← Chapters

ဆူမိသားစု၏ ကြမ္မာဆိုး

Vol. 1 Ch. 5

ဆူမိသားစု၏ ကြမ္မာဆိုး

Vol. 1 Ch. 5

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း(၅)- ‌ဆူမိသားစု၏ ကြမ္မာဆိုး

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ကျင့်ကြံလေ့ကျင့်နေသော အချိန်တွင် အချိန်ကုန်တာသည် မြန်လွန်းသည်ဟု သူများတွေပြောတာကို ဆူဇီမို ကြားဖူးခဲ့လေသည်။ ယခု သူကိုယ်တိုင် ကျင့်ကြံမှသာလျှင် ဆိုလိုရင်းကို သူနားလည်လာလေ၏။

အံ့အားသင့်စရာကောင်းတာက ဆူဇီမိုသည် သုံးလလေ့ကျင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် လုံးဝ ပြောင်းလဲသွားလေ၏။

အခြားသူများသည် ပြောင်းလဲမှုကို သတိထားမိချင်မှ ထားမိပေလိမ့်မည်။ သို့သော် သူကတော့ ကောင်းစွာ သိလေသည်။

သည်အချိန်များအတွင်း သူသည် ကောင်းကင်ထယ်သွားခြေလှမ်းနှင့် နွားရိုင်းသားရဲ လရောင် ငေးမောအကြည့် ကိုယ်ဟန် နှစ်သွယ်ကို အထူးကျွမ်းကျင်လာခဲ့လေသည်။ ထို့အရာကို အသက်ရှူသွင်းရှူထုတ်နည်းလမ်းနှင့် တွဲဖက်လေ့ကျင့်ပြီးနောက် သူ၏အရေပြားသည် သာမန်ဓါး၊လှံတို့ ထိုးဖောက်၍ မပေါက်နိုင်တော့ပေ။

သူ၏လှုပ်ရှားမှုတိုင်း၌ နစ်မြှပ်ထားသော ခွန်အားကို ခံစားရလေ၏။

ဆူဇီမိုကို စိတ်ပျက်စေသော အရာကတော့ နွားရိုင်းသားရဲ လျှာဆေဘာကိုယ်ဟန်နှင့် ပတ်သတ်၍ ဖြစ်သည်။ ၎င်း၏ အနှစ်သာရကို အခုချိန်ထိ သူဖမ်းမဆုပ်နိုင်သေးပေ။

ကျင့်ကြံရေးကွင်းထဲ၌ ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် သူ၏ရင်အုပ်ကို အနည်းငယ် ဆွဲထုတ်ကာ ကျောကို ဆန့်လိုက်၏။ သူသည် ဘယ်ခြေဖြင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်ထယ်သွားခြေလှမ်းကို စတင် ပုံဖော်လိုက်၏။

မူလက ဆူဇီမိုသည် ဘာလှုပ်ရှားမှုမျှ မရှိဘဲ မတ်တပ်ရပ်နေတုန်းက သူ့ပုံစံသည် နုနုဖတ်ဖတ်စာပေသမားလေး တစ်ယောက်သာ ဖြစ်လေ၏။

သို့သော် သူသည် ပထမခြေလှမ်းကို စလှမ်းလိုက်သည်နှင့် သူ၏ အော်ရာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူသည် ကောင်းကင်တစ်ခုလုံးပေါ်တွင် မတ်တပ်တက်ရပ်နေသလို ထင်ရလေ၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ခါးနှင့် ဝမ်းဗိုက်ရှိ ခွန်အားကို ဆွဲထုတ်လိုက်ပြီး လက်သီးကို အရှေ့သို့ ပစ်ထုတ်လိုက်ကာ ပင့်အားကို ခုန်ယူလိုက်၏။ ထိုအချိန်တွင် နွားရိုင်းတွန်သံလို အသံထွက်ပေါ်လာပြီး ထိုအသံက လွန်စွာနက်နဲအားကောင်းကာ အခြားသူများကို တုန်လှုပ်သွားစေနိုင်၏။

အစိမ်းရောင်ကျောက်တုံးပေါ်တွင် ထိုင်နေသော တျဲယွဲ့က ထိုမြင်ကွင်းကို ကြည့်ပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။

နွားရိုင်းသားရဲ လရောင်ငေးမောခြင်းကို ပုံဖော်ပြီးနောက် ဆူဇီမိုသည် သူ့လက်သီးဆုပ်ကို ဖြန့်လိုက်ပြီးနောက် လေထဲတွင် ရိုက်ချလိုက်လေ၏။

တတိယကိုယ်ဟန် နွားရိုင်းသားရဲ လျှာဆေဘာ ဖြစ်လေသည်။

ဖောက်!

