မူလအဆင့် ပညာရှင်
Vol. 1 Ch. 7
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း(၇) မူလအဆင့် ပညာရှင်
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
ထိုအသံသည် ပဲ့တင်ထပ် ထွက်ပေါ်နေဆဲဖြစ်ပြီး တစ္ဆေတစ်ကောင်လို လျှင်မြန်သော ပုံရိပ်တစ်ခုက သူရှေ့တွင် ဘွားကနဲ ပေါ်လာလေ၏။
ဆူဇီမိုသည် သေချာ ကြည့်လိုက်၏။ သူသည် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး လင်းယုန်လို စူးရှသော မျက်လုံးနှစ်ဖက်က စူးရဲ တောက်ပနေ၏။
ဆူဇီမိုသည် တုန်လှုပ်သွား၏။
ထိုသက်လတ်ပိုင်းရွယ်လူ၏ လှုပ်ရှားပုံနည်းစနစ်နှင့် အော်ရာသည် ခြံဝန်းထဲရှိ လူအားလုံးထက် သာလွန်နေလေ၏။
မူလအဆင့် ကျွမ်းကျင် သိုင်းပညာရှင်!
သက်လတ်ပိုင်းရွယ်လူသည် သူ၏လက်ကို ကျောနောက်တွင် ကပ်လိုက်၏။ သူသည် ရုတ်တရက် သူ၏ လက်ကို ဆန့်ထုတ်လိုက်သောအခါ ဝျှစ်ကနဲ ဓါးမြည်သံက ကပ်ပါလာလေ၏။
အေးစက်သော ဓါးရှည်က ဆူဇီမို၏ မျက်နှာဆီသို့ ထိုးစိုက်လာလေ၏။ ဓါးဖျားသည် အဆိပ်ပြင်း မြွေတစ်ကောင်လို အလိုက်သင့် လွန့်လူးနေပြီး ကျာပွတ်သံလို ထွက်ပေါ်နေကာ လွန်စွာ လန့်ချင်စရာ ကောင်းနေလေ၏။
ဓါးသည် သူ့ထံသို့ မရောက်သေးသော်လည်း ဓါးခွဲလေက သူ့မျက်နှာကို ရိုက်ခတ်လာ၏။ ဆူဇီမိုသည် သူ့မျက်နှာမှ အနည်းငယ် စပ်ဖျင်းဖျင်း နာကျင်မှုကို ခံစားရလေ၏။
လက်ရှိ သူ့အရေပြား၏ မာကျော ကြံ့ခိုင်မှုသည် ဤဓါးကို ရပ်တန့်နိုင်လိမ့်မည်မဟုတ် ဆိုတာကို ဆူဇီမို နားလည်လိုက်၏။
မူလအဆင့် ပညာရှင်၏ စွမ်းအားသည် သူ့အသက်ကို အမှန်တစ်ကယ် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။
မည်သို့ပင်ဆိုစေ ဆူဇီမိုတွင် တိုက်ခိုက်ခြင်း အတွေ့အကြုံက လွန်စွာနည်းလွန်းလှလေသည်။ ယခုသူသည် တုံ့ပြန်မှု အနည်းငယ်နောက်ကျသွားပြီး သူ့ဘက်က ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေး မရှိတော့ပေ။
ဆူဇီမိုသည် ယခုဝင်လာသောဓါးကို နွားရိုင်းလရောင် ငေးမောခြင်းနှင့် ခုခံလျှင်ပင် သူမခုခံနိုင်သေးခင်မှာပင် ဓါးက သူ့ဦးခေါင်းကို ထိုးဖောက်ပြီးသား ဖြစ်နေပေလိမ့်မည်။
နောက်ဆုတ်!
