VVIP ဆက်ဆံမှု
Vol. 18 Ch. 264
တစ်ချိန်တည်းမှာပင် အခြားကားပေါ်ရှိ လွီချီသည် အနည်းငယ် မကျေမနပ် ဖြစ်နေပြီး ညည်းညူလေသည်။
“အဖေ၊ သမီး မလာချင်ဘူးလို့ ပြောခဲ့သားပဲ၊ အဲ့လို တောသားတွေနဲ့ အဆက်အသွယ် မလုပ်တာ အကောင်းဆုံးပဲ၊ သူတို့က သမီးတို့ကို နေရထိုင်ရ အဆင်မပြေအောင် လုပ်တာကလွဲရင် ဘာများ အသုံးဝင်လို့လဲ”
“ဘာပဲဖြစ်ဖြစ် အရင်တုန်းက အဖေ့ကို ကူညီခဲ့တာ သူတို့ပဲလေ၊ အခု သူတို့သားက မြို့တော်မှာ နေနေတာ၊ အဲ့တော့ အဖေ့အတွက် မဆက်သွယ်ဖို့ဆိုတာက မသင့်တော်ဘူးလေ”
လွီယန်က ပြောလိုက်သည်။
“ဟုတ်တယ်၊ အဲ့တောသားတွေက အတင်းတုပ်ရတာ ကြိုက်တယ်၊ အချိန်တန်လို့ သူတို့တွေ ရွာပြန်သွားပြီး အမေတို့ကို မကောင်းကြောင်း ပြောမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး၊ သူတို့ကို ထမင်းတစ်နပ်လောက် ဝယ်ကျွေးပြီး ဖြတ်လိုက်တာ ပိုကောင်းတယ်”
စွန်းဟုန်ကလည်း ဝင်ပြောပြီး သွေးနားထင်ရောက်နေသော ဟန်ပန်ဖြင့် ဆက်ပြောသည်။
“အဲ့မိသားစုက သူတို့ တစ်ဘဝလုံး ရူကောင်းမြို့မှာပဲ အမြစ်တွယ်နေတာလေ၊ သူတို့ ဘာမှ မအောင်မြင်တာ မဆန်းဘူး၊ သူတို့ လောကကို တစ်ခါမှ မကြုံတွေ့ဖူးဘူးလို့ ပြောလို့တောင် ရတယ်”
“ဟူး … မင်း ပြောတာ မှန်တယ်”
လွီယန်က ထောက်ခံသည်။
“အစက ရဲ့ကျင်းရဲ့ ကလေးက အထင်ကြီးစရာကောင်းတယ်လို့ ငါ ရွာသားတွေဆီကနေ ကြားခဲ့တာ၊ သူတို့က သူ ပီကင်းတက္ကသိုလ်ကို ဝင်နိုင်ပြီးတော့ အောင်မြင်မှုတွေ အများကြီး ရနေပြီလို့ ပြောကြတယ်၊ အဲ့ဒါကြောင့်မလို့ ငါ ချီအာကို သူနဲ့တွေ့ဖို့ ခေါ်လာချင်ခဲ့တာ၊ သူက လူကောင်းတစ်ယောက်ဆိုရင် မိတ်ဆွေဖြစ်လည်း မနစ်နာဘူးလေ၊ ကြည့်ရတာ အဲ့ဒါက လေလုံးထွားတာနဲ့ပဲ တူပါတယ်၊ တက္ကသိုလ်ကောင်းတစ်ခုကို ဝင်နိုင်တဲ့ သူ့အရည်အချင်းက လွဲရင် အခြား ထူးချွန်နေတာ မရှိဘူး၊ သူတို့ တော်တော်လေး အပြောကြီးတာပဲ”
“ကျစ် … အဲ့တော့ ဘာဖြစ်လဲ၊ တက္ကသိုလ်ကောင်းတစ်ခုကို တက်နိုင်တာက ဘာများ အရမ်းကောင်းနေလို့လဲ၊ နောက်ပိုင်း သူ ဘွဲ့မရနိုင်တာမျိုးလည်း ဖြစ်နိုင်တာပဲ၊ သူ ဘွဲ့ရရင်တောင်မှ အလုပ်ကောင်းတစ်ခု ရနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ အလုပ်ကောင်းတစ်ခု ရခဲ့ရင်လည်း ချမ်းသာလာဖို့ တစ်ခြားကိစ္စတစ်ခု ဖြစ်သွားပြီ၊ အဲ့တောသားတွေက ဘာမှမဟုတ်ပါဘူး၊ သမီး သူ့ကို လုံးဝ သဘောကျလာမှာ မဟုတ်ဘူး”
