← Chapters

သတ်ဖြတ်ခြင်း

Vol. 1 Ch. 6

သတ်ဖြတ်ခြင်း

Vol. 1 Ch. 6

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း(၆) သတ်ဖြတ်ခြင်း

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ရှမ်နန်သည် အဖြူရောင် ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းပြားတစ်ခုကို ချိတ်ဆွဲထား၏။ သူသည် အလွန်ချမ်းသာသော သူဌေးသားတစ်ယောက်လိုမျိုးဟန်ပန်ဖြင့် လျှောက်လာ၏။

သို့သော် ပင်ယန်းမြို့ရှိလူအားလုံးက သူ၏ နောက်ခံကို သိကြလေ၏။ ရှမ်နန်သည် အရင်က ဆူမိသားစုပိုင် စားသောက်ဆိုင်မှ မန်နေဂျာတစ်ယောက် ဖြစ်ခဲ့၏။ သူသည် ထိုအလုပ်ကို ဆူဇီမို၏ မျက်နှာကြောင့် ရခဲ့ခြင်း ဖြစ်၏။

ရှမ်နန်သည် သူ့ဘေးမှ ဝိုင်တစ်ခွက်ကို ယူလိုက်၍ လမ်းလျှောက်လာပြီး ဆူဇီမိုရှေ့တွင် ရပ်လိုက်ကာ ဝိုင်ခွက်ကို သူ့ထံသို့ ကမ်းပေးရင်း ‘’ကြိုဆိုပါတယ် ဒုတိယသခင်လေးဆူ...ဘာပဲဖြစ်ဖြစ်ပါလေ..ကျုပ် သင့်ကို ဝိုင်နဲ့ဧည့်ခံပါရစေ..ကျေးဇူးပြုပြီး လက်ခံပေးပါ’’ဟု မျက်နှာပေါ်မှာ အပြုံးတစ်ခု ဆင်မြန်းရင်း ပြောလိုက်လေ၏။

‘’ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေက...ဘယ်သူ့စိတ်ကူးနဲ့ လုပ်တာလဲ’’ ဆူဇီမိုက ဝိုင်ခွက်ကို လျစ်လျူရှုရင်း အသာအယာ မေးလိုက်လေ၏။

ရှမ်နန်က ခေါင်းကို ဘေးသို့ငဲ့စောင်းကာ အပြုံးမပျက် မသိဟန်ဆောင်လိုက်၏။ ‘’ဒုတိယသခင်လေးဆူ ဘာကို ပြောနေလဲဆိုတာ ကျုပ်လဲ မသိရပါလား။’’

‘’ရှမ်နန်..ငါ ရှင်းပြချက် လိုချင်တယ်။ လူသတ်ခဲ့တာက ဘယ်သူလဲ။’’ ဆူဇီမိုသည် ရှမ်နန်၏ မျက်လုံးကို စိုက်ကြည့်ပြီး အလွန်တည်ငြိမ်သော လေသံဖြင့် မေးလိုက်လေ၏။

ရှမ်နန်သည် မျက်ခုံးကို ပင့်တင်လိုက်ပြီး သူ့မျက်နှာက အပြုံးက ပျောက်ကွယ်သွား၏။ သူသည် ဝိုင်ခွက်ကို လက်စသတ်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။ ‘’ကြည့်ရတာ ဒုတိယသခင်လေးဆူက ကျုပ်ကို အခက်တွေ့အောင် လုပ်ချင်နေတာထင်တယ်။’’

‘’လခွမ်းပဲ.. ငါတော့ ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ သူက သူ့ကိုယ်သူ ဘာထင်နေတာလဲဟ။ သူက အခုဆို နိမ့်ကျတဲ့ အညတရ တစ်ယောက်ပဲကို။ ငါတို့က သူ့ကို ထွက်ပေါက်ပေးထားပြီးသားကို သူက လက်မခံချင်ဘူးပဲ။’’

‘’ငါ့နာမည်က မိုစုန့် ..ကွမ်ဆိုတဲ့ မျိုးရိုးနာမည်နဲ့ တစ်ယောက်ကို သတ်ခဲ့တာ ငါပဲ။’’

‘’သတ်တဲ့အထဲမှာ ငါလဲပါတယ်’’

‘’ဟီးဟီး..ငါ့လက်ဝါးအောက်မှာ အဲ့အဖိုးကြီး သေသွားတာ သနားစရာလေးကွာ’’

ဆူဇီမိုက ပြောနေသောသူအားလုံးဘက်သို့ ဝေ့ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်လေ၏။ ‘’ကောင်းတယ်..သိပ်ကောင်းတယ်။’’

ရှမ်နန်က လှောင်ရယ်လိုက်၏ ‘’ဆူဇီမို သိပ်ပြီး အတင့်ရဲမလာနဲ့..မင်းနဲ့ ငါ့ညီမကြားက ပတ်သတ်ဆက်နွယ်မှုကို ထောက်ထားပြီး ငါအခု မင်းကို ခွင့်လွှတ်....’’

