← Chapters

ဆူဟုန်

Vol. 1 Ch. 8

ဆူဟုန်

Vol. 1 Ch. 8

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း(၈) ဆူဟုန်

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

‘’သခင်လေးဇောင်ရဲ့နောက်က သိုင်းဝတ်စုံဝတ်ထားတဲ့ ဗလတောင့်တောင့်နဲ့ကောင်က အလယ်အလတ်-မူလအဆင့် ပညာရှင် ဖြစ်လိမ့်မယ်...အားလုံးပဲ..တတ်နိုင်သမျှ သည်းခံကြရမယ်..ပြဿနာတက်အောင် မလုပ်ကြနဲ့..ငါတို့ သခင်လေး(ဆူဟုန်) ပြန်လာတဲ့အထိ စောင့်မှရမယ်’’ ဦးလေးကျန့်က တီးတိုးပြောလိုက်၏။

ဆူမိသားစုမှ လူအားလုံး အံအားသင့်သွားကြ၏။

အလယ်အလတ်-မူလအဆင့် ပညာရှင်!

လျှိုယုက ခပ်တိုးတိုး ပြောလိုက်၏ ‘’ဒီလူကို ငါအရင်က မမြင်ဖူးပါဘူး..ဒီငနဲက ပင်ယန်းမြို့က မဟုတ်‌လောက်ဘူး..အားလုံးပဲ သတိထားကြ။’’

‘’ဘယ်မှာလဲ ဆူဇီမို..သူ့ကို အခု ထုတ်ပေးစမ်း’’ ရှမ်နန်သည် သူ၏ရောင်ကိုင်းနေသော မျက်နှာကို အုပ်ထားပြီး ဒေါသတကြီး အော်ပြောလိုက်၏။

လျှိုယုသည် ရှေ့သို့ လှမ်းထွက်လိုက်၏။ သူသည် လက်သီးနှင့် လက်ဝါးကို ထိလိုက်ကာ တည်ကြည်သော လေသံဖြင့် ‘’လူတွေက များလိုက်တာ..ခင်ဗျားတို့ ဘာလို့များ ဒုတိယသခင်လေးကို တွေ့ချင်နေရတာလဲ မသိဘူးခင်ဗျ။’’

ခေါင်းဆောင်လူတွေထဲမှ ဘရိုကိတ်ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထား၍ ပြုံးလိုက်ပြီး ‘’အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပဲ..အဲ့ဒါက ပြောင်းလဲလို့ မရတဲ့ အမှန်တရားပဲ..ဒုတိယသခင်လေးဆူက သူသတ်ခဲ့တဲ့ လူတွေအတွက် သူကိုယ်တိုင် ပေးဆပ်ရလိမ့်မယ်’’ ဟု ပြောလိုက်လေ၏။

ထိုလူမှာ ဇောင်ယုဖြစ်ပြီး တစ်နည်းအားဖြင့် သခင်လေးဇောင် ဖြစ်လေသည်။ သူသည် ပကတိ-စဦးအဆင့် သိုင်းသမားဖြစ်ပြီး ပင်ယန်းမြို့၌ အတော်အတန် နာမည်ကျော်ကြားလေသည်။

သူ့ဘေးက တစ်ယောက်ကတော့ လီယွမ်မောင်(သို့) သခင်လေးလီ ဖြစ်လေသည်။

‘’သွားသေလိုက်ပါလားဟ!’’

ယုချီဟိုသည် ဇောင်ယုကို လက်ညိုးထိုးရင်း အာပေါင်အာရင်းသန်သန်ဖြင့် အော်ပြောလိုက်လေ၏ ‘’အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ပေးရမယ်ပြောကြေးဆို မင်းကိုယ်မင်း အရင်သတ်သေလိုက်လေ..အစ်ကိုကြီးကွမ်ကို သတ်ခဲ့တာ မင်းတို့မဟုတ်ဘူးလား။’’

ဦးလေးကျန့်သည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း ပင့်သက်ကိုရှိုက်လိုက်ကာ ‘’ဒုတိယ သခင်လေးက လူသုံးယောက်သတ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့မှာ ဘာသက်သေရှိလို့လဲ’’ ဟု မေးလိုက်၏။

‘’ဟားဟား!’’