` ဆူဇီမိုသည် ဘာမှ စဉ်းစားမနေပေ။ သူသည် ကောင်းကင်ထယ်သွားခြေလှမ်းကို သုံးပြီး အနောက်သို့ လျှင်မြန်စွာ ဆုတ်လိုက်လေ၏။
‘’ဟမ့်’’
သက်လတ်ပိုင်းရွယ်လူသည် အရှိန်မြှင့်၍ ဆူဇီမို၏ ညာဘက်မှ ထပ်ကြပ်မကွာ လိုက်ပါလာရင်း ကျယ်လောင်စွာ လှောင်ရယ်လိုက်၏။ ဆူဇီမိုသည် သူ့ဓါးကွက်အောက်မှ လွတ်သွားစရာ အကြောင်းမရှိပေ။ ဓါးဖျားက ဆူဇီမိုသည် မျက်နှာတစ်ဝိုက်နား ကပ်လျက်လိုက်ပါနေဆဲ ဖြစ်၏။
လက်ရှိအခြေအနေက ဆူဇီမိုအတွက် လွန်စွာ အန္တရာယ်များလှလေသည်။
ဆူဇီမိုသည် သူ့ရှေ့မှ တစ်ဖျတ်ဖျတ်လက်နေသော ဓါးကိုသာ အာရုံစိုက်ကြည့်နေရ၏။ သူမျက်လုံးက နာကျင်လာပြီး မျက်ရည်များပင် ကျလာလေ၏။
ထိုအချိန်တွင် သက်လတ်ပိုင်းရွယ်လူ၏ မျက်လုံးထဲတွင် အကောက်ကြံတော့မည် အရိပ်အယောင်က ပေါ်လာ၏။
‘’အိုး..သွားပြီ..ငါ့နောက်မှာ နံရံပဲ ရှိတော့တယ်ဟ’’
ဆူဇီမိုသည် ရင်ထဲမှာ နင့်သွား၏။
ရှမ်မိသားစု၏ ခြံဝန်းသည် ကျယ်ဝန်းလှသော်လည်း အကန့်အသတ် မရှိတာတော့ မဟုတ်ပေ။ နှစ်ဖက်စလုံးသည် မျက်စိတစ်မှိတ်အတွင်း သာလွန်အမြန်နှုန်းများဖြင့် ဆုတ်ချည် လိုက်ချည် လုပ်နေကြတာဖြစ်ပြီး နောက်ဆုံး ဆူဇီမိုသည် နံရံအနားထိ ရောက်သွားခဲ့၏။
အဲ့ဒီမှာ ထပ်ဆုတ်စရာ နေရာ မရှိတော့ပေ။
ဆူဇီမိုသည် နံရံကို ခွန်အားသုံး ဖြိုချချင်လျှင်တောင် သူသည် အချိန်တစ်ခဏတော့ ယူရပေဦးမည်။
ထိုအချိန်တစ်ခဏအတွင်း သက်လတ်ပိုင်းရွယ်လူသည် ဆူဇီမို၏ အသက်ကို နုတ်ယူနိုင်စွမ်း ရှိပေသည်။
‘’ရပ်လိုက်!’’
ထိုအချိန်တွင် တံခါးဘက်ဆီမှ သံမဏိဆေဘာဓါးကို ကိုင်ထားသော လူတစ်ယောက် ရုတ်တရတ် ဝင်ချလာလေ၏။
‘’ဦးလေးလျှိုပဲ’’
ဆူဇီမိုသည် ကျဉ်းထဲကြပ်ထဲရောက်နေပြီး ရောက်လာသောသူကို လှည့်ပင်မကြည့်နိုင်သော်လည်း အသံကို ကြားတာနှင့်ပင် ဘယ်သူဆိုတာ သူသိလိုက်၏။
သက်လတ်ပိုင်းရွယ်လူက တစ်ချက်လှည့်ကြည့်ပြီးနောက် လှောင်ရယ်လိုက်၏။
လျှိုယုက ပကတိ စဦးအဆင့် သိုင်းပညာရှင်သာလျှင် ဖြစ်လေသည်။ သူသည် မူလအဆင့် ပညာရှင် ဖြစ်နေလျှင်တောင် ဆူဇီမိုကို ကယ်နိုင်လိမ့်မည် မဟုတ်ပေ။
ယခုအခါ ဓါးရှည်နှင့် ဆူဇီမိုသည် လွန်စွာ နီးကပ်နေပြီ ဖြစ်လေသည်။
‘’နောက်ကျသွားပြီ..သူက သေချာပေါက် သေမှာပဲ!’’
