← Chapters

သားရဲနွားရိုင်း ကိုယ်ဟန် သုံးသွယ်

Vol. 1 Ch. 4

သားရဲနွားရိုင်း ကိုယ်ဟန် သုံးသွယ်

Vol. 1 Ch. 4

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း (၄) သားရဲနွားရိုင်း ကိုယ်ဟန် သုံးသွယ်

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

နောက်တစ်နေ့မနက်စောစောတွင် ဆူဇီမိုသည် လာမယ့်ရက်အနည်းငယ်အတွင်း စားသုံးရန် ရိက္ခာအတွက် စျေးသို့သွားကာ အမဲသားအချို့ကို ဝယ်ယူခဲ့လေ၏။

ထိုအရာများကို ချထားပြီးနောက် ဆူဇီမိုသည် တျဲယွဲ့၏ အခန်းတံခါးရှေ့သို့ သွားကာ တံခါးခေါက်လိုက်လေ၏။ ‘’Miss တျဲယွဲ့’’

အံအားသင့်ဖွယ်ပင် သူတံခါးခေါက်နေရင်းမှာ တံခါးက တစ်ဖြည်းဖြည်းချင်း ပွင့်သွားလေ၏။

ကောင်းကင်က ကြည်လင်တောက်ပနေသော်လည်း ထူးဆန်းစွာပင် အခန်းထဲ၌ ပိန်းပိတ်အောင် မှောင်နေလေ၏။

‘’ဝင်လာခဲ့ပါ’’ အခန်းထဲမှ တျဲယွဲ့၏ အသံက ထွက်ပေါ်လာလေ၏။

ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် အခန်းထဲသို့ လှမ်းဝင်သွားလေ၏။

ဆူဇီမိုသည် မြင်ကွင်းများက ထူးခြားဆန်းပြားနေသည်ကို ခံစားနေရ၏။ သူသည် ‌နူးညံ့အေးမြသော ရေလိုက်ကာ တစ်ခုကို ဖြတ်ကျော်လိုက်ပြီးနောက် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသလို ခံစားလိုက်ရလေ၏။

ဆူဇီမိုသည် တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လုံးဝ မှင်တက်သွားလေ၏။ သူ့ရှေ့မှ မြင်ကွင်းသည် တျဲယွဲ့၏အခန်း လုံးဝ မဟုတ်တော့ပေ။ ဤနေရာသည် သူ၏အိမ်တော် တစ်ခုလုံးထက်ပင် ကျယ်ဝန်းနေပေသေး၏။ သူသည် မြက်ခင်းစိမ်းတစ်ခုပေါ်တွင် မတ်တပ်ရပ်နေမိတာ ဖြစ်ပြီး အဲ့ဒီနားမှာ သာမန်လူတစ်ယောက်အရပ်၏ ထက်ဝက်သာသာ သစ်သားစည်လေး တစ်လုံးလည်း ရှိလေသည်။

တျဲယွဲ့သည် အစိမ်းရောင် ကျောက်တုံးတစ်တုံးပေါ်တွင် ပျင်းရိလေးတွဲစွာဖြင့် တစောင်းထိုင်နေ၏။ သူမသည် ကြီးမားသော သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ထိုအရာက သူမ၏ နူးညံ့သိမ့်မွေ့ သေးသွယ်လှပသော ခန္ဓာကိုယ်လေးကို အပြည့်အဝ ဖုံးကွယ်မထားနိုင်ပေ။

‘’ဒါက....’’ ဆူဇီမိုသည် သူ၏ပါးစပ်ကို အနည်းငယ်ဟလိုက်လေ၏။

တျဲယွဲ့က သူ့ကို တစ်နေ့တည်းမှာပင် သူ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော စွမ်းအားများကို အများကြီး ပြပေးခဲ့လေ၏။ သူ့အတွက်တော့ လွန်စွာ ထူးခြားဆန်းပြားပြီး စိတ်ကူးယဉ်ဆန်လွန်းနေလေသည်။

‘’အဲ့ဒါက ပိုကြီးတဲ့တစ်ခုကို ပိုသေးတဲ့တစ်ခုထဲ သွတ်သွင်းထည့်လိုက်တဲ့ သဘောပဲ။ အဆင့်တစ်ခုကို ‌ရောက်သွားရင်တော့ မင်းအဲ့ဒါကို နားလည်လာလိမ့်မယ်။ အခုချိန်မှာတော့ မင်းအဲ့ဒါကို ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာ မလိုဘူး။’’ တျဲယွဲ့က ပြောလိုက်လေ၏။ ‘’ဒီဟာက ငါဖန်တီးထားတဲ့ ကျင့်ကြံ့ရေးကွင်းပဲ။ မင်းနောက်ဆို ဒီနေရာမှာပဲ လာလေ့ကျင့်ရမယ်။’’