လက်ဝါးရိုက်ချက်က လေထဲတွင် အက်ကွဲသံတစ်ခုကို ဖြစ်ပေါ်သွားစေ၏။

ဆူဇီမိုသည် ခေါင်းယမ်း၍ သက်ပြင်းချလိုက်၏။

တစ်ခုခုတော့ လိုနေသေးသည်သာ။

လက်ဝါးက သန်မာပုံရလေ၏။ သို့သော် နွားရိုင်းသားရဲ လျှာဆေဘာ၏ အကျုံ့အဆန့် လိုက်လျောညီထွေရှိမှုကို သူပုံမဖော်နိုင်ပေ။

တျဲယွဲ့က သူမ၏အကြည့်ကို အခြားတစ်ဖက်သို့ လွှဲလိုက်လေ၏။

အခုမှ သုံးလသာ ရှိသေးသည်။ သုံးလတည်းနှင့် ဆူဇီမိုသာ ထိုအဆင့်ကို အောင်မြင်အောင် လေ့ကျင့်နိုင်လျှင် ထိုအရာသည် သူမ မျှော်လင့်ထားတာထက် လွန်စွာမြင့်မားနေပေလိမ့်မည်။

နွာရိုင်းသားရဲ လျှာဆေဘာသည် နွားရိုင်းသားရဲ ကိုယ်ဟန်သုံးသွယ်ထဲတွင် လေ့ကျင့်ရန် အခက်အခဲဆုံးနှင့် စွမ်းအားအကြီးဆုံးတစ်ခု ဖြစ်လေသည်။ ပုံမှန်ဆို လူတစ်ယောက်သည် ၎င်း၏ အနှစ်သာရကို ဘယ်တော့မှ နားလည်သဘောပေါက်လိမ့်မည် မဟုတ်ပေ။

၎င်း၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်ဖို့ဆိုလျှင် ထိုသူသည် နားလည်နိုင်စွမ်း လွန်စွာ မြင့်မားနေဖို့ လိုပေလိမ့်မည်။ ထိုသို့မဟုတ်ပါက သုံးလမပြောနှင့် သုံးနှစ်(သို့)နှစ်သုံးဆယ် လေ့ကျင့်လျှင်ပင် အောင်မြင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် သည်ကိုယ်ဟန်ကို ဆက်တိုက်ပုံဖော်ရင်း မအောင်မြင်သောအခါ မချင့်မရဲ စိတ်တိုလာလေသည်။ ထို့နောက် သူသည် ကျင့်ကြံရေးကွင်းထဲမှ ထွက်ကာ ခြံဝန်းထဲ၌ ဟိုဟိုသည်သည် စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်နေလိုက်၏။

ဆူဇီမို၏ အကြည့်က မလှမ်းမကမ်း၌ မြက်စားနေသော နွားတစ်ကောင်အပေါ်သို့ အမှတ်တမဲ့ ကျရောက်သွားချိန်တွင် သူသည် ရုတ်တရတ် ရပ်လိုက်၏။

၎င်းသည် လယ်သမားများ ထွန်ယက်စိုက်ပျိုးရာတွင် သုံးလေ့ရှိသော ပုံမှန်မြင်တွေ့နေကျ နွားတစ်ကောင်သာ ဖြစ်လေသည်။ ၎င်းသည် သူ့ပါးစပ်တွင်းမှ မြက်များကို ဝါးလိုက်ပြီး အစာအိမ်ထဲသို့ မျိုချလိုက်၏။ ထို့နောက် ၎င်းသည် သူ၏ခေါင်းကို ငုံ့လိုက်ပြီး မြက်နုလက်တစ်ဆုပ်စာလောက်ကို လျှာဖြင့်သိမ်းယူကာ သူ၏ပါးစပ်ထဲသို့ လိပ်ယူဆွဲသွင်းလိုက်လေ၏။

ဆူဇီမို၏ မျက်လုံးသည် တစ်ချက်လက်သွားပြီး ရုတ်တရက် အလင်းရောင်ကို မြင်လိုက်ရ၏။(ရုတ်တရက် ဉာဏ်အလင်းပွင့်သွား)

ထိုမြက်နုများသည် ပုံမှန်မြင်တွေ့နေကျဖြစ်သော သက်ကယ်မြက်များ ဖြစ်၏။ ၎င်း၏ အရွက်များသည် ပါးပါးနှင့်သေးသေးသွယ်သွယ်ဖြစ်ပြီး လွှသွားပုံ အနားစောင်းလေးများ ပါရှိလေသည်။ ဆူဇီမို ကလေးဘဝ ဆော့ကစားတုန်းက ထိုမြက်များနှင့် မတော်တဆ တိုက်မိပြီး ရှဖူးလေ၏။

