ပွဲတော်စတင်ပြီ.....
Vol. 6 Ch. 81
ခြောက်ရောင်ခြယ်လှည်းဘီးပေါ်ရှိ အပေါက်များကို တဖြည်းဖြည်း ဖြည့်ပေးနေခဲ့သည်မှာ လဝက်တိုင်ခဲ့လေပြီ....
အချိန်လဝက် ထပ်မံကုန်ဆုံးသွားခဲ့သော်လည်း လီလော့ စည်းတံဆိပ်ဆယ်ခုအဆင့်သို့ မရောက်နိုင်သေးပေ။
ထိုသို့ ဖြစ်ရခြင်းမှာ ယခင်က ကျင့်ကြံရာတွင် ကောင်းကင်ရွှေကျင့်ကြံရေးခန်းမကိုသုံးခဲ့သည့်အပြင် ဗလာနန်းတော်ရှိစဉ်အခါက ကြိုးစားထားခဲ့သမျှသည် အရှိန်အဟုန်ဖြင့် ပေါက်ကွဲခဲ့သောကြောင့်ပင်....
ယခုတွင်မူ လီလော့၏ ကျင့်ကြံရေးအရှိန်နှုန်းသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပြီဖြစ်သည်။
နှစ်ကုန်စာမေးပွဲပြီးဆုံးခဲ့သည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်သည့်အတွက် လူထု၏ အာရုံစိုက်မှုများသည်လည်း အခြားတစ်ခုဆီ ဉီးတည်ချက်ပြောင်းသွားခဲ့ပြီဖြစ်သည်။
ထျန်ရှုနယ်သားတိုင်းသည် ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်း ပွဲတော်ကိုသာ အာရုံစိုက်နေခဲ့ကြသည်။
ကျင့်ကြံရေးလောကဟူသည် ကျင့်ကြံရေးအဆင့်ပေါ်မူတည်၍ အရာအားလုံးကိုဆုံးဖြတ်ပေးသော လောကပင်ဖြစ်သည်။
ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းသည် ကျင့်ကြံရေးသမားတို့၏ ပဲ့တင်ထပ်သံအဆင့်များကို မြှင့်တင်ပေးနိုင်သော အရာဖြစ်သည်။ထို့ကြောင့် ထိုအရာများနှင့်ပတ်သတ်သော ပွဲတော်ကို မည်သူကများ လက်လွတ်ခံနိုင်လိမ့်မည်နည်း။
ထိုပွဲတော်သည် နှစ်ကုန်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့သော ကျောင်းသားများအတွက် ဖြေသိမ့်စရာပွဲတော်ဆိုလည်း မမှားနိုင်ပေ။
မည်သို့ပင်ဆိုစေ ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများသည် ကျင့်ကြံသူတိုင်းအတွက် အသုံးဝင်သော အရာတစ်ခုပင်ဖြစ်သည်မဟုတ်လော......
ထို့အပြင် ထိုပွဲတော်သည် ထျန်ရှုစီရင်စုအတွင်းရှိ ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများထုတ်လုပ်သည့် အိမ်တော်တိုင်းကို များစွာဆွဲဆောင်နိုင်သော ပွဲတော်တစ်ခုလည်း ဖြစ်သည်။ထို့ကြောင့် စံအိမ်အသီးသီးမှနေ၍ အကောင်းဆုံးသော ပဲ့တင်ထပ်သံပြုပြင်သူများကို ပြိုင်ပွဲဝင်ရန် စေလွှတ်မည်ဖြစ်သည်။ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် စျေးကွက်တွင် ၎င်းတို့၏ ထုတ်ကုန်များကို လူသိများလာစေလိမ့်မည်။
အကျိုးအမြတ်များသည် မက်မောဖွယ်ကောင်းလှပေသည်။
ထို့ကြောင့် လောလန်အိမ်တော်၏ ရှီးယန်စံအိမ်အပါအဝင် အခြားသော စံအိမ်များသည်လည်း ထိုပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်ထားကြလေသည်။
.............. ...................
ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းပွဲတော်ကို နန်ဖန်းမြို့လယ် ရင်ပြင်တွင်ကျင်းပမည်ဖြစ်သောကြောင့် လီလော့သည် ချိုင်ဝေနှင့်အတူ ထိုနေရာသို့ ရောက်သွားခဲ့ကြသည်။
ထိုသို့ရောက်သောအခါ စည်ကားသိုက်မြိုက်နေသောမြင်ကွင်းကြောင့် လီလော့ အတော်ပင် အံ့သြနေမိခဲ့သည်။
" စည်ကားလှချည်လား....."