တျဲယွဲ့သည် ကျောက်တုံးစိမ်းပေါ်မှ အသာအယာ လျှောဆင်းလိုက်၏။ ‘’ငါမင်းကို နောက်ထပ် ကိုယ်ဟန်သုံးမျိုးကို ထပ်သင်ပေးမယ်။ အဲ့ဒါကို သားရဲနွားရိုင်း ကိုယ်ဟန်သုံးသွယ်လို့ ခေါ်တယ်။ အဲ့ဒါကို မင်းစောစောက လေ့ကျင့်ထားတဲ့ အသက်ရှူသွင်း၊ ရှူထုတ်ပုံနဲ့ ပေါင်းစပ်လေ့ကျင့်ရမယ်။’’

‘’ပထမဆုံးကိုယ်ဟန်ကိုတော့ ကောင်းကင်ထယ်သွားခြေလှမ်းလို့ ခေါ်တယ်။ အဲ့ဒီမှာ ကိုယ်ဟန်လှုပ်ရှားပုံက တစ်မျိုးတည်းဆိုပေမယ့်လည်း အဲ့ဒါက အမြဲတမ်း ပြောင်းလဲနေတယ်။ အဲ့ဒါက လူတစ်ယောက်ရဲ့ ခြေထောက်ခွန်အားကို လေ့ကျင့်တဲ့နည်းလမ်းပဲ။’’

စကားပြောနေရင်းနှင့် တျဲယွဲ့သည် မြက်ခင်းပေါ်မှ လမ်းလျှောက်လာလေ၏။

ဆူဇီမိုသည် အသေးစိတ်အချက်အလက်လေး အနည်းငယ် လွတ်သွားမည်ကို စိုးရိမ်ဟန်ဖြင့် တျဲယွဲ့၏ ခြေလှမ်းတိုင်းနှင့် လှုပ်ရှားမှုအားလုံးကို မျက်လုံး အဝိုင်းသားဖြင့် အာရုံစူးစိုက် ကြည့်ရှုမှတ်သားနေလေ၏။

ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ဆူဇီမိုသည် တျဲယွဲ့ပြောနေသည့်အရာကို ခပ်ရေးရေး နားလည်လာလေ၏။

သူမ၏ ခြေလှမ်းများသည် စွဲမက်ဖွယ်ရာ‌ကောင်းသည်ဟု မထင်ရပေ။ သို့သော် သေချာဂရုစိုက် ကြည့်မည်ဆိုလျှင် တစ်နည်းနည်းဖြင့် သာမန်ထက် ထူးခြားနေသည်ကို တွေ့ရပေလိမ့်မည်။

သူမသည် ရင်အုပ်ကို ‌ရှေ့သို့ အနည်းငယ်ထုတ်ကာ ကျောကို ဆန့်သွားလေ၏။ ဒူးကို ကွေးညွှတ်၍ မြေဆွဲအားကို လျှော့ချလိုက်၏။ သူမ၏ ဒူးသည် သူမ၏ ခြေချောင်းများထက် ရှေ့သို့ ရောက်အောင် ကွေးမသွားသော်လည်း သူမ၏ ခြေလှမ်းများသည် လွန်စွာ အလှမ်းကျယ်လေ၏။

သူမသည် ခြေလှမ်းများရှိ အကွာအဝေးကို သေချာတွက်ချက်ထားပုံ ရလေ၏။ ထိုအရာများသည် အတိအကျပင် တူညီနေလေ၏။

တျဲယွဲ့သည် သူမ၏လျှောက်လမ်းကို ရပ်တန့်လိုက်ပြီး ဆူဇီမိုကို လှည့်ကြည့်လိုက်၏။ ‘’ကဲ..အခု မင်းအလှည့်ပဲ။’’

ဆူဇီမိုသည် လေ့ကျင့်ဖို့အတွက် လောမနေပေ။ သူသည် ပထမဆုံးခြေလှမ်းကို စမလှမ်းခင် နေရာမှာပင် မတ်တပ်ရပ်ကာ အချိန်အတော်ကြာ စဉ်းစားချိန်ဆနေလေ၏။

ဆူဇီမိုသည် ပထမဆုံး ခြေလှမ်းကို စလှမ်းရုံသာ ရှိသေးသည် သူအမှားလုပ်မိသွားပြီဆိုတာ သိလိုက်လေ၏။

တျဲယွဲ့သည် ထူးမခြားနားအမူအယာဖြင့် ဆူဇီမိုဘေးနားသို့ ရောက်လာပြီး ဆူဇီမို၏ ဆန့်ထားသောခြေထောက်ကို သူမ၏ခြေထောက်ဖြင့် ခပ်ဆတ်ဆတ် တစ်ချက်ကန်လိုက်လေ၏။