‘’ထွက်သွားစမ်း!’’

ရှမ်နန်၏ စကားပင် မဆုံးသေး ဆူဇီမိုက ကြားဖြတ်ဟောက်လိုက်၏။

ခြံထဲမှာရှိသော လူတိုင်း ကြောင်အသွားပြီး မယုံနိုင် ဖြစ်သွားကြ၏။ ရှမ်နန်သည် ဒေါသထွက်သွားပြီး အေးစက်စွာ ပြောလိုက်လေ၏။ ‘’မင်းက ငါ့ကို ဘယ်လိုတောင် အော်ရဲတာလဲ!’’

ဆူဇီမိုက သူ့ကို စိုက်ကြည့်လိုက်၏။

ရှမ်နန်သည် ဆူဇီမို၏ စူးရဲသောအကြည့်၌ တုန်လှုပ်ခြောက်ခြားသွားပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်သေးခင်မှာပင် ဆူဇီမိုက လှုပ်ရှားလိုက်လေ၏။

ဆူဇီမိုသည် သူ၏လက်ကို ဆွဲဆန့်ကာ ရှမ်နန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။

‘’ဖြောင်း!’’

ဆူဇီမို ဖြတ်ရိုက်လိုက်ပြီးနောက် အားလုံး၏ အကြည့်အောက်မှာပင် ရှမ်နန်သည် ဆယ်ပေလောက် စင်ထွက်သွားလေ၏။

ရှမ်နန်သည် ပြီးခဲ့သော သုံးလအတွင်း သိုင်းပညာကို သင်ယူလေ့ကျင့်နေခဲ့ပြီး သူသည် အများကြီး တိုးတက်လာကာ အစောပိုင်းစဦး အဆင့်သို့ပင် ရောက်ရှိနိုင်ခဲ့လေ၏။ ဆူဇီမို၏ ရိုက်ချက်သည် သူ့ကို ဒီလောက်ထိ လွင့်စင်သွားစေမည်ဟု စဉ်းစားလို့ပင် မရပေ။

တစ်ဖက်လူ၏ လှုပ်ရှားမှုက ဒီလောက်လဲ မြန်တာမဟုတ်ဘဲနှင့် သူဘာ့ကြောင့် အချိန်မီ မတုံ့ပြန်နိုင်ရတာပါလိမ့်။

မြို့လူမိုက်များ၏ မျက်လုံးများထဲတွင်တော့ ဆူဇီမို၏ တိုက်ခိုက်မှုအပေါ် အမျိုးမျိုး မြင်ကြလေ၏။

ဘယ်သာမန်လူကမှ လူတစ်ယောက်ကို လက်ဝါးဖြင့် ဆယ်ပေလောက် လွင့်သွားအောင် ရိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ယခုရှိနေကြ‌သော လူအားလုံးသည် ရန်ပွဲ၊ သတ်ပွဲ များစွာကို ကျော်ဖြတ်လာကြသူများသာ ဖြစ်သည်။ သူတို့ထဲမှ အတော်များများသည် စဦးအဆင့် သိုင်းပညာရှင်များ ဖြစ်ကြ၏။ မိုစုန့်နှင့် အခြားသူအချို့သည် ပကတိစဦးအဆင့်မှာ ဖြစ်ကြသည်။ သူတို့သည် ဆူဇီမိုကို စိတ်ထဲမှာ ထည့်တွက်မနေကြပေ။

‘’အဲ့ကောင်ကို သတ်ပေးစမ်း’’

ရှမ်နန်၏ ပါးသည် ရောင်ကိုင်းနေပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးစများပင် စီးကျနေ၏။ သူသည် မြေပြင်တွင် လဲနေကာ ဆူဇီမိုကို လက်ညိုးထိုးရင်း အော်ပြောလိုက်လေ၏။