"လွန်ခဲ့တဲ့ သုံးရက်လောက် ကတည်းက ပွဲတော် စတင်တာဆိုတော့ ကုန်သည်တွေ
က သူတို့ရဲ့ထုတ်ကုန်တွေကို ခင်းကျင်းပြသထားတယ်လေ...တကယ့် အစစ်အမှန်ပြပွဲက ဒီနေ့မှစမှာ....အဲ့တာကြောင့်မို့ ဒီလောက်လူစည်နေတာ...."
" အစ်မလင်းချီရဲ့ ပြင်ဆင်မှုအခြေနေဘယ်လိုရှိလဲ...."
"ငါလည်း မသိဘူး...သူက စာအုပ်ပုံကြား ခေါင်းနှစ်ထားတော့ ငါလည်း သွားမမေးရဲဘူး...သူ ဒီကိုရောက်နေပြီဆိုတော့ နင် ကိုယ်တိုင်သာသွားမေးကြည့်လိုက်တော့....."
လီလော့ ခေါင်းညိတ်ပြလိုက်ပြီး ရှီးယန်စံအိမ်အတွက် သတ်မှတ်ပေးထားသော နေရာဆီသို့ လျှောက်သွားခဲ့ကြသည်။
ယန်လင်းချီသည် လက်ရန်းတစ်ခုကိုမှီပြီး ရင်ပြင်အလယ်တွင်ရှိသော ပြိုင်ပွဲစင်မြင့်ရှိရာဆီ ငေးကြည့်နေ၏။
"အစ်မလင်းချီကို ကြည့်ရတာ တကယ်ကိုလေးနက်နေပုံရတယ်နော်...."
လီလော့၏ စကားသံကြောင့် ယန်လင်းချီ သတိပြန်ဝင်လာပြီး.....
" စုန်ချီယုကလွဲရင် ငါ ဘယ်သူ့ကိုမှ မရှုံးနိုင်ဘူး..."
" အစ်မ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်ပေါ့....."
" ငါတို့ နှစ်ယောက်စလုံးက အဆင့်လေးပဲ့တင်ထပ်သံပြုပြင်သူတွေဆိုတော့ လက်ရည်တူတဲ့ ပြိုင်ဘက်တွေလို့ ပြောလို့ရတယ်.....ငါကတော့ ငါ ကျွမ်းကျင်တဲ့ အဆင့်လေး ဝိဉာဉ်တစ်မျိုးကို ရွေးထားတယ်....အနည်းဆုံး 58% ကနေ 60% ထိသန့်စင်အောင် ထုတ်လုပ်ပေးနိုင်တယ်.....ငါသိသလောက်ဆို စုန်ချီယု ထုတ်လုပ်နိုင်တဲ့ ဝိဉာဉ်ရည်က ငါ့ထက် နည်းနည်းလေး အားနည်းတယ်.....ဒါ့ကြောင့် အပြောင်းအလဲတွေဖြစ်မလာဘူးဆို ငါ့ဘက်က နိုင်ချေကိုများတယ်....."
ထိုအခါ ချိုင်ဝေက ယန်လင်းချီကို ချိုသာသောလေသံဖြင့်......
" စုန်မိသားစုက မှင်ရေစံအိမ်နဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ သူတို့ဘက်ကလည်း အထူးပြင်ဆင်မှုတွေ လုပ်ထားမှာပဲ...."
" ဉပမာ အဆင့်ငါး ဝိဉာဉ်ရည်ကို ထုတ်လာတာမျိုးဆိုရင်ရော....."
" လုံးဝမဖြစ်နိုင်ဘူး! !! အဆင့်ငါးရဲ့ အခြေခံသဘောတရားကို နားလည်ထားတဲ့ ငါတောင် အဆင့်ငါးဝိဉာဉ်ရည်ဖော်စပ်တာ လုံးဝမအောင်မြင်ခဲ့ဘူး...စုန်ချီယုဆို ပိုလို့တောင်မဖြစ်နိုင်သေးတယ်....."