နွား၏လျှာသည် နုနယ်ပုံ ရသော်လည်း ထိုမြက်များကို ဂရုမစိုက်ပေ။

လက်ဝါးက နွားလျှာကဲ့သို့ ဖြစ်ပြီး ဓါးသွားက ထိုမြက်ဆိုလျှင်.....။ ဤအရာသည် နွားရိုင်းသားရဲ လျှာဆေဘာ၏ အနှစ်သာရ ဖြစ်ရပေမည်။

ဆူဇီမိုသည် ရွှင်မြူးသွားပြီး နွားမြက်စားနေသော မြင်ကွင်းက သူ့စိတ်ထဲတွင် ထပ်ကာထပ်ကာ ပြန်ပေါ်နေ၏။ သူသည် ချက်ခြင်းပဲ ပြောင်းလဲမှုများကို နာလည်ရန် ကြိုးစားကာ စိတ်ထဲမှာ ထပ်ကာထပ်ကာ ဆင်ခြင်သုံးသပ်လိုက်ပြီး အလိုအလျောက် စတင်လေ့ကျင့်နေမိလေ၏။

‘’ဆူမိသားစုကတော့ ကြမ္မာဆိုးဝင်နေပြီလို့ ငါကြားတာပဲ။’’

‘’ဆူမိသားစုပိုင် စားသောက်ဆိုင်တစ်ဆိုင်ကို လူတစ်ချို့ ပြဿနာလာရှာသွားကြတယ်လို့ ပြောကြတယ်။ အခုအဲ့ဆိုင် ပြန်ဖွင့်နိုင်မယ်လို့ မထင်ဘူး။ ငါကြားတာတော့ အဲ့မှာ လူတစ်ယောက်လဲ သေသွားသေးတယ်ဆိုပဲ။’’

‘’အဲ့ဒါ တစ်ကယ်ကြီးလား”

ဆူဇီမိုသည် အိမ်အပြင်ဘက်မှ လမ်းသွားလမ်းလာများ၏ တီးတိုးစကားသံများကို ကြားပြီးနောက် ကျင့်ကြံနေရာမှ လန့်နိုးလာလေ၏။

ဆူဇီမိုသည် ကျင့်ကြံနေရာမှ သတိပြန်ဝင်လာပြီးနောက် သူ့စိတ်ထဲတွင် ထင့်သွားလေ၏။ ထို့နောက် သူသည် ခြံတံခါးကို တွန်းဖွင့်ကာ ဆူမိသားစုအိမ်တော် ရှိရာသို့ ဒုန်းစိုင်းသွားလေတော့၏။

ဆူဇီမိုသည် လမ်းတစ်လျှောက် အခြားသူများ၏ တီးတိုးဆွေးနွေးစကားသံများကို ကြားပြီးနောက် ဒီတစ်ကြိမ် ကံကြမ္မာဆိုးက ဘာကြောင့် ဖြစ်သည်ဆိုတာ အကြမ်းဖျင်းတော့ သိသွားလေ၏။

ဆူမိသားစုပိုင် စားသောက်ဆိုင်အတွင်း၌ လူအချို့သည် စကားများ ခိုက်ရန်ဖြစ်ပွားကြပြီး သူတို့သည် ဆိုင်အတွင်းရှိ ပရိဘောဂ အသုံးအဆောင် ပစ္စည်းများကို ရိုက်ချိုးဖျက်ဆီးကြလေ၏။ ဦးလေးကျန့်သည် လူတစ်ချို့ခေါ်ပြီး ဆိုင်သို့ လိုက်သွားသောအခါ ထိုပြဿနာရှာသော သူများသည် စဦးအဆင့် ကျွမ်းကျင် သိုင်းသမားများ ဖြစ်နေလေ၏။ သူတို့သည် ကြိုတင်ပြင်ဆင်လာကြတာဖြစ်ပြီး ဦးလေးကျန့်လည်း ဒဏ်ရာရ ကျန်ခဲ့လေ၏။

‘’သေစမ်းကွာ...ငါဒီတိုင်းတော့ ခေါင်းငုံ့ငြိမ်မနေနိုင်ဘူး။’’

ဆူဇီမို ရောက်ရုံရှိသေးသည် အိမ်ထဲမှ ‌ဒေါသတကြီး အော်သံကို ကြားလိုက်ရ၏။ ၎င်းသည် ယုချီဟို၏ အသံဖြစ်သည်။ သူသည် ဆူမိသား၏ အစောင့်အရှောက်တွေထဲမှ စိတ်ဆတ်ဆတ်နှင့်ဒေါသအိုး တစ်ယောက်ဖြစ်လေသည်။