သက်လတ်ပိုင်းလူရွယ်လူက မထီမဲ့မြင် အော်ပြောလိုက်၏။ သူသည် သူ၏ဓါးနှင့်အတူ ရှေ့သို့ ခုန်တက်လိုက်ရင်း သူ၏ အမူအယာက အေးစက်နေလေ၏။
သေခြင်းရှင်ခြင်း အဆုံးအဖြတ် အချိန်မှာပင် ဆူဇီမိုက ရုတ်တရတ် လွန်စွာ တည်ငြိမ်သွားပြီး သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် စိုးစင်းမျှ မရှိပေ။ သူသည် မမျှော်လင့်စွာ တည်ငြိမ်သွားပြီးနောက် သူ၏ အာရုံခံစိတ်က ပုံမှန်ထက် ပိုမို စူးရှပြတ်သားလာလေ၏။
ဆူဇီမိုသည် သူ့အသက်ရှင်သန်ရေးအတွက် သူ့ကိုယ်သူသာ အားကိုးရမည်ကို ကောင်းစွာ သိထားလေ၏။
ဆူဇီမိုသည် တိုးဝင်လာသော ဓါးကို မျက်နှာမူပြီး မျက်လုံးကို မှိတ်ချလိုက်ပြီးနောက် ကျင့်ကြံရေးကွင်းထဲမှာတုန်းက စားကျက်မြေတွင် နွားမြက်စားနေသော မြင်ကွင်းသည် သူ့အာရုံထဲတွင် ဖျတ်ကနဲ ပေါ်လာလေ၏။
ဆူဇီမိုသည် သူ၏ လက်ကို အလိုအလျောက် မြှောက်လိုက်ပြီး သူ့ထံသို့ တိုးဝင်လာသော ဓါး၏ ကိုယ်ထည်ပေါ်သို့ တင်လိုက်၏။
ရစ်ပတ်..ထိတွေ့..ဆွဲ
နွားရိုင်းသားရဲ ကိုယ်ဟန်သုံးသွယ်ထဲက အစွမ်းအထက်ဆုံးဖြစ်တဲ့ နွားရိုင်းသားရဲ လျှာဆေဘာ!
ဖောက်!
ရှမ်မိသားစု၏ အိမ်တော် ခြံဝန်းထဲတွင် ကြွပ်ဆတ်ဆတ် အသံတစ်ခုက ပဲတင့်ထပ်ဟိန်းသွား၏။
ထို့နောက် လူတိုင်းသည် နေရာမှာပင် ငူငူကြီး ရပ်နေမိကြ၏။ သူတို့၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးခြင်းတွေ၊ သံသယတွေ နဲ့ မယုံကြည်နိုင်မှုတွေက အထင်းသား ပေါ်နေလေ၏။
သက်လတ်ပိုင်းရွယ်လူ၏ လက်ထဲကဓါးသည် အပိုင်းပိုင်း ကျိုးပဲ့သွားပြီး မြေပေါ်သို့ ပြန်ကျဲကျသွား၏။ သူ၏လက်ထဲတွင် ဓါးရိုးသာ ကျန်ခဲ့လေ၏။ သက်လတ်ပိုင်းရွယ်လူသည် သူနှင့် မလှမ်းမကမ်းတွင် ရှိနေသော ဆူဇီမိုကို ကြည့်ရင်း ပါးစပ်အဟောင်းသား၊ မျက်လုံးအဝိုင်းသား ဖြစ်နေလေ၏။ သူသည် ရှေ့သို့ ဆက်မလိုက်ရဲတော့ဘဲ အနောက်သို့ပင် ပြန်ဆုတ်လိုက်လေ၏။
ဆူဇီမိုသည် အနည်းငယ် ပင်ပန်းနေဟန်ဖြင့် သူ့မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ ပုံစံသည် အနည်းငယ် ဝေခွဲမရဖြစ်နေဟန်တူ၏။
သူအသက်ရှင်နေသေးတာလား...
စောစောလေးကပင် ဆူဇီမိုသည် သူ့ကိုယ်သူ သေလူအဖြစ် သတ်မှတ်ထားပြီး ဖြစ်၏။
‘’လာ..မြန်မြန်...သွားကြမယ်..’’
