စုန်ချီယု.......
Vol. 6 Ch. 74
ညလေအေးတသုတ်သည် နန်ဖန်းမြို့လေးအပေါ် ဖြတ်ကျော်တိုက်ခတ်နေသော်လည်း အဖြူရောင်ဝိဉာဉ်တောင်ခြေဆီမှ အောင်ပွဲခံ၍ ပြန်လာကြသူများကို မအေးမြစေနိုင်ခဲ့ပါ......
လီလော့တို့သည် ချင်းဖန်မျှော်စင်တွင် ညစာစားပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
ချင်းဖန်မျှော်စင်သည် ချင်းဖန်မြစ်နံဘေးတွင် တည်ဆောက်ထားသည်ကို အစွဲပြုခေါ်ဝေါ်ခြင်းဖြစ်သည်။၎င်းသည် လှပသောနေရာတစ်ခုဖြစ်ပြီး နန်ဖန်းမြို့ရှိ အထပ်အမြင့်ဆုံးစားသောက်ဆိုင်ဆိုလည်း မမှားပေ။
ဤစားသောက်ပွဲကို လုချင်းအာ အကုန်ကျခံ၍စီစဉ်ခဲ့ခြင်းဖြစ်သည်။
သူမသည် စားသောက်ဆိုင်တစ်ခုလုံးကို အပြတ်ဌားရမ်းထားပြီး လူပေါင်းများစွာ ဖိတ်ကြားထားသေးသည်။
လီလော့သည် လုချင်းအာနှင့်အတူထိုင်ပြီး သေရည်သောက်ခဲ့ကြသည်။အရက်ရှိန်ဖြင့် ပါးနှစ်ဖက်နီမြန်းနေသော လုချင်းအာ၏ ပုံသဏ္ဍာန်သည် နွေးထွေးလှသော မီးအလင်းရောင်အောက်တွင် မြင်ရသူအပေါင်း၏ စိတ်အာရုံကို ညှို့ယူဖမ်းစားလျက်ရှိသည်။
ထိုအချိန်တွင်ကျောင်းသားတစ်ယောက်ရောက်လာပြီး လီလော့တို့ကို သေရည်သောက်ရန် ခွက်ချင်းတိုက်ကာ......
" စီနီယာတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့စုံတွဲပဲ....တစ်ယောက်က ပထမ၊ တစ်ယောက်က ဒုတိယ..... စီနီယာတို့ကတော့ နန်ဖန်းမှာ ဒဏ္ဍာရီတွင်နိုင်ခဲ့ပြီ......"
လီလော့ ထိုကောင်လေးကိုသာ စိုက်ကြည့်နေလိုက်မိသည်။ ဤသည်မှာ နန်ဖန်းမြို့တော်အတွက် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်နိုင်သော်လည်း ရှမြို့တော်တွင်ဆိုပါက အရာ မဝင်သောဇာတ်လမ်းတစ်ခုပုဒ်သာ ဖြစ်ပေလိမ့်မည်။
လုချင်းအာကတော့ ထိုကောင်လေးကို ပြုံးပြလိုက်ပြီး ခွက်ချင်းတိုက်နေလေ၏။
" စုန်ယွမ်ဖန်ဆိုတဲ့ သစ္စာဖောက်ကောင်က တကယ့်ကို အသားထဲကလောက်ထွက်တဲ့ကောင်....တခြားကျောင်းက လူကို ကူညီဖို့ အစ်မချင်းအာကို တိုက်ခိုက်တယ်တဲ့....."
မူးနေပြီဖြစ်သော ကျောင်းသားတစ်ချို့သည် ထုံးစံအတိုင်း ဗရုတ်ကျဖို့ တာဆူနေကြသည်။
ထိုကျိန်ဆဲမှုကို တခြားကျောင်းသားများကလည်း အော်ဟစ်ထောက်ခံနေကြသည်။ ဤအဖြစ်ပျက်သည် နန်ဖန်းကျောင်းသားများအတွက် အတော်လေး အစာမကြေနိူင်သော သစ္စာဖောက်မှုတစ်ခုပင်.....
တီဖာချင်းသည် အပြစ်လုပ်မိထားသော ကလေးတစ်ယောက်သဖွယ် မျက်နှာငယ်လေးနဲ့ ရောက်လာခဲ့ပြန်သည်။
"ချင်းအာ...ဖြစ်ပျက်ခဲ့သမျှအတွက် တောင်းပန်ပါတယ်...ငါ အမှတ်အသားချန်ခဲ့လို့သာ ချုံခြိုတိုက်ခိုက်ခဲ့ရတာ...."