အိမ်ထဲတွင်ရှိသော လူတိုင်းသည် ဆူဇီမို ယုံကြည်စိတ်ချရသောသူများသာ ဖြစ်ကြလေသည်။ ဆူဇီမို အသက်နှစ်နှစ်အရွယ်ကတည်းက သူ့မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရတာ ဖြစ်သည်။ ဦးလေးကျန့်နှင့် အခြားသူများသည် ဟိုးအရင်ကတည်းက ဆူမိသားစုနှင့် အတူရှိနေကြတာဖြစ်ပြီး သူတို့အားလုံးက သူကို အလွန် ချစ်ခင်ကြလေသည်။

သူ့အစ်ကိုကြီး ပင်ယန်းမြို့မှာ ခြေကုပ်စယူကတည်းက သည်လူတွေပဲ ကူညီခဲ့ကြတာဖြစ်ပြီး သူတို့သည် မိသားစုလို ရင်းနှီးနေကြပြီ ဖြစ်သည်။

စူးရှသော ဆေးနံ့များက သူ့ဆီသို့ ပျံ့လွင့်လာပြီး ခပ်ဖျော့ဖျော့ သွေးနံ့ကပါ ကပ်ပါလာ၏။

‘’ဒုတတိယ သခင်လေး လာတယ်ဟေ့..’’

ဆူဇီမိုသည် သူ၏ စာပေဂုဏ်ထူးဘွဲ့များကို ဆုံးရှုံးထားရသော်လည်း ဆူမိသားစုများမှ လူတိုင်းသည် သူ့ကို ရိုသေလေးစားကြဆဲ ဖြစ်သည်။

ဆူဇီမိုသည် ခေါင်းညိတ်ပြလိုက်ကာ အခန်းထဲသို့ ဝင်လိုက်ပြီး ခုတင်ပေါ်တွင် လှဲနေကြသူများကို စစ်ဆေးကြည့်လိုက်၏။

‘’ဒုတိယ သခင်လေး” အဖိုးအို၏ ဆံပင်များသည် ဖွေးဖွေးဖြူနေပြီး သူ၏ မျက်နှာသည် ပိန်လှီ၍ ဝါရော်နေကာ သူသည် သင်္ချိုင်းသို့ ခြေတစ်ဖက်လှမ်းနေပြီ ဖြစ်၏။ သို့စေကာမူ သူသည် ဆူဇီမိုကို ကြည့်ပြီး ပြုံးနေဆဲဖြစ်၏။ ဆူဇီမိုကို ကြည့်သော သူ၏အကြည့်၌ နူးညံ့ကြင်နာမှုတို့ကို မြင်နိုင်၏။

ဦးလေးကျန့်သည် ဆူမိသားရေးကိစ္စများကို စီမံခန့်ခွဲဆောင်ရွက်ပေးသူ ဖြစ်၏။ သူသည် သိုင်းပညာရပ်များကို မသိသော်လည်း ဆူဟုန်အပါအဝင် ဆူမိသားစုမှ လူတိုင်းက သူ့အပေါ် လေးစားမှု ရှိကြလေ၏။

ဒီနှစ်တွေထဲမှာ ဦးလေးကျန့်သည် ပိန်၍ အိုဇာလာခဲ့၏။ ယခု သူသည် ဒဏ်ရာရထားပြီး သူ့အခြေအနေက အသက်ရှင်နိုင်၊ မရှင်နိုင်ပင် မသေချာပေ။

‘’ဦးလေးကျန့် အဲ့ဒါ ဘယ်သူ့ လက်ချက်လဲ’’ ဆူဇီမိုသည် ဒေါသထွက်သွေးဆူနေသော်လည်း သူ့သွင်ပြင်သည် တည်ငြိမ်နေပုံရကာ ခုတင်ဘေးမှနေ၍ ညင်သာစွာ မေးလိုက်လေ၏။

‘’ဘယ်သူ့လက်ချက် ရှိရမလဲ။ အဲ့ဒါ ဇောင်၊ လီနဲ့ ယန် မိသားစုတွေရဲ့ နောက်ပေါက်ကလေးတွေပဲ ဖြစ်မှာပေါ့။’’ ယုချီဟိုက ‌ဒေါသတကြီး အော်ပြောလိုက်လေ၏။

