အလွန်အကြူး ဟိတ်ဟန်ထုတ်ပြခြင်း
Vol. 18 Ch. 263
ဈေးများက ထင်ထားသည်ထက် ကျော်လွန်နေသောအခါ လူတစ်ယောက်က ရယ်မောမိအောင် လှုံ့ဆော်လာပြီး သူတို့၏ စိတ်ဖိစီးမှုကို သက်သာရာ ရသွားစေသည်။ လူတစ်ချို့ဆိုလျင် စိတ်အခြေအနေ မကောင်းပါက ဤနေရာသို့ လာကြပြီး ဈေးများကို ကြည့်ကာ သူတို့ကိုယ်သူတို့ စိတ်ဖြေဖျောက်ကြသည်။
အဝတ်လေးတစ်ထည်က ယွမ်သုံးသောင်းဖြစ်ကြောင်း ရှုကျန်း သိလိုက်ရသောအခါ လုံးဝ ကြက်သေ သေသွားလေသည်။ သူမ ထိပင်မထိရဲတော့ဘဲ သုံးယောက်သား ပြုံး၍ ထွက်လာသည်။
“ခုနက အဝတ်အစားတွေကလေ၊ ဘာအမျိုးအစားနဲ့ လုပ်ထားလို့ အဲ့လောက် ဈေးကြီးနေရတာလဲ”
ရှုကျန်း အလန့်တကြား မေးလာသည်။
“အမေ အဲ့အဝတ်အစားတွေက ဈေးကြီးရုံတင် မကဘူး၊ လျှော်လို့မရနိုင်တဲ့ အဝတ်အစားတွေ၊ များသောအားဖြင့် တစ်ခါပဲ ဝတ်ကြတာ”
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
“တစ်ကြိမ်တည်း ဝတ်ဖို့ သုံးသောင်းတောင် သုံးရမှာလား”
ရှုကျန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဆင်းရဲတာက ငါ့အတွေးအမြင်ကို ကန့်သတ်သွားတာပဲ”
တစ်ခဏမျှ ငြိမ်နေပြီးနောက် ရှုကျန်းက စိုးရိမ်တကြီး ပြောသည်။
“သား ဒီကနေ ဘာအဝတ်အစားမှ မဝယ်နဲ့၊ သား ချမ်းသာလာရင်တောင်မှ ဒီလိုမျိုး သုံးဖြုန်းလို့ မသင့်ဘူး”
ရဲ့ကျင်းကလည်း ခေါင်းညိတ်သည်။
“မင်း အခု ပိုက်ဆံ ရှာနိုင်မှန်း သိတယ်၊ ဒါပေမဲ့ အရင်တစ်ခါလိုတော့ ပိုက်ဆံကို ဖြုန်းမနေနဲ့၊ မင်း ဝယ်ပေးတဲ့ ရွှေစီးကရက် သောက်တံက အခုထိ အိမ်မှာပဲ၊ အဲ့ဒါက အသုံးမဝင်ဘူး”
ရဲ့လင်းချန် ဝယ်ပေးသော ရွှေစီးကရက် သောက်တံနှင့် လည်ဆွဲကို တွေးမိတိုင်း ရဲ့ကျင်းနှင့် ရှုကျန်းတို့ စိတ်ပူပန်ကာ နှုတ်ခမ်းများ မဲ့သွားသည်။
ဈေးကြီးသော အဝတ်အစားများကို ကြည့်ရန် ရဲ့လင်းချန် သူတို့ကို ခေါ်လာခဲ့သောနေရာက သူတို့အတွက် အလွန် အံ့ဩသွားစေသည့် နေရာပင်။ ထို့ကြောင့် သူတို့က သူ ပိုက်ဆံကို ထင်ရာမြင်ရာ လျှောက်သုံးမည်ကို စိုးရိမ်လာကြသည်။
“အဖေ၊ အမေ မစိုးရိမ်ပါနဲ့၊ ကျွန်တော်က အဲ့လို လက်မဖွာပါဘူး”
ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။
သူ ပိုက်ဆံ ရှာနိုင်ပြီဖြစ်သော်လည်း သူ သုံးစွဲနေသော အဝတ်အစားများက Vatti က အခမဲ့ ပံ့ပိုးပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤသို့သော နေရာများကို သူ လည်ပတ်ရန် သိပ်မလိုအပ်ပေ။
ဤလမ်းတွင် နာမည်ကြီး အမှတ်တံဆိပ်များနှင့် ပြည့်နေပြီး သူတို့ သုံးယောက်သား လမ်းလျှောက်၍ လျှောက်ကြည့်နေသည်က ညနေအထိ ရောက်သွားသည်။