ထိုအချိန်မှာပင် ဆူဇီမိုသည် လျှိုယု၏ အသံကို ကြားလိုက်ရ၏။ လျှိုယုသည် သူ့လက်ကိုဆွဲကာ ရှမ်မိသားစု၏ အိမ်အပြင်သို့ ပြေးထွက်လိုက်လေ၏။
ရှမ်မိသားစု၏ အိမ်တော်မှ လူများသာမဟုတ် ဆူဇီမိုကိုယ်တိုင်ပင် သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်နေ၏။ သူသည် စိတ်ရှုပ်ထွေးနေပြီး မသိလိုက်မသိဖာသာနှင့်ပင် လျှိုယုနှင့်အတူ ကပ်လျက်လိုက်ပါသွားလေ၏။
လမ်းတွင် လျှိုယုသည် ဆူဇီမိုကို တောက်လျှောက် ကြည့်နေလေ၏။
ဒီ့အရင် ခပ်စောစောက ဆူဇီမို ဆူမိသားစုအိမ်တော်မှ ထွက်သွားပြီးနောက် ဦးလေးကျန့်က ဒုတိယသခင်လေး ပုံစံကို ကြည့်ရတာ တစ်မျိုးဖြစ်နေတယ်ဟု သူ့ကို ပြောခဲ့၏။ ဦးလေးကျန့်သည် ဆူဇီမို ရှမ်မိသားစုအိမ်သို့သွားကာ အကြောင်းပြချက် သွားတောင်းမှာကို စိုးသောကြောင့် ဒုတိယသခင်လေးနောက်သို့ လိုက်သွားပြီး ကာကွယ်ပေးရန် သူ့ကို အမိန့်ပေးခဲ့လေ၏။
ရှမ်မိသားစုအိမ်သို့ သူရောက်သွားသည့်အချိန်တွင် သက်လတ်ပိုင်းရွယ်လူက ဆူဇီမိုကို တိုက်ခိုက်နှင့်နေပြီ။
လျှိုယု၏ အမြင်သည် စူးရှပြီး ထိုလူက မူလအဆင့်ပညာရှင် ဆိုတာ သူပြောနိုင်လေ၏။
ဆူဇီမိုလို ခပ်ပျော့ပျော့ စာပေသမားက မူလအဆင့်ပညာရှင်ကို ဘယ်လို ရန်သွားစလိုက်လဲ သူမစဉ်းစားတတ်ချေ။ အခြေအနေက သေရေးရှင်ရေး ဖြစ်နေပြီး သူ့မှာ စဉ်းစားဖို့လဲ မချိန်မရှိပေ။ ပထမဆုံး သူလုပ်ရမည်မှာ ဆူဇီမို ဘေးကင်းနိုင်ဖို့ ဖြစ်လေသည်။
သို့သော်လည်း လျှိုယုသည် သူမြင်ခဲ့တာတွေကို ပြန်စဉ်းစားရင်း ပိုမို တုန်လှုပ်လာလေ၏။
လျှိုယုသည် ဆူဇီမို၏ လက်ဖဝါးကို သေသေချာချာ စိုက်ကြည့်နေလိုက်၏။ သူ့တွင် သံသယများနှင့် သိချင်တာတွေ အများကြီး ရှိနေလေသည်။ ‘’ဒုတိယသခင်လေးက သူ့လက်မှာ လက်အိတ်ပုံစံချပ်ဝတ်ကို စွပ်ထားတာများလား..အဲ့လိုဆိုရင်တောင် မူလအဆင့်ပညာရှင်တစ်ယောက်ရဲ့ လက်ထဲကဓါးကို အပိုင်းပိုင်း ကြေမွသွားအောင်ဆိုတာ..တော်တော်လေးကို...’’
သူ့ကိုထပ်ပြီး စဉ်းစားရခက်စေတာက ဆူဇီမိုက သိုင်းပညာလေ့ကျင့်ခဲ့သည်ကိုလဲ သူတစ်ခါမျှ မတွေ့ဖူးပေ။ အခု သူ့ပုံစံက အရင်ကထက်တောင် ပိန်ပါးနေသေးသည်သာ။
‘’တစ်ခုခုတော့ တစ်ခုခုပဲ..’’
