အရေးကြီးသော ကိစ္စ
Vol. 18 Ch. 260
“မင်းတို့က ဘာလို့ ဗွီဒီယို ရိုက်နေတာလဲ၊ ဆေးရုံဆိုတာက အရေးကြီးတဲ့နေရာကွ၊ ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်တာတွေကို တားမြစ်ထားတာ”
ဆရာဝန်သည် တစ်စုံတစ်ယောက်က သူ့အား ကင်မရာဖြင့် ချိန်လာသည်ကို မြင်ပြီးနောက် အော်ဟစ်လေသည်။ သူက လုံခြုံရေးဝန်ထမ်းကို ကြည့်၍ ကျယ်လောင်စွာ အမိန့်ပေးသည်။
“ငါနဲ့ ဘာမှမဆိုင်တဲ့ ဒီလူတွေကို ငါ့အခန်းထဲက ဆွဲထုတ်သွားစမ်း”
သို့သော် ဆေးရုံ၌ လုံခြုံရေးဝန်ထမ်း အနည်းငယ်သာ ရှိသဖြင့် လူအုပ်ကြီးကို သူတို့ တားနိုင်စွမ်း မရှိပါ။
“ဘာတွေဖြစ်နေကြတာလဲ”
ထိုစဉ် ကျယ်လောင်သော အော်ငေါက်သံတစ်သံ ထွက်ပေါ်လာပြီး လူအုပ်ကြီးက တစ်ခဏမျှ ငြိမ်သက် သွားသည်။
ဂျူတီကုတ် အဖြူရောင်ဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ခပ်သွက်သွက် လျှောက်လာသည်။ သူ့အနောက်၌ ဆရာဝန်များနှင့် သူနာပြုများ ပါလာသည်။
“ဒါ ဆေးရုံက ဒါရိုက်တာချန်ပဲ”
လူတော်တော်များများက တအံ့တဩ ပြော၍ အံ့ဩသော မျက်နှာနှင့် ဘေးကပ်လိုက်ကြသည်။
“ဒါရိုက်တာချန် ရောက်လာပြီ၊ ဒီကိစ္စကို ဘယ်လို ရှင်းမလဲ ငါ သိချင်တယ်”
“သူ ရောက်လာမှတော့ အဲ့လူ ဘာမှမလုပ်နိုင်ဘူးဆိုတာ ရှစ်ဆယ် ရာခိုင်နှုန်း သေချာတယ်၊ ဆေးရုံက နာမည်ရ လာတာနဲ့ လူနာတွေကို မေ့ပစ်တာပဲ”
“ဟုတ်တယ် လူတော်တော်များများက ဆေးရုံကြောင့် ဒုက္ခရောက်ကြတာ၊ ဒါပေမဲ့ ဒေါသထွက်ပင်မယ့် မပြောရဲကြဘူး”
“အခု လူတွေကို အဲလို လုပ်နေတာ ဆေးရုံ ဘယ်နှစ်ခု ရှိနေပြီလြ၊ အားလုံးက ပိုက်ဆံဆိုတာကြီးပဲ”
ဒါရိုက်တာချန်သည် ဆေးရုံ၏ ဒုဒါရိုက်တာ ဖြစ်ပြီး သာမန် ဆရာဝန်များထက် ပို၍ လုပ်ပိုင်ခွင့် ရှိသည်။ သူသည် ဆေးရုံတွင်းမှ သောင်းပြောင်းထွေလာ ကိစ္စရပ်များကို တာဝန်ယူရပြီး ဆရာဝန်များကြားမှ အချင်းများမှုကိုလည်း ကိုင်တွယ်ရသည်။ သူ၏ လုပ်ပိုင်ခွင့်က အားလုံး၌ အကျုံးမဝင်သော်လည်း သာမန်လူများအတွက် သူတို့ဘဝနှင့် ဆက်စပ်နေသဖြင့် အလွန် အရေးပါသည်ဟု မှတ်ယူထားကြသည်။
သို့သော် သူ့၌ ကောင်းမွန်သော နာမည်ဂုဏ်သတင်း မရှိချေ။
“ဒါရိုက်တာချန် ခင်ဗျား ရောက်လာတာကိုး”