လွီချီက အထင်အမြင်သေးစွာ ပြောသည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ အဖေရဲ့ မင်းသမီးလေး၊ သာမန်လူတွေက သမီးနဲ့ မထိုက်တန်ဘူး”
လွီယန်က ပြန်ပြောသည်။
“ဒါကို အတိတ်တုန်းက အကြွေးတင်နေတာအတွက် ပြန်ဆပ်တာလို့ သဘောထားလိုက်တာပေါ့၊ သူတို့လို မိသားစုက မဟာမြို့တော် စားသောက်ဆိုင်က အစားအသောက်ကို စားသောက်နိုင်ခွင့် ဘယ်တော့မှ ထပ်ရနိုင်မျာ မဟုတ်ဘူး၊ အခု ကျွန်မတို့က သူတို့ကို တအား ရက်ရက်ရောရော ဆက်ဆံပေးနေတာ”
စွန်းဟုန်က ခေါင်းညိတ်၍ ပြောလေသည်။
…
တက္ကစီ ရပ်သွားသည်။
ရှုကျန်းနှင့် ရဲ့ကျင်းတို့သည် မဟာ မြို့တော် စားသောက်ဆိုင်၏ အရှိန်အဝါကြောင့် အံ့အားသင့်သွားကြသည်။ ထို့နောက် သုံးယောက်သား သီးသန့်ခန်းသို့ အတူတူ ဝင်သွားလိုက်သည်။
“ဒီစားသောက်ဆိုင်က မြို့တော်မှာ သက်တမ်းအရင့်ဆုံးပဲ၊ ပြီးတော့ တရုတ်နိုင်ငံရဲ့ သင်္ကေတတွေထဲကတ စ်ခုလေ၊ ချမ်းသာပြီး အာဏာရှိတဲ့ သူတွေပဲ ဒီနေရာမှာ စားသောက်နိုင်တာ၊ ဒီစားသောက်ဆိုင်က အခုထိ နောက်မှ ကျန်မနေခဲ့ဘူး၊ ဒါက ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်လာပြီ၊ သာမန်လူတစ်ယောက်က ပိုက်ဆံမရှိရင် ဒီမှာ သီးသန့်ခန်းတစ်ခန်း ယူနိုင်မှာတောင် မဟုတ်ဘူး၊ ငါ လုပ်နိုင်တဲ့အကြောင်းရင်းကတော့ ဒီက လူတစ်ချို့ကို ငါ သိလို့ပဲ၊၊၊ အဲ့လူနဲ့ ရင်းနှီးလို့သာ ငါ အခန်းတစ်ခန်း မှာလို့ရတာ”
လွီယန်က ပြုံးနေပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
“ငါ ဒီနေ့ ဒကာခံပါ့မယ်၊ ပြီးတော့ အစားအသောက်ကနေတစ်ဆင့် လောကကြီးကို သိသွားစေရမယ်လို့ ငါ အာမခံတယ်”
“အဖေ သူတို့က အဖေ ပြောတဲ့ စကားအားလုံးကို နားလည်နိုင်မယ် မထင်ဘူး”
လွီချီက ရဲ့လင်းချန်ကို တစ်ချက်ကြည့်၍ ပြုံးလိုက်သည်။
“ဒီမှာ မှာနိုင်တဲ့ အနိမ့်ဆုံး အဆင့်အတန်းက လူတစ်ယောက်အတွက် ယွမ်တစ်ထောင် ကျော်တယ်၊ ဒါပေမဲ့ သီးသန့်ခန်းမှာ ထိုင်နေရင်တော့ အနည်းဆုံး နှစ်ထောင်ပဲ”
စုစုပေါင်း လူခြောက်ယောက် ရှိသဖြင့် သူတို့ အစားအသောက်က အနည်းဆုံး ယွမ် ၁၂,၀၀၀ ကျပေမည်။