ရှမ်နန် အမိန့်မပေးခင်ကပင် မိုစုန့်နှင့် အခြားသူများသည် ဆူဇီမိုကို ဝိုင်းခုတ်ဖို့ ပြေးလာကြပြီ ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုသည် အဘက်ဘက်မှ ဖြစ်ပြီး အလွန်ကြောက်စရာ ကောင်းလေသည်။

ဆူဇီမိုသည် သုံးလကြာ ကျင့်ကြံလေ့ကျင့်ခဲ့သော်လည်း သူသည် လှုပ်ရှားပုံ ကိုယ်ဟန် သုံးမျိုးကိုသာ သိပြီး အခြားသူများနှင့် ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ဖူးပေ။

ဆူဇီမိုသည် လက်ရှိအခြေအနေနှင့် ပတ်သတ်ပြီး အနည်းငယ် စိုးထိတ်နေမိ၏။ သူသည် ကောင်းကင်ထယ်သွားခြေလှမ်းကို အလိုအလျောက်လှမ်းလိုက်ပြီး မိုစုန့်ရှိရာသို့ ပစ်ဝင်လိုက်လေ၏။

ရွှစ်..

ဆူဇီမို ရှေ့သို့ ခြေနှစ်လှမ်း လှမ်းလိုက်သည်နှင့် ဆယ်ပေလောက် ခရီးရောက်သွားလေ၏။ သူ၏ အမြန်နှုန်းသည် လန့်လောက်စရာဖြစ်ပြီး သူ့ဆီကျရောက်လာသော တိုက်ခိုက်မှု အများစုမှ လွတ်အောင် ခုန်ထွက်နိုင်ခဲ့လေ၏။

ကျန်ရှိသောသူများသည် သူ့ကို ရိပ်ကနဲသာ မြင်လိုက်ရ၏။ ထိုအရိပ်သည် သူတို့ဘေးမှ လျှစ်ကနဲ ဖြတ်သွားပြီး သူတို့၏ ဓါးတို၊ ဓါးရှည်များသည် ပစ်မှတ်ကို လွဲချော်သွားခဲ့လေ၏။

‘’မကောင်းတော့ဘူး’’

မိုစုန့်သည် မျက်ခွံလှုပ်သွားပြီး မျက်နှာအမူအယာက ပြောင်းလဲသွား၏။

အခြားသူများကောင်းကောင်းမသိသော်လည်း ဆူဇီမို‌ ရှေ့သို့ ခြေနှစ်လှမ်း လှမ်း၍ သူ့ဆီသို့ ခုန်ဝင်လာသောအခါ မိုစုန့်သည် ကြောက်ခမန်းလိလိ ခွန်အားကို ခံစားမိပြီး ကြက်သီးများ ထလာလေ၏။

ဆူဇီမိုသည် ပျော့တိပျော့ဖတ် စာပေသမားလေး မဟုတ်တော့ဘဲ လူသားများအား အရှင်လတ်လတ် ဝါးမျိုတော့မည် ဒေါမာန်ထနေသော သားရဲတစ်ကောင် ဖြစ်သွားသည်ဟု ထင်ရလေ၏။

မိုစုန့်သည် ခြောက်ခြားနေသောကြောင့် သူ၏ တုံ့ပြန်မှုက နောက်ကျနေလေ၏။

ထိုအချိန်မှာပင် ဆူဇီမိုသည် မိုစုန့်၏ဘေးသို့ ‌ရောက်နှင့်နေခဲ့ပြီးဖြစ်သည်။ ဆူဇီမိုသည် လက်နှစ်ဖက်ကို ဝမ်းဗိုက်အောက်နားဆီမှ ဆန့်ထုတ်ရင်း လက်ညိုးဆစ်ကို အနည်းငယ် ထုတ်ထားသော လက်သီးနှစ်ဖက်ဖြင့် ရှေ့သို့ ပစ်သွင်းလိုက်လေ၏။

ဆူဇီမိုသည် ဒီလှုပ်ရှားပုံအတွဲလိုက်နှင့် လွန်စွာရင်းနှီးကျွမ်းဝင်၏။ သူသည် မျက်စိမှိတ်ထားလျှက်နှင့်ပင် ထိုအရာကို အတိအကျ ပုံဖော်နိုင်လေ၏။

ဆူဇီမိုသည် သုံးလအတွင်း မျိုသိပ်ခဲ့ရသော မကျေနပ်ချက်များကို ဤလက်သီးချက်ဖြင့် ဖွင့်ချလိုက်၏။

‘’ဖောက်!’’

