အန္တိမနတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်
Vol. 1 Ch. 3
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း(၃) အန္တိမ နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်
ဇောင်ဒင်းယွမ်ထွက်သွားပြီး အချိန်အတော်ကြာမှပင် ဆူဇီမိုသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ့မျက်နှာက ဖြူလျော့သွားလေ၏။ အဖြစ်အပျက်များက သိပ်မကြာခဲ့သော်လည်း အလွန်အန္တရာယ်များလေသည်။ ကိစ္စအားလုံးက သူကြိုတင်တွက်ဆထားသည့်အတိုင်း ဖြစ်လာခဲ့တာကိုပင် ကျေးဇူးတင်ရပေမည်။
ဆူဇီမိုသည် ရှမ်မန်းကီနှင့် စကားပြောခဲ့တုန်းက သတင်းအချက်အလက်တစ်ခုကို ဆွဲထုတ်နိုင်ခဲ့၏။ သူမသည် ဇောင်ဒင်းယွမ်နှင့်အတူ မနက်ဖြန်တွင် ကန်းလန်မြို့မှ ထွက်ခွာတော့မည်ဟု ပြောခဲ့လေ၏။ ထို့ကြောင့် ယနေ့ညတွင် ဇောင်ဒင်းယွမ် လက်စားလာချေမည်ဆိုတာ သူကြိုတင်တွက်ဆထားပြီး ဖြစ်၏။
ဆူဇီမိုသည် အစက ဆူမိသားစုထံမှ အကူအညီတောင်းကြည့်ရန် စဉ်းစားထားသေး၏။ သို့သော် ဤသို့လုပ်ခဲ့လျှင် ဆူမိသားစုကို ပြဿနာထဲ ဆွဲထည့်မိရုံကလွဲလို့ ရလာဒ်ကို အများကြီးပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့အနေဖြင့် ပကတိကန်းလန်၏တပည့် ဇောင်ဒင်းယွမ်ကို မသတ်နိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူစခဲ့သော ကိစ္စအတွက် သူကိုယ်တိုင်ပင် တာဝန်ယူလိုပေသည်။
ဇောင်ဒင်းယွမ်သည် အရင်လို မြို့ထဲမှ လူမိုက်တစ်ယောက်သာ မဟုတ်တော့ပေ။ သူသည် အင်မော်တယ်ဂိုဏ်းထဲသို့ ဝင်ရောက်တော့မှာ ဖြစ်လေသည်။ ဇောင်ဒင်းယွမ်သာ သေဆုံးခဲ့လျှင် ပကတိကန်းလန်သည် ဆူဇီမိုအား သေချာပေါက် လာရှာပေလိမ့်မည်။ ထိုအချိန်တွင် ပကတိကန်းလန်အား မည်သူက ရပ်တန့်နိုင်လိမ့်နည်း။
ဆူဇီမိုသည် ဘယ်တုန်းကမှ လူမသတ်ဖူးခဲ့ပေ။ သို့သော် သူသည် ဇောင်ဒင်းယွမ်၏လည်ပင်းပေါ် ဓါးတင်ထားချိန်တွင် ကြောက်ရွံ့မှု၊ တုန်လှုပ်မှု၊ စိတ်လှုပ်ရှားမှု နည်းနည်းကလေးမျှ မရှိပေ။ ထိုသို့ဖြစ်ရမည်အစား သူသည် တည်ငြိမ်စွာနှင့် သတ်ဖြတ်ဖို့ပင် စိတ်အားထက်သန်နေသေး၏။
ဆူဇီမိုတွင် သတ်ဖြတ်လိုစိတ်အရှိန်အဝါအော်ရာက အမှန်တစ်ကယ် ရှိနေပေ၏။ သူသည် ထိုအရာကို ဖုံးကွယ်မထားနိုင်ပေ။ သူသည် ထိုလူ၏လည်ပင်းပေါ် ဓါးတင်ထားချိန်တွင် လှီးဖြတ်ချင်စိတ်ကို မနည်းပင် ထိန်းထားရလေ၏။ သူ၏ခန္ဓာကိုယ်ထဲရှိ စီးဆင်းနေသောသွေးများသည် စာပေသမားတစ်ယောက်၏သွေး မဟုတ်သည်ကို ဆူဇီမို ပထမဆုံးအကြိမ် စတင်သိရှိခဲ့ရလေ၏။ ထိုအရာသည် စစ်ပွဲထဲတွင် သတ်ဖြတ်နေကျ စစ်သူကြီးတစ်ယောက်၏သွေးမျိုး ဖြစ်၏။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်လည် ရယူလိုသော မဟုတ်မခံလူတစ်ယောက်၏သွေးမျိုး ဖြစ်၏။
‘’နှစ်တွေအကြာကြီး ပင်ပင်ပန်းပန်းလေ့လာခဲ့ရတဲ့စာတွေက ဓါးတစ်ချောင်းရဲ့ ထက်မြမှုကို မယှဉ်နိုင်ဘူးပဲ..ဟဟ..’’ ဆူဇီမိုသည် သူ့ကိုယ်သူ ပြန်ရယ်လိုက်၏။ ‘’ဒီကမ္ဘာမှာ စာပေသမားတစ်ယောက်က ဘာမှ လုပ်လို့မရဘူးပဲ။’’
