← Chapters

ငါက တကယ်တော့ ရွက်ပုန်းသီး သူဌေးသမီးလေးပဲ

Vol. 18 Ch. 265

ငါက တကယ်တော့ ရွက်ပုန်းသီး သူဌေးသမီးလေးပဲ

Vol. 18 Ch. 265

လှောင်ရယ်သံက စားပွဲဝိုင်းမှ လူတိုင်းကို မှင်တက်သွားစေသည်။

ရှုကျန်း ရှက်သွားဟန် ပေါ်လာပြီး မပျော်တော့ချေ။

စွန်းဟုန်၏ မျက်လုံးတွင်လည်း သရော်သော အကြည့် ပေါ်လွင်နေသည်။ သို့သော် သူမက သူမသမီးကို ဆုံးမ ဟန်ဆောင်ကာ ပြောလိုက်သည်။

“ချီအာ၊ သမီး ဘာတွေ ရယ်နေတာလဲ၊ ဘာလို့ အဲ့လို ရိုင်းရတာလဲ၊ နင့်အန်တီရှုကို မြန်မြန် တောင်းပန်လိုက်စမ်း”

“ဟုတ်တယ်”

လွီယန်ကလည်း ပြောသည်။

“ရွာဘက်ကလူတွေ ဓားနဲ့ ခက်ရင်းကို မသုံးတတ်တာ ပုံမှန်ပဲ မဟုတ်ဘူးလား၊ မင်းအန်တီက ဘယ်လို သုံးရမလဲ မသိရင် မင်း ပြပေးသင့်တာပေါ့”

“တောင်းပန်ပါတယ်၊ သမီး တကယ် အောင့်မထားနိုင်တော့လို့ပါ”

လွီချီက ပြုံး၍ ပြောလေသည်။

သုံးယောက်သား တစ်ယောက်လေသံအတိုင်း သံယောင်လိုက် ပြောဆို၍ ရဲ့လင်းချန်တို့ မိသားစုကို ဘေးဖယ် ထားသည်။

“နင် ဘာလို့ မစားသေးတာလဲ၊ နင် ဓားနဲ့ ခက်ရင်းကို ဘယ်လိုသုံးရမလဲ မသိဘူးလား”

လွီချီက ရဲ့လင်းချန်ကို ကြည့်၍ မေးလိုက်သည်။

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

“ငါ အမဲသား စားရင် ဓားနဲ့ ခက်ရင်းကို သုံးစရာ မလိုဘူး”

“ခွီး”

လွီချီက ထပ်ရယ်ပြန်သည်။

“နင် ဓားနဲ့ ခက်ရင်းကို သုံးဖို့ မလိုဘူး ဟုတ်လား၊ အဲ့တော့ နင်က တူကို သုံးတယ်လို့ ပြောချင်တာလား၊ နင်က မျိုးချစ်စိတ် ရှိတဲ့သူလို့ ပြောဖို့ မကြိုးစားနဲ့နော်၊ ကမ္ဘာကြီးကို မမြင်ဖူးတဲ့ လူတွေက ဘယ်တော့မှ ကမ္ဘာကြီးကို မြင်နိုင်မှာ မဟုတ်ဘူး၊ ငါ သင်ပေးတာကို နင် လိုချင်လား”

ရဲ့လင်းချန်၏ အသံက အလွန် တည်ငြိမ်နေပြီး စားပွဲပေါ်မှ ဟင်းပွဲများကို တစ်ချက် ကြည့်လိုက်သည်။

“ဒီလိုဟင်းမျိုးက အဲ့လောက် မကောင်းဘူး၊ ဒါက စားချင်စဖွယ် ဖြစ်တယ်လို့ ငါ မထင်ဘူး”

“ဘာ”

လွီချီ အေးခဲသွားသည်။ သူမ နားကြားမှားသွားသည်ဟု တွေးမိသွားလေသည်။

လွီယန်နှင့် စွန်းဟုန်တို့သည်လည်း ကြက်သေ သေသွားပြီး ရဲ့လင်းချန်အား စိုက်ကြည့်နေကြသည်။ သူတို့ မနေနိုင်ဘဲ ခေါင်းယမ်းကြလေသည်။