သူ့မိဘများကို မကြာခဏ အဝတ်အစား စမ်းဝတ်ကြည့်ရန် ပြောသော်လည်း သူတို့၏ အမူအရာများကို ကြည့်ပြီး ရဲ့လင်းချန် မဝယ်ရန် ဆုံးဖြတ်လိုက်ရသည်။ ၎င်းတို့ကို သူ တိတ်တဆိတ် ဝယ်ယူ၍ မိဘများကို လက်ဆောင်အဖြစ် ပေးရန် တွေးထားလိုက်သည်။
“အမေ၊ အဖေ၊ အလှမ်းဝေးတဲ့ အမျိုးတွေက ဘယ်အချိန် ရောက်မှာလဲ”
ရဲ့လင်းချန်က ကောင်းကင်ကို ကြည့်ကာ မေးလိုက်သည်။
“မကြာခင် ရောက်တော့မှာပါ”
ရဲ့လင်းချန် ပြောပြီးသည်နှင့် ဖုန်းသံ မြည်လာသည်။
“သူတို့ပဲ၊ သူတို့ ဆက်နေတာ”
ဖုန်းကိုင်ပြီးနောက် ရဲ့ကျင်းက သူတို့ကို ဈေးဝယ်စင်တာထဲမှ ခေါ်ထုတ်လာသည်။
“သူတို့က ဒီနဲ့ မလှမ်းမကမ်းကို ရောက်နေတာ၊ မကြာခင် ရောက်လာလိမ့်မယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး သုံးယောက်သား အပြင်၌ စောင့်နေလိုက်ကြသည်။
သို့သော် သူတို့ အပြင်၌ တစ်နာရီကြာအောင် စောင့်နေသော်လည်း ထိုလူများ၏ အရိပ်အယောင်ကို မမြင်ရချေ။ ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်လာပြီး စိတ်ထဲ၌ စတင်၍ မကျေမနပ် ဖြစ်လာသည်။
သူတို့ စောင့်နေသည်က ကြာလာသဖြင့် ကောင်းကင်ယံပင် တဖြည်းဖြည်း မှောင်လာ၏။ ထိုအခါတွင်မှ အနက်ရောင် ကားတစ်စီးက နောက်ကျစွာ ရောက်လာသည်။ ကားပေါ်မှ လူသုံးယောက် ဆင်းလာသည်။
ထိုသူများမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်နှင့် မိန်းမပျိုလေး တစ်ယောက်တို့ပင်။
“ဟားဟားဟား ရောင်းရင်းရဲ့၊ ငါ မင်းကို မတွေ့ရတာ တော်တော်ကြာနေပြီ၊ မင်းက အခုထိ အရင်လိုပဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်မောနေသည်။ ထို့နောက် သူက ရဲ့လင်းချန်ကို မြင်ပြီး ပြောလာသည်။
“ဒါ မင်းရဲ့သား မဟုတ်လား၊ သူက ဒီလောက်အထိ အရွယ်ရောက်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ သူ ပီကင်း တက္ကသိုလ်ကို ဝင်ခွင့်ရတယ်လို့ ငါ ကြားခဲ့တယ် ဟုတ်လား၊ ထူးချွန်တဲ့ ကျောင်းသားပဲ”
“စာမေးပွဲမှာ ကံကောင်းသွားရုံလေးပါပဲ”
ရဲ့ကျင်းက ပြုံးနေသည်။
လူတိုင်း အချင်းချင်း မိတ်ဆက်ကြသည်။ လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျိုးရိုးနာမည်က လွီဖြစ်ပြီး နာမည်က လွီယန် ဖြစ်သည်။ သူ့သမီးက လွီချီဖြစ်ပြီး သာမန် ကျောင်းတစ်ခုမှ ဒုတိယနှစ် ကျောင်းသူတစ်ယောက် ဖြစ်သည်။ သူ့ဇနီး၏ နာမည်က စွန်းဟုန် ဖြစ်ပြီး ဘေး၌ ငြိမ်၍ ရပ်နေ၏။
“အာ … ရှက်ဖို့ကောင်းတယ်ဗျာ၊ ငါ လမ်းမှာ ကားပိတ်နေလို့ နောက်ကျသွားတာ”
လွီယန်က ရှင်းပြသည်။ သို့သော် သူက အတော်လေး အေးဆေးသော အမူအရာဖြင့် စကားကို ပြောလေသည်။
“မြို့တော်က နေလို့ကောင်းတဲ့ နေရာတစ်ခုပဲ၊ ဒါပေမဲ့ လူထူလွန်းတယ်၊ ငါက ဒီကနေ နှစ်ကီလိုမီတာလောက်ပဲ ရှိတဲ့ နေရာမှာ နေတာလေ၊ ဒါပေမဲ့ လမ်းမှာ တစ်နာရီလောက် ကားပိတ်နေတာ”