ဆူဇီမိုသည် အခန်းထဲသို့ ပြန်ဝင်လိုက်၏။ သူသည် ဓါးကို ဘေးသို့ပစ်ချပြီး ခုတင်ပေါ်သို့ ပစ်လှဲချလိုက်၏။ သို့သော် အိပ်လို့ မပျော်ချေ။ ဇောင်ဒင်းယွမ်၏ စိတ်နေသဘောထားအရဆိုလျှင် သူသည် အင်မော်တယ်ဂိုဏ်းထဲသို့ ဝင်ရောက်ကျင့်ကြံပြီးနောက် ပင်ယန်းမြို့သို့ ပြန်လာကာ သေချာပေါက် လက်စားပြန်လာချေပေလိမ့်မည်။ ထိုအချိန်သည် တစ်လ(သို့) တစ်နှစ်(သို့) ဆယ်နှစ်ကြာမှလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဇောင်ဒင်းယွမ်သည် သေချာပေါက် ပြန်လာမည်သာ ဖြစ်လေသည်။ ထိုအရာကို ဆူဇီမို ကောင်းစွာ သိထား၏။ သို့သော် ထိုငနဲကို သူဒီည လွှတ်ပေးရပေလိမ့်မည်။ သတ်လို့ မဖြစ်ချေ။
ဇောင်ဒင်းယွမ်ကို ယနေ့ည သတ်ခဲ့လျှင် မနက်ဖြန်ဆို သူလည်း သေချာပေါက် သေရပေလိမ့်မည်။ ဇောင်ဒင်းယွမ်ကို ယနေ့ည လွှတ်ပေးလိုက်သည့်အတွက် သူ့အတွက် မျှော်လင့်ချက်အနည်းငယ် ရှိနေသေးပေသည်။ အနည်းဆုံးတော့ မနက်ဖြန် သူမသေနိုင်သေးပေ။
ဒါပေမယ့် ဘယ်လောက်ကြာကြာ သူရှင်သန်နိုင်မှာလဲ။
စိတ်ဝိညာဉ်ရင်းမြစ်ဆိုတာကရော ဘာလဲ။
စိတ်ဝိညာဉ်ရင်းမြစ်မရှိရင် ဘာကြောင့် ကျင့်ကြံလို့ မရတာလဲ။ ဘာ့ကြောင့်လဲ...
ဆူဇီမိုသည် အတွေးများနှင့် ချာချာလည်နေပေပြီ။ အင်မော်တယ်ဂိုဏ်များ အကြောင်းလဲ သူသိချင်သေးသည်။ သူ့အနာဂတ်မှာလည်း ရှုပ်ထွေးမရေရာတော့ပေ။ ထို့နောက် ဆူဇီမို၏ မျက်ခွံများသည် လေးလံလာပြီး မကြာခင် အိပ်ပျော်သွားလေတော့၏။
ဆူဇီမိုသည် ထူးဆန်းသောအိပ်မက်တစ်ခုကို မက်နေလေ၏။ အိမ်မက်ထဲတွင် အင်မော်တယ်တစ်ယောက်သည် သူ၏နား အနားသို့ တိုးတိုးလေး ကပ်ပြောနေ၏။ ‘’မင်း..ကျင့်ကြံချင်လား။’’
ဒါပေါ့..သူထိုအရာကို စမ်းကြည့်ချင်ပေသည်။ ဒီ့အရင်က သူသည် အင်မော်တယ်လမ်းကြောင်းထဲ ဝင်ရောက်ဖို့အတွက် ယခုလောက် တစ်ခါမျှ စိတ်အားမထက်သန်ဘူးပေ။
ဆူဇီမိုသည် တစ်စုံတစ်ရာက မူမမှန်သည်ကို ခံစားနေရ၏။ တစ်ခဏကြာသော် ဆူဇီမိုသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် လန့်နိုးလာပြီး ငုတ်တုတ်ထထိုင်လိုက်၏။ သူ၏ကျောပြင်သည် ချွေးစေးများဖြင့် စိုရွှဲနေပေပြီ။ နောက်ဆုံးမှာတော့ ဘာကမူမမှန်တာလဲဆိုတာ သူနားလည်သွားလေ၏။ ဤအရာက အိပ်မက်မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့ကို ကျင့်ကြံခြင်းလားဟု အပြင်မှာ တစ်ကယ်မေးနေခြင်း ဖြစ်၏။
ဆူဇီမိုသည် အိပ်ယာမှ ထလိုက်ပြီး တံခါးကို ဆွဲဖွင့်လိုက်သောအခါ သူ့တစ်ဘဝလုံးတွင် ဘယ်တော့မှ မမေ့နိုင်တော့မည့် မြင်ကွင်းကို မြင်လိုက်ရလေ၏။
ခြံဝန်းထဲရှိ မက်မွန်ပင်ကြီးအောက်တွင် လွန်စွာနူးညံ့သိမ်မွေ့သော မိန်းမလှလေးတစ်ယောက် မတ်တပ်ရပ်နေလေသည်။ သူမသည် သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည်လင်တောက်ပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေလေ၏။
ကောင်းကင်တွင်တိမ်များက ရှင်းလင်းနေပြီး လရောင်က ရေကဲ့သို့ ကြည်လင်နေ၏။ မက်မွန်ပင်မှ ပွင့်ဖတ်များသည် ဆည်းဆာချိန်တွင် မြူနှင်းများကျနေသလို ထိုအမျိုးသမီးပေါ်သို့ ကြွေကျနေလေ၏။