‘’အာ’’ ဆူဇီမိုသည် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

တျဲယွဲ့၏ ကန်ချက်က သူ့ပေါင်တံအောက်တစ်လျှောက် မခံမရပ်နိုင်သော နာကျင်မှုကို ခံစားရစေ၏။ သူ့ခြေထောက်ကို တစ်ယောက်ယောက်က အပ်များစွာဖြင့် အညှာအတာမဲ့စွာ ထိုးဆွလိုက်သလို ခံစားရလေ၏။

‘’အဲ့အနေအထားအတိုင်း ဆက်လေ့ကျင့်’’ တျဲယွဲ့၏ ထူးမခြားနားလေသံက ထွက်ပေါ်လာ၏။

ဆူဇီမိုသည် ခေါင်းကိုငုံ့ထားလိုက်၏။ တျဲယွဲ့ သူ့ကို ကန်လိုက်ပြီးနောက် သူဆန့်ထုတ်လိုက်သော ခြေထောက်သည် ကောင်းကင်ထယ်သွားခြေလှမ်းပုံစံနှင့် အနီးစပ်ဆုံး တူညီသည့်ပုံစံ အနေအထားသို့ ရောက်ရှိသွားသည်ကို ဆူဇီမို နားလည်သွားလေ၏။

‘’သူမက ငါ့ကို အမှန်ပြင်ပေးနေတာပဲ’’ ဆူဇီမိုသည် တျဲယွဲ့၏ ပြုမူမှု စေတနာကို သဘောပေါက်လိုက်၏။

ဆူဇီမိုသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ကောင်းကင်ထယ်သွားခြေလှမ်း၏ ကိုယ်ဟန်ပြုမူပုံကို ပြန်လည်ကြိုးစားပုံဖော်ကြည့်လိုက်၏။ ထို့နောက် သူ့၏ဘယ်ဘက်ခြေဖြင့် နောက်ထပ်ခြေတစ်လှမ်းကို လှမ်းလိုက်လေ၏။

‘’မှားတယ်’’

သူ၏ ခြေဖဝါးက မြေကြီးနှင့် ထိမယ်လို့ ကြံကာရှိသေး တျဲယွဲ့၏ အသံက ထွက်ပေါ်လာပြီး သူ၏ဘယ်ဘက် ခြေထောက်မှာ စူးရှစွာ နာကျင်သွားလေ၏။

ဆူဇီမိုသည် သူခြေထောက်မှ နာကျင်မှု၏ လှုံ့ဆော်မှုကြောင့် သူ့ခြေလှမ်းက အလိုအလျောက် အမှန်ပြင်မိသွားလေ၏။

ဆူဇီမိုသည် အသက်တစ်ချက်ရှိုက်လိုက်ပြီးနောက် သူ့၏ညာခြေဖြင့် နောက်ထပ် ခြေတစ်လှမ်းဆက်လှမ်းလိုက်၏။

‘’မှားတယ်’’ သူသည် ရင်းနှီးနေပြီဖြစ်သော စပ်ဖျဉ်းဖျဉ်း နာကျင်မှုကို ခံစားလိုက်ရ၏။

မှားတယ်!

စပ်ဖျဉ်းဖျဉ်း နာကျင်မှု!...

မှားလိုက် အမှန်ပြင်လိုက်ဖြင့် သူသည် ဆက်လက် လေ့ကျင့်နေလေသည်။

နောက်တော့ ဆူဇီမိုသည် သူ့ခြေထောက်များမှ မည်သည့်ခံစားချက်ကိုမှ မရတော့ပေ။ သူ့ခြေထောက်များသည် တျဲယွဲ့၏ ဆက်တိုက်ကန်ချက်များကြောင့် ထုံကျင်နေပေပြီ။

ဆူဇီမိုသည် ချွေးများဖြင့် စိုရွှဲနေပြီး အံကိုတင်းတင်းကြိတ်ထားလိုက်၏။ သူ့တွင် သူလမ်းဆက်လျှောက်ရမည်ဟူသော အတွေးသာလျှင် ရှိလေတော့သည်။

အချိန်က မသိလိုက်မသိဖာသာပင် ကုန်ဆုံးလာလေ၏။ နောက်ဆုံးမှာတော့ သူသည် ‘မှားတယ်’ဟူသော အော်သံကို မကြားရတော့ပေ။ ထိုအသံသည် သူ့အတွက်တော့ ငှက်ဆိုးထိုးသံ ဖြစ်လေ၏။

ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်း၏ အနှစ်သာရကို စတင်ဖမ်းဆုပ်မိလာလေပြီ။

‘’ငါမနေ့ညက မင်းကို သင်ပေးခဲ့တဲ့ဟာတွေကိုရော မှတ်မိသေးလား’’