‘’ဒီကိစ္စက သိပ်တော့ မရိုးဘူး’’ အသက် လေးဆယ်ကျော်လောက် လူတစ်ယောက်က ဝင်ပြောလိုက်၏။ သူသည် အေးဆေးတည်ငြိမ်ပုံရပြီး သူသည် ဆူမိသားစု အစောင့်အရှောက်များ၏ ခေါင်းဆောင် ဖြစ်လေသည်။

‘’ဦးလေး လျှို..သင်ဘာကို ပြောချင်တာလဲ’’ ဆူဇီမိုက မေးလိုက်၏။

လျှိုယုသည် သူ့လျှာဖျားမှ စကားလုံးများကို ပြန်လည်မျိုချလိုက်ပြီး ဆူဇီမိုကို ကြည့်လိုက်လေ၏။

ယုချီ‌ဟိုသည် ဒေါသကို ချုပ်တည်းမထားနိုင်တော့ဘဲ အော်ပြောလိုက်လေ၏။ ‘’လျှိုယု မင်းဘာတွေ ကြောက်နေတာလဲ။ ဒီကိစ္စက ဘယ်လောက်ဆိုးရွားလဲဆိုတာ မင်းမသိဘူးလား။ Mr.ကျန့်လဲ ဒဏ်ရာရလာပြီ။ အဖိုးကြီးကွမ်လဲ ရက်ရက်စက်စက်အသတ်ခံလိုက်ရပြီ။ မင်းကောင်လေးတွေသာ ဉာဏ်ကောင်းပြီး အဲ့ကောင်တွေ ဝိုင်းထားတာကို ဖောက်မထွက်နိုင်ခဲ့ရင် Mr.ကျန့်လဲ အခုလောက်ဆို သေနေလောက်ပြီ။ အဲ့ကောင်တွေက ငါတို့ကို အသေသတ်ဖို့ လုပ်နေတာကွ။’’

‘’အဘကွမ် သေပြီလား’’ ကြားရသော သတင်းက ဆူဇီမို နုလုံးကို နာကျင်သွားစေ၏။

သူကလေးဘဝတုန်းက ဆူဇီမိုသည် အဘကွမ်၏ဂုတ်ပေါ်တက်စီးကာ ဆံပင်များကို ဆုပ်လိုက်ဆွဲလိုက်နှင့် ဆော့ကစားလေ့ရှိခဲ့၏။

သို့သော် သူဘယ်လောက် အရူးလုပ်လုပ် အဘဂွမ်သည် သူကို ဘယ်တော့မှ စိတ်မဆိုးပေ။ အဘကွမ်သည် အမြဲတမ်းရယ်ပြီး သူနှင့် အဖော်ပြု ကစားပေးခဲ့၏။

ဆူဇီမိုက အံကြိတ်ပြီး ပြောလိုက်၏။ ‘’အာဏာပိုင်တွေက ဝင်ဖြေရှင်းမပေးကြဘူးလား’’

‘’အာဏာပိုင်တွေက မြို့သားတွေရဲ့ ပြဿနာအရေးကိစ္စဆိုရင်တော့ ဝင်ဖြေရှင်းပေးလိမ့်မယ်။ မိသားစုကြီးတွေရဲ့ ပဋိပက္ခပြဿနာတွေဆိုရင်တော့ တတ်နိုင်သမျှ လက်ရှောင်ကြမှာပဲ။ နောက်ပြီး သိုင်းသမားတွေကြား ဖြစ်တဲ့ပြဿနာဆိုတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ဖြေရှင်းရမှာပဲ။’’ လျှိုယုက ခေါင်းခါရင်း ပြောလိုက်လေ၏။

ဆူဇီမို၏ အသံက တိမ်ဝင်သွားလေ၏။ ‘’ဦးလေးလျှို ဘယ်သူလုပ်တာလဲ။’’

လျှိုယုက သက်ပြင်းတစ်ချက်ချလိုက်၏။ ‘’ကျုပ်လူတွေ သူတို့နောက်ကို နောက်ယောင်ခံလိုက်ကြည့်လိုက်တော့ သူတို့ ရှန်မိသားစုရဲ့ အိမ်တော်ထဲကို ဝင်သွားတာ တွေ့ခဲ့ရတယ်တဲ့။’’

‘’အဲ့ဒီရှန်မိသားစုက ကောင်တွေက ကျေးဇူးတရား နားမလည်တဲ့ ဆန်ကုန်မြေလေးတွေ။’’ ယုချီဟိုက သူ့ဘေးရှိ စားပွဲခုံကို လက်သီးဖြင့် ဝုန်းကနဲ ထိုးချလိုက်၏။