‘’မင်းတစ်ကယ်ပဲ ကျင့်ကြံချင်လား’’ တျဲယွဲ့က နောက်တစ်ကြိမ် ထပ်မေးလိုက်၏။ သူမ၏အသံသည် အနည်းငယ် လေးတွဲနေသော်လည်း နူးညံ့ညင်သာပြီး သာယာနာပျော်ဖွယ်ကောင်းနေသေး၏။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး စိတ်ကို တည်ငြိမ်စေလိုက်၏။ သူ့တွင် မေးခွန်းများနှင့် သံသယများစွာ ရှိနေသော်လည်း နောက်ဆုံး စကားတစ်ခွန်းသာ ထွက်လာလေသည်။
‘’ဟုတ်ကဲ့’’
‘’ကောင်းပြီလေ..ငါမင်းကို သင်ပေးလို့ရတယ်’’ တျဲယွဲ့က ဒီအတိုင်းပဲ ထူးမခြားနားအမူအယာနှင့် ပြန်ပြောလိုက်၏။ သူမပြောပုံသည် ထမင်းစားရေသောက်သလို ရိုးရှင်းသောအရာကို သင်ပေးမည့် အတိုင်းပင်။
ဆူဇီမိုသည် ကျောက်လှေကားထစ်အတိုင်း ဆင်းလျှောက်လာခဲ့ပြီး တျဲယွဲ့၏အရှေ့တွင် ရပ်လိုက်၏။ သူသည် ရေလိုကြည်လင်နေသော တျဲယွဲ့၏ မျက်လုံးတွေကို ငေးကြည့်နေလိုက်၏။ တစ်ခဏကြာပြီးနောက် သူ့ရှေ့မှ အမျိုးသမီးသည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်ကြောင်း ဆူဇီမို နားလည်လာလေ၏။ သူသည် သူမ၏ နောက်ခံကို လုံးဝ မမှန်းဆတတ်ပေ။
တစ်ဖက်မှာတော့ တျဲယွဲ့သည် သူ၏လျှို့ဝှက်ချက်များအားလုံးကို ထွင်းဖောက်မြင်နေရသည်ဟု သူခံစားရလေသည်။ သူစဉ်းစားနေသည့် အရာများကိုပင် တျဲယွဲ့က သိနေပုံ ရလေ၏။
‘’ကျတော့်မှာ စိတ်ဝိညာဉ်ရင်းမြစ် မရှိဘူး’’ တစ်ခဏကြာပြီးနောက် ဆူဇီမိုက ပြောလိုက်၏။
‘’စိတ်ဝိညာဉ်ရင်းမြစ်မလိုတဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေလဲ ရှိတာပဲလေ’’ တျဲယွဲ့က ပြောလိုက်၏။
‘’အဲ့ဒါက ဘယ်လို ကျင့်ကြံခြင်း နည်းစနစ်လဲ’’ ဆူဇီမိုက အလိုအလျောက် ပြန်မေးလိုက်မိ၏။
‘’အဲ့ဒါက နတ်ဆိုးသားရဲကလန်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ’’ တျဲယွဲ့က မျက်ခုံးပင်ပြီး ဖြေလိုက်လေ၏။
ဆူဇီမိုသည် မျက်နှာတစ်ချက်ပျက်သွားပြီး အနောက်သို့ ခြေတစ်လှမ်း အလိုအလျောက် ဆုတ်မိသွားလေ၏။ ဆူဇီမိုသည် ကျင့်ကြံခြင်းအကြောင်း ဘာမှ မသိသော်လည်း လူသားများနှင့် နတ်ဆိုးသားရဲများသည် ပြဒါးတစ်လမ်း သံတစ်လမ်း လျှောက်လှမ်းနေကြသည်ဆိုတာတော့ သူသိထားသေး၏။ ဒဏ္ဍာရီများအရဆိုလျှင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲများသည် လူသားများကို ဘယ်လို ဒုက္ခပေးတတ်ကြောင်း ဖြစ်ရပ်များစွာဖြင့် ဖော်ပြခဲ့ကြ၏။
သူသာ နတ်ဆိုးသားရဲကလန်၏ ကျင့်ကြံခြင်းနည်းစနစ်များကို လေ့ကျင့်လိုက်လျှင် သူလည်း ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးတစ်ကောာင် ဖြစ်လာမှာလား။
ဆူဇီမိုသည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ‘’ကျတော် သင်မယ်’’ ဟု ဖြေလိုက်လေ၏။ အနာဂတ်တွင် ဘာတွေဆက်ဖြစ်မည်ကို သူသေချာ မပြောတတ်ပေ။ သို့သော် သူပြောနိုင်တာ တစ်ခုက သူသာ ယခုအခွင့်အရေးကို အသုံးမချဖြစ်ဘူးဆိုလျှင် သိပ်မကြာခင် ဇောင်ဒင်းယွမ် ပြန်လာသည့်အချိန်တွင် သူသေချာပေါက် သေရပေလိမ့်မည်။