လူတိုင်း ငြိမ်ကျသွားလေ၏။

မိုစုန့်သည် ကြောင်အနေပြီး တဖြည်းဖြည်းချင်း အောက်သို့ ငုံ့ကြည့်လိုက်လေ၏။ သူ၏ ရင်အုပ်တွင် ပုဂံလုံးလောက် သွေးသံရဲရဲ အပေါက်နှစ်ပေါက် ရှိနေပြီး ထိုအပေါက်နှစ်ခုထဲတွင် သန်မာသော လက်နှစ်ဖက်က တိုးလျှိုပေါက် လျှိုဝင်နေလေ၏။

မိုစုန့်၏မျက်နှာသည် သွေးဆုတ်သွားပြီး သူ၏ခေါင်းသည် ငိုက်ကျသွားကာ နေရာမှာပင် ပွဲချင်းပြီး သေသွားလေတော့၏။

လူတိုင်း၏မျက်လုံးထဲတွင် သူတို့နှစ်ယောက်သည် တစ်ချီသာ လက်ရည်စမ်းရသေးသည်။ မိုစုန့်၏ ဆေဘာဓါးက ဆူဇီမိုအပေါ်သို့ မကျရောက်သေးခင်မှာပင် ဆူဇီမိုက မိုစုန့်၏ ရင်အုပ်ဆီသို့ လက်သီးနှစ်ဖက်ကို ပစ်သွင်းပြီးနေပေပြီ။

မိုစုန့်၏ ရင်အုပ်နောက်ကျောဘက်မှ လက်သီးနှစ်ဖက် ပြူထွက်နေသော မြင်ကွင်းသည် အလွန်တရာ ကြောက်စရာကောင်းလှလေသည်။

သိုင်းလောက လူမိုက်များသည် တိုက်ပွဲများစွာကို ကြုံတွေ့ဆင်နွှဲခဲ့ဖူးသော်လည်း ယခုလိုမြင်ကွင်းမျိုးကို ကြုံတွေ့ရဖို့ စိတ်ပင်မကူးဖူးချေ။ လက်သီးက အသွေးအသားတွေကို ဘယ်လိုတောင် ဖောက်ဝင်နိုင်ရတာလဲ။

ပကတိစဦးအဆင့် သိုင်းပညာရှင်က စာပေသမားတစ်ယောက် လှဲသိပ်တာကို ခံလိုက်ရပေပြီ။

မျက်မြင်ကိုယ်တွေ့သာ မဟုတ်လျှင် ဘယ်သူက ယုံကြည်နိုင်ပါ့မလဲ။

သတ်ဖြတ်ခြင်း!

ဆူဇီမိုသည် ကြောင်ငေးနေ၏။ တစ်ခါက တျဲယွဲ့ သည် သူ့ကို ခပ်ပေါ့ပေါ့ပုံစံနှင့် ပြောဖူးလေ၏ ‘’မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် ၁၂ပါးရဲ့ အန္တိမနတ်ဆိုးကျင့်ကြံနည်းစနစ်၏ ကိုယ်ဟန်လှုပ်ရှားကွက် အများစုက သတ်ဖြတ်ဖို့ ရည်ရွယ်.....’’

ထိုအရာများသည် သတ်ဖြတ်ခြင်း နည်းလမ်းများသာ။ ထိုနည်းလမ်းများကို သူသုံးလျှင် သူသတ်ဖြတ်မိပေလိမ့်မည်။

ယခုမှသာ ဆူဇီမိုသည် သူမ၏ စကားများကို နားလည်လာလေ၏။

ဆူဇီမို ငေးကြောင်နေတုန်း တစ်ယောက်က ဆူဇီမို၏ လည်ပင်းကို ဓါးတိုဖြင့် လှမ်းခုတ်လိုက်ပြီး နောက်တစ်ယောက်က သူ၏ နောက်ကျောကို ဓါးရှည်ဖြင့် လှမ်းထိုးလိုက်၏။

‘’ကလန်!ကလန်!’’