လုချင်းအာ သူမကို ခေါင်းခါပြလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးကာ ခွက်ချင်းတိုက်ပေးလိုက်သည်။ ဤသည်မှာ နှစ်သိမ့်ပေးနေသော အပြုအမူဖြစ်သော်လည်း လုချင်းအာ၏ မျက်ဝန်းများထဲတွင် တင်းမာမှုအချို့ ရှိနေခဲ့သည်။
နှုတ်ဖြင့် ထုတ်မပြောသော်လည်း တီဖာချင်း၏ နာမည်ဘေးတွင် ပေါင်းသင်းရန် မထိုက်တန်သူ အဖြစ် တံဆိပ်ကပ်ခံလိုက်ရပြီဆိုသည်မှာ သေချာနေပြီဖြစ်သည်။
တီဖာချင်း၏.လုပ်ရပ်သည် တမင်ရည်ရွယ်သည်ဖြစ်စေ၊ မတော်တဆဖြစ်စေ လုချင်းအာ လက်မခံနိုင်ခဲ့ပေ။
နုံအမိုက်မဲသူနှင့် မိတ်ဆွေဖွဲ့ခြင်းသည် မိမိအား အကြိမ်ကြိမ်ဘေးဒုက္ခရောက်စေလိမ့်မည်။နောက်ဆုံးတွင် ထိုသူများသည် တီဖာချင်းကဲ့သို့ အပြစ်ကင်းစင်လှသော မျက်နှာပေးနှင့် လူကို စိတ်မသက်မသာဖြစ်အောင် တောင်းပန်ဉီးမည်သာ....
" လီလော့....ငါနင့်အပေါ် အမြင်စောင်းခဲ့မိပါတယ်....ငါ့ကို ဗွေမယူပါနဲ့နော်....ငါအမြင်ကျဉ်းခဲ့လို့သာ အဲ့လိုတွေ ပြောခဲ့မိတာပါ....ဒီနေ့နင့်ရဲ့ စွမ်းဆောင်မှုကြောင့် နင်က စီနီယာကျန်းချင်းအာနဲ့ ထိုက်တန်တယ်ဆိုတာ ငါလက်ခံလိုက်ပါပြီ....."
တီဖာချင်းက မဝံ့မရဲလေသံဖြင့် တောင်းပန်နေသော်လည်း လီလော့ သူမနှင့် စကားဖက်မပြောချင်သောကြောင့် ပြုံး၍သာ လက်ခါပြလိုက်တော့သည်။
လုချင်းအာ၏ အေးစက်သောအကြည့်များကြောင့် တီဖာချင်း တစ်ခုခုကိုနားလည်သွားဟန်ဖြင့် တစ်ချိုးတည်း လှည့်ပြေးလေတော့သည်။
တီဖာချင်းဘက်ကတောင်းပန်သွားသော်လည်း ယခုချိန်ထိ သုန်မှုန်နေသေးသော လုချင်းအာကို လီလော့ အံ့သြနေမိသောကြောင့်......
" နင် ဘာဖြစ်နေတာလဲ....."
" ဘာမှမဖြစ်ဘူး...အရူးတွေအကြောင်း စဉ်းစားမိလို့ ဒေါသထွက်နေတာ....."
လုချင်းအာ၏ ဖြေပုံကြောင့် လီလော့ ခေါင်းရှုပ်သွားသော်လည်း မိန်းမပျိုလေးများ၏ အတွေးများကို မခန့်မှန်းခြင်းသည် အကောင်းဆုံးဖြစ်မည်ဟုသာ နှလုံးသွင်းလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
" စုန်ယွမ်ဖန်က ထိပ်တန်းဆယ်ယောက်စာရင်းမကြေငြာခင် ထုတ်ပယ်ခံလိုက်ရပေမယ့် အစမ်းစာမေးပွဲမှာဒုတိယရထားတယ်ဆို
တော့ ဝင်ခွင့်တစ်နေရာစာ ရဉီးမှာပေါ့....."