တျဲယွဲ့က အနည်းငယ်ပင် အံအားသင့်မသွားပေ။ ဆူဇီမို ဘာကို ရွေးချယ်မည်ကို သူမက ကြိုတင်သိထားသလိုပင်။ သူမက ဆက်ပြောလိုက်သည်။ ‘’နတ်ဆိုးသားရဲကလန်ရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေကို ကျင့်ကြံချင်တယ်ဆိုရင် မင်းအနေနဲ့ အချက်နှစ်ချက်ကို သဘောတူရမယ်။ တစ်အချက်-ငါဘယ်သူ၊ ဘယ်ကဆိုတာ လုံးဝမမေးရဘူး။ ငါကသင်ပေးမယ်၊ မင်းက လက်ခံသင်ယူမယ်..ဒါပဲ။ နှစ်အချက်-ဒီကျင့်ကြံခြင်း နည်းစနစ်တွေကို တစ်ခြားဘယ်သူ့ကိုမှ ပြန်သင်မပေးရဘူး။’’
‘’အဆင်ပြေတယ်’’ ဆူဇီက ခေါင်းညိတ်ဖြေလိုက်၏။
နောက်ထပ်တစ်ချက်က မင်းအနေနဲ့ ဒီကျင့်ကြံခြင်း နည်းစနစ်တွေကို ကျင့်ကြံမယ်ဆိုရင် မင်းဘဝမှာ မျှော်လင့်မထားတဲ့ ဒုက္ခတွေ၊ အန္တရာယ်တွေနဲ့ တွေ့ကြုံရလိမ့်မယ်။ မင်းအသက်ကို အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်။ အဲ့ဒီအချိန် ငါမင်းကို လာကယ်မှာ မဟုတ်ဘူး။’’
ဆူဇီမိုက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ‘’သေခြင်းရှင်ခြင်းဆိုတာ ကြိုတင် ပြဋ္ဌာန်းပြီးသားပါလေ။’’
‘’မရှင်းတာရှိရင် ငါ့ဆီလာပြီး မေးနိုင်တယ်’’ တျဲယွဲ့က ပေါ့ပေါ့ပါးပါးပြုံးရင်း ပြောလိုက်လေသည်။
နှစ်နှစ်ကြာပြီးနောက် တျဲယွဲ့ပြုံးတာကို မြင်ရတာ ဒါပထဆုံးအကြိမ် ဖြစ်လေသည်။ ဆူဇီမိုသည် သူမ၏ အပြုံးတွင် နစ်မြောသွားလေသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆူဇီမိုသည် သူ၏အတွေးများကို ရှင်းထုတ်လိုက်ပြီးနောက် အသံခပ်တိုးတိုးဖြင့် မေးလိုက်လေ၏။ ‘’စိတ်ဝိညာဉ်ရင်းမြစ်ဆိုတာ ဘာလဲ..ကျင့်ကြံခြင်းဆိုတာကရော ဘာလဲ..စိတ်ဝိညာဉ်ရင်းမြစ်မရှိဘဲ ကျတော်က ကျင့်ကြံလို့ မရဘူးလို့ ပကတိကန်းလန်က ဘာလို့ ပြောတာလဲ။
’’
‘’ကျင့်ကြံခြင်းကို တာအိုကျင့်ကြံခြင်းလို့ ခေါ်လို့ရတယ်။ လူသားတွေမှာ ရှေးအကျဆုံး ကျင့်ကြံခြင်း အဓိကကျောင်းတော် သုံးခုရှိတယ်။ အဲ့ဒါတွေကတော့ အင်မော်တယ်ဂိုဏ်း၊ ဗုဒ္ဓဝါဒဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေပဲ။ အဲ့ဒီစိတ်ဝိညာဉ်ရင်းမြစ်ဆိုတာ အင်မော်တယ်ဂိုဏ်းကလူတွေ ခေါ်ကြတဲ့ အခေါ်အဝေါ်ပဲ။ ဗုဒ္ဓဝါဒဂိုဏ်းက အဲ့ဒါကို ဉာဏ်ပညာရင်းမြစ်လို့ခေါ်ပြီး မိစ္ဆာဂိုဏ်းကတော့ အဲ့ဒါကို မိစ္ဆာမျိုးစေ့လို့ ခေါ်ကြတယ်။ လူသားတွေ အနေနဲ့ စိတ်ဝိညာဉ်ရင်းမြစ် မရှိဘူးဆိုရင် အဲ့ဒီဂိုဏ်းကြီး သုံးဂိုဏ်းထဲက ဘယ်ဂိုဏ်းကိုမှ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။
တျဲယွဲ့က ဆက်ပြောလိုက်သည်။ ‘’လူသားတွေမှာ အကြား၊ အမြင်၊ အနံ၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးပါး ရှိတယ်။ စိတ်ဝိညာဉ်ရင်းမြစ်ဆိုတာ ကျင့်ကြံဖို့အတွက် မြေကြီးနဲ့ ကောင်းကင်အကြားက အော်ရာကို အာရုံခံပေးတဲ့ ခြောက်ခုမြောက်အာရုံပဲ။
ဆူဇီမိုသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားလေသည်။ စိတ်ဝိညာဉ်ရင်းမြစ် မရှိဘူးဆိုရင် အဲ့ဒီလူက မြေကြီးနဲ့ကောင်းကင်အကြားက အော်ရာကို အာရုံမခံနိုင်တဲ့အတွက် ကျင့်ကြံလို့ မရတာပေါ့။ ဆူဇီမို ထပ်မေးလိုက်သည်။ ‘’ကျင့်ကြံခြင်းအဆင့်တွေကိုရော ဘယ်လိုခွဲထားတာလဲ။ ပကတိကန်းလန်ကရော ဘယ်အဆင့်ကို ရောက်နေပြီလဲ။’’
‘’အင်မော်တယ်ဂိုဏ်းက ကျင့်ကြံခြင်းအဆင့်တွေကို ချီစုဖွဲ့အဆင့်၊ အခြေတည်အဆင့်၊ ရွှေအူတိုင်အဆင့်၊ နိုးထဝိညာဉ်အဆင့်....တွေ ဆိုပြီး အဆင့်ဆင့်ခွဲခြားထားတယ်။ ပကတိကန်းလန်က ရွှေအူတိုင်အဆင့်ပဲ။ နတ်ဆိုးသားရဲ၊ အင်မော်တယ်၊ မိစ္ဆာနဲ့ ဗုဒ္ဓဝါဒဂိုဏ်းတွေမှာ ကျင့်ကြံခြင်းအဆင့်အပေါ် မတူညီတဲ့ အခေါ်အဝေါ်တွေ ရှိကြတယ်ဆိုပေမယ့် အဓိပ္ပါယ်အရတော့ သိပ်ကွာဟမှု မရှိကြဘူး။ ဘာပဲဖြစ်ဖြစ် ရွှေအူတိုင်အဆင့်က ကျင့်ကြံခြင်းလောကမှာ လူတိုင်းဖြတ်သန်းရမယ့် သဘာဝချောက်နက်ကြီး တစ်ခုပဲ။ ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းနေကြတဲ့ လူများစွာ ရှိကြပေမယ့် သူတို့ထဲက အနည်းဆုံး တစ်ဝက်လောက်က ရွှေအူတိုင်အဆင့်မှာတင် မျှော်လင့်ချက်မရှိ ရပ်တန့်သွားကြတာပဲ။’’
‘’ကျင့်ကြံခြင်းဆိုတာ သဘာဝရဲ့ ဖွဲ့စည်းပုံဂေဟစနစ်ကို ဆန့်ကျင့်ပြီး မြေကြီးနဲ့ ကောင်းကင်ရဲ့ အော်ရာကို ဖမ်းဆုပ်ရတာပဲ။ လူတစ်ယောက် ရွှေအူတိုင်အဆင့်ကို တက်လှမ်းနိုင်သွားပြီဆိုတာ အဲဒီလူက သဘာဝရဲ့ အချုပ်အနှောင်ကို ပထမဆုံးအနေနဲ့ ချိုးဖျက်နိုင်သွားပြီလို့ ဆိုလိုတာပဲ။ အဲဒီလူရဲ့ ဘဝသက်တမ်းကလဲ နှစ်ငါးရာအထိ တိုးသွားလိမ့်မယ်။’’
တျဲယွဲ့က ဆက်ပြောသည်။ ‘’မင်းအခုသင်ယူမယ့် ကျင့်ကြံခြင်းနည်းစနစ်ကို အပိုင်း(၉) ပိုင်း ခွဲထားတယ်။ တစ်အဆင့်-ကိုယ်ခန္ဓာကြံ့ခိုင်စေခြင်း၊ နှစ်-အရွတ်အသွင် ပြောင်းလဲခြင်း၊ သုံး-အရိုးသန်မာစေခြင်း၊ လေး-ခြင်ဆီသန့်စင်ခြင်း၊ ငါး-ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း၊ ခြောက်-ဒွါရ ရှင်းလင်းခြင်းနဲ့ ခုနှစ်-အူတိုင်အစီအရင် ဖြစ်တယ်။ မင်းအနေနဲ့ ကန်းလန်ကို လက်စားခြေချင်တယ်ဆိုရင် သတ္တမအဆင့်ထိရောက်အောင် အရင်လေ့ကျင့်ဖို့ လိုတယ်။’’
‘’အဲ့ဒီ ကျင့်ကြ့ခြင်းနည်းစနစ်ရဲ့ အမည်က ဘာတဲ့လဲ။’’ ဆူဇီမိုက မေးလိုက်လေ၏။
‘’မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် (၁၂)ပါးရဲ့ အန္တိမ နတ်ဆိုးသားရဲ ကျင့်ကြံခြင်း နည်းစနစ်’’ တျဲယွဲ့က ဖြေလိုက်၏။
ဆူဇီမိုသည် တုန်လှုပ်သွားလေသည်။ ထိုပညာရပ်ခေါင်းစဉ်ကို ကြားရချိန်၌ ကြောက်မက်ဖွယ်ရာ အော်ရာတစ်မျိုးသည် သူ့ဆီသို့ တစ်လိပ်လိပ်နှင့် တက်လာနေသည်ဟု ခံစားရလေသည်။ သူသည် အသက်ရှူရသည်ပင် မွန်းကြပ်လာလေသည်။
‘’သားရဲနတ်ဆိုးဘုရင် (၁၂)ပါးရဲ့ ပညာရပ်ထဲက ပထမအပိုင်းဖြစ်တဲ့ ကိုယ်ခန္ဓာကြံ့ခိုင်စေခြင်းကို အရေပြားနဲ့အသားကို ၁-မာကြောစေခြင်းနဲ့ ၂-သန့်စင်စေခြင်းဆိုပြီး အပိုင်းနှစ်ပိုင်း ထပ်ခွဲနိုင်တယ်။ အဲ့ဒီမှာ ကွဲပြားတဲ့ အသက်ရှူသွင်း၊ ရှူထုတ်ခြင်း နည်းလမ်းတွေ၊ နည်းစနစ်တွေနဲ့ သက်ဆိုင်ရာအလိုက် လှုပ်ရှားဟန်တွေ ရှိတယ်။’’