ထမင်းတစ်နပ်အတွက် ယွမ်တစ်သောင်း ပေးခြင်းက လူအများစုအတွက် မတွေးနိုင်သော အရာပင်။
ရှုကျန်းနှင့် ရဲ့ကျင်းတို့၏ အမူအရာ ပြောင်းလဲသွားသည်ကို လွီချီ သတိထားမိသော်လည်း ရဲ့လင်းချန်က ဘာမှ မကြားသကဲ့သို့ မတုံ့ပြန်ချေ။
*ဟင်းဟင်း ဒီတောသားက သူ့မာန ထိမှာစိုးလို့ တည်ငြိမ်အောင် အတင်း ကြိုးစားနေတာပဲ၊ ငါ့ရှေ့မှာ ဟန်လုပ်ပြီး ငါ အာရုံစိုက်လာအောင် လုပ်ချင်တာပဲ ဖြစ်မယ်*
ထိုအချိန်တွင် စားသောက်ဆိုင်ပိုင်ရှင်က ရဲ့လင်းချန်ကို မြင်သွားပြီး ထိတ်လန့်သွားလေသည်။ သူ ချက်ချင်း ထရပ်ကာ စားပွဲထိုးအားလုံးကို အချက်ပြလိုက်သည်။
ရဲ့လင်းချန်နှင့် ကျန်လူများ မဟာမြို့တော် စားသောက်ဆိုင်သို့ ဝင်လာသည်နှင့် စားပွဲထိုးတစ်စုက တံခါးရှေ့၌ ရပ်ကာ သူတို့ကို နှုတ်ဆက်လေသည်။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ အားလုံးက စိတ်လိုလက်ရ ပြုံးနေပြီး အရိုကျိုးဆုံး အမူအရာဖြင့် ဦးညွှတ်ကြသည်။
“ကြိုဆိုပါတယ်ခင်ဗျာ/ရှင့်”
သူတို့ တန်းစီ၍ နှုတ်ဆက်ခြင်းက လွီယန်နှင့် လွီချီ အပါအဝင် အားလုံးကို အံ့ဩသွားစေသည်။
“အဖေ မဟာမြို့တော် စားသောက်ဆိုင်က ဘာတွေဖြစ်နေတာလဲ၊ အရင်တစ်ခေါက် လာတုန်းက သူတို့ ဒီလောက် အဆင့်အတန်းမြင့်မြင့်တဲ့ သမီးတို့ကို မကြိုဆိုဖူးပါဘူး၊”
လွီချီသည် အပေါ်ယံ၌ တည်ငြိမ်နေသော်လည်း စိတ်ထဲ၌ ဘဝင်မြင့်ခြင်းက ခေါင်ခိုက်နေပြီး သူမအဖေအား မေးလိုက်သည်။
လွီယန်၏ စိတ်ထဲတွင်လည်း မသိမသာ တုန်လှုပ်သွားသည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီးမှ တွန့်ဆုတ် တွန့်ဆုတ် ပြောလိုက်သည်။
“လုလုပ်ငန်းစုက ဒါရိုက်တာတစ်ယောက်နဲ့ ဒီမှာ ညစာ တစ်ခါ စားဖူးတယ်၊ အဖေ ကံကောင်းလို့ မဟာမြို့တော် စားသောက်ဆိုင်ရဲ့ ပိုင်ရှင်နဲ့ ဆုံခဲ့တယ်လေ၊ အဲ့ဒါကြောင့် သူတို့က လေးစားသမှု ပြတာ ဖြစ်မယ်”
“အဖေ၊ အဖေက အံ့ဩစရာကောင်းတဲ့ လူတွေအများကြီးနဲ့ သိတာပဲ”
လွီချီက ပြောလိုက်သည်။
“အာ … သူတို့က သန်းရာချီတန်တဲ့ ပရောဂျက်တွေအကြောင်း ပြောမှာမို့လို့သာ အဖေတို့ ဒီမှာ ထောင်ချီ အကုန်ခံပြီး လာစားတာပါ”
လွီယန်က ရယ်လိုက်ပြီး အလွန်အမင်း မာန်တက်နေ၏။
သူတို့ စကားပြောနေချိန်တွင် စားပွဲထိုးများ အနားရောက်လာပြီး နှုတ်ဆက်ကြသည်။