" ဟုတ်တယ်.....ဒါပေမယ့် ဌာနမှုးက စည်းကမ်းတင်းကြပ်ပြီး သဘောထားသေးသိမ်တဲ့သူလို့ နာမည်ကြီးတယ်လေ....စုန်ယွမ်ဖန်ရဲ့ သစ္စာဖောက်မှုက အခန့်မသင့်ရင် နန်ဖန်းကျောင်းတော်က ထျန်ရှုရဲ့နံပါတ်တစ်ကျောင်းတော်ဂုဏ်ပုဒ်ကို လက်လွှတ်ပေးရနိုင်တယ်....အဲ့တော့ စုန်ယွမ်ကို ဌာနမှုးက လွယ်လွယ် လွှတ်ပေးမှာမဟုတ်လောက်ဘူး....... "
လီလော့ လုချင်းအာ၏ ရှင်းပြမှုကို ခေါင်းညိတ်ထောက်ခံလိုက်သည်။
// ဒီလိုသာဆို နည်းနည်းတော့ ပိုအဆင်ပြေသွားလိမ့်မယ်.....//
စုန်ယွမ်ဖန်ကို သေလောက်အောင်ကြိုးစားပြီး ထုတ်ပယ်ခဲ့ရသည့်တိုင် ကြယ်တာယာခရီးရှည်ကောလိပ်မှာပင် တွေ့မြင်နေရဉီးမည်ဆို လီလော့လောက်အဖြစ်ဆိုးသူ ရှိနိုင်ပါဉီးမလား......
အခုချိန်မှာ ဌာနမှုးရဲ့ သဘောထားသိမ်သေးသိမ်မှုသည် အထူးနှစ်သက်ဖွယ်ကောင်းနေတော့သည်။
လီလော့တို့ ကျောင်းသားတစ်သိုက် ပျော်ရွှင်စွာ အောင်ပွဲခံနေသည်ကို ချင်းဖန်မျှော်စင်အမြင့်တစ်နေရာမှ ငုံ့ကြည်နေသူများလည်း ရှိနေသေးသည်။
ထိုသူများထဲတွင် အဝါရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုတစ်ဉီးပါဝင်နေပြီး ထိုမိန်းမပျိုသည် လှပသော လေးကိုင်းသဏ္ဍာန်မျက်ခုံးလေးများ တွန့်ချိုးနေသည်အထိ မျက်မှောင်ကြုံ့နေခဲ့သည်။
စုန်ယွမ်ဖန်ကို ကျိန်ဆဲနေသည်ကို ကြားလိုက်တိုင်း သူမ၏ မျက်ဝန်းလှလှလေးထဲတွင် ဒေါသအရိပ်အယောင်များ တဖြတ်ဖြတ်လင်းလက်လာသည်။
သူမသည် စုန်ယွမ်ဖန်၏ အစ်မ စုန်ချီယုဖြစ်ပြီး ကြယ်တာယာခရီးရှည်ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်သည်။
သူမ နန်ဖန်းမြို့ကို ရောက်ရောက်ချင်းမှာပင် မောင်ဖြစ်သူ၏ သတင်းဆိုးကို ကြားလိုက်ရလေသည်။
" ထျန်ရှုစီရင်စုစာမေးပွဲမှာ အမှိုက်သခင်လေးက ပထမရသွားတာကိုး....."
စုန်ချီယုနှင့် အတူထိုင်နေသော ကျောင်းသားနှစ်ဉီးအနက် ဆံပင်အစိမ်းရောင်နှင့်ကျောင်းသားက လက်ထဲက သေရည်ခွက်ကိုဆော့ကစားရင်းပြောလိုက်ခြင်းဖြစ်သည်။
" ကျင်းမင်...သူက အမှိုက်မဟုတ်တော့ဘူး....စာမေးပွဲမှာ ပထမရတယ်ဆိုတော့ တော်တော်လေး အရည်အချင်းရှိမယ့်ပုံပဲ....."
ကျင်းမင်ဆိုသူသည် တီဖာချင်း၏ အစ်ကိုဖြစ်သူ တီဖာကျင်းမင်ပင်ဖြစ်လေ၏။
" ထျန်ရှုစီရင်စုကလူတွေ အားနည်းလိုက်ကြတာ....တစ်ချို့စီရင်စုတွေမှာဆို နောက်ဆုံးအဆင့်စာမေးပွဲမှာ စည်းတံဆိပ််ဆယ်ခုအဆင့်သမားတွေတောင်ပါတယ်တဲ့....."
" မိုလင်း...နင်တို့ ပေချီစီရင်စုမှာ အရည်အချင်းရှိတဲ့သူတွေ ပေါများမှန်း သိပါတယ်.....ထိပ်တန်းစီရင်စုတွေထဲမှာ အဆင့်ကောင်းကောင်းရထားတဲ့ ပေချီစီရင်စုကို ငါတို့ရဲ့ သာမာန်အဆင့် စီရင်စုလေးက ဘယ်လိုလို့ ယှဉ်နိုင်မှာလဲ....."