ဆရာဝန်က စိတ်အေးကာ သက်ပြင်းချပြီး ချက်ချင်း ထရပ်သည်။ သူက ရဲ့လင်းချန်နှင့် သူ့မိဘများကို လက်ညှိုး ထိုးသည်။
“ဒီလူတွေက ဆေးရုံကို ပြဿနာရှာဖို့ ရောက်လာတာပါ၊ သူတို့က ကျုပ်ကို ကျုပ်တို့ ဆေးရုံရဲ့ ဂုဏ်သတင်းကို ဖျက်စီးတယ်လို့ စွပ်စွဲနေပါတယ်”
ထို့နောက် သူက ရဲ့ကျင်းကို လက်ညှိုးထိုးသည်။
“သူကလည်း ဆရာဝန်ပါပဲ၊ ကျုပ်ကို အသရေဖျက်ပြီး ဘာကို ရအောင်လုပ်ဖို့ ကြံနေလဲ မသိပါဘူး”
ဒါရိုက်တာချန်၏ အကြည့်က ရဲ့ကျင်းပေါ် ရောက်လာ၏။ မာန်တက်နေသော အကြည့်နှင့်အတူ သူ့မျက်လုံးတွင်း၌ လေးနက်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူက မေးလာသည်။
“မင်းက ဘယ်ဆေးရုံက ဆရာဝန်လဲ”
“ရူကောင်းမြို့ တရုတ်တိုင်းရင်းဆေးပညာ ဆေးရုံ”
ရဲ့ကျင်းက အသာ ပြန်ဖြေလိုက်သည်။
“ရူကောင်းမြို့လား”
ဒါရိုက်တာချန်၏ မျက်လုံးတွင် အထင်သေးသော အရိပ်အယောင် ပေါ်လာသည်။
“နာမည်မရှိတဲ့ မြို့ငယ်လေးတစ်ခု မဟုတ်လား၊ မင်းက မင်းနဲ့ သက်တူရွယ်တူကို စော်ကားပြီး မြို့တော် ဆေးရုံကို သရေဖျက်တယ်၊ မင်းရဲ့ အပြုအမူက မေးခွန်းထုတ်စရာပါပဲ၊ ပြီးတော့ မင်းရဲ့ ဆရာဝန်လက်မှတ်လည်း ရုတ်သိမ်းခံရမယ်၊ ဆေးပညာ လောကကို နှုတ်ဆက်လိုက်တော့”
သူ့လေသံက အေးအေးလူလူရှိပြီး ရဲ့ကျင်း၏ အဆုံးသတ်ကို သာမန်အကြောင်းအရာတစ်ခုကို ပြောသကဲ့သို့ ကြေညာလေသည်။
“ဘာကိစ္စနဲ့လဲ၊ ခင်ဗျားဆေးရုံက ဆရာဝန်ကသာ ပြဿနာဆိုတာ အသိအသာကြီး”
ရဲ့ကျင်း အံ့ဩသွားပြီး ဒါရိုက်တာချန်အား ပြန်ကြည့်နေသည်။
“ငါတို့ဆေးရုံက ဆရာဝန်တွေရဲ့ အရည်အချင်းကို ငါတို့ ကောင်းကောင်း သိတယ်၊ မင်းက ငါတို့ကို အသရေ ပျက်အောင် လုပ်ကြံပြောဆိုနေတာ”
ဒါရိုက်တာချန်က ဖြောင့်မတ်သော အမူအရာဖြင့် ကျယ်လောင်စွာ အခိုင်အမာ ဆိုသည်။
“ငါတို့ အခု မင်းရဲ့ ဆရာဝန်လက်မှတ်ကို ရုတ်သိမ်းဖို့ အကြံပြုစာကို အခု အကြမ်းဖျင်း ရေးထားမယ်”
ရဲ့ကျင်း၏ မျက်နှာက ချက်ချင်း နီရဲလာပြီး အလွန် ဒေါသထွက်သွားလေသည်။
ဤဆေးရုံမှ ဆရာဝန်များက အလွန် စက်ဆုပ်ဖွယ် ကောင်းလိမ့်မည်ဟု သူ ထင်မထားမိပါ။
ဘာအကြောင်းအရင်းမှ မရှိဘဲ အမှားအမှန်အား မျက်ကွယ်ပြုခဲ့ပြီး ကျင့်ဝတ်မရှိသော ဆရာဝန်အား လက်လွတ် စပယ် ကာကွယ်နေသေးသည်။