ဆူဇီမိုနှင့် ရှန်မန်းကီတို့၏ ပတ်သတ်ဆက်နွယ်မှုကြောင့် ဆူမိသားစုသည် ပြီးခဲ့သောနှစ်များအတွင်း ရှန်မိသားစုကို အကူအညီ၊ အထောက်အပံ့တွေ အများကြီး ပေးခဲ့လေ၏။ ယခုအခါ ရှန်မန်းကီသည် အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ရှန်မိသားစုက တစ်ဟုန်ထိုး တိုးတက်လာသောအခါ ဆူမိသားစုကို ပစ်မှတ်ထား ပြဿနာရှာနေပေပြီ။

လျှိုယုက ဆက်ပြောလိုက်၏။ ‘’ကျုပ်နည်းနည်း ထပ်စုံစမ်းကြည့်ထားသေးတယ်။ ရှန်မိသားစုက အခုတစ်လော စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ဖို့ လုပ်နေတယ်တဲ့။ သူတို့ဆိုင်ဖွင့်မယ့်နေရာက ကျုပ်တို့ဆိုင်နားမှာပဲ။’’

ဆူဇီမိုက လျှိုယုပြောတာကို အမူအယာမဲ့စွာဖြင့် နားထောင်နေလေ၏။

‘’အဟမ်း!’’

ဦးလေးကျန့်က အနည်းငယ် မောပန်းနေဟန်ဖြင့် ချောင်းဟန့်လိုက်၏။ ‘’ရှန်မိသားစုက ဒီကိစ္စကို စတင်ခဲ့တာဆိုပေမယ့် ဟိုမိသားစု သုံးခုကလဲ အဆင်းကိုဘီးတပ်ပေးလိုက်တာ ဖြစ်မယ်။ ဒီကိစ္စကို ဒီမှာတင် ခဏရပ်ထားဦး။ ငါတို့ သခင်လေး(ဆူဇီမို၏အစ်ကို)ပြန်လာတာကို စောင့်ရမယ်။’’

‘’ငါတို့က ဒီအတိုင်းပဲ ငြိမ်ခံနေရမှာလား။’’ ယုချီဟိုက အံကိုကြိတ်လိုက်၏။

လျှိုယုက သက်ပြင်းချလိုက်သည်။ ‘’အခုတော့ သည်းခံထားဦးမှပဲ ရမယ်။ ရှန်မိသားစုက ထိုးတက်လာတာ မကြာသေးဘူးဆိုပေမယ့် သူတို့အတွက် အလုပ်လုပ်ပေးနေတဲ့ မူလအဆင့် ကျွမ်းကျင်ပညာရှင်တွေ ရှိနေနိုင်တယ်။ ငါတို့ အခုနေ သေချာမစီစဉ်ပဲ သွားမယ်ဆိုရင် ဒီထပ်ပိုပြီး ထိခိုက်ကျဆုံးရတာပဲ ရှိလိမ့်မယ်။’’

‘’သခင်လေးက ဘယ်တော့ ပြန်လာမှာလဲ’’

‘’ငါလဲ သေချာမသိဘူး။ ပြန်လာတော့မယ်တော့ ထင်တာပဲ။’’

ဆူဇီမိုက ရုတ်တရက် ဝင်ပြောလိုက်၏။ ‘’ဦးလေးကျန့် ခဏနားနေလိုက်ပါဦး။ ကျတော် အပြင်ထွက်ပြီး လေကောင်းလေသန့်လေး ရှူလိုက်ဦးမယ်။’’

ထိုသို့ပြောပြီး ဆူဇီမို လှည့်ထွက်ခဲ့လေ၏။

.........

ပြီးခဲ့သော သုံးလက ဆူဇီမိုသည် စာပေဘွဲ့များကို ရုတ်သိမ်းခံခဲ့ရပြီး ရှန်မန်းကီက မြို့မှ ထွက်သွားခဲ့ကာ မြင်းလိမ္မာလေး ဇူဖန်ကလဲ သေသွားခဲ့၏။ ဆူဇီမိုသည် သူ၏ ‌ဒေါသများ၊ ခံပြင်းမှုကို ချိုးနှိမ်ထားခဲ့ရ၏။

ဒီအချိန်တွေအတွင်း ဆူဇီမိုသည် တျဲယွဲ့၏ လမ်းပြမှုအောက်၌ အပြင်းအထန် လေ့ကျင့်နေခဲ့၏။ သို့သော် သူသည် သူ၏နာကြည်းမှုကို မေ့ဖျောက်မထားနိုင်‌သလို အမြဲတမ်း ခေါင်းငုံ့၍လည်း နေနိုင်မည် မဟုတ်ပေ။