လူ့အသားကို ဓါးလက်နက် ဖောက်ဝင်သော အသံထွက်လာရမည့်အစား သတ္တုအချင်းချင်း ထိခတ်သည့် အသံသာ ထွက်ပေါ်လာလေ၏။

ဆူဇီမို၏လည်ပင်းပေါ်မှ ဓါးတိုသည် ပြန်ကန်ထွက်သွားပြီး သူ၏ကျောလည်ကို ထိုးလိုက်သော ဓါးရှည်သည် ကွေးညွှတ်သွား၏။

‘’ဟာ’’

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ဆူဇီမိုသည် သာလွန်အဆင့် ချပ်ဝတ်ကို ဝတ်ဆင်ထားလို့ သူ့နောက်ကျောကို လှမ်းထိုးလိုက်သောဓါးက အသားကို မဖောက်နိုင်တာ ဖြစ်နိုင်သေး၏။ သို့သော် သူ့လည်ပင်းကို ခုတ်လိုက်သောဓါးက ဘာကြောင့် ပြန်ကန်ထွက်လာရသည်လဲ။

ခန္ဓာကြံ့ခိုင် အသားပေး ကိုယ်ခံပညာလား။

ဘယ်လိုမျိုး ခန္ဓာကြံ့ခိုင် အသားပေး ကိုယ်ခံပညာက ဒီလောက်ထိ စွမ်းအားကြီးရတာလဲ။

ဓါးတိုနှင့် ဓါးရှည်သည် ဆူဇီမို၏ အရေပြားကို မဖောက်နိုင်သော်လည်း ထိုအားကြောင့် သူသည် အနောက်သို့ ယိုင်ဆုတ်သွားလေ၏။

အရေပြားမာကြောစေခြင်း အပိုင်းက ဓါးများ၏ ပြတ်ရှခြင်းကို တားဆီးပေးနိုင်သော်လည်း ထိုဓါးများမှ လာသော ခွန်အားကိုတော့ မတားဆီးနိုင်ပေ။ ဆူဇီမိုသည် သူ၏ ကျောလယ်နှင့် လည်ပင်းဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။ သူသည် အံကိုကြိတ်၍ နာကျင်မှုကို တောင့်ခံလိုက်၏။

‘’ငညစ်ကောင် မင်း..သေချင်နေတာပေါ့’’

ဆူဇီမိုသည် အော်ငေါက်လိုက်ပြီး ကောင်းကင်ထယ်သွားခြေလှမ်းကို သုံးကာ သူ့ဘယ်ဘက်မှလူဆီသို့ ပြေးဝင်ချသွားလေ၏။

ဘန်း!ဘန်း!

ဆူဇီမို ခြေလှမ်းလိုက်သောအခါ မြေပြင်တွင် ခင်းထားသော အလွန်မာကျောသော ကျောက်သားပြင်တွင် ကြီးမားသော ချိုင့်ခွက်များ ကျန်နေခဲ့ပြီး ကျောက်တုံး၊ကျောက်စရစ်ခဲများ ဖွားခနဲ စင်ထွက်လာသော မြင်ကွင်းသည် အလွန်တရာ ကြောက်စရာ ကောင်းလှလေသည်။

ထိုလူ၏ မျက်နှာအမူအယာသည် ပြောင်းလဲသွား၏။ မိုစုန့် မသေခင်နောက်ဆုံးအချိန်ကလေးအတွင်းမှာ ခံစားခဲ့ရသော ကြောက်ရွံ့တုန်လှုပ်မှုကို သူကောင်းကောင်းသိရှိသွားလေ၏။

ဆူဇီမိုသည် လုံးဝဖြုံလောက်စရာဖြစ်ပြီး လွန်စွာ ကြောက်စရာ ကောင်းလှလေသည်။

ဆူဇီမိုသည် ‌ရှေ့သို့ လှမ်းလာရုံမျှ ရှိသေးသည်။ သို့သော် သူ၏ ခြိမ်းခြောက်နိုင်စွမ်း အော်ရာက ထိုလူကို မွန်းကြပ်သွားစေ၏။

သူသည် နွားရိုင်းသားရဲ လရောင် ငေးမောအကြည့်ကို ပုံဖော်လိုက်ပြီး နောက်ပိုင်းစဦးအဆင့် သိုင်းပညာရှင်၏ ရင်အုပ်တွင် ဟောင်းလောင်းပေါက် နှစ်ခုပေါ်လာပြီး သူသည် နေရာမှာပင် သေသွားလေတော့၏။