ရှမ်နန်သည် သွားဖြဲ၍ အရုပ်ဆိုးစွာ ရယ်မောလိုက်ရင်း ‘’အဖိုးကြီး..ဆူဇီမို သူတို့ကို သတ်ခဲ့တာ ရှမ်မိသားစုအိမ်ထဲက လူအားလုံး မျက်မြင်ကိုယ်တွေ့ပဲ..’’ ဟု ပြောလိုက်၏။

ထိုသို့ပြောပြီးနောက် ရှမ်မိသားစုမှ လူအချို့သည် မိုစုန့်အပါအဝင် အလောင်းသုံးလောင်းကို ရှေ့သို့ တစ်‌ရွေ့ရွေ့နှင့် သယ်ထုတ်လာကြလေ၏။

သူတို့သည် သေဆုံးပြီးနေပြီ ဖြစ်သော်လည်း သူတို့၏ မျက်လုံးများက ပိတ်မနေပေ။ သူတို့၏ မျက်လုံးများထဲတွင် အံ့သြထိတ်လန့်ကြောက်ရွံ့မှုတို့ကို အထင်းသား မြင်နေရ၏။ ထိုအရာက သူတို့သည် မသေခင်အချိန်က‌လေးတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်စရာနှင့် ကြုံတွေ့ခဲ့ရကြောင်း သက်သေပင်။

လျှိုယုနှင့် အခြားသူများသည် အလောင်းများကို မြင်သောအခါ အံအားသင့် တုန်လှုပ်သွားကြလေ၏။

ထိုအရာက ရက်စက်လွန်းလှသည်။

သူတို့ထဲမှ နှစ်ယောက်၏ ရင်အုပ်နေရာသည် လက်ကောက်ဝတ်‌လောက်ရှိသော လက်နက်တစ်ခုခုနှင့် ထုတ်ချင်းပေါက် ထိုးသွင်းခံခဲ့ရပုံပေါ်၏။ အခြားတစ်ယောက်၏ ရင်အုပ်ကလဲ ယိုယွင်းပျက်ဆီးနေပြီး အရိုးများကလဲ ကျိုးပဲ့ ကြေမွနေလေ၏။

ဦးလေးကျန့်က သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်သော ပုံစံနှင့်ပင် ခေါင်းကို ခါရမ်းလိုက်၏။ ‘’ဝ မရှိဘဲနဲ့ ဝိ လုပ်လို့ မရဘူး..ဒုတိယသခင်လေးဆူက စာပေသမားတစ်ယောက်ဆိုတာ ပင်ယန်းတစ်မြို့လုံးက လူအကုန်သိတယ်..သူက ဒီစဦးအဆင့် သိုင်းသမားသုံးယောက်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။’’

‘’ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့တော့!’’

ဇောင်ယုက သူ၏ စက္ကူယပ်တောင်ကို ဖြန့်လိုက်ရင်း ‘’ဆူမိသားစုက ဆူဇီမိုကို ထုတ်မပေးဘူးဆိုရင် မင်းတို့အားလုံး ဒီနေ့အကုန်သေရမယ်’’ဟု အေးစက်စွာဖြင့် ပြောလိုက်လေ၏။

‘’သူတို့ကို သတ်ခဲ့တာ ငါပဲ!’’