လျှိုယုသည် ဆူဇီမိုကို အနည်းငယ် စမ်းသပ်ကြည့်ရန် စိတ်ကူးပေါ်လာလေသည်။ သူသည် ဆူဇီမိုကို ဆွဲထားသောလက်ကို လွှတ်လိုက်ပြီး သူ့၏ အမြန်နှုန်းကို တင်လိုက်လေ၏။
ဆူဇီမိုသည် သူ၏ အတွေးများထဲတွင် နစ်မြောနေပြီး လက်ရှိအခြေအနေကို မေ့လျော့နေကာ သူသည် လျှိုယု၏ နောက်မှ ထပ်ကြပ်မကွာ အလိုအလျောက် လိုက်ပါလာလေ၏။
လျှိုယုနှင့် ဆူဇီမိုသည် ဆူမိသားစုအိမ်သို့ များမကြာမီ ရောက်ရှိသွားလေ၏။
လျှိုယုသည် နဖူးတွင် ချွေးစက်များ သီးနေပြီး သူ၏ အသက်ရှူသံက ပြင်းထန်နေကာ သူ့မျက်လုံးထဲမှ အံအားသင့်မှုကို အထင်းသား မြင်နေရလေ၏။
သူသည် အပြန်လမ်းတွင် သူ၏အမြန်နှုန်းကို သုံးကြိမ်ဆက်တိုက် အရှိန်တင်ခဲ့၏။ နောက်ဆုံး သူတတ်နိုင်သမျှ အမြန်ဆုံး အကန့်အသတ်သို့ ရောက်ရှိခဲ့တာတောင် ဆူဇီမိုက သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာနိုင်ဆဲ ဖြစ်၏။
သူ့ကို ပိုပြီး အံ့သြထိတ်လန့်စေတာက ဆူဇီမို၏ အသက်ရှူသံက ပုံမှန်အတိုင်း ရှိနေပြီး အနည်းငယ် မောပန်းနေပုံပင် မရပေ။
နောက်ဆုံး ဆူမိသားစုအိမ်တော်သို့ ပြန်ရောက်မှပင် ဆူဇီမိုသည် သူ့အတွေးများထဲမှ နိုးထလာလေ၏။
တစ်ကယ်တမ်းတော့ ဆူဇီမိုကိုယ်တိုင်လဲ သူ့ကိုယ်သူ အခြားသူတွေလို အံအားသင့်နေမိ၏။
ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် ၁၂ပါး၏ လျှို့ဝှက်နက်နဲ ဂန္တဝင် ပညာရပ်က သာမန်ထက် ထူးခြားအဆင့်မြင့်သည်ကို သိထားသော်လည်း သူသည် သုံးလလောက်လေ့ကျင့်ရုံမျှနှင့် ဤလောက် ခွန်အားကြီးလာမည်ဟုတော့ မထင်ထားပေ။
ဆူဇီမိုသည် သူ၏ လက်ဝါးကို ကြည့်လိုက်၏။
လက်ဝါးတွင် ဘာဒဏ်ရာမျှ မရှိ။
ငါလုပ်နိုင်သွားပြီ!
ဆူဇီမိုသည် နွားရိုင်းသားရဲ လျှာဆေဘာ လှုပ်ရှားပုံအကွက်ကို စောစောက သေခြင်းရှင်ခြင်း အကြပ်အတည်းကာလ၌ အောင်မြင်စွာ ပုံဖော်နိုင်ခဲ့လေပြီ။
ဆူဇီမိုသည် ထိုအကြောင်းကို တျဲယွဲ့ကို ပြန်ကြွားရမည်ဟု တွေးကာ ပီတိဖြာနေလေတော့၏။
ထို့နောက် ဆူဇီမိုသည် တစ်ခုခု မူမမှန်သည်ဟု ခံစားရ၍ မော့ကြည့်လိုက်သောအခါ လျှိုယုက တစ်မူထူးခြားစွာဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
‘’ဘာလို့လဲ ဦးလေးလျှို’’ ဆူဇီမိုက မေးလိုက်၏။
လျှိုယုက အသံကိုနိမ့်ကာ ပြောလိုက်၏ ‘’ဘာမှ မဟုတ်ပါဘူး..ဒီတိုင်းပဲနေပါ..သခင်လေး အခန်းထဲမှာ ပြန်နားနေလိုက်လေ..ကျတော် ပြီးမှ လာခေါ်တော့မယ်..’’