တျဲယွဲ့၏ သတိပေးချက်နှင့် ဆူဇီမိုသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားလေ၏။ သူသည် ကောင်းကင်ထယ်သွားခြေလှမ်းကို လေ့ကျင့်ရင်းနှင့် မနေ့ညက သင်ယူထားသော အသက်ရှူသွင်း၊ရှူထုတ်ခြင်းကို စတင်လိုက်လေ၏။

အစတုန်းကတော့ ဆူဇီမိုသည် ထိုနှစ်ခုကို အတူရော၍ မသုံးနိုင်‌ပေ။ သူသည် ခြေလှမ်းကို လှမ်းလိုက်လျှင် အသက်ရှူခြင်းကို ကောင်းကောင်း မလုပ်နိုင်တော့ပေ။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းနှင့် အသက်ရှူနည်းစနစ်ကို အတူရော၍ သုံးနိုင်လာလေ၏။

တစ်ကယ်တော့ ကောင်းကင်ထယ်သွားခြေလှမ်းနှင့် ဤအသက်ရှူခြင်းနည်းလမ်းသည် အတူပူးတွဲ လှုပ်ရှားရမှာ ဖြစ်၏။ ဆူဇီမို၏ လှုပ်ရှားမှုသည် တစ်ဖြေးဖြေး မြန်လာပြီးနောက် သူ့ခြေထောက်မှ ထုံကျဉ်မှုကို မခံစားရတော့ပေ။ သူ၏ အသွေးအသားများသည် လောင်ကျွမ်းသွားသည်ဟု ထင်ရပြီး သူ့ခြေထောက်ထဲသို့ အကန့်အသတ်မဲ့ ခွန်အားများ တိုးဝင်လာသည်ဟု ခံစားရကာ သူ့ခြေလှမ်းသည် ပို၍ ပို၍ အလှမ်းကျယ်လာလေ၏။

ယခု သူ၏ ခြေတစ်လှမ်းသည် ငါးပေလောက် ခရီး‌ရောက်လေသည်။ ထိုအရာကို သူမှန်ကန်အောင် သင်ယူနိုင်ခဲ့သည်ဆိုသော အသိစိတ်က သူ့ကို ရင်ဖိုလှိုက်မော ပီတိဖြစ်စေ၏။

သို့သော် ဆူဇီမိုသည် သူ၏ ကောင်းကင်ထယ်သွားခြေလှမ်းသည် တစ်ခုခုလိုနေသေးသည်ဟု ခပ်ရေးရေး ခံစားနေရ၏။

ဆူဇီမိုသည် အစိမ်းရောင် ကျောက်တုန်းပေါ်တွင် ဘေးစောင်းထိုင်နေသော တျဲယွဲ့ကို အလိုအလျောက် ကြည့်မိလိုက်၏။

မှုန်ကုပ်ကုပ် အလိုမကျဟန် မျက်လုံးများနှင့် တျဲယွဲ့၏ မျက်နှာတွင် အထင်အမြင်သေးသော အမူအယာကို တွေ့ရလိုက်၏။

ဆူဇီမိုသည် သူ့ဖာသာသူ တွေးလိုက်မိ၏။ ‘’ငါလည်း ကောင်းကင်ထယ်သွားခြေလှမ်းနဲ့ အသက်ရှူနည်းလမ်းကို ‌ရောသုံးနဲ့နေရာမှာ အတော်လေးကျွမ်းကျင်နေပါပြီ။ အဲ့ဒါကို သူက ငါ့ကို ဘာလို့ အထင်သေးနေသေးပါလိမ့်။’’

ဆူဇီမိူသည် စိတ်ထဲမှ သိပ်မကျေနပ်ပေ။ ထို့ကြောင့် သူသည် တျဲယွဲ့နားတိုးသို့ ရွှေ့သွားလိုက်ပြီး သူမထိုင်နေသော အစိမ်းရောင် ကျောက်တုံးကို လှည့်ပတ်ကာ ကောင်းကင်ထယ်သွားခြေလှမ်းကို တမင် လေ့ကျင့်နေလိုက်၏။

ခဏကြာသော် တျဲယွဲ့သည် လှောင်ရယ်လိုက်လေ၏။ ‘’မင်းက မင်းကိုမင်း နွားထီးတစ်ကောင် ဖြစ်လာအောင် ရည်ရွယ်လေ့ကျင့်နေတာလား။ ဒီခြေလှမ်းတွေက ကောင်းကင်ကို ထွန်ယက်ရမယ်လို့ ဆိုလိုတာ လယ်ကွင်းထဲမှာ လယ်ထွန်ဖို့ မဟုတ်ဘူး။’’