*ဟင်းရဲ့ အရည်အသွေးကို မေးခွန်းထုတ်နေတာလား*

*ထားလိုက်ပါတော့လေ၊ သူက အရင်တုန်းက ကမ္ဘာကြီးကို မမြင်ဖူးပင်မယ့် ဟန်ဆောင်ပြီး အထင်ကြီးအောင် ကြိုးစားနေတာပဲ၊ သူ့မာနကို ဆုံးရှုံးရုံနဲ့တင် မလုံလောက်လို့ အခု ဝန်ခံမယ့်အစား သူ့ကိုယ်သူအတွက် ကျင်းနက်နက် တူးနေတာပဲ၊ ဒါတောင် သူက ထူးချွန်တဲ့ ကျောင်းသား ဖြစ်နေတယ်လို့ သူ့အနာဂတ်က အားရစရာ မရှိဘူး*

“ဒီက အရာအားလုံးက ဘယ်လောက် ကုန်ကျလဲ နင် သိလား၊ ဒီအမဲသား တစ်ခုတည်းတင် သုံးရာကျတယ်၊ နင့်အတွက် တွေးကြည့်ဖို့တောင် ခက်တယ်”

လွီချီက သည်းမခံနိုင်တော့ဘဲ ပြန်ပြောလေသည်။

“ငါတို့မိသားစုက နင့်ကို ညစာ ဖိတ်ကျွေးတာကတင် တော်တော်လေး ကြင်နာရာ ရောက်နေပြီ၊ နင့်ဗဟုသုတက တိမ်ကောနေရင်လည်း ထားလိုက်လေ၊ ဘာလို့ ဟန်ဆောင်နေတာလဲ ဟမ်၊ ဒီလို ကျေးဇူးမတင်တတ်တဲ့ အကောင်စုတ်တွေကို ကျွေးလိုက်မိတာ ငါတို့ စေတနာတွေ အလဟဿ ဖြစ်သွားတာပဲ”

“ရောင်းရင်းရဲ့၊ မင်းသားရဲ့ လေသံက မောက်မာလွန်းတယ်၊ ဒါ သူ ဓားနဲ့ ခက်ရင်းကို မသုံးတတ်လို့ မဟုတ်ဘူးလား၊ ဝန်ခံလိုက်တာက ရှက်စရာ မဟုတ်ဘူး၊ ငါတို့ မင်းကို စိတ်ရင်းနဲ့ ညစာ လိုက်ကျွေးတာ၊ ဒါပေမဲ့ မင်းရဲ့သား ပြောတာကို ကြည့်စမ်း”

လွီယန်က အော်ဟစ်လေသည်။ စွန်းဟုန်၏ အမူအရာကလည်း ဆိုးရွားနေ၏။ သူမက ပေါ်တင် ရှုပ်ချလာသည်။

“ဆင်းရဲတဲ့ မိသားစုတွေက ကလေးတွေက ကြီးပြင်းလာတဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေတာပဲ၊ ဒါတောင် သူတို့က ရှေ့ကနေ ပြေးချင်နေသေးတယ်၊ ဟာသပဲ”

သို့သော် ထိုသို့သောအချိန်၌ စားပွဲထိုးက စားပွဲဝိုင်းသို့ ဟင်းပွဲတစ်ပွဲ လာချပေးသည်။

*ဟမ်*

*ဘာလို့ ဟင်းပွဲတွေ လာချပေးနေသေးတာလဲ*

လွီယန်၏ စိတ်ထဲ၌ အံ့ဩကာ ပဟေဠိ ဖြစ်နေသည်။

ဟင်းပွဲကို ကြည့်လိုက်မိသည့် အခိုက်တွင် သူ့နှလုံးခုန်နှုန်းက အပြင်းအထန် မြန်ဆန်လာပြီး မသိမသာ အမူအရာ ပြောင်းလဲသွားသည်။ သူ တံတွေးမျိုချပြီး ပြောလိုက်သည်။

“ဒါက …”