ထိုအချိန်တွင် လူအုပ်ကြီး၏ အပြင်ဘက်မှ အသံတစ်သံက ထွက်ပေါ်လာပြီး လူတိုင်းက အသံထွက်လာရာသို့ လှည့်ကြည့်လိုက်ကြ၏။ အစိမ်းရောင် ဝတ်စုံနှင့် စာပေသမားတစ်ယောက်သည် ခြေလှမ်းကျဲကျဲဖြင့် ခေါင်းကော့ ရင်‌မော့ကာ လျှောက်လာလေ၏။ ဆူဇီမို ဖြစ်လေသည်။

ဆူဇီမိုသည် ဆူမိသားစုမှ လူအားလုံး၏ ရှေ့တွင် မတ်တပ်ထွက်ရပ်လိုက်၏။ လူရာပေါင်းများစွာ၏ ရှေ့တွင် မတ်တပ်ရပ် ရင်ဆိုင်နေရသော်လည်း သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု တစ်စုံတစ်ရာ ရှိမနေဘဲ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ ‘’သူတို့ကို သတ်ခဲ့တာငါပဲ..အဲ့ဒီကိစ္စက ငါနဲ့ပဲဆိုင်တယ်..ငါကိုယ်တိုင် ဖြေရှင်းမယ်။’’

‘’ဒုတိယသခင်လေး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့’’ ယုချီဟိုက ဝင်တားလိုက်၏။

လျှိုယုက ခပ်တိုးတိုး ကပ်ပြောလိုက်၏ ‘’ဒုတိယသခင်လေး...သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာကြတာ..သူတို့မှာ အခြားအကြံအစည်ရှိတယ်... အခုပြောနေတာက သင့်ထွက်လာဖို့အတွက် အကြောင်းပြချက်တစ်ခုသာသာပဲ...သူတို့လှည့်ကွက်ထဲ မဝင်မိစေနဲ့။’’

‘’ဟဲဟဲ’’

လီယွမ်မောင်က အသိရခက်စွာ ပြုံးလိုက်ပြီး ‘’ကဲ..ဒုတိယသခင်လေးကိုယ်တိုင်က ဝန်ခံနေပြီဆိုတော့ ကိစ္စက ရှင်းနေပြီပဲ’’ ဟု ပြောလိုက်လေ၏။

‘’ဒုတိယသခင်လေးကို ကာကွယ်ကြ’’ ဦးလေးကျန့်၏ လေသံက ခိုင်မာ ပြတ်သားလေသည်။

‘’အစွမ်းကုန် ကာကွယ်ကြ’’

ကလန်!

ဆူမိသားစုမှ လူတိုင်းသည် သူတို့၏လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။ လျိုယုနှင့် အခြားသူများသည် ဆူဇီမိုနှင့် ဦးလေးကျန့်ကို ဝန်းရံလိုက်ကြကာ တစ်ဖက်လူအုပ်ကြီး၏ ရန်မှ ကာကွယ်ပိတ်ဆို့ထားလိုက်ကြ၏။ နှစ်ဖက်စလုံးသည် အချိန်မရွေး ထသတ်တော့မည့် အနေအထားသို့ ရောက်ရှိသွားကြလေ၏။

ဇောင်ယုက သူ၏ခေါက်ယပ်တောင်ကို သိမ်းလိုက်ကာ အေးစက်စွာ ပြောလိုက်၏ ‘’ဆူဇီမိုကို ဖမ်းကြ..ရှေ့မှာလာပိတ်ရပ်တဲ့သူ အကုန်သတ်ကွာ!’’

ဆူဇီမိုသည် လက်သီးကို ဆုပ်ကာ ကောင်းကင်ထယ်သွားခြေလှမ်းကို ပုံဖော်ရန် အဆင်သင့် ပြင်လိုက်၏။ သူသည် လူအုပ်ကြီးထဲသို့ ပြေးဝင်ချကာ မူလအဆင့် ပညာရှင်များနှင့် တိုက်ခိုက်ချင်နေ၏။

ပြောရမယ်ဆိုလျှင် သူသည် စဦး-မူလအဆင့် ပညာရှင်များနှင့် ရင်ဆိုင်ရမည်ဆိုပါက အကြိတ်အနယ် တိုက်ခိုက်ရပေလိမ့်မည်။ ဒီမှာက အလယ်အလတ်-မူလအဆင့် ပညာရှင်များပင် ပါလာလေ၏။ သို့သော် ယခု အခြေအနေအရ အခြားရွေးချယ်စရာကလဲ မရှိပေ။

ရုတ်တရက်!