ဆူဇီမိုသည် ကြောင်အသွားလေသည်။ သူသည် သူ၏လှုပ်ရှားနေ‌သော လမ်းကြောင်းကို ရပ်လိုက်၏။

တျဲယွဲ့သည် ကျောက်တုံးပေါ်မှ လျှောဆင်း၍ အပြင်သို့ ထွက်သွားရင်း အေးစက်စွာ ပြောလိုက်လေ၏။ ‘’မင်း ကောင်းကင်ထွန်ယက်ခြင်းရဲ့ တစ်ကယ့်ဆိုလိုရင်းကို နားလည်လာမှသာ ဒီခြေနင်းကွက်တွေရဲ့ တစ်ကယ့်အနှစ်သာရကို ဖမ်းဆုပ်နိုင်ပြီး ကျွမ်းကျင်လာလိမ့်မယ်။’’

နောက်ဆုံးတော့ ဆူဇီမိုသည် သူ့ကောင်းကင်ထယ်သွားခြေလှမ်းက ဘာလိုအပ်နေတယ်ဆိုတာ သဘောပေါက်သွားလေသည်။

သူ၏ခြေလှမ်းတိုင်းသည်  ကောင်းကင်ဘုံရှိ လျှိုမြောင်တစ်ခုကို ထယ်ထိုးထွန်ယက်နိုင်ဖို့ ဖြစ်ရပေမည်။

ထိုသို့လုပ်ဖို့အတွက် ဘယ်လောက်သတ္တိ၊ မောက်မာမှုနှင့် အားမာန်ယုံကြည်မှုတို့ လိုအပ်မည်နည်း။

သူသည် ထိုခြေနင်းကွက်တွေကို ကျွမ်းကျင်နေပြီဖြစ်သော်လည်း သူ့တွင် လုပ်ရဲကိုင်ရဲစိတ်နှင့် အားမာန်ယုံကြည်မှုတို့ လိုအပ်နေသေး၏။ ထို့ကြောင့် သူသည် လယ်မြေကို ထယ်ထိုးထွန်ယက်နေသော နွားတစ်ကောင်အဖြစ်သာ ရှိနေသေး၏။

‘’ကောင်းကင်ဘုံ ထယ်ထိုး..ကောင်းကင်ဘုံ ထွန်ယက်...’’

ဆူဇီမိုသည် ထိုအရာကို ချိန်ဆစဉ်းစားရင်းနှင့် တစ်ဖြည်းဖြည်း အလင်းရောင်ကို မြင်လာရလေ၏။

တျဲယွဲ့သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း သူမအခန်းထဲမှ ခြံဝန်းဆီသို့ လျှောက်သွားလိုက်လေ၏။ သူမ၏ မျက်နှာပေါ်တွင် ဆူဇီမိုအရှေ့တွင် ပြသခဲ့သော အေးစက်ခက်ထန်သော အမူအယာတို့ မရှိတော့ပေ။

‘’တစ်ရက်တစ်ည ကျင့်ကြံ့လေ့ကျင့်ရုံနဲ့ သူက ဒီအဆင့်အထိတောင် ရောက်ခဲ့တယ်ဆိုတော့ သူက အရင်ငါစလေ့ကျင့်ခဲ့တုန်းကထက်တောင် ပိုတော်နေသေးတာပဲ။’’

မက်မွန်ပင်ကြီး၏အောက်တွင် အမျိုးသမီးတစ်ယောက်၏ တီးတိုးစကားပြောသံက ထွက်ပေါ်လာလေ၏။ သို့သော် ထိုအသံသည် လေပြေနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။

.......

ပြီးခဲ့သော တစ်လအတွင်း ဆူဇီမိုသည် သူ၏အချိန်အများစုကို ကျင့်ကြံရေးကွင်းထဲ၌ ကောင်းကင်ထယ်သွားခြေလှမ်းကို လေ့ကျင့်ရင်းဖြင့်သာ ကုန်ဆုံးစေလိုက်၏။ သူသည် ကောင်းကင်ဘုံထွန်ယက်ခြင်း၏ အနှစ်သာရကို လောဘတကြီး ဖမ်းဆုပ်ရယူ လေ့ကျင့်ပြီးနောက် ထိုခြေနင်းကွက်အပေါ် သူ၏ နားလည်မှုကလည်း လွန်စွာ နက်ရှိုင်းလာလေတော့၏။

ထိုအချိန်အတောအတွင်း ဆူဇီမိုသည် ရံဖန်ရံခါ အပြင်ထွက်ကာ အမဲသားနှင့် ဆိတ်သားအချို့ကို သွားဝယ်ရင်း သတင်းအချို့ကို သဲ့သဲ့ ကြားခဲ့ရလေ၏။

“အောင်မြင်မှုက ဆွေမျိုးအပေါင်းအသင်းတွေ အများကြီးကို မွေးထုတ်ပေးနိုင်တာပဲ။ ပင်ယန်းမြို့မှာဆို ရှန်မိသားစုက အရင်က သာမန်မိသားစု တစ်ခုသာသာပါပဲ။ ဒါပေမယ့် မကြာသေးခင်အချိန်ကစလို့ ကျွမ်းကျင်သူ တိုက်ခိုက်ရေးသမားတွေ အများကြီးက ရှန်မိသားစုအတွက် အလုပ် လုပ်ပေးလာခဲ့ကြတယ်။”