တျဲယွဲ့၏ မျက်လုံးထဲတွင် နတ်ဆိုးဆန်ဆန်အလင်းများက တစ်ဖျတ်ဖျတ် လင်းလက်တောက်ပလာ၏။ အဲ့ဒီနောက် ဆူဇီမို၏ စိတ်ထဲသို့ ရှည်လျားရှုပ်ထွေးနက်နဲသော ဂါထာမန္တရားလို စကားလုံးများက ဝင်ရောက်လာလေ၏။
အဲ့ဒီမှာ အင်မော်တယ်တောင်တန်းတွေ၊ ကြည်လင်အေးမြသော ရေကန်တွေ၊ ကောင်းကင်လိုဏ်ဂူ သုခဘုံတွေ၊ ရတနာတွေ စီမြန်းထားသော ကျောက်စိမ်းနန်းတော်တွေ ဘာတစ်ခုမျှ မရှိပေ။ ဆူဇီမိုသည် သူ၏ ကျင့်ကြံခြင်း လမ်းခရီး၏ အစကို မထင်မရှားခြံဝန်းလေးထဲရှိ ဝေဝေဆာဆာပွင့်လန်းနေသော မက်မွန်ပင်ကြီး၏ အောက်မှာပင် စတင်ခဲ့လေသည်။
ထိုအရာက ဒီအတိုင်း မတော်တဆ တိုက်ဆိုင်စွာ ဖြစ်လာသလိုပင်။ သို့သော် ကံတရားက ထိုသို့ ဖြစ်လာရမည်ဟု ကြိုတင်စီမံထားပုံ ရလေ၏။
သိပ်မကြာခင်မှာပင် ဆူဇီမို၏ ဝင်သက်ထွက်သက်သည် တျဲယွဲ့၏ လမ်းပြသွန်သင်မှုအောက်၌ တစ်ဖြည်းဖြည်း ပြောင်းလဲလာလေ၏။ ထိုအရာသည် အခြားသော အသက်ရှူခြင်း နည်းလမ်းများနှင့် များစွာ ကွဲပြားခြားနားလေ၏။
ထပ်ကာထပ်ကာ လေ့ကျင့်လိုက် အမှန်ပြင်လိုက်နှင့် ဆူဇီမိုသည် အနှစ်သာရကို တစ်ဖြည်းဖြည်း ဖမ်းဆုပ်မိလာလေ၏။ အသက်ရှူသွင်းခြင်း ရှူထုတ်ခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်သည် ပူနွေးလာ၏။ သူ၏ အသွေးအသားများသည် လောင်ကျွမ်းဆူပွက်ကာ အကန့်အသတ်မဲ့ စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်ရလေ၏။ ဆူဇီမို၏ အရေပြားများသည် ယားယံလာလေသည်။
‘’ဒီအရေပြားမာကြောစေခြင်း အသက်ရှူနည်းလမ်းက နွားရိုင်းနတ်ဆိုးသားရဲဘုရင်ဆီကနေ ဆင်းသက်လာတဲ့ ပညာရပ်ပဲ။ တစ်စုံတစ်ယောက်က သွားနေရင်း၊ ထိုင်နေရင်း၊ အိပ်နေရင်းနဲ့တောင် အဲ့ဒါကို လေ့ကျင့်နိုင်တယ်။ ဘယ်လိုပုံစံ ထိုင်နေမှဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိဘူး။ နွားရိုင်းတွေက အကြမ်းဒဏ်ခံနိုင်ပြီးတော့ မာကြောတဲ့ အရေပြားရှိတယ်။ သာမန်ဓါးတွေလှံတွေတောင် သူတို့ရဲ့ အရေပြားကို မဖောက်နိုင်ဘူး။ အဲ့ဒါကို အချိန်ယူပြီး နားလည်အောင် လုပ်ပါ။’’ တျဲယွဲ့က ပြောလိုက်၏။
တစ်ဖြည်းဖြည်း မှန်ကန်သော လမ်းကြောင်းပေါ်ရောက်လာသော ဆူဇီမို၏ အသက်ရှူပုံကို ကြည့်၍ တျဲယွဲ့က သူမအခန်းဆီသို့ ပြန်သွားလိုက်၏။
ဤအံ့ဖွယ်ကောင်းအောင် ထူးခြားလှသော အသက်ရှူနည်းလမ်း၌ ဆူဇီမိုသည် လုံးဝ နစ်မြောသွားလေသည်။ သူ၏ ဝင်သက်ထွက်သက် တစ်ပတ်လည်သွားတိုင်း သူ၏အရေပြားသည် ပို၍မာကြောသန်မာလာကာ ပို၍ အားကောင်းလာသည်ဟု ခံစားရလေသည်။
ညက တစ်ဖြေးဖြေး ကုန်ဆုံးလာလေ၏။ ဆူဇီမိုသည် ဘယ်အချိန်ရှိပြီဆိုတာလဲ သတိမရတော့ပေ။ သူဘယ်နေရာကို ရောက်နေလဲဆိုတာပင် မေ့သွားလေ၏။ သူသည် ဂါထာမန္တရားများနှင့် အသက်ရှူသွင်းရှူထုတ်ခြင်း အပေါ်မှာပင် အပြည့်အဝ အာရုံစိုက်ထားလေ၏။
ပထမဆုံးနေရောင်ခြည်က အရှေ့ဘက်မှ ဖြာကျလာလေ၏။ ဆူဇီမိုသည် ကောင်းကင်ကို မျက်နှာမူနေရင်း သူ့ခေါင်းထဲမှ ရှုပ်ထွေးနက်နဲပြီး စဉ်းစာရခက်နေသော တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သွားရင်း ဝမ်းသာသွားလေ၏။ ထိုအချိန်တွင် ဆူဇီမိုသည် လောကကို အုပ်စိုးသော ပြိုင်ဘက်ကင်း နွားရိုင်းသားရဲတစ်ကောင် ဖြစ်လာသည်ဟု ထင်ရလေ၏။
