတင်သည့်အကြည့်များနှင့် ပြုံး၍ ကြည့်နေကြသည်။ လီလော့၏ ကျေးဇူးကြောင့် အပိုဝင်ခွင့်နေရာများရရှိခဲ့သည် မဟုတ်လော.....

တရုတ်လူမျိုးတို့တွင်...."တစ်ယောက်ယောက်ကသာ ကောင်းကင်ပေါ်တက်လှမ်းနိုင်ပြီဆို သူပိုင်တဲ့ ကြက်တွေ ခွေးတွေပါ ကောင်းကင်ပေါ်ရောက်နိုင်ပြီ" ဟူသော ဆိုရိုးစကားလည်း ရှိပေသေးသည်။

လီလော့သည် ကျော်ခွော်နှင့်အတူ ယုလန်ကို လူအုပ်ထဲတွင် လိုက်ရှာနေရသည်။

ယုလန်သည် ချစ်စဖွယ်ကောင်းသော ဂျူနီယာကျောင်းသူတစ်ဉီး၏ လက်ကို ဆုပ်ကိုင်ထားပြီး မျက်နှာထားခပ်တည်တည်နှင့် ပြိုင်ပွဲအကြောင်း ဖောက်သည်ချနေသည်။

"လီလော့ ရှီယွမ်ကို ဘာလို့ နိုင်အောင်တိုက်နိင်ခဲ့လဲ သိလား....ငါ ရှီယွမ်ကို ဒေါသထွက်အောင် သွားဆွပေးလိုက်လို့သာ လီလော့ အခွင့်ကောင်းယူပြီး တိုက်နိုင်ခဲ့တာ...လီလော့ အောင်မြင်မှုရဲ့ တစ်ဝက်လောက်က ငါ့ရဲ့ ကြိုးစားအားထုတ်ပေးမှုတွေပါတယ်...ဒါပေမယ့် ငါသဘောထားကြီးတဲ့သူဆို​တော့ ဒါတွေကို စိတ်ထဲထားမနေတော့ဘူး...."

ရိုးသားလှသော ဂျုနီယာကျောင်းသူလေးကတော့ ယုလန်ကို လေးစားမှုအပြည့်နှင့် ကြည့်နေလေ၏။

" ဒီလူယုတ်မာကောင်က​တော့....."

ယုလန်လို ဉီးနှောက်မကောင်းသူနှင့် လီလော့ အဖက်လုပ်ပြီးပြောမနေတော့ပေ။

ဂျူနီယာလေးများနှင့် စကားပြောနေသော လုချင်းအာက လီလော့ဘက်ကိုလှည့်လာပြီး.....

" လီလော့...ဂျူနီယာလေးတွေက ငါတို့အတွက် ဂုဏ်ပြုညစာစားပွဲ လုပ်ပေးချင်တယ်တဲ့...အဲ့တာ နင်လာနိုင်လောက်မလားလို့ မေးခိုင်းနေကြတယ်...."

လီလော့ သက်ပြင်းချလိုက်မိလေသည်။ တကယ်ဆို ထိုသို့သော စားသောက်ပွဲများသည် အဓိပ္ပါယ်မရှိလှပေ။

သိုသိုသိပ်သိပ်နေခဲ့စဉ်ကတည်းက ရုပ်ချောသည့် လီလော့ကို လိုက်ကပ်နေသော ဂျုနီယာလေးများသည် ယခုလို အောင်မြင်ကျော်ကြားလာချိန်တွက် အလွတ်ပေးလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း လီလော့ တက်ရောက်မည်ဖြစ်ကြောင်း ခေါင်းညိတ်လိုက်ရပါသည်။

All Chapters