“ဒါက ဩစတြေးလျက သဘာဝ ဂုံးကောင်ပါ၊ ဒီနေ့မနက်တင် လေယာဉ်နဲ့ ပို့လာတာ ဖြစ်ပြီး တအား လတ်ဆတ် ပါတယ်”

စားပွဲထိုးက လွီယန် မေးခွန်းကို ဆုံးအောင် မပြောခင်မှာပင် စတင် မိတ်ဆက်လာ၏။

ဂုံးကောင်၏ အရွယ်အစားက သူတို့ စားခဲ့သော ဂုံးကောင်ထက် သုံးဆမက ပိုကြီးသည်။ လွီယန်၏ မိသားစုက ဟင်းပွဲကို ကြည့်ကာ ဝေခွဲမရ ဖြစ်သွားသည်။

ဂုံးကောင်များကြားမှ ကွာခြားချက်က ခွဲခြားရ မခက်ချေ။ ယေဘုယျအားဖြင့် အရွယ်အစား ပိုကြီးလေ ပိုရှားလေ ဖြစ်သည်။ သို့သော် ယခုဂုံးကောင်က အရွယ်အစားအားဖြင့် ပိုကြီးသည့်အပြင် ဩစတြေးလျမှ သဘာဝ ဂုံးကောင် ဖြစ်နေသေးသည်။

ဈေးက မိုးထိမတတ် မြင့်မားလှသည်။

ထိုဂုံးကောင်အကြောင်း အခြားသူများထံမှ သူ ကြားခဲ့ဖူးပါသည်။ တစ်ကောင်ကို ယွမ်ရှစ်ထောင် ရှိပြီး ပန်းကန် ပေါ်တွင် ခြောက်ကောင်တိတိ ရှိနေ၏။

သူ အသိပြန်မကပ်နိုင်ခင်မှာပင် နောက်ထပ် စားပွဲထိုးတစ်ယောက် ဝင်လာ၏။ ယခုတစ်ခေါက်တွင် စားပွဲထိုးက သလင်းကျောက်တမျှ ဖြူနေသော ငါးတစ်ကောင်ကို ကိုင်ထားသည်။

“တရုတ် ငါးပါးနီလား”

လွီယန် ထပ်မံ၍ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။

“ဒါ ယန်ကျီမြစ် အထက်ပိုင်းက ဖမ်းလာတဲ့ တရုတ် ငါးပါးနီပါ”

စားပွဲထိုးက ရှင်းပြသည်။

ငါးပါးနီ၏ ရှားပါးမှုနှင့် ဈေးက ပြောနေစရာပင် မလိုပါ။ ၎င်းသည် ယခုတလော ရှားပါးလာသည့် ငါးတစ်မျိုး ဖြစ်ပြီး တစ်ချို့နေရာများ၌ ၎င်းကို ဖမ်းဆီးခြင်းကိုပင် တားမြစ်ထားသည်။

ငါးပါးနီများသည် မြစ်ကမ်းနားမှ ရောင်းချသည့် နေရာများတွင်တောင်မှ အလွန် ဈေးကြီးနေပြီ ဖြစ်သည်။ မြို့တော်မှာမူ ကုန်းတွင်းပိုင်း၌ တည်ရှိနေပြီး အနီးအနားမှ နေရာများသည်လည်း တစ်နှစ်ပတ်လုံး ရေရှားပါးသည်။ ထိုအချက်ကြောင့်ပင် ငါးပါးနီက ပို၍ တန်ဖိုးကြီးနေပြီး ဂုံးကောင်လိုပင် လေကြောင်းဖြင့် ပို့ဆောင်ရသည်။ ဈေးက ဂုံးကောင်ထက် ပိုမြင့်သည်။

ထို့နောက်တွင် စားပွဲထိုးများ တစ်ယောက်ပြီး တစ်ယောက်က အမျိုးစုံသော ဟင်းပွဲများနှင့်အတူ ဝင်လာ၏။