သူသည် အစက မြို့တော်၏ မြို့ပတ်လမ်း သုံး၌ နေသည်ဟု ကြွားချင်သော်လည်း ရဲ့လင်းချန်၏ မိဘများက သူ ဘာပြောချင်သလဲ သဘောပေါက်မည် မဟုတ်ပါ။
“ရပါတယ်၊ မြို့တော်က တော်တော်လေး ကျပ်ညက်နေတာ၊ ရူကောင်းမြို့မှာ နေရတာက ပိုသက်တောင့်သက်သာ ရှိသေးတယ်”
ရှုကျန်းက မှတ်ချက်ပြုသည်။
လွီချီက မသိမသာ သရော်ပြုံး ပြုံးလာပြီး ခပ်တိုးတိုး ပြောသည်။
“တောသူမ”
“ဒီတော့ မင်းတို့ ဒီမှာ လျှောက်ကြည့်တုန်း အဝတ်အစားဘာညာ ဝယ်ဖြစ်သေးလား”
လွီယန်က ဆက်မေးသည်။
ရဲ့ကျင်းက ခေါင်းခါ၍ သက်ပြင်းချသည်။
“ဒီက အဝတ်အစားတွေက ဈေးကြီးလွန်းတယ်”
“ဟားဟားဟား … အင်း ဒီက ပစ္စည်းတွေက တကယ်ကို ဈေးကြီးတယ်၊ ဒါပေမဲ့ ဒီက အဝတ်အစားတွေက လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ပြနေတာလေ၊ အရေးပါပုံခြင်းလည်း မတူဘူး”
လွီယန်က ရယ်သည်။
“ဒါက တောင်းမှာအကွပ် လူမှာ အဝတ်ဆိုတဲ့ ဆိုရိုးစကားလိုပဲပေါ့၊ ဒါက လူတစ်ယောက်ချင်းစီရဲ့ ကြားက ခြားနားမှုကို ပြနေတဲ့ နည်းလမ်းတစ်ခုပဲလေ”
စွန်းဟုန်က အသာ ပြုံးလိုက်သည်။
“ကျွန်မတို့က ဒီကို တစ်ပတ်မှ တစ်ခါပဲ လာတာ၊ အဲ့တော့ ရှင်တို့ မတတ်နိုင်တာ ပုံမှန်ပါပဲ၊ ကျွန်မတို့အိမ်မှာ အဲ့အိတ်တွေ အများကြီး ရှိတယ်၊ ဒီအတိုင်း ပုံနေတာ၊ ရှင် ကြိုက်တာတစ်ခု ရွေးလို့ရပါတယ် ညီမရှု”
“မလိုပါဘူး”
ရှုကျန်း ခေါင်းခါပြလိုက်သည်။ သူတို့လေသံမှ ဘဝင်ခိုက်နေဟန်ကို သူမ ပြတ်ပြတ်သားသား သတိပြုမိသည်။
“ငါ မဟာမြို့တော် စားသောက်ဆိုင်မှာ သီးသန့်ခန်းတစ်ခန်း ကြိုယူထားတယ်၊ ငါတို့ အဲ့မှာ စားသောက်ရင်း စကား ပြောကြတာပေါ့”
လွီယန်က ပြောသည်။ ထို့နောက် သူက အားလုံးကို ကားပေါ် တက်ခိုင်းသည်။
“အဖေ သမီးတို့ကားက အဲ့လောက် လူအများကြီး မဆံ့ဘူးလေ”
လွီချီက မျက်မှောင်ကြုတ်ပြီး ရဲ့လင်းချန်တို့ မိသားစုကို ရွံသလို ကြည့်သည်။ ဤလူသုံးယောက်အား နောက်ခုံ၌ သူမနှင့်အတူ အတူ မထိုင်စေချင်ပါ။
“ဒါက …”
လွီယန် ခေါင်းကုတ်သွားသည်။
“အား … ငါ့အမှားပါ၊ မင်းတို့မှာ ကားမရှိတာကို ငါ မေ့သွားတယ်”
“ကျွန်တော်တို့ စီစဉ်လိုက်မယ်”
ရဲ့လင်းချန်က ပြောင်ဝင်ပြော၍ ခံစားချက်ကင်းမဲ့စွာ ဆက်နေနေသည်။ ထို့နောက် သူ ချက်ချင်း တက္ကစီ ခေါ်လိုက်သည်။
ထိုမိသားစုက ဟိတ်ဟန်ထုတ်ပြရန် လာခြင်းဖြစ်ကြောင်း သူ သတိထားမိသည်။ မြို့တော်မှ နောက်မှပေါက်သော ရွှေကြာပင် မိသားစုက ရွာဘက်မှ မိတ်ဆွေဟောင်းရှေ့၌ သူ၏ သာလွန်ခြင်းကို ထုတ်ပြ၍ ဟန်ထုတ်နေသည်။ သူ့မိဘများကြောင့်သာ မဟုတ်လျင် သူ အစောကြီးကတည်းက ထွက်လာမိသည်။