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
လျှိုယုသည် ဆူဇီမိုကို လိုက်ပို့ပြီးနောက် ဦးလေးကျန့်၏ အခန်းသို့ တန်းသွားလိုက်ကာ ရှမ်မိသားစုအိမ်တော်တွင် သူမြင်ခဲ့ရသမျှ အရာအားလုံးကို ပြောပြလိုက်လေ၏။
အခန်းထဲရှိ လူတိုင်း အံအားသင့်သွားကြလေ၏။
ယခု သူတို့ကို ပြောပြနေသောသူသည် လျှိုယုသာ မဟုတ်လျှင် သူတို့ထဲက ဘယ်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။
‘’ဒုတိယသခင်လေးက မူလအဆင့် ပညာရှင်များ ဖြစ်နေမလား..’’ ယုချီဟိုက ရေရွတ်လိုက်၏။
လျှိုယုက ခေါင်းခါလိုက်၏။ ‘’မဖြစ်နိုင်ဘူး..လူတွေက သိုင်းစလေ့ကျင့်ပြီဆိုတာနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံက သိသိသာသာ ပြောင်းလဲသွားကြတယ်..သူတို့ရဲ့နားသယ်က ကားလာပြီး ခြေဆစ်လက်ဆစ်တွေက ကြီးလာရမယ်။ နောက်ပြီး လက်တွေက အသားမာတက်ပြီး ခန္ဓာကိုယ်ကလဲ သန်မာထွားကြိုင်းလာရမယ်..ဒါပေမယ့် ဒုတိယသခင်လေးဆီမှာ အဲ့လိုပြောင်းလဲမှုမျိုး တစ်ခုမှ မတွေ့ရဘူး..သူ့လက်ကလေးတွေက သေးသွယ်ပြီး ဘာအသားမာမှလဲ မရှိဘူး..သူ့လက်တွေက လက်နက်တစ်ခုခုကိုတောင် ကိုင်ခဲ့ဖူးပုံ မပေါ်ဘူး..’’
ဦးလေးကျန့်က ဝင်ပြောလိုက်၏ ‘’ဒုတိယသခင်လေးက တစ်ချိန်လုံး စာပေတွေပဲ လေ့လာနေတာကို သူ့မှာ ဘယ်လိုလုပ် သိုင်းလေ့ကျင့်ချိန် ရှိမှာလဲ..သူလေ့ကျင်ခဲ့ရင်တောင် ငါတို့ သိရမှာပဲ..နောက်ပြီး လူတစ်ယောက်က မူလအဆင့်ကို ရောက်ဖို့ဆိုရင် ဆယ်နှစ်လောက်တော့ လေ့ကျင့်ရမှာပဲ..ဒုတိယသခင်လေးအသက်က ငယ်ငယ်ပဲ ရှိသေးတာမဟုတ်လား..’’