အားလုံးရဲ့အမြင်မှာတော့ ရှန်မိသားစုသည် အောင်မြင်တွေ တစ်ရှိန်ထိုး ရလာတော့မည်မှာ မလွဲဧကန်ပင်။ ရှန်မန်းကီသည် ကျင့်ကြံ့ရေးတွင် အောင်မြင်အဆင့်တက်လာသည်နှင့်အမျှ သူမသည် သူမမိသားစုထံသို့ တစ်ကြိမ်လောက် လာလည်လျှင်ပင် ရှန်မိသားစု ယခုမျိုးဆက်များအတွက် အောင်မြင်မှုများ ယူဆောင်လာပေးနိုင်လေသည်။ ရှန်မိသားစုရှိ သိုင်းသမားများအနေဖြင့် အင်မော်တယ်ဂိုဏ်းထဲသို့ပင် ဝင်ရောက်ခွင့် ရကောင်းရနိုင်ပေလိမ့်မည်။ အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ပြီး အစေခံလုပ်ရမည်ဆိုလျှင်ပင် သူတို့ စိတ်လိုလက်ရ ရှိနေဦးမှာ ဖြစ်လေသည်။

ဆူမိသားစု၏ခြံဝန်းအတွင်းမှာတော့ ပြဿနာများ တစ်ခုပြီးတစ်ခု တက်နေလေတော့၏။

ပင်ယန်းမြို့တွင် မူလအစက ဇောင်မိသားစု၊ လီမိသားစုနှင့် ယန်မိသားစုဆိုပြီး အင်အားကြီး မိသားစုကြီး သုံးခု ရှိလေ၏။ မကြာသေးသော နှစ်များအတွင်း၌ ဆူမိသားစုသည် အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့၏။ ဆူဇီမို၏ အစ်ကိုကြီး ဆူဟုန်သည် မူလအဆင့်ပညာရှင် ဖြစ်ပြီး ဆူဇီမိုသည် အောင်မြင်သော စာပေ ပညာရှင်တစ်ယောက် ဖြစ်ခဲ့၏။ ထို့ကြောင့် ဆူမိသားစုအပါအဝင် မိသားစုကြီး လေးခု ဖြစ်လာခဲ့ပြီး လိုက်လျောညီထွေစွာ နေထိုင်ခဲ့ကြလေ၏။

ယခုအခါမှာတော့ ဆူဇီမိုသည် သူ၏ စာပေဂုဏ်ထူးဘွဲ့များကို ရုတ်သိမ်းခံလိုက်ရပြီး သာမန်အညတရလူတစ်ယောက်အဖြစ် လျှေ့ာချခံခဲ့ရလေ၏။ သူသည် အင်မော်တယ်တစ်ယောက်နှင့်လဲ အတိုက်အခံ ဖြစ်ခဲ့သေး၏။ ထို့ကြောင့် အခြားမိသားစုသုံးခုသည် ယခုဆူမိသားစု၏ အားနည်းမှုကို အခွင့်ကောင်းယူ၍ ပင်ယန်းမြို့ရှိ ဆူမိသားစု၏ စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်စွက်ဖက်လာကြကာ ဆူမိသားစုဝင်များနှင့် သူတို့အကြား ပဋိပက္ခများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်လာခဲ့လေ၏။

သို့သော်လည်း ဆူဇီမိုသည် ထိုအရာကို စိတ်ထဲထည့်မထား‌ပေ။

ထိုကိစ္စများကို ကိုင်တွယ်ရန်အတွက် ဆူမိသားစုတွင် ဦးလေးကျန့်နှင့် သူ့ကို အကူအညီပေးနိုင်သည့် လျှိုယုနှင့် စဦးအဆင့် ကျွမ်းကျင်သူများ ရှိလေ၏။ အဓိကကတော့ သူ့အစ်ကိုကြီး ဆူဟုန် ယခုလောလောဆယ် ပင်ယန်းမြို့မှာ ရှိမနေလို့ ဖြစ်သည်။ သူ့အစ်ကိုကြီးပြန်လာပါက သူ၏ စိတ်မြန်လက်မြန်နှင့် လက်ရဲဇက်ရဲ အမူအကျင့်အရ ထိုပြဿနာရှာနေသူများအားလုံးကို ဖိနှိမ်နိုင်မည် ဖြစ်သည်။

......