ယခုအခါ ဆူမိသားစုသည် အနိုင်ကျင့်ခံနေရပြီး ဦးလေးကျန့်ကလဲ အပြင်းအထန် ဒဏ်ရာရထားကာ အဘကွမ်ကလဲ ရက်စက်စွာ အသတ်ခံခဲ့ရ၏။ ဖြစ်ခဲ့သော အရာအားလုံးက ဆူဇီမို၏ရင်ထဲက ဒေါသမီးကို လောင်စာထပ်ထည့်ပေးလိုက်သလိုပင်။

ဆူဇီမိုသည် ဆူမိသားစုအိမ်တော်မှ ထွက်လာခဲ့ပြီး သူ့တွင် အတွေးတစ်ခုသာ ရှိလေသည်__မင်းတို့ တော်တော်လွန်သွားပြီ!

ဆူဇီမိုသည် သိုင်းလောကတွင် စဦးအဆင့်နှင့် မူလအဆင့် ကျွမ်းကျင်ပညာရှင်အကြား ကွာဟချက်ကို အကြမ်းဖျင်းတော့ နားလည်ထား၏။

စဦးအဆင့်နှင့် မူလအဆင့်များကို အစောပိုင်းအဆင့်၊ အလယ်အဆင့်၊ နောက်ပိုင်းအဆင့် နှင့် ပကတိအဆင့် ဟူ၍ အဆင့်ငယ်များ ထပ်မံခွဲထားသေး၏။

ဆူဇီမိုသည် သူဘယ်အဆင့်ရောက်နေပြီဆိုတာ မပြောတတ်ပေ။ ဘယ်အဆင့်နှင့် ဘယ်ပညာရှင်ကို သူကိုင်တွယ်နိုင်မလဲ ဆိုတာကိုလဲ သူမသိပေ။

သူ၏အမြင်တွင် သူသည် အချိန်သုံးလသာ ကျင့်ကြံရသေးသည်။ ဆယ်နှစ်လောက် ကျင့်ကြံလာခဲ့သော ပညာရှင်များကို သူအနိုင်ယူနိုင်လိမ့်မည်ဟု မထင်ပေ။

သို့သော်လည်း သူသည် ရှန်မိသားစုထံမှ ရှင်းပြချက်တစ်ခု လိုချင်ပေသည်။ နောက်ပြီး သူသည် ဆယ်နှစ်လောက် စာပေများကို လေ့လာခဲ့တာဖြစ်သည်။ ကိစ္စတိုင်းတွင် အကြောင်းပြချက်ရှိရမည်ဟု သူယုံကြည်လေသည်။

ရှန်မိသားစုသည် သူ့ကို အကြောင်းပြချက်တစ်ခု ပေးရပေမည်။

ခဏကြာပြီးနောက် ဆူဇီမိုသည် ရှန်မိသားစု၏အိမ်တော်ကို ‌ရောက်ရှိခဲ့လေသည်။

သုံးလဆိုသော အချိန်ကလေးအတွင်းမှာပင် ရှန်မိသားစုသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး သာမန်မိသားစုလေးတစ်ခုမှ ဂုဏ်သတင်းကြီးမားသော ရှန်မိသားစုကြီး ဖြစ်လာခဲ့ပေပြီ။ ပြဒါးနီရောင် တံခါးကြီး၏ ဘေးတစ်ဘက်တစ်ချက်ဆီတွင် ခမ်းနားထည်ဝါသော ခြင်္သေ့ရုပ်ကြီးနှစ်ခုက ရှိနေ၏။

ဆူဇီမိုသာ ဒီနေရာကို ‌ရောက်ဖူးနေကျမဟုတ်လျှင် ဤအိမ်သည် ရှန်မိသားစု၏အိမ်ဆိုတာ သူယုံလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် လှေကားအတိုင်း တက်လာခဲ့ပြီး တံခါးပင် ခေါက်မနေဘဲ တွန်းဖွင့်လိုက်လေ၏။

သည်အချိန်တွင် ရှန်မိသားစုခြံဝန်းထဲ၌ လူပေါင်းများစွာ စုဝေးနေကြ၏။ သူတို့သည် ပျော်ရွှင်စွာ သောက်စားပျော်ပါးရင်း စကားများပြောနေကြလေ၏။

ယခု ဆူဇီမို အထဲသို့ ဝင်လာသောအခါ ခြံထဲမှာရှိသော လူများသည် တစ်ဖြည်းဖြည်း လူစုကွဲသွားကြလေ၏။ အတော်များများက သူတို့လုပ်နေတာကို ရပ်လိုက်ကြပြီး ဆူဇီမိုကို မနှစ်မြို့စွာဖြင့် ကြည့်နေကြ၏။