ကားပေါ် တက်ပြီးနောက် ရဲ့ကျင်းက မကျေနပ်သော အမူအရာ ဖြစ်ပေါ်လာသည်။ သူ စိတ်ပျက်သလို ပြောလေသည်။
“သူတို့က အရင်တုန်းက ဒီလို မဟုတ်ပါဘူး၊ လင်းချန်က လွီချီနဲ့ ကလေးတုန်းက တည့်ပါတယ်၊ ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ”
“သူတို့က အခု ချမ်းသာနေပြီလေ၊ အဲ့တော့ သူတို့က ကျွန်မတို့ကို အထင်သေးပြီပေါ့”
ရှုကျန်းက မသက်မသာ ပြောသည်။
“သူတို့နဲ့ ညစာစားတာကို ဖျက်လိုက်တာ ပိုကောင်းမယ်”
“အဖေနဲ့အမေ ဘာမှမဖြစ်ပါဘူး၊ ဒါက ညစာလေး တစ်နပ်ပဲကို”
ရဲ့လင်းချန်က ဘာမှမဖြစ်သကဲ့သို့ ပြောလိုက်သည်။ သို့သော် စိတ်ထဲ၌ သူ အလွန် ဒေါသထွက်နေလေပြီ။
*ခင်ဗျားတို့ ကျုပ်ကို ရန်စလို့ရတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်မိဘတွေကို စိတ်ဆင်းရဲအောင်တော့ လာမလုပ်နဲ့*
တစ်စုံတစ်ယောက်က သူ့မိခင်ရှေ့၌ သူတို့၏ ချမ်းသာမှုကို ကြွားလုံးထုတ်ခဲ့သဖြင့် သူတို့ကို အရှက်ရအောင် ပြန်လုပ်ခဲ့သည်။ နောက်လူတစ်ယောက်က သူ့မိဘများရှေ့၌ ထပ်မံ၍ ဟိတ်ဟန်ထုတ်ရန် ကြိုးစားနေသည် တဲ့လား။
သူ ဖုန်းကိုထုတ်၍ နံပါတ်တစ်ခုထံ စာပို့လိုက်သည်။
“ဒီည ညစာစားဖို့ ခင်ဗျားဆိုင်ကို ကျုပ် လာနေတယ်”
ထိုစဉ် မဟာမြို့တော် စားသောက်ဆိုင်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ့ဖုန်းမှ အသံမြည် လာသည်ကို ကြားလိုက်ရသည်။
သူ ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားသည်။
မဟာမြို့တော် စားသောက်ဆိုင်၏ ပိုင်ရှင် ဖြစ်သောကြောင့် သူသည် အရေးကြီးသော VIP အချို့ကိုသာ အထူး အလေးအနက် ထားသည်။ ထိုသူများထံမှ စာလာလျင် ချက်ချင်း တုံ့ပြန်နိုင်ရန်အတွက် သူ့ဖုန်းကို မတူညီသော အသံ ထားထားခဲ့သည်။
ထိုအသံက သူ့ကို ရှာနေသော VIP များ ရှိနေသည်ဟု အချက်ပြနေ၏။
သူ ကျော်သွားမိမည်စိုး၍ သူ့ဖုန်းကို ချက်ချင်း ကြည့်လိုက်သည်။ ထိုအခါ သူ့မျက်နှာ နီရဲလာလေသည်။
ရိုးရှင်းသော စာလေးတစ်ကြောင်း ဖြစ်သော်လည်း သူ့တစ်ကိုယ်လုံး မသိမသာ တုန်တက်သွားသည်။ စာပို့လာသူက … ဆရာရဲ့ ပါတကား။
ထိုနေ့က ဆရာရဲ့၏ ပြောဆိုပြုမူပုံကို သူ မမေ့နိုင်ပါ။ လင်းမိသားစုက ဘာမှမပြောသော်လည်း နောက်ပိုင်းတွင် လုမိသားစုက သူ့ထံ လာပြီး စားသောက်ဆိုင်သို့ ဆရာရဲ့ လာသည်ကို မြင်သည်နှင့် အစွမ်းကုန် ဧည့်ခံရန် ပြောလာခဲ့သည်။
*ဆရာရဲ့က ဒီည ညစာစားဖို့ ဒီလာမှာတဲ့လား*
*ပြင်ဆင်ရမယ်၊ သင့်တော်တဲ့ ပြင်ဆင်မှု လုပ်ကိုလုပ်ရမယ်*
သူ အသက်ပြင်းပြင်းရှူ၍ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် သူ ဂရုတစိုက် ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်တော် ဆရာရဲ့အတွက် အားလုံး အသင့်ပြင်ထားပါ့မယ်”