ဆူဇီမိုသည် ဓါးလှံများကို ခုခံနိုင်စွမ်းရှိတာကို မြင်ရပြီးနောက် လူတိုင်းသည် သူ့ကို ဘယ်လို လှဲချရမလဲဆိုတာ မစဉ်းစားတတ်တော့ပေ။

ဆူဇီမိုသည် တစ်ဒင်္ဂအတွင်း လူနှစ်ယောက်ကို ဆက်တိုက် သတ်ဖြတ်ပြီးနောက် သွေးဆူလာလေ၏။ ပထမဖြစ်ပေါ်ခဲ့သော သူ၏ ကြောက်ရွံ့မှုနှင့် တောင့်တင်းမှုတို့သည် မရှိတော့ပေ။

‘’ပြီးတော့..မင်း..! ‘’

ဆူဇီမို၏ စူးရှသော အကြည့်က နောက်တစ်ယောက်အပေါ်သို့ ကျရောက်သွားလေ၏။

ထိုလူသည် ‌စောစောကလေးကပင် ဦးလေးကျန့်ကို ဘယ်လို ဒဏ်ရာ ရစေခဲ့ကြောင်း ထုတ်ဖော်ပြောကြားနေသူ ဖြစ်သည်။ ယခု ဆူဇီမို၏ စူးရဲသော အကြည့်က သူ့အပေါ်ကျ‌ရောက်လာချိန်တွင် သူ၏ နောက်ကျောသည် အေးစက်တောင့်တင်းသွားပြီး တစ်ကိုယ်လုံး ကျက်သီးမွှေးညှင်းများ ထလာလေ၏။

‘’အားလုံးပဲ.. ဘာမှမကြောက်ကြနဲ့..သူ့ရဲ့ ခန္ဓာကြံ့ခိုင် အသားပေး ကိုယ်ခံပညာက ဘယ်လောက် အားကောင်းကောင်း သူဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာက အကန့်အသတ်တော့ ရှိမှာပဲ..သူ့မှာ ပျော့ကွက် တစ်နေရာတော့ ရှိမှာပဲ..ငါတို့ အကုန်လုံး ဝိုင်းတိုက်ရင် သူဘယ်လောက် ခံနိုင်မှာမလို့လဲ’’ ထိုလူက အော်ပြောလိုက်လေ၏။

ခြံဝန်းထဲမှာရှိသော လူအားလုံးသည် အားလုံးအတူ ဝိုင်းတိုက်လျှင် သူ့ကို လှဲချနိုင်လိမ့်မည်ဟု ခံစားမိသော်လည်း သူတို့စိတ်ထဲတွင် ထိတ်လန့်နေသေး၏။ သူတို့သည် သူ၏ ဖြုံလောက်ဖွယ် အော်‌ရာအရှိန်အဝါကြောင့် ကြောက်ရွံ့နေကြပြီး ချက်ချင်း ဝိုင်းမတိုက်ကြသေးပေ။

ချပ်! ချပ်! ချပ်!

ဆူဇီမိုသည် ခြေသုံးလှမ်း လှမ်းပြီးနောက် စောစောက စကားပြောနေသော လူရှေ့သို့ ချက်ချင်း ရောက်သွားလေ၏။ သူသည် ဘာစကားမျှ ပြောမနေဘဲ နွားရိုင်းသားရဲ လရောင် ငေးမောခြင်း အကွက်ကို ပုံဖော်လိုက်၏။

ဆူဇီမိုသည် သိုင်းကွက် အနည်းငယ်သာ တတ်သည်ကို ထိုလူက တွေ့မြင်ထားပြီး ဖြစ်၏။

သူသည် ကောင်းကင်ထယ်သွားခြေလှမ်း၏ ကြောက်မက်ဖွယ်ခွန်အားကို စိုးထိတ်နေသော်လည်း သူသည် မြေပေါ်သို့ ဝပ်ချလိုက်ပြီး တိုက်ခိုက်မှုကို ‌ရှောင်တိမ်းလိုက်နိုင်၏။ သူသည် သူ၏ သိက္ခာတွေ၊ မာန်မာနတွေကို ထည့်တွက်မနေတော့ပဲ ပျင်းရိမြည်းလှိမ့်ကွက်ကို ပုံဖော်လိုက်လေ၏။

နွားရိုင်းသားရဲ လရောင်ငေးမောခြင်းက လူတစ်ယောက်၏ ခါးနှင့် ဝမ်းဗိုက်အထက်ပိုင်းကို တိုက်ခိုက်ဖို့သာ ရည်ရွယ်လေ၏။

ထိုလူ၏ တန်ပြန်အကွက်သည် ဆူဇီမို၏ လက်သီးချက်ကို ရှောင်နိုင်ခဲ့လေ၏။

ထိုသို့ဆိုလျှင်တောင် သူသည် ပြင်းထန်စူးရှသော သွေးရနံ့ကို ခံစားနေရပြီး သူ့တွင် ပြန်တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ပေ။

‘’ပြေးဟ! သူက ပြိုင်ဘက်ကင်းနေပြီ..!’’