ဤနေ့တွင် တျဲယွဲ့သည် ဆူဇီမိုဘေးသို့ ရောက်လာကာ ပြောလိုက်လေ၏။ ‘’ငါမင်းကို နောက်ထပ် ကိုယ်ဟန်နှစ်မျိုးကို ထပ်သင်ပေးမယ်။ အဲ့ဒါပြီးရင် မင်းအဲ့ဒီကိုယ်ဟန် လှုပ်ရှားပုံ သုံးသွယ်ကို အတူပူးတွဲပြီး လေကျင့်အသုံးပြုနိုင်တယ်။’’

‘’ပထမတစ်ခုက နွားရိုင်းသားရဲ လရောင် ငေးမောအကြည့်”

တျဲယွဲ့သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ ထိုခြေလှမ်းသည် ကောင်းကင်ထယ်သွားခြေလှမ်း၏ ပထမအကွက် ဖြစ်၏။ သူမသည် ရှေ့သို့ အနည်းငယ် ယိမ်းလိုက်ပြီး သူမ၏ လက်နှစ်ဖက်ကို ရုတ်တရက် ဝမ်းဗိုက်ဘေးမှ ဆန့်ထုတ်လိုက်လေ၏။ သူမသည် လက်ညှိုးကို အနည်းငယ် မ,ထားလျက်သားနှင့် လက်သီးနှစ်ဖက်ကို ဆုပ်ထားပြီး အပေါ်သို့ အနည်းငယ် မ,တင်လိုက်လေ၏။

ထိုအချိန်တွင် တျဲယွဲ့သည် ဆူဇီမို၏ရှေ့မှ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် ဦးချိုနှစ်ဖက်ကို မြှောက်၍ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော နွားရိုင်းနတ်ဆိုးတစ်ကောင်က အစားထိုးပေါ်လာသည်ဟု ထင်ရလေ၏။

တျဲယွဲ့၏လက်နှစ်ဖက်သည် ဦးချိုနှစ်ခု ဖြစ်လာပြီး သူမ၏ လက်သီးဆုပ်နှင့် အနည်းငယ်ပင့်တင်ထားသော လက်ညှိုးအဆစ်နှစ်ခုက ဦးချိုဖျား ဖြစ်လာလေ၏။

‘’ကောင်းကင်ထယ်သွားခြေလှမ်းက နွားရိုင်းသားရဲ ငေးမောအကြည့်ရဲ့ အခြေခံအုတ်မြစ်ပဲ။ ကောင်းကင်ထယ်သွားခြေလှမ်းကို လှမ်းပြီးတာနဲ့ ခါးနဲ့ ဝမ်းဗိုက်မှာ ရှိတဲ့ ခွန်အားကို သုံးပြီး မင်းရဲ့လက်သီးနှစ်ဖက်ကို အရှေ့ကို ပစ်သွင်းလိုက်ရမယ်။ တစ်ချိန်တည်းမှာပဲ အရှေ့ကို တစ်ဟုန်ထိုး ခုန်အုပ်ပြီး ပင့်အားတစ်ခုကို ဖန်တီးယူရမယ်။ ...............’’

တျဲယွဲ့သည် အသေးစိတ်ကျကျ ရှင်းပြပေးနေပြီး ဆူဇီမိုက အာရုံစူးစိုက် နားထောင်နေလေသည်။

ထိုသို့ဆိုလျှင်တောင် ဆူဇီမို တစ်ကယ်တမ်း စတင်လေ့ကျင့်သောအခါ အမှားများပါလာပြီး တျဲယွဲ့၏ကန်ချက်များက ကျဆင်းလာလေ၏။ တျဲယွဲ့သည် ဘေးမှနေ၍ အေးစက်စက် မျက်နှာထားနှင့် မတ်တပ်ရပ်နေပြီး ဆူဇီမို အမှားတစ်ခုလုပ်မိတာနှင့် သူမသည် တစ်ချက်ဝင်ကန်လိမ့်မည် ဖြစ်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ရက်တာက ကုန်ဆုံးသွားပြန်လေသည်။

ဆူဇီမိုသည် လေ့ကျင့်နေရင်း ဆာလောင်လာသောကြောင့် နွားတစ်ကောင်ကို အမဲဖျက်လိုက်လေ၏။ ထို့နောက် အိုးတစ်လုံးထဲသို့ ခုတ်ထစ်ထည့်ကာ အမဲသားဟင်း စချက်လေတော့၏။

စောင့်နေရင်းနှင့် တျဲယွဲ့သည် ဆူဇီမို ဘေးသို့ ပစ်ချထားသော နွားလျှာကို ကောက်ယူလိုက်ကာ ပြောလိုက်လေ၏။ ‘’ဓားယူပြီး ငါ့ကို တစ်ချက်ထိုးကြည့်။’’