‘’ဟမ့်’’ အခန်းထဲတွင် တရားထိုင်ဈာန်ဝင်စားနေသော တျဲယွဲ့သည် နိုးထလာလေ၏။ သူမ၏ အကြည့်က အခန်းနံရံကို ဖောက်ထွင်းသွားပြီး ဆူဇီမိုအပေါ်သို့ ကျရောက်သွားလေ၏။
‘’ဒီလောက်အချိန်ခဏလေးအတွင်းမှာကို အဲ့ဒါရဲ့ အနှစ်သာရကို သူက တစ်ကယ်ကြီး ဖမ်းဆုပ်မိသွားတာပဲ။ အို...သူက နတ်ဆိုးသားရဲ ကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် မွေးလာတဲ့ တစ်ကယ့်ပါရမီရှင်ပဲ။ သူကျင့်ကြံဖို့အတွက် ကြိုးစားခဲ့ရတဲ့ ငါ့ရဲ့ အားထုတ်မှုတွေက အလဟဿ ဖြစ်မသွားဘူးပဲ။’’ သူမ၏ မျက်လုံးများက ချီးမွမ်းမှုကို ဖော်ပြနေ၏။ သူမသည် မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲနှင့် ရုတ်တရက် ပျောက်ကွယ်သွားကာ ဆူဇီမို၏ ဘေး၌ ပြန်ပေါ်လာလေ၏။
‘’ဘန်း’’
ကျင့်ကြံမှုတွင် နစ်မြောနေသော ဆူဇီမိုကို ပြင်ပအားတစ်ခုက ရုတ်တရက် လာရောက်ရိုက်ခတ်လာလေသည်။ သူသည် ပေအနည်းငယ် လွင့်သွားပြီး သူလေ့ကျင့်နေသော အသက်ရှူသွင်းရှူထုတ်ခြင်း လေ့ကျင့်ခန်းကိုလည်း ရပ်လိုက်ရလေ၏။
ဆူဇီမိုသည် ရီဝေဝေဖြင့် မြေပြင်မှ ကုန်းထလိုက်လေ၏။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ခြံဝန်းထဲ၌ မည်သူကိုမျှ မတွေ့ရပေ။
ထို့နောက် ခပ်လှမ်းလှမ်း၌ မတ်တပ်ရပ်နေသော တျဲယွဲ့ကို တွေ့လိုက်ရပြီးနောက် သူသည် မျက်မှောင်ကြုတ်လိုက်လေ၏။
‘’မင်း သေချင်နေတာလား’’ တျဲယွဲ့သည် ဆူဇီမိုကို စိတ်ထဲမှ ချီးကျူးနေမိသော်လည်း ထိုအရာကို ကွယ်ဝှက်ထားလိုက်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်လေ၏။
‘’ဘာလို့လဲ’’ ဆူဇီမိုသည် ကြောင်အအ ဖြစ်နေ၏။
တျဲယွဲ့သည် သူမ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ မီးပွားလေးများဖြင့် အနားသတ်ထားသော ရေပြင်ကြေးမုံတစ်ခုသည် ဆူဇီမို၏ရှေ့၌ ဘွားကနဲ ပေါ်လာလေ၏။
ဆူဇီမိုသည် ကြက်သေသေနေ၏။ ဤအရာသည် သူ့စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေပေပြီ။
ဆူဇီမိုသည် ကြေးမုံထဲမှ ရောင်ပြန်ဟပ်နေသော သူ့ပုံရိပ်ကို မြင်လိုက်သောအခါ သူ၏အမူအယာသည် အံ့သြနေရာမှ ထိတ်လန့်ခြင်းသို့ ပြောင်းလဲသွားလေ၏။
‘’အာ..မဖြစ်နိုင်တာ’’
အရင်ကတည်းက သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံသည် ပိန်ပိန်ပါးပါး ပုံသဏ္ဍာန် ဖြစ်၏။ သို့သော် ယခု ရေပြင်ကြေးမုံထဲမှာ မြင်နေရသော ပုံသဏ္ဍာန်သည် ပိန်တာထက်ကို ပို၍ ပိန်သော အရိုးပေါ်အရေတင် ပုံသဏ္ဍာန် ဖြစ်လေ၏။
သူမြင်ဖူးနေကျ ကောက်ကြောင်းများနှင့် မျက်နှာပုံသဏ္ဍာန်ကြောင့်သာ မဟုတ်လျှင် ဤကြေးမုံထဲမှ ပုံရိပ်သည် သူဖြစ်သည်ဆိုတာ ယုံနိုင်စရာပင် မရှိပေ။