ထိုလူသည် သူ၏ နွားရိုင်းလရောင် ငေးမောခြင်း အကွက်မှ ရုန်းထွက်နိုင်သွား၏။ ဆူဇီမိုသည် ကြမ်းပြင်ပေါ်မှ လှိမ့်ထွက်သွားသော သူ့ပြိုင်ဘက်ကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်သွားလေ၏။

ဤအရာသည် သူသိသမျှ လှုပ်ရှားပုံ နည်းလမ်းများသာ ဖြစ်သည်။

နွားရိုင်း လရောင် ငေးမောခြင်းကသာ သူ့ပြိုင်ဘက်ကို မသတ်နိုင်ဘူးဆိုလျှင် ဆူဇီမိုတွင် ထိုလူကို သတ်နိုင်သော အခြားနည်းလမ်း မရှိတော့ပေ။

ထိုအချိန်မှာပင် ဆူဇီမိုသည် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာပြီး သူ့ပြိုင်ဘက်ဆီသို့ ခြေလှမ်းကျဲကြီးဖြင့် ပြေးဝင်လိုက်လေ၏။

ပျင်းရိမြည်းလှိမ့်ကွက်သည် ဉာဏ်ကောင်းသော လှုပ်ရှားကွက် ဖြစ်‌ကောင်းဖြစ်ပေလိမ့်မည်။ ထိုအရာကို တိုက်ခိုက်ရင်း ရံဖန်ရံခါ အသုံးပြုလျှင် ထိရောက်မှု ရှိပေလိမ့်မည်။ သို့သော် ကြမ်းပြင်ပေါ်တွင် လှိမ့်၍ သွားခြင်းက သူ၏ ခြေထောက်ဖြင့် ပြေးသလောက် မြန်မည်တော့ မဟုတ်‌ပေ။

ဆူဇီမိုသည် မာန်သွင်းလိုက်ပြီး ထိုလူဆီကို အမှီပြေးလိုက်လေ၏။

ထိုလူသည် ဆူဇီမို၏ မာန်သွင်းဟိန်းသံကို ကြားလိုက်ပြီးနောက် သူတော့ ဒုက္ခရောက်ပြီဆိုတာ သိလိုက်ကာ အပေါ်သို့ မော့ကြည့်လိုက်လေ၏။

သူ၏မြင်ကွင်းကို လွင့်ပျံလာသော ကျောက်တုံး၊ ကျောက်စများက ပိတ်ကွယ်ထားလေ၏။ ချက်ချင်းပင် လွန်စွာကြီးမားပြင်းထန်သော အားတစ်ခုက သူ့ရင်ဝကို ပစ်ဆောင့်လာလေ၏။

ဘန်း!

နောက်တစ်ခဏမှာပင် ထိုလူသည် သူ့နောက်မှာရှိသော နံရံဆီသို့ ပစ်ဝင်သွားပြီး တစ်စက္ကန့်လောက်ကြာပြီးနောက် နံရံမှ ဖြည်းဖြည်းချင်း ကွာကျလာလေ၏။ သူ့ရင်အုပ်သည် ကျိုးပဲ့ ကြေမွနေပြီး ပွဲချင်းပြီး သေသွားခဲ့လေပြီ။

ဆူဇီမိုသည် အခြေအနေအရ ကောင်းကင်ထယ်သွားခြေလှမ်း၏ ခွန်အားသက်သက်ကိုသာ သုံးပြီး ထိုလူကို ပစ်ကန်လိုက်ခြင်း ဖြစ်လေ၏။

သတ်ဖြတ်ခြင်း နည်းစနစ်များ!