လျှိုယုက စဉ်းစားလိုက်ပြီး ပြောလိုက်လေ၏ ‘’ငါတို့ ပြန်လာတုန်းက ဒုတိယသခင်လေးကို ငါသက်သက် စမ်းသပ်ကြည့်ခဲ့သေးတယ်..ငါသေချာပြောနိုင်တာ တစ်ခုကတော့ ဒုတိယသခင်လေးရဲ့ ရွေ့လျားမှု နည်းစနစ်က ငါထက် ပိုမြန်တယ်ဆိုတာပဲ’’
‘’အာ’’
လူတိုင်း အံအားသင့်သွားကြ၏။
ဆူမိသားစု၏ အစောင့်အရှောက်ခေါင်းဆောင် တစ်ယောက်အနေဖြင့် လျှိုယုသည် ရွေ့လျားမှု နည်းစနစ်များနှင့် ပတ်သတ်ပြီး နောကျေမနေလျှင်တောင် သူ၏ အမြန်နှုန်းသည် ထိပ်ဆုံးဆယ်ယောက် စာရင်းထဲကို ဝင်လေသည်။
ဦးလေးကျန့်က မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏ ‘’ဒုတိယသခင်လေးက ထိပ်တန်းအဆင့် ကိုယ်ဖော့ပညာကို လေ့ကျင့်ထားတာများလား။’’
သိုင်းလောကတွင် ‘’ဖားပြုတ်ဖမ်း ခြေရှစ်လှမ်း’’တို့မျိုး ထူးခြားအဆင့်မြင့်လှသည့် ကိုယ်ဖော့ပညာရပ်များ ရှိလေသည်။ ထိုပညာများကို လေ့ကျင့်လိုက်လျှင် ထိုသူသည် ပျံလွှားတစ်ကောင်ကဲ့သို့ ပေါ့ပါးသွားပြီး ရွေ့လျားမှု အမြန်နှုန်းကလဲ အခြားသူများထက် သိသိသာသာ သာလွန်နေပေလိမ့်မည်။
‘’မဟုတ်လောက်ပါဘူး’’ လျှိုယုက ခေါင်းခါ ပြောလိုက်၏ ‘’ဒုတိယသခင်လေးက ဘာသိုင်းပညာမှ မသုံးဘဲနဲ့ကို ငါ့နောက်ကနေ လိုက်လာတာ..သူ ဘာအကွက်မှ သုံးတာလဲ မတွေ့ရပါဘူး။’’
လူတိုင်း စဉ်းစားရ ကြပ်သွားကြ၏။
‘’အဲ့ဒါက သိပ်တော့ အဓိပ္ပါယ်မရှိဘူး..မူလအဆင့်ပညာရှင် တစ်ယောက်က ဘာလို့ ဒုတိယသခင်လေးကို တိုက်ခိုက်ရတာလဲ..အဲ့ဒါက သူ့ကို ဂုဏ်သိက္ခာကျစေတယ် မဟုတ်ဘူးလား’’ ဦးလေးကျန့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
ဦးလေးကျန့်ပြောချင်တာက အဲ့ဒီလူက ဆူဇီမိုကို သတ်ချင်ရင် အခြားသိုင်းသမားတစ်ယောက်ကို ခိုင်းလိုက်ရင် ရနေပြီလေ..မူလအဆင့် ပညာရှင် တစ်ယောက်အနေနဲ့ သူကိုယ်တိုင် တိုက်ခိုက်ဖို့လိုလို့လား။
တစ်ကယ်တော့ လျှိုယုသည် အဲ့ဒီကို တော်တော်နောက်ကျမှ ရောက်သွားတာဖြစ်ပြီး ဆူဇီမိုက လူသုံးယောက်ကို ဆက်တိုက်သတ်ပစ်လိုက်တာကို သူမမြင်လိုက်ရပေ။
အဲ့ဒီကို သူရောက်ခဲ့သောအချိန်တွင် ဆူဇီမိုသည် အသက်အန္တရာယ်ဘေးနှင့် ကြုံတွေ့နေရတာဖြစ်ပြီး သူသည် ပတ်ဝန်းကျင်ကိုပင် ကောင်းကောင်းကြည့်ချိန်မရဘဲ ဆူဇီမိုကိုခေါ်ကာ ရှမ်မိသားစုအိမ်မှ ထွက်ပြေးလာခဲ့တာ ဖြစ်သည်။
ဝိညာဉ်နုတ် ဓါးသမား ထန်မင်ကျွင်းသည် ဆူဇီမိုကို တိုက်ခိုက်ချင်လို့ တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ မလွှဲမရှောင်သာ အခြေအနေကြောင့် ထိုသို့လုပ်ဖို့ တွန်းအားပေးခံခဲ့ရသည်ဆိုတာကို ယခုသည်မှာရှိနေကြသော မည်သူမျှ မသိကြပေ။
‘’အိုး..မဟုတ်သေးပါဘူး’’