ငါးပူတင်း၊ အမဲသား၊ ငါးဥဆားနယ်၊ မြေအောင်းမှိုဖြူ …

လွီယန်၏ မျက်နှာက ဟင်းတစ်ပွဲ လာချတိုင်း ပိုပို၍ ဖြူရော်လာသည်။ လွီချီနှင့် စွန်းဟုန်တောင်မှ တူကို ဆန့်ရန်ပင် လန့်နေ၏။ အကြောင်းမှာ စားပွဲပေါ်မှ ဟင်းပွဲများက စားစရာ မဟုတ်တော့ဘဲ ကုန်တော့မည့် ပိုက်ဆံများ ဖြစ်နေသောကြောင့်ပင်။

ရွှေရောင် ငါးဥဆားနယ် ပန်းကန်ကို မြင်သောအခါ လွီယန်၏ ပါးစပ်က မဲ့ရွဲ့လာသည်။ ထိုငါးဥ၏ ဈေးကို ဂရမ်ဖြင့် တွက်ပြီး စုစုပေါင်း အလေးချိန်က ငါးအကောင်တစ်ရာစာမျှ ရှိသည်။ သို့သော် ထိုဟင်းပွဲတစ်ပန်းကန်လုံးက သူတို့အရှေ့တည့်တည့်၌ ရှိနေ၏။

ထိုတစ်ပွဲလုံးက အနည်းဆုံး ယွမ်ငါးသောင်းပင်။

စားပွဲပေါ်မှ အရာအားလုံးကို တွက်ကြည့်လိုက်လျင် ခန့်မှန်းချေ ယွမ်နှစ်သိန်းထက်ပင် ကျော်နေပြီး ယွမ်သုံးသိန်း ရောက်လျင်ပင် အံ့ဩစရာ မဟုတ်တော့ချေ။

ယင်းက …သဘာဝမကျပေ။

“နေပါဦး”

ဟင်းပွဲများ ဆက်ရှိသေးသည်ကို မြင်ပြီး လွီယန် အော်လိုက်မိသည်။ သူ့မျက်နှာက အလွန် စိုးရိမ်ဟန် ပေါ်နေပြီး နဖူး၌ ချွေးစေးများ စို့နေကာ မျက်လုံးများ နီနေ၏။

“မှားများ မှားနေသလား၊ ငါတို့ ဒါတွေ မမှာပါဘူး”

သူ့အသံတွင် ကြောက်လန့်နေသော အရိပ်အယောင် ပါနေသည်။ အဘယ်ကြောင့်ဆိုသော် သူ ထိုမျှ ပိုက်ဆံ မတတ်နိုင်သောကြောင့်ပင်။

သူ့အိမ် အဖျက်ခံလိုက်ရသည့်အတွက် လျော်ကြေး ရခဲ့၍သာ သူ ကံကောင်းခဲ့ခြင်း ဖြစ်သည်။ အများစုကို သူ့အိမ်အသစ်အတွက် သုံးလိုက်ရပြီး သူ့ဘဝအား သုံးနိုင်စွဲနိုင်လောက်အောင် ချမ်းသာသည်ဟု သတ်မှတ် နိုင်ပေသည်။ ထိုဟင်းပွဲများက သူ တတ်နိုင်သည်ထက် အလွန် ကျော်လွန်နေပြီး ချမ်းသာနေလျင်တောင်မှ ထိုမျှ လက်ဖွာ၍ သူ မသုံးစွဲနိုင်ပါ။

ထောင်ဂဏန်းမျှ သုံးလိုက်ခြင်းက ဤတောသားများရှေ့၌ သူတို့၏ ဟိတ်ဟန်ကို ထုတ်ပြနိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။ စားပွဲပေါ်မှ ဟင်းပွဲအားလုံးအတွက် ပေးချေရန် သူ့တွင် ပိုက်ဆံ မရှိပါ။

သူ ရဲ့လင်းချန်ကို ကြည့်လိုက်သောအခါ မျက်လုံး ကျွတ်ကျမတတ် ဖြစ်သွားလေသည်။

ယခင်က မစားသော ရဲ့လင်းချန်သည် ယခုမှ ပျော်ပျော်ရွှင်ရွှင် စားနေ၏။ သူသည် အရူးသဖွယ် ထိုဟင်းပွဲ အားလုံးကို ယူစားနေပြီး ငါးဥအား ဇွန်းအပြည့်ထည့်၍ စားနေသေးသည်။