“ကျွန်တော်တို့ရဲ့ လေးစားရတဲ့ VIP တွေကို နွေးထွေးစွာ ကြိုဆိုပါတယ်ခင်ဗျာ”
“ကျွန်တော်တို့ အခန်းနံပါတ် ၆၆၆ မှာ အခန်းယူထားပါတယ်”
လွီယန်က အင်္ကျီကော်လာကို ပြုပြင်၍ ချောင်းဟန့်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ ကြွပါခင်ဗျ”
စားပွဲထိုးက ချက်ချင်း လမ်းပြလေသည်။
သူ အခန်းထဲ ရောက်သည်နှင့် အမျိုးအစား စုံလင်သော လက်ဖက်ရည်နှင့် သောက်စရာများကို ပြင်ဆင်ထားပြီး အဆာပြေ စားစရာနှင့် သစ်သီးများကိုလည်း ပြင်ဆင်ထားသည်။ စားပွဲထိုးများက တန်းစီ၍ အခန်း၏ တစ်ဖက်စီ၌ လေးစားစွာ ရပ်နေကြသည်။
“မင်းတို့အားလုံးက …”
လွီယန်က တအံ့တဩ မေးလိုက်သည်။
“ကျွန်တော်တို့ အားလုံး ဒီမှာ ရှိမှာပါ၊ ကျွန်တော်တို့ရဲ့ လေးစားရတဲ့ ဧည့်သည်တော်များက ကျွန်တော်တို့ကို တစ်ခုခု လိုချင်တာရှိရင် အချိန်မရွေး အသိပေးလို့ ရပါတယ်”
စားပွဲထိုးက အပြုံးနှင့် ပြန်ပြောလေသည်။
ထိုသို့သော စားပွဲထိုးများသည် သီးသန့်ခန်းတွင်သာ ဝန်ဆောင်မှု ပေးတတ်ကြသည်။ ထို့ကြောင့် ဤသို့သော ဆက်ဆံမှုက အမြင့်ဆုံး အဆင့်အတန်းဟု ဆိုနိုင်ပေသည်။
“အဟမ်း မင်းတို့သူဌေးက အရမ်း ပျူငှာလွန်းနေပါပြီ”
လွီယန်က ရယ်လိုက်ပြီး သူ့မျက်နှာက ဝင်းပနေ၏။ သူက ရဲ့ကျင်းဘက် လှည့်၍ ပြောလိုက်သည်။
“ငါ ဒီစားသောက်ဆိုင်ပိုင်ရှင်နဲ့ ရင်းနှိးတယ်လေ၊ ဒါပေမဲ့ သူတို့ ငါ့ကို ဒီလိုနည်းနဲ့ ဂရုစိုက်လိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး၊ ဟူး … မတတ်နိုင်ဘူးလေ၊ ငါ့ကျော်ကြားမှုကြောင့်နဲ့ တူပါတယ်”
“ဝိုး … ဒီလို ဆက်ဆံမှုမျိုးကို သမီး အခုမှ ကြုံဖူးတာပဲ၊ တစ်ယောက်ယောက်ကိုသာ ဒီအကြောင်း ပြောပြလိုက်ရင် သူတို့ သမီးကို တအား မနာလို ဖြစ်တော့မှာ၊ သမီး သည်းမခံနိုင်တော့ဘူး၊ ဒီအကြောင်းကို သမီးရဲ့ WeChat moment မှာ တင်လိုက်ဦးမယ်”
လွီချီကလည်း စိတ်လှုပ်ရှားနေသည်။ သူမက ဓာတ်ပုံရိုက်၍ ကြွားဝါးသော စာသားရေးကာ တင်လိုက်သည်။ ထို့နောက် သူမက စားပွဲထိုးကို ပြောလိုက်သည်။
“ကျွန်မ လိမ္မော်သီး စားချင်တယ်”
စားပွဲထိုးက ချက်ချင်း လိမ္မော်သီးတစ်လုံးကို အခွံနွှာ၍ တစ်ခုချင်းစီ ခွာကာ သူမကို ပေးလေသည်။