ရဲ့ကျင်းသည် လူ့လောကအကြောင်းကိုပင် သံသယ ဝင်လာမိသည်။ ဤသို့သော မြို့ကြီးပြကြီးမှ ဆရာဝန်များက လုံးဝ ဆရာဝန်ကျင့်ဝတ် မရှိတော့လေသလော။
လူနာကို ပိုက်ဆံပိုကုန်အောင် ဆေးများစွာ ပေးသည့်အပြင် လူနာများကို လှည့်စားရန် ဆေးအမှားကိုပင် ပေးခဲ့သည်က လက်မခံနိုင်စရာပင်။
“အားလုံး ထွက်သွားလို့ ရပါပြီ၊ နေမကောင်းဖြစ်နေတဲ့သူများက ကုသမှု ခံယူပါ၊ လူနာမဟုတ်ရင် ကျေးဇူးပြုပြီး လူနာတွေကို မနှောင့်ယှက်ပါနဲ့၊ ဒီကိစ္စက တစ်စုံတစ်ယောက်က တမင်သက်သက် လာအမှားရှာလို့ ဖြစ်တဲ့ကိစ္စပါ၊ အခု အားလုံး အဆင်ပြေသွားပါပြီ”
“ဒါရိုက်တာချန်က လက်ဝှေ့ယမ်း၍ အားလုံးကို ထွက်သွားရန် တိုက်တွန်းသည်။
လူတိုင်း ဆေးကုခံမလား၊ ဆေးကုမခံဘူးလားကိုသာ ရွေးနိုင်ပေသည်။ ဆေးရုံများက ထိုနည်းဖြင့် ဖိအားပေး တတ်ကြသည်။
“ဒါ အရမ်း ရက်စက်လွန်းတယ်၊ ငါ မင်းကို တိုင်မယ်”
တံငါသည် အမျိုးသားသည် အချိန်အတော်ကြာအောင် ကြက်သေ သေနေပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလေသည်။
“ငါတို့ လိပ်ပြာလုံတယ်၊ ငါတို့ မကောင်းတဲ့ စိတ်တဲ့ အသရေဖျက်တာကို မကြောက်ဘူး”
ဒါရိုက်တာချန်က ပျက်ရယ်ပြုသည်။
“မင်း ငါတို့ဆေးရုံကို မယုံရင် တခြားကို သွားပါ၊ မင်း ဒီမှာ နေမယ်ဆိုရင် ငါ ရဲခေါ်ပြီး မင်းကို ဖမ်းခိုင်းရလိမ့်မယ်”
ရိုးရှင်းသော ထိုစကားက တင်းမာမှုကို ဖယ်ရှားသွားပြီး အမှန်တရားကို ဖုံးကွယ်ကာ ခြိမ်းခြောက်လာသည်။ ယင်းက ထိုလူအတွက် ကြီးမားသော ရိုက်ချက်ဖြစ်မှာ အသေအချာပင်။
ကမောက်ကမ အခြေအနေကို တစ်ချက်တည်းနှင့် ရှင်းလင်းသွားပြီး လူတိုင်းကို ပြောစရာ စကားမဲ့သွားစေသည်။
အနက်ရောင် ပုလင်းကို ဆရာဝန်က ပေးလိုက်သည့် သက်သေ မရှိချေ။ ငါးနှစ်ကောင်ကမူ လူနာက ကျေးဇူးတင်သော စိတ်ဖြင့် ပေးသော လက်ဆောင်လေးတစ်ခုမျှသာ ဖြစ်သည်။ လက်ဆောင်အချို့ လက်ခံခြင်းက သာမန် ဖြစ်ပြီး ဘာမှ မူမမှန်တာ မရှိပေ။
“အခု မင်းဘာသာမင်း သွားမလား၊ ဒါမှမဟုတ် ငါ မင်းကို မောင်းထုတ်ရမလား”
ဒါရိုက်တာချန်က မေးလာသည်။ သူက ရဲ့လင်းချန်တို့ မိသားစုကို မထီမဲ့မြင် မျက်နှာထားဖြင့် ကြည့်နေသည်။