ဤလူများသည် ကျင့်ကြံမှုမရှိသော လူမိုက်လူရမ်းကားများ ဖြစ်ပုံရလေ၏။ သူတို့၏ အေးစက်၍ တဖျပ်ဖျပ်လက်နေသော လက်နက်များကို ဘေးတွင် ချထားကြလေ၏။

သူတို့ထဲမှ တစ်ယောက်က ဆူဇီမိုကို မှတ်မိသွားပြီး ‘’အိုး..ဒါက ဒါကီတိုင်းပြည်က စာပေပညာရှင်ကြီး ဒုတိယသခင်လေးဆူ မဟုတ်လား။ စာပေပညာရှင်ကြီး ကြွလာတာဆိုတော့ ရှန်မိသားစုက ကျက်သရေတိုးသွားတာပေါ့’’ဟု မလေးမခန့်လေသံနှင့် ပြောလိုက်၏။

‘’ဟဟ..မင်းမသိသေးဘူးထင်တယ်..ဒုတိယသခင်လေးဆူရဲ့ စာပေဂုဏ်ထူးတွေက ပယ်ဖျက်ခံလိုက်ရပြီလေ..အခုတော့ သူက လူဖျင်းကြီး တစ်ယောက်သာသာပါပဲကွာ။’’

လူမိုက်များသည် ဆူဇီမိုကို တစ်ယောက်ပြီးတစ်ယောက် လှောင်ရယ်နေလိုက်ကြ၏။ သူတို့၏ လက်နက်များကို တစ်ခုနှင့်တစ်ခု နားကွဲမတတ်ကျယ်လောင်စွာဖြင့် မီးပွားများထွက်လာအောင် ရိုက်ခတ်ရင်း သူတို့သည် ဆူဇီမိုကို ရန်လိုစွာဖြင့် စိုက်ကြည့်နေကြ၏။

လူမိုက်များ ရန်လိုစွာ ဝန်းရံခြိမ်းခြောက်နေကြသော အခြေအနေနှင့် သူသာ သာမန်စာပေသမား တစ်ယောက်ဆိုရင် သူ၏ ခြေထောက်များသည် တုန်ယင်ခွေယိုင်ကျနေပေလောက်ပြီ။

သို့သော်လည်း ဆူဇီမိုသည် အမူအယာမပျက် ရှိနေပြီး သူသည် ခြံဝန်း၏အလယ်သို့ပင် တိုးသွားလိုက်၏။

ဆူဇီမိုသည် ဟိုအရင် ကျင့်ကြံလေ့ကျင့်မှု မရှိသေးခင်ကပင် မမျှတသော ပြုမူဆက်ဆံမှု၌ ပကတိကန်းလန်ကိုပင် ရင်ဆိုင်ရဲသော သတ္တိရှိခဲ့၏။ ယခု သူ့ရှေ့မှ လူမိုက်များသည် ပကတိကန်းလန်နှင့် မိုးနဲ့မြေလို ကွာခြားပေသည်။ သူတို့သည် ကန်းလန်လို အားမာန်နှင့် အရှိန်အဝါအော်ရာမျိုး ရှိမနေပေ။ ဆူဇီမိုသည် သူတို့ကို ကြောက်နေစရာ အကြောင်းမရှိပေ။

ဆူဇီမိုသည် ခြံဝန်းထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ‘’ငါ ရှမ်နန်နဲ့ တွေ့ချင်တယ်’’ဟု တည်ငြိမ်သော အမူအယာဖြင့် ပြောလိုက်လေ၏။

ရှမ်နန်သည် ရှမ်မန်းကီ၏အစ်ကို ဖြစ်၏။

‘’ဟီးဟီး...ဒုတိယသခင်လေးဆူက မဖိတ်ဘဲ ‌ရောက်လာတာဆိုတော့ ထွက်ပြီး မကြိုမိတာ ခွင့်လွှတ်ပါဗျာ။’’

လူမမြင်ရသေးခင် အသံက အရင် ထွက်ပေါ်လာလေ၏။

ဆူဇီမိုသည် အသံထွက်လာပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်လေ၏။ အဖြူရောင်ဝတ်ရုံနှင့် လူတစ်ယောက်သည် ခြံဝန်း၏ စင်္ကြံလမ်းတစ်လျှောက် တစ်ဖြေးဖြေးခြင်း လမ်းလျှောက်လာလေ၏။ သူ၏မျက်နှာသည် ပြုံးနေသော်လည်း သူ့မျက်လုံးထဲမှ လှောင်ပြောင်မှု အရိပ်ယောင်ကို ဖုံးကွယ်မထားနိုင်ပေ။

All Chapters