မိုလင်းသည် ပေချီစီရင်စုမှာ လာသူဖြစ်သောကြောင့် အနောက်ခံအင်အားတောင့်တင်းသူတစ်ဉီးဖြစ်သည်။ပေချီစီရင်စုသည် အကျယ်အဝန်းအရရော ခွန်အားအရပါ ထျန်ရှုထက်များစွာ သာလွန်သောကြောင့် မိုလင်းအခုလို အထင်သေးနေရခြင်းဖြစ်သည်။
စုန်ချီယု ရှက်ရွံစွာပြောလိုက်သည့်စကားကို မိုလင်းဆိုသူက ရယ်မောလိုက်ပြီး.....
" ငါနင်တို့ကို လှောင်နေတာမဟုတ်ပါဘူး....ကျန်းချင်းအာကို မွေးထုတ်ပေးနိုင်တယ်ဆိုကတည်းက ထျန်ရှုစီရင်စုကို ဘယ်သူမှ အထင်မသေးရဲတော့ဘူး....."
မိုလင်းသည် စုန်ချီယုကို သဘောကျနေသူဖြစ်သည့်အတွက် စုန်ချီယု၏ အိမ်ပြန်ခရီးတွင် ကာကွယ်ပေးနိူင်ရန် ထျန်ရှုသို့ လိုက်ပါလာခြင်းဖြစ်သည်။
စုန်ချီယု၊ တီဖာကျင်းမင်နှင့် မိုလင်းတို့သုံးဉီးစလုံးသည် ကြယ်တာယာခရီးရှည်ကောလိပ်ကျောင်းသားများဖြစ်ကြသည်။
အောက်ထပ်မှာ အောင်ပွဲခံနေသူတွေကြောင့် စုန်ချီယု စိတ်မသက်မသာဖြစ်နေသည်ကို မိုလင်း သဘောပေါက်သည့်အခါ.....
"ဘာပဲပြောပြော မင်းတို့ပြောနေတဲ့ကောင်လေးက ငါတို့ရဲ့ ဂျူနီယာဖြစ်လာမှာပဲလေ....အဲ့တော့ ကြိုတင်မိတ်ဆက်ထားရင်မကောင်းဘူးလား....."
မိုလင်း ပြောပြောဆိုဆိုနဲ့ မတ်တပ်ထရပ်လိုက်သည့်အခါ စုန်ချီယုက......
" ထားလိုက်စမ်းပါ....အရေးပါတာလဲမဟုတ်ဘဲနဲ့......"
မိုလင်းက လက်ခါလိုက်ပြီး.....
"သူတို့ရဲ့ စီနီယာတစ်ယောက်ဖြစ်လာမယ့်ငါမှာ သူ့တို့ကို ကောလိပ်အကြောင်းရင်းနှီးအောင် ရှင်းပြပေးဖို့တာဝန်ရှိတယ်....."
စုန်ချီယုက ပြုံးလိုက်ပြီး တားမရလဲနေပေါ့ဟူသော အမူအရာဖြင့်.....
" ဒါဆိုလည်း လက်မလွန်စေနဲ့ဉီး....သူများ
တွေကို ထိတ်လန့်အောင် လုပ်မိသလိုဖြစ်နေဉီးမယ်...."
တီဖာကျင်းမင်က ခွက်ထဲကသေရည်ကို အကုန်မော့သောက်လိုက်ပြီး.......
"ညတာရှည်လွန်းတယ်... ပွဲကောင်းကောင်းလေးကြည့်ရတာ သိပ်မဆိုးပါဘူး....."
မိုလင်းသည် ပဲ့တင်ထပ်သံဆရာသခင်အဆင့်ကျွမ်းကျင်သူဖြစ်သောကြောင့် မိုလင်း တစ်ယောက်တည်းသွားမည်ကို စုန်ချီယုတို့ မစိုးရိမ်ခဲ့ကြပေ။အောက်ထပ်တွင်ရှိနေသူများသည် မိုလင်းအတွက် ကြက်ပေါက်လေးများသဖွယ်ဖြစ်နေသည်မဟုတ်ပေလော....
စည်းတံဆိပ်ဆယ်ခုအဆင့်နဲ့ ပဲ့တင်ထပ်သံဆရာသခင်အဆင့်ကြားက ကွာခြားချက်ကို မသိကြသေးသူများအား မိုလင်းတစ်ယောက် ကောလိပ်မရောက်မှီမှာပင်ကြိုတင်သင်ပြပေးတော့မည်ဖြစ်သည်။