အဝေးမှ ဒုန်းစိုင်းလာသော မြင်းခွာသံ ထွက်ပေါ်လာ၏။ ချက်ချင်းဆိုသလိုပင် ထိုအသံက သူတို့နှင့် နီးကပ်လာလေ၏။

‘’ငါ့ညီ‌လေးကို ထိရဲတဲ့ကောင် မှန်သမျှ သေပြီသာမှတ်!’’ ဆူဟုန်က လှမ်းအော်လိုက်လေ၏။

သတ်ဖြတ်လိုစိတ် အပြည့်နှင့် မြင်းစီးလာသော လူတစ်ယောက် သူတို့ဆီသို့ ဒုန်းစိုင်းဝင်လာသောအခါ လူအုပ်ကြီးက ချဲသွားကြလေ၏။ သူသည် မြင်းဇတ်ကြိုးကို တင်းတင်းကိုင်ကာ ဆူမိသားစုအိမ်တော်သို့ ဝင်ရောက်လာလေ၏။

ထိုလူသည် ခပ်မြင့်မြင့် မြင်းတစ်ကောင်ကို စီးလာကာ သူ၏လက်ထဲတွင် သံမဏိလှံရှည်တစ်ချောင်းကို ကိုင်ဆွဲထားလေသည်။ ထိုလူတွင် အားကောင်းပြင်းထန်သော အသတ်အဖြတ် အော်ရာက ထွက်ပေါ်နေ၏။ သူ၏ အကြည့်သည် စူးရှ ပြင်းထန်နေပြီး ဘယ်သူ့မှ သူနှင့် မျက်လုံးချင်း ဆုံမကြည့်ရဲကြပေ။

ထိုလူ၏ မျက်နှာတွင် ကြောက်စရာကောင်းသော အမာရွတ်တစ်ခု ရှိနေပြီး ထိုအရာက သူ၏နှာယောင်မှ နားရွက်ဖျားနားထိ ရှည်လျားလေ၏။ ထိုဒဏ်ရာသည် ကျက်သွားပြီ ဖြစ်သော်လည်း‌ ဒဏ်ရာအနားမှ ပြူထွက်နေသော နီရဲနေသော အသားနုက ကြောက်စရာ အမာရွတ်ကို ဖြစ်ပေါ်နေစေ၏။ ထိုကြောက်စရာအမာရွတ်က ထိုလူကို ပိုပြီး ရက်စက်တတ်ပုံပေါ်သည်ဟု ထင်ရလေ၏။

ဆူဟုန်...သခင်လေးဆူ!

သူကိုမြင်သောအခါ ဆူမိသားစုမှ လူအားလုံး ဝမ်းသာသွားကြလေ၏။ သူတို့မျက်နှာမှ အပျော်ကို ဖုံးကွယ်မထားနိုင်ကြပေ။

‘’ဇောင်ယု၊ လီယွမ်မောင် ..မင်းတို့ အရွယ်ရောက်လာပြီလား..မင်းတို့က ဆူမိသားစုကိုတောင် ပြဿနာလာရှာရဲနေပြီပေါ့လေ’’ ဆူဟုန်က မြင်းပေါ်မှမဆင်း ထိုင်လျက်သားနှင့်ပင် သူတို့နှစ်ယောက်ကို ငုံ့ကြည့်ပြီး ရေခဲသမျှ အေးစက်သော လေသံဖြင့် ပြောလိုက်၏။

‘’ဟားဟား... ဘယ်သူများလဲလို့..သခင်လေးဆူပဲ.. ခင်ဗျားရောက်လာတာနဲ့ အတော်ပဲ.. ကျုပ်က ခင်ဗျားကို စောင့်နေတာ တော်တော်တောင် ကြာသွားပြီ’’ ဇောင်ယုက ပြုံး၍ ပြောလိုက်၏။ သူ့ကြည့်ရတာ ကြိုတင်ပြင်ဆင်လာတာတွေ ရှိပုံရလေသည်။