ရုတ်တရက် ထငြင်းလိုက်သော ယန်းလင်းချီကြောင့် ချိုင်ဝေ ငြိမ်ကျသွားလေ၏။
ယန်လင်းချီသည် ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများနှင့် ပတ်သတ်၍ နှံ့စပ်စွာသိကျွမ်းနားလည်သူဖြစ်သည့်အတွက်ကြောင့်လည်း ပါပေလိမ့်မည်။
ထိုအခါ လီလော့က ပြုံးလိုက်ပြီး ယန်လင်းချီကို မေးလိုက်သည်။
" အကုန်လုံးက လက်ထောက်တစ်ယောက်ဆီ ခေါ်လာကြမယ်ဆိုတော့ အစ်မလင်းချီကရော လက်ထောက်ရွေးပြီးပြီလား...."
ယန်လင်းချီက လီလော့ကို ခပ်စူးစူးကြည့်လိုက်ပြီး....
" နင် ငါ့ကို မယုံဘူးလား....."
" စိတ်ပူတာပါဗျာ.....အစ်မ နိုင်နိူင် ရှုံးရှုံး ကျွန်တော် ဘာမှစိတ်ထဲထားမှာမဟုတ်ပါဘူး....အကယ်၍ အစ်မရှုံးခဲ့မယ်ဆိုရင်တောင် ရှီးယန်စံအိမ်ရဲ့ အရည်အသွေးနဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာမဟုတ်တဲ့အတွက် ဖိအားတွေ ခံစားမနေပါနဲ့....."
" ငါ ဖိအားများနေတာမဟုတ်ပါဘူး...."
ယန်လင်းချီသည် ထုံးစံအတိုင်း ဘုဆတ်ဆတ် ပြန်ဖြေလိုက်သော်လည်း အကြည့်များကတော့ နူးညံ့နေခဲ့ပါသည်။
သို့သော်လည်း သူမသည် တခဏအတွင်းမှာပင် မျက်နှာကို မော်ချီလိုက်ပြီး.....
" နင် ငါ့လက်ထောက် ဖြစ်ချင်တယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းသာ ထုတ်ပြောလိုက်...နင်က သခင်လေးဆိုတော့ ငါ နင့်ကို ထိန်းချုပ်ချင်တိုင်းထိန်းချုပ်လို့မှမရတာ...."
ယန်လင်းချီ၏ မာနကြီးသော အပြုမူလေးကြောင့် လီလော့ မသိမသာပြုံးလိုက်မိသည်။
စကားစမြည်ပြောဆိုပြီးနောက် လီလော့သည် ခင်းကျင်းပြသာထားသော ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများကို ကြည့်ရှုရန် ပွဲခင်းရှိရာဆီ ထွက်လာခဲ့လိုက်သည်။
ထွက်ခွာသွားသော လီလော့ကို ကြည့်ပြီး ချိုင်ဝေက.....
" ငါတို့ရဲ့သခင်လေးက သူ့ဘက်တော်သားတွေအပေါ် သိပ်နွေးထွေးတာပဲနော်...."
ချိုင်ဝေ့အပြောကြောင့် ယန်လင်းချီ နှုာမှုတ်လိုက်ပြီး.....
"ကလေးတွေက အနှောက်ယှက်ပဲ ပေးတတ်ကြတာ....အဆင့်နှစ်ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်က အခြေနေတွေကို ပြောင်းပြန်လှန်နိုင်ပါ့မလား....."
" နင် စကားလုံး ကြမ်းကြမ်းတွေ ပြောနေပေမယ့်...သူ့စကားကြောင့် နည်းနည်းတော့ စိတိလှုပ်ရှားသွားတယ်မဟုတ်လား...."
ချိုင်ဝေသည် ယန်လင်းချီကို နောက်ပြောင်ကျီစယ်နေလေ၏။
" ဟွန့်....ငါ့ဆီကို မျက်နှာလိုအားရ လုပ်ချင်သူတွေဒီလောက်ပေါသောနေတာကို ဒီစကားလောက်နဲ့ စိတ်လှုပ်ရှားစရာလား...ပဲ့တင်ထပ်သံပြုပြင်သူခန်းမကလူတွေ ငါ့ကို ဘာနာမည်ပြောင်ပေးထားလဲ နင်သိလား....."