ကောင်းကင်ထယ်သွားခြေလှမ်းကလည်း သတ်ဖြတ်ခြင်း နည်းစနစ်သာ။

ဆူဇီမို ရောက်လာစတုန်းက လှောင်ပြောင်ခဲ့ကြသော ခြံဝန်းထဲမှ လူများသည် ဘာသံမျှ မထွက်ရဲကြတော့ပေ။ သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှုကို ဖော်ပြနေ၏။ လူတိုင်းသည် ဆူဇီမို၏ နောက်ထပ်ပစ်မှတ် ဖြစ်လာမည်ကို စိုးထိတ်ကာ နောက်သို့ တစ်ဖြည်းဖြည်းချင်း ဆုတ်သွားကြလေ၏။

ဆူဇီမိုသည် ဖြုံလောက်ဖွယ် ခွန်အားများကို ပြသခဲ့သောကြောင့် လူတိုင်း သူ့ကို ကြောက်လာသည်မှာ လက်ခံ၍ ရပေသည်။

ဆူဇီမို စတိုက်ခိုက်ချိန်ကစပြီး အခုအချိန်ထိကို ဆယ်မိနစ်လောက်သာ ကြာသေးသည်ဖြစ်သော်လည်း သူသည် ပကတိစဦးအဆင့် သိုင်းသမားနှစ်ယောက်နှင့် နောက်ပိုင်စဦးအဆင့် သိုင်းသမား တစ်ယောက်ကို သတ်ပြီးနှင့်ပြီ ဖြစ်သည်။

ဆူဇီမိုသည် လှောင်ရယ်လိုက်ပြီး ကြောက်ရွံ့စွာဖြင့် ဖြူဖတ်ဖြူရော် ဖြစ်နေပြီဖြစ်သော ရှမ်နန်ဘက်သို့ လှည့်ကာ လျှောက်လာလိုက်၏။

‘’မင်း..မင်း..ဘာလုပ်..မလို့လဲ..’’

ရှမ်နန်၏ အသံက တုန်ယင်နေ၏။ သူသည် လှည့်ပြေးချင်သော်လည်း သူ့ခြေထောက်များက ပျော့ခွေနေပေပြီ။

‘’ဒီနေ့ဖြစ်ခဲ့တာတွေက ဘယ်သူ့စိတ်ကူးလဲ..’’ ဆူဇီမိုသည် ရှမ်နန်ကို အပေါ်စီးကနေ မိုးကြည့်၍ တစ်လုံးချင်း ပီသစွာဖြင့် မေးခွန်းထုတ်လိုက်၏။

‘’အဲ့ဒါ..အဲဒါ...ငါလုပ်တာ မဟုတ်ရပါဘူး...’’

‘’အဲ့ဒါဆို ဘယ်သူလဲ..’’ ဆူဇီမိုသည် ဒေါသတကြီး ဟောက်လိုက်လေ၏။

ရှမ်နန်သည် တုန်ယင်နေပြီး ပင့်သက်ကို ရှိုက်လိုက်၏။ သူ၏ မျက်လုံးထဲတွင် မလိုတမာ မကျေမချမ်းပုံပေါ်လာပြီးနောက် သူသည် အံကိုကျိတ်၍ ပြောလိုက်လေ၏ ‘’မင်းငါ့ကို ဒဏ်ရာရအောင် လုပ်မယ်ဆိုရင် ဆူမိသားစုလဲ အကုန်သုတ်သင်ခံရမှာနော်!’’

‘’ဟမ့်!’’

ဆူဇီမို၏ မျက်နှာထားသည် တင်းသွား၏။ သူသည် မျက်လုံးကို မှေး၍ ‘’မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား’’ ဟု ပြောလိုက်လေ၏။

ဆူဇီမိုသည် အခုလေးတင် သူ၏ သတ်ဖြတ်လိုစိတ်ကို မျိုသိပ်ထားရုံ ရှိသေးသည် ယခုတစ်ဖန် သူ၏ သတ်ချင်ဖြတ်ချင်စိတ်က နိုးထလာလေ၏။

ထိုအချိန်မှာပင် ရှမ်မိသားစု၏ အတွင်းခန်းမဆောင်ထဲမှ ခြောက်ခြား ပူဆွေးဖွယ်ကောင်းသော အသံတစ်သံက ထွက်ပေါ်လာလေ၏။

‘’ဂျူနီယာတစ်ယောက်ကများ ဒီနေရာလာပြီး တော်တော်ဇောင်းကြွနေတယ်ပေါ့.. ဟုတ်လား.. မင်းကတော့ သေချင်နေပြီထင်တယ်..’’

All Chapters