‘’ဘယ်လို့ကျင့်ကြံလေ့ကျင့်မှု အမျိုးအစားပဲဖြစ်ဖြစ် စွမ်းအင်က လေထဲကနေ ဘွားကနဲ ပေါ်လာတာ မဟုတ်ဘူး။ အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ကျင့်ကြံသူတွေက ကမ္ဘာမြေနဲ့ ကောင်းကင် အကြားက အော်ရာကို စုပ်ယူရပြီး တစ်ချို့ အဆင့်မြင့်တဲ့ နတ်ဆိုးတွေကတော့ နေနဲ့လရဲ့ အဆီအနှစ်ကို စုပ်ယူပြီး ခန္ဓာကိုယ်ကို သန်မာကြံ့ခိုင်လာအောင် လုပ်ကြတယ်။ ဒါပေမယ့် အခုချိန်ထိတော့ မင်းက အဲ့အဆင့်ကို မရောက်သေးဘူး။ ဒါ့ကြောင့် မင်းအသက်ရှူသွင်း၊ ရှူထုတ်တိုင်းမှာ မင်းက မင်းကိုယ်ပိုင်အသွေးအသားရဲ့ အဆီအနှစ်ကို လောင်စာအဖြစ် အသုံးပြုနေရတုန်းပဲ။ ဒီတိုင်းသာ ဆက်သွားနေရင်တော့ နောက်သုံးရက်လောက်ဆို မင်းအားပျက်ပြီး သေသွားလိမ့်မယ်။’’
‘’အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ’’ ဆူဇီမိုသည် ထိတ်လန့်တုန်လှုပ်သွားလေ၏။
‘’မင်းကျင့်ကြံလေ့ကျင့်မှုကို ဆက်မလုပ်ခင် စွမ်းအင်အထောက်အပံ့အဖြစ် အသားနဲ့ သွေးအချို့ကို စားသုံးပေးဖို့ လိုလိမ့်မယ်။
စားဖို့အကြောင်းကြားရကာမှပင် ဆူဇီမို၏ ဝမ်းဗိုက်သည် တစ်ဂွီဂွီ မြည်လာ၏။ ယခုမှပင် သူသည် အလွန်အမင်း ဆာလောင်လာသည်ဟု ခံစားရလေ၏။
ဆူဇီမိုသည် မီးဖိုချောင်ထဲသို့ လျှပ်စီးလက်သလို အမြန်နှုန်းဖြင့် ဝုန်းကနဲ ပြေးဝင်ချသွားလေ၏။ ဆယ့်ငါးမိနစ်မပြည့်ခင်မှာပင် သူသည် မီးဖိုချောင်ထဲမှ စားလို့ရသမျှ အရာအားလုံးကို ထုတ်ချကာ သူ့အစာအိမ်ထဲသို့ ပစ်ထည့်လိုက်လေတော့၏။ ထိုအခါမှပင် သူသည် အနည်းငယ် နေသာထိုင်သာ ရှိသွားလေသည်။
သိပ်မကြာခင်မှာပင် ဆူဇီမိုသည် သူတစ်ညလုံး မအိပ်ရသေးဘူးဆိုတာ သတိထားမိသွားလေသည်။ သို့သော်လည်း သူသည် ပင်ပန်းနွမ်းနယ်နေသည်ဟု မခံစားရဘဲ ယခင်ကထက်ပင် အားအင်ပြည့်ဝနေသည်ဟု ခံစားရလေသည်။
ဆူဇီမိုသည် သူ့ဘေးရှိ သံဇလုံလေးကို ကောက်ယူလိုက်ပြီး လက်ဖြင့် ဆွဲညှစ်လိုက်၏။ ထူးဆန်းစွာပင် သံဇလုံပေါ်၌ ထင်ရှားသည့် လက်ချောင်းရာများ ပေါ်လာလေ၏။
‘’ကျွတ်..သန်လှချည်လားဟ’’ ဆူဇီမိုသည် သူ့ကိုယ်သူ ကြိတ်၍ အံ့အားသင့် ကျေနပ်သွားလေ၏။
သူသည် တစ်ညတာ ကျင့်ကြံလေ့ကျင့်ရုံမျှနှင့် ကြီးမားသော ပြောင်းလဲမှုကို တွေ့လိုက်ရ၏။ လာမယ့်နေ့များအတွက် ဆူဇီမိုသည် ယုံကြည်မှု ရှိလာလေ၏။
‘’ဒီတိုင်းဆိုရင်တော့ ဇောင်ဒင်းယွမ် အင်မော်တယ်ဂိုဏ်းကနေ ပြန်လာရင်တောင် ငါသူနဲ့ လက်ရည်ချင်းယှဉ်သတ်နိုင်မယ် ထင်ရတာပဲ။’’
ယခုအချိန်တွင် ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် ၁၂ပါးရဲ့ အန္တိမ နတ်ဆိုးသားရဲ ကျင့်ကြံခြင်း နည်းစနစ်သည် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သူမသိသေးပေ။
ဤကျင့်ကြံခြင်း နည်းစနစ်သည် ကောင်းကင်နှင့် ကမ္ဘာမြေ၏ အော်ရာကို ဖမ်းဆုပ်ရယူပြီး စကြာဝဠာ၏ စွမ်းအင်ကို ပဓာနခွန်အားအဖြစ် ပြောင်းလဲပေးကာ ယင်ယန်မျှခြေကို ဖြတ်တောက်လိုက်သော အန္တိမ နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်တစ်ခု ဖြစ်လေသည်။ နောက်ပြီး ဤကျင့်ကြံခြင်း နည်းစနစ်သည် ဤကမ္ဘာမှာ ဘယ်တုန်းကမှ မရှိခဲ့သော တစ်စုံတစ်ရာ ဖြစ်လေသည်။