" အသည်းမာတဲ့မိန်းမပျိုတဲ့ "
ခေါင်းမော့ရင်ကော့ထားပြီးပြောနေသည့် ယန်လင်းချီသည် နာမည်ပြောင်အတွက် အမှန်ပင် ဂုဏ်ယူနေပုံရသည်။
"ဟွန့်...ဘာများ ဂုဏ်ယူစရာကောင်းနေလို့လဲ...နင် ဝိဉာဉ်ရည်တွေသန့်စင်တာများသွားလို့ ဉီးနှောက်များပျက်သွားပြီလားဟယ်....."
"နောက်ပြီး ...ဒီပုံစံက နင်နဲ့ လုံးဝလမှိုင်းမကပ်ဘူး....."
ယန်လင်းချီတစ်ယောက် ချိုင်ဝေ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။
// လူဆိုးမ...ငါ့ကိုများ ဝေဖန်ရဲတယ်...//
"နင် ငါ့အကြောင်း သိစေရမယ်....."
ယန်လင်းချီ ကလိလိုက်ထိုးနေသောကြောင့် ချိုင်ဝေ တွန့်လိမ်နေလေပြီ.....
သူတို့နှစ်ဉီးသည် ငယ်ရွယ်သော မိန်းမပျိုလေးများသဖွယ် ပျော်ရွှင်စွာစနောက်ကျီစယ်နေကြသည်။
....................... ............... ...............
အိမ်တော်အသီးသီး၏ ထုတ်ကုန်များကို စူးစမ်းလေ့လာနေသော လီလော့ကတော့ ထိုမြင်ကွင်းကို ကံမကောင်းစွာနှင့် မတွေ့မြင်နိုင်ခဲ့ပေ။
အဆင့်နှစ် ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ဖြစ်သော လီလော့အဖို့ ဝိဉာဉ်ရည်အမျိုးစားပေါင်းများစွာကို ထိတွေ့လေ့လာရခြင်းသည် များစွာ အထောက်အကူဖြစ်စေသည်။
ခင်းကျင်းပြသာထားသော ထုတ်ကုန်များကို ကြည့်နေရင်းကနေ လီလော့အတွက် အမှန်ပင် ဗဟုသုတ တိုးပွားစေခဲ့ပါသည်။
အချိန်အတော်ကြာပြီးနောက် ချိုင်ဝေတို့ဆီ ပြန်ဖို့ ပြင်လိုက်သည့်အခါ ရင်းနှီးနေသော ပုံရိပ်လေးတစ်ခုကို လှမ်းမြင်လိုက်ရသည်။
လုချင်းအာ.......
လုချင်းအာသည် အစိမ်းဖျော့ရောင် စကပ်အတိုလေးကို အဖြူရောင်ခြေအိတ်ရှည်နှင့်တွဲဖက်ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ဇာထီးလေးတစ်လက်ကိုကိုင်ထားသေးသည်။ နုပျိုလှပသော သူမသည် မြင်ရသူအပေါင်းကို ကောင်းကောင်းကြီး ဆွဲဆောင်ထားနိုင်ပေသည်။
သူမနားတွင် ညစ်ပတ်နေသော ယင်ကောင်တစ်ကောင်ဝဲပျံနေသည်။
ယင်ကောင်ဆိုသူသည် ချင်းဖန်မျှော်စင်တွင် လီလော့တို့နှင့် အချင်းများခဲ့သော မိုလင်းသာပင်......
ထိုသူသည် တကယ့်ကို လူရှုပ်လူပွေတစ်ဉီးပင်ဖြစ်သည်။ စုန်ချီယုနှင့် မရှင်း မရှင်း ဖြစ်နေသည့်တိုင် လုချင်းအာနားကိုပါ လာကပ်နေပြန်သည်။
မိုလင်းသည် မျက်နှာအဖြီးသားနဲ့ လုချင်းအားကို စကားပြောရန် ကြိုးစားနေသည်။ လုချင်းအာကတော့ အမူအရာကိုအတတ်နိုင်ဆုံးထိန်းထားသော်လည်း သူမ စိတ်တိုနေပြီဖြစ်ကြောင်း လီလော့ တစ်ချက်ကြည့်ရုံမျှနှင့်ပင် သဘောပေါက်နေပြီဖြစ်သည်။
ထို့ကြောင့် လီလော့သည် လုချင်းအာနားကို ကပ်လိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။
" ယင်ကောင်ရိုက်တံတွေရောင်းဖို့ရှိတယ်....တစ်ခုကိုမှ ကောင်းကင်ရွှေ ၅၀၀၀တည်းရယ်......"