‘’အာ’’ ဆူဇီမို ကြောင်အသွားလေသည်။ တျဲယွဲ့၏ ရည်ရွယ်ချက်ကို သူနားမလည်ပေ။

တျဲယွဲ့က ပြန်ပြောလိုက်၏။ ‘’ငါမင်းကို တတိယမြောက် ကိုယ်ဟန်ကို သင်ပေးမယ်။ အဲ့ဒါကို ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာ ပြပေးနိုင်တဲ့ အခြားနည်းလမ်း မရှိဘူး။ အဲ့ဒီမှာ ပြောင်းလဲသွားတဲ့ အခိုက်အတန့်ကို မင်းဘာသာ နားလည်သဘောပေါက်အောင် လုပ်ရလိမ့်မယ်။’’

တျဲယွဲ့၏ စွမ်းရည်အရ သူအားကုန်သုံး တိုက်ခိုက်လျှင်ပင် သူမကို ထိခိုက်အောင်လုပ်နိုင်မည် မဟုတ်ဆိုတာ ဆူဇီမို ကောင်းကောင်း နားလည်လေသည်။

ဆူဇီမိုသည် ဓါးကို ဆုပ်ကိုင်လိုက်ပြီး တျဲယွဲ့၏ ပုခုံးဆီသို့ ထိုးသွင်းလိုက်ကာ သူမ မည်သို့ လှုပ်ရှားမည်ကို အာရုံစူးစိုက် ကြည့်လိုက်၏။

တျဲယွဲ့သည် အရေးမပါဟန်ဖြင့် ချောမွေ့နူးညံ့သော နွားလျှာကို မယူလိုက်ပြီး ဓါးသွားနှင့် ညင်သာစွာ ထိပေးလိုက်လေ၏။

‘’ဖတ်!’’

ကြွပ်ဆတ်ဆတ် အသံတစ်ခု ထွက်လာပြီး ဆူဇီမိုကို ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။

နွားလျှာသည် ပုံမပျက် ရှိနေပြီး ဆူဇီမိုလက်ထဲမှာတော့ ဓါးလက်ကိုင်ရိုးသာ ကျန်ရှိလေတော့၏။ ဓါးသွားသည် အပိုင်းပိုင်းကြေမွပြီး မြေပေါ်သို့ ကျသွားလေ၏။

ဆူဇီမိုသည် ထိုနွားကို ကိုယ်တိုင်အမဲဖျက်ခဲ့တာ ဖြစ်သည်။ ထိုအရာသည် ပုံမှန်နွားလျှာတစ်ခုသာ ဖြစ်သည်ကို သူသိလေသည်။ ၎င်းသည် ထက်မြသော ဓါး၏ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိစရာ အကြောင်းမရှိပေ။

ထို့အပြင် တျဲယွဲ့သည် ခွန်အားတစ်စုံတစ်ရာကို အသုံးပြုလိုက်ပုံ မရပေ။ ထိုသို့မဟုတ်ပါက ဓါးလက်ကိုင်သည် သူ့လက်ထဲတွင် ကျန်ရှိနေမည် မဟုတ်ဘဲ လွင့်စင်ထွက်သွားပေလိမ့်မည်။

သည်ဟာက ရိုးရိုးပုံမှန် နွားလျှာလေးပဲကို ထက်ရှတဲ့ ဓါးကို အပိုင်းပိုင်းကြေမွသွားစေတာပဲ။

ထိုနွားလျှာသည် ဓါးကို မဟုတ်ဘဲ လူအသားနဲ့သာ ထိလိုက်မည်ဆိုသည် ထိုလူက အသားစင်းကော ဖြစ်သွားမှာလား။

‘’ဒီတတိယမြောက် ကိုယ်ဟန်ကို ‘နွားရိုင်းသားရဲ လျှာဆေဘာ’ လို့ ခေါ်တယ်။ အဲ့စကားလုံးက သာမန်ပဲလို့ ထင်ရပေမယ် အဲ့စကားလုံးရဲ့ အဓိပ္ပါယ်က ဒီကိုယ်ဟန်ရဲ့  အနှစ်သာရပဲ။’’ တျဲယွဲ့က ဆက်ပြောလိုက်သည်။ ‘’အရေပြား မာကြောစေခြင်းရဲ့ စဦးအောင်မြင်မှုကို ရရှိပြီဆိုတာ ဘယ်လိုအချိန်မှာ သိနိုင်မလဲလို့ မင်းငါ့ကို တစ်ခါ မေးခဲ့ဖူးတယ်မလား။ ငါမင်းကို တစ်ခါတည်း ပြောလိုက်မယ်။ မင်းရဲ့လက်ဝါးကို ဒီနွားလျှာရဲ့ ခွန်အားလိုမျိုး အသုံးပြုနိုင်လာတဲ့အခါ မင်းအဲ့ဒါရဲ့ စဦးအောင်မြင်မှုကို ရရှိပြီလို့ ပြောနိုင်တယ်။’’

All Chapters