ထိုအချိန်တွင် ဆူမိသားစုအစောင့်တစ်ယောက်သည် ထိတ်လန့်ကြောက်ရွံ့နေဟန်ဖြင့် တံခါးကို တွန်းဖွင့်ဝင်လာပြီး ‘’အပြင်မှာ လူတွေ အများကြီးပဲ..သူတို့ပုံစံက တော်တော်ရန်လိုနေပြီးတော့ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း လျော်ကြေးတောင်းဖို့ ဒုတိယသခင်လေးကို ထုတ်ပေးဖို့ ပြောနေကြတယ်’’ ဟု အမောတကော ပြောလိုက်လေ၏။
‘’ဘာလို့ ကြောက်နေတာလဲ..သူတို့က ဘယ်သူတွေမို့လဲ’’ လျှိုယုက လေးနက်သောအသံဖြင့် မေးလိုက်၏။
‘’သူတို့က ဇောင်မိသားစုနဲ့ လီမိသားစုက လူတွေပဲ..ရှမ်မိသားစုက ရှမ်နန်ကလဲ သူ့လူတွေ အများကြီး ခေါပြီး ပါလာတယ်..’’ ဆူမိသားစုအစောင့်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရပြီးမှ ပြန်ဖြေလိုက်လေ၏။
‘’အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းတဲ့လား’’
ဦးလေးကျန့်က ညင်သာစွာ ရေရွတ်လိုက်၏။
လျှိုယု ပြောပုံအရဆိုလျှင် ဆူဇီမိုသည် ရှမ်မိသားစုမှ မည်သူကိုမျှ သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ ဒါဆို သူတို့က ဘာလို့ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း လျော်ကြေးတောင်းချင်နေရတာလဲ။
‘’ချေးပဲ..ဒါသက်သက် ရန်လာစတာပဲ..ဒုတိယသခင်လေးက ဘယ်လိုလုပ် လူသတ်နိုင်မှာလဲ..အဲ့ကောင်တွေ ငါနဲ့တွေ့မယ်’’ ယုချီဟိုက ပြောရင်း စိတ်တိုလာပြီး အပြင်သို့ ပြေးထွက်သွားလေ၏။
‘’ခဏနေဦး’’
ဦးလေးကျန့်က လေသံပျော့လေးဖြင့် ‘’ငါ့ကို အပြင်ကူထုတ်ပေး’’ ဟု ချောင်းဆိုးရင်း ပြောလိုက်၏။
‘’Mr ကျန့်..သင်အပြင်ကို ထွက်လို့ မရဘူးလေ..ဒဏ်ရာတွေက ပိုဆိုးလာမှာပေါ့’’ လျှိုယုက အလျင်အမြန် ဝင်တားလိုက်လေ၏။
ဦးလေးကျန့်က ခေါင်းခါလိုက်၏။ သူသည် တည်ကြည်ခိုင်မာသော လေသံဖြင့် ‘’အခု လာတဲ့သူတွေက ပြဿနာရှာဖို့ ရောက်လာကြတာ..သခင်လေးကလဲ မရှိဘူးဆိုတော့..ဘာပဲဖြစ်ဖြစ် ငါတစ်ချက်တော့ သွားကြည့်ရမှာပဲ’’ ဟု ပြတ်သားစွာ ပြောလိုက်လေ၏။
ဆူမိသားစုမှ လူအချို့သည် အပြင်သို့ ထွက်ကြည့်လိုက်ကြပြီးနောက် ရင်ထဲမှာ နင့်သွားကြလေ၏။
အိမ်အပြင်ဘက်၌ လူပေါင်း လေးငါးရာလောက် ရှိနေပြီး သူတို့အားလုံးသည် ရန်လိုနေကြကာ သူတို့ထဲမှ အများစုမှာ စဦးအဆင့် သိုင်းသမားများ ဖြစ်ကြလေ၏။ သူတို့ထဲမှ သုံးယောက်ကတော့ အစောပိုင်း မူလအဆင့် ပညာရှင်များဖြစ်ပြီး ထိုသုံးယောက်ထဲတွင် ထန်မင်ကျွင်းလဲ ပါလေ၏။
ဆူမိသားစု၏ လူအင်အားနှင့် လုပ်နိုင်စွမ်းအရဆိုလျှင် သူတို့သည် ဤပြဿနာကို ကောင်းကောင်းကိုင်တွယ် မဖြေရှင်းနိုင်ပါက သူတို့အားလုံး အသတ်ခံရတာပင် ဖြစ်နိုင်လေသည်။