ရဲ့ကျင်း၏ မျက်နှာက ပျက်ယွင်းနေပြီး စိတ်အခြေအနေ ဆိုးရွားနေကာ နှုတ်ခမ်းက တဆတ်ဆတ် တုန်နေ၏။ ထို့အပြင် သူ ဘာပြန်ပြောရမလဲ မသိပါ။
သူသည် တစ်ဘဝလုံး ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး မြို့တော်ဆေးရုံသို့ လာရောက်လိုသည့် ဆန္ဒက အချိန် အတော်ကြာအောင် ရှိခဲ့ပြီး ဗဟုသုတအချို့ ရချင်ခဲ့သည်။ ဤသို့သော ကိစ္စများကို သိလိုက်ရသဖြင့် သူ တကယ်ပင် ထိတ်လန့်မိရသည်။
“ဒါရိုက်တာချန် ဟုတ်တယ်မလား၊ ဒီဆေးကို သူ ပေးလိုက်တာ ဟုတ်၊ မဟုတ် သိချင်ရင် ခင်ဗျား လုပ်ရမှာဆိုလို့ သူ့အံဆွဲထဲမှာ ဒါနဲ့ တူတာ ရှိ၊ မရှိ ကြည့်လိုက်ရုံပဲလေ၊ အဲ့ဒါမှ အကူအညီမဖြစ်ရင် ခင်ဗျား ရဲခေါ်ပြီး ဒီပုလင်းမှာ အဲ့ဆရာဝန်ရဲ့ လက်ဗွေရာ ရှိ၊ မရှိ စစ်ကြည့်ခိုင်းလို့ ရတာပဲ”
ထိုအသံက ဒါရိုက်တာချန်၏ မျက်နှာကို မသိမသာ မည်းမှောင်သွားစေသည်။ သူ ရဲ့လင်းချန်ကို လှည့်ကြည့် လိုက်သည်။
ထိုဆရာဝန် ဤသို့သော ကိစ္စမျိုး လုပ်သည်က ပထမဆုံးအကြိမ် မဟုတ်သဖြင့် သူ့တွင် တစ်ပုလင်းထက် ပိုရှိမှာ သိသာလှသည်။ အခြားသူများအရဆိုလျင် ဤဆရာဝန်သည် ထိုသို့သော ဆေးမျိုး ပေးရုံသာမက အခြား လူနာများအား ကလိမ်ကျရန် တခြားဆေးများပင် ပေးနိုင်ခဲ့ချေ ရှိသည်။
လူနာ၏ ရောဂါက တစ်ရက်ပြီးတစ်ရက် မပျောက်ကင်းလျင် လူနာသည် ဆေးရုံ၏ ဝင်ငွေကြီးသဖွယ် အမြဲ ဖြစ်နေလိမ့်မည်။
“အဲ့လိုပြောရအောင် မင်းက ဘယ်သူလဲ၊ မင်း ပြောတာနဲ့ ငါက စစ်ဆေးရမယ်လို့ ထင်နေလား”
ဒါရိုက်တာချန်က ကြိမ်းမောင်းသည်။
“ငါတို့ဆေးရုံက ဆရာဝန်ကို သံသယဝင်ရအောင် မင်းက ဘာလုပ်ပိုင်ခွင့် ရှိလဲ၊ အခုချက်ချင်း ဒီဆေးရုံကနေ ထွက်သွား”
ရဲ့လင်းချန်က တည်ငြိမ်နေပြီး အရေးမစိုက်စွာ ခေါင်းခါလိုက်သည်။
“ကျုပ် ခင်ဗျားကို နောက်ဆုံးအခွင့်အရေး ပေးမယ်၊ ဒီဆရာဝန်ကို ကာနေရင် ခင်ဗျားထိုက်နဲ့ ခင်ဗျားကံပဲ”
“ငါ့ထိုက်နဲ့ငါ့ကံ ဟုတ်လား”
ဒါရိုက်တာချန်ရော ထိုဆရာဝန်ပါ ရယ်ချင်သွားသည်။ သူတို့က ရဲ့လင်းချန်အား စိတ်မမှန်သူကို ကြည့်သကဲ့သို့ ကြည့်လာသည်။
“ဟေ့ကောင်၊ မင်းကိုယ်မင်း ဘာမှတ်နေလဲ၊ ဒီအရေးမပါတဲ့ စကားတွေ ပြောနေတဲ့အချိန်မှာ မင်းကိုယ်မင်းရော သတိထားမိရဲ့လား”