သူမက စားလိုက်ပြီးနောက် ရဲ့လင်းချန်ကို ကြည့်၍ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဒါက အသေးအဖွဲ မြင်ကွင်းလေးပါပဲ၊ နောက်မှ အရမ်း လန့်မသွားနဲ့ဦး၊ နင် တစ်ခုခု လိုချင်တယ်ဆိုရင် ပြောသာ ပြောလိုက်၊ နင်က ဒီနေ့ ငါတို့ဂုဏ်ကြောင့် အကျိုးကျေးဇူး ရနေတာ၊ နောက်ဆို နင် ဒီလို ဆက်ဆံခံရမှာ မဟုတ်ဘူး”
ရဲ့လင်းချန်က သူမကို ပြုံး၍သာ ကြည့်နေပြီး ဘာမှမပြောချေ။
မကြာခင်မှာပင် ဟင်းပွဲများကို တစ်ပွဲပြီး တစ်ပွဲ လာချပေးသည်။ အအေးစာများကို အရင် ချပေးပြီး ၎င်းတို့အား လတ်ဆက်သော ပါဝင်ပစ္စည်းများကိုသာ သုံးထားသည်။ တစ်ပွဲချင်းစီက အလွန် လက်ရာမြောက်လှသည်။
မကြာခင်မှာပင် ပူနွေးသော ဟင်းပွဲများကိုလည်း တည်ခင်းပေးသည်။ ၎င်းတို့က အမြင်လှပြီး မွှေးကြိုင်လှသလို အရသာလည်း ကောင်းသည်။
“ရောင်းရင်းရဲ့ ဒါ စားကြည့်၊ ဒါ ဂုံးကောင်လေ၊ ဒါက ရူကောင်းမြို့ကနဲ့ လုံးဝ မတူဘူး”
လွီယန်က ပြောလိုက်သည်။
“ဒါရောပဲ၊ ဒါက ငါးမန်းဆူးတောင်၊ မင်းလို တောကလူတွေအတွက် ဂုံးကောင်နဲ့ ငါးမန်း ဆူးတောင်ကို စားဖို့က ရှားတယ်လေ၊ ဟုတ်တယ်မလား၊ ဒီနေ့ အခွင့်ထူးရတယ်လို့ သဘောထားလိုက်၊ များများစား”
“ပြီးတော့ ဒါ၊ ဒါက ငါးပူတင်း၊ မိုက်တယ်၊ မင်း ဒါကို အရင်က တစ်ခါမှ မစားဖူးတာ သေချာတယ် ဟုတ်တယ်မလား၊ ဒီလိုဟာမျိုးက နတ်သုဒ္ဓါလို အရသာရှိတယ်၊ ဒါပေမဲ့ အရမ်း အဆိပ်ပြင်းလို့ ထူးချွန်တဲ့ အချက်အပြုတ် ပညာတတ်တဲ့သူမှပဲ အဆိပ်ကို ဖယ်နိုင်တာ၊ ဒါ တအားရှားတာ”
လွီယန်က ဟင်းပွဲ တစ်ပွဲပြီး တစ်ပွဲကို မိတ်ဆက်ပေးနေပြီး မျက်နှာက နီနေသည်။ လွီချီနှင့် စွန်းဟုန်တို့ကလည်း မကြာခဏ ဖြတ်ပြောကြသည်။ သူတို့၏ မျက်လုံးထဲတွင် ကျေးလက်တောရွာမှ လူများ မြို့ပေါ် တက်လာပုံက အလွန် ရယ်ချင်စရာကောင်းနေ၏။
“အမဲသားက ဒီမှာ၊ ဒါ မဟာမြို့တော် စားသောက်ဆိုင်ရဲ့ အထူးလက်ရာ၊ သူတို့ ချက်တဲ့ပုံစံက လုံးဝ မတူဘူး”
လွီယန်က ပြောလိုက်သည်။
ဓားနှင့် ခက်ရင်းတို့အား အမဲသားနှင့်အတူ ဒွန်တွဲ ယှဉ်ပေးထားသည်။ ရှုကျန်းသည် ထိုစားပွဲတင် ဓား၊ ခက်ရင်းတို့ကို ကြည့်ပြီးနောက် တူကို ပြန်ကြည့်လိုက်သည်။ သူမ တစ်ခဏအတွင်း ကူကယ်ရာမဲ့သလို ခံစားလိုက် ရသည်။
“ခွိခွိ”
လွီချီသည် ရှုကျန်းကို ကြည့်ပြီး မအောင့်နိုင်ဘဲ သရော်ဟန်ဖြင့် ရယ်မောလေသည်။