လွီယန်၏ နှလုံးက တဒုတ်ဒုတ် မြည်လာ၏။

*အဲ့တစ်ဇွန်းအပြည့်က ဒေါ်လာထောင်ချီတယ်ဟ*

ထို့အပြင် ရဲ့လင်းချန်က ဟင်းများကို ရဲ့ကျင်းနှင့် ရှုကျန်း၏ ပန်းကန်ထဲပင် ထည့်ပေးလိက်သေးသည်။ သူတို့ များများစားစား မစားရသေးသော်လည်း ဈေးကြီးသော ဟင်းအားလုံးက ရဲ့လင်းချန်တို့ မိသားစုကြားထဲ၌ ခွဲဝေပြီး နေသည်။

*သူတို့အားလုံးက သောက်ကျိုးနည်း … ခွေးမသားတွေပဲ*

*ဒီတောသားတွေက သူတို့ စားနေတဲ့ ဟင်းရဲ့တန်ဖိုးကို မစဉ်းစားကြဘူး*

“ငါတို့ ဒီဟင်းပွဲတွေကို မမှာဘူး၊ ငါတို့ ဒါတွေကို လုံးဝ မထိဘူး”

လွီယန်က ပြောပြီး ရဲ့လင်းချန်ကို လက်ညှိုးထိုးသည်။

“သူတို့ စားတာ၊ အဲ့တော့ သူတို့ကို ရှင်းခိုင်းလိုက်ပါ”

“ဟုတ်တယ် နင်တို့ မှားတာဖြစ်မယ်”

စွန်းဟုန်ကလည်း ဝင်ပြောသည်။

“ဒါကို စားတဲ့သူပဲ ရှင်းသင့်တယ်”

ဒီဟင်းပွဲတွေကို ကျွန်တော်တို့သူဌေးက လေးစားရတဲ့ ဧည့်သည်တော်တွေကို ကျွေးမွေးတာပါ၊ ဒကာခံတာပါဗျ”

စားပွဲထိုးက ပြုံး၍ ရှင်းပြလေသည်။

“ဒကာခံတာလား”

သူ့စကားက လွီယန်ကို ကြက်သေ သေသွားစေသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“အဖေ၊ အဖေက အဲ့လောက် လေးစားခံရတာလား”

လွီချီသည်လည်း နားဝေတိမ်တောင် ဖြစ်နေသည်။ သို့သော် သူမက စိတ်အလှုပ်ရှားဆုံး ဖြစ်နေပြီး တုန်ပင် တုန်လာသည်။ တကယ်တမ်းတွင် သူမအဖေက အလွန် အံ့ဩစရာ ကောင်းနေပြီး သူမက တကယ်တမ်း၌ သူဌေးသမီး ဖြစ်နေပါတကား။

သူမ တွေးလေလေ ပိုစိတ်လှုပ်ရှားလာလေလေပင်။ သူမ၏ အသက်ရှူသံ မြန်လာပြီး အဆောတလျင် ပြောလိုက်သည်။

“အဖေ အမှန်အတိုင်းပြော၊ အဖေက ဘီလျံနာ မဟုတ်လား၊ အရင်က အဖေ သမီးကို စနေတာမလား၊ အခုမှ အဖေ့ အဆင့်အတန်း အစစ်ကို ထုတ်ပြတာပေါ့လေ၊ သမီးက ရွက်ပုန်းသီး သူဌေးသမီး ဖြစ်နေတာပေါ့၊၊ ဟုတ်တယ် မလား”

သူမက လွီယန်ကို စိတ်အားထက်သန်စွာ ကြည့်နေပြီး နောက်ဆယ်စုနှစ် နှစ်ခုစာအတွက်ပင် အစီအစဉ်များ ချပြီးနေ လေသည်။

*သောက်ကျိုးနည်း ငါက ဘီလျံနာ ဖြစ်မလားဟ၊ မင်း ဘာတွေ ပြောနေတာလဲ*

လွီယန်က သူ့သမီးကို ကြည့်နေသည်။ လက်ရှိတွင် သူသည် အလွန် တွေဝေနေကာ ဘာပြောရမှန်းမသိ ဖြစ်နေ၏။

All Chapters