“ခင်ဗျား ကျုပ်ကို ချက်ချင်း ဖြေစရာ မလိုဘူး၊ ကျုပ် ခင်ဗျားကို စဉ်းစားဖို့ မိနစ်ဝက် အချိန်ပေးမယ်”
ရဲ့လင်းချန်၏ လေသံက ပြောင်းမသွားချေ။
“မင်း လာလေကျယ်နေတာလား”
ဒါရိုက်တာချန်က ရယ်သည်။
“ငါ့ကို ရှားမန်တက္ကသိုလ်ကလို့ ထင်နေတာလား၊ ဆက်ဟန်ဆောင်နေလိုက်၊ မင်း ဘာလုပ်နိုင်မလဲ ငါ သိချင်သား”
ထိုအချိန်တွင် ဆေးရုံ၏ ရုံးခန်းများထဲမှ တစ်ခုရှိ အဘိုးအိုက အောက်ထပ်မှ ဆူညံသံများကို မသဲမကွဲ ကြားနေရသည်။
ထိုအထပ်သည် ဆေးရုံ ဒါရိုက်တာ ရုံးခန်းရှိသော အထပ်ပင်။ သူသည် မြို့တော်ဆေးရုံ၏ ဆေးရုံအုပ် ဖြစ်ပြီး ဆေးရုံတစ်ခုလုံး၏ အခြေအနေကို ဤနေရာမှ မြင်နိုင်ပေသည်။
အဘိုးအိုက အောက်ထပ်မှ ဆူညံနေသော လူအုပ်ကြီးကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
“အောက်ထပ်မှာ ဘာတွေဖြစ်နေတာလဲ”
“ဆရာဝန်နဲ့ လူနာ သဘောထား ကွဲလွဲသလို ဖြစ်နေတာပါ၊ ဒါရိုက်တာချန်က ဖြေရှင်းဖို့ ဆင်းသွားပါတယ်”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
အဘိုးအိုက ခေါင်းအသာညိတ်၍ အဝေးသို့ အကြည့်လွှဲတော့မည့်အချိန်၌ ရုတ်တရက် ကြက်သေ သေသွားပြီး နေရာမှာတင် ရပ်သွားလေသည်။
သူ မယုံနိုင်ဟန်ဖြင့် မျက်လုံးကို ပြန်ပွတ်ကြည့်သည်။ သို့သော် ထိုသူက ရဲ့လင်းချန်ဖြစ်ကြောင်း သေချာ သွားချိန်တွင် သူ့တစ်ကိုယ်လုံး တုန်ယင်လာ၏။
*နတ်ဆေးဆရာဝိုင်*
*ဒါ နတ်ဆေးဆရာဝိုင်ပဲ*
*နတ်ဆေးဆရာဝိုင်က ဆေးရုံကို တိတ်တိတ်လေး လာကြည့်ရင်း ဆရာဝန်နဲ့ လူနာ အချင်းများတာကို မြင်သွား တာပါလား*
ထိုအဘိုးအို၏ မျက်နှာက ချက်ချင်း နီရဲလာပြီး နှလုံးခုန်နှုန်း မြန်လာသည်။ သူ နည်းနည်းလေးမှ မသိကျိုးကျွန် မပြုရဲဘဲ ချက်ချင်း အောက်သို့ ပြေးဆင်းသွားသည်။
အခြားသူများသည် အံ့ဩနေပြီးမှ နောက်မှ လိုက်သွားကြလေသည်။
“မစ္စတာယု၊ ခင်ဗျား ဘယ်သွားမလို့လဲ၊ ဒီလို အရေးမပါတဲ့ ကိစ္စလေးတွေမှာ ခင်ဗျား ဝင်ပါစရာ မလိုပါဘူး”
“အရေးမပါတဲ့ ကိစ္စ ဟုတ်လား”
မစ္စတာယုက စိုးရိမ်တကြီး လမ်းလျှောက်လျက် ပြန်ပြောလိုက်သည်။
“ဒါ အရေးမပါတဲ့ ကိစ္စ မဟုတ်ဘူးကွ၊ ဒါ ကိစ္စကြီးကွ”