ဇောင်ယု၏ အနောက်တွင် မတ်တပ်ရပ်နေသော ငနဲသည် သိုင်းဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ အကြည့်သည် အေးစက်နေပြီး သူ၏ကျောတွင် ဆေဘာဓါးအထူကြီးကို လွယ်ထားလေ၏။ သူက အော်ပြောလိုက်၏ ‘’သခင်လေးဆူက အသက်သုံးဆယ်အရွယ် စဦး-မူလအဆင့် သိုင်းပညာရှင်လို့ ပြောကြတာ ကျုပ်ကြားဖူးပါရဲ့... ဒီနေ့ သင်နဲ့တွေ့ဆုံရတာ ဝမ်းသာစရာပါပဲ..ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းလောက် လက်ရည်စမ်းကြည့်ကြမယ်ဆိုရင် ဘယ်လိုသဘောရလဲ..ကျုပ်က.....’’

‘’သေလူတစ်ယောက်ရဲ့ နာမည်ကိုသိဖို့ ငါစိတ်မဝင်စားဘူး’’

ထိုလူသည် သူ့စကားကို ဆုံးအောင်ပင် မပြောရသေးခင် ဆူဟုန်က ဖြတ်‌ပြောလိုက်လေ၏။

သွား!

ဆူဟုန်သည် ခပ်တိုးတိုးအော်လိုက်၏။ သူ့မြင်းက အရှေ့သို့ ပြေးဝင်သွားကာ ချက်ချင်းဆိုသလို သိုင်းဝတ်စုံဝတ်ထားသော ဗလတောင့်တောင့်ငနဲနားသို့ ရောက်သွားပြီး တစ်ချိန်တည်းဆိုသလိုပင် ဆူဟုန်က သူ၏လှံရှည်ကို ပစ်သွင်းလိုက်လေ၏။

‘’မင်းက‌‌တော့ သေချင်နေပြီ ထင်တယ်!’’

ဗလတောင့်တောင့် ငနဲက တည်ငြိမ်စွာဖြင့် သူ၏ ဓါးအထူကြီးကို ဆွဲထုတ်လိုက်ကာ သူ၏ မူလအဆင့် အော်ရာက ထွက်ပေါ်လာလေ၏။ သူသည် ရှေ့သို့ခုန်လိုက်ကာ သူ၏ ဆေဘာဓါးကြီးကို လွှဲလိုက်ပြီး သူ့ထံသို့ ပြေးဝင်လာသော ဆူဟုန်ကို ခုတ်ချလိုက်၏။

‘’သူက တစ်ကယ်ပဲ အလယ်အလတ်-မူလအဆင့် ပညာရှင်ပဲဟ!’’ လျှိုယုက ခေါင်းညိတ် ပြောလိုက်၏။

ဆူဇီမိုသည် ထိုစကားကို ကြားသောအခါ တောင့်တင်းသွားလေ၏။

ဇောင်မိသားစုက သေချာ ပြင်ဆင်လာတာပဲ။ သူတို့က ဆူဟုန် အပြင်းနှင်ပြန်လာမယ်ဆိုတာတောင် ကြိုတင် တွက်ဆ ထားတာပဲ။ ဒါကြောင့်လဲ သူတို့က ဆူဟုန်ကို ကိုင်တွယ်ဖို့ အလယ်အလတ်-မူလအဆင့် ပညာရှင်ကိုပါ အကူအညီတောင်း ခေါ်လာတာပေါ့လေ။

အဲ့ဒါက ဘာကို ဆိုလိုတာလဲ။

ဆူဟုန်နှင့် ဗလတောင့်တောင့်ငနဲ တိုက်ခိုက်နေကြချိန်ထိ သူသည် စဉ်းစားတွေးတောနေဆဲ ဖြစ်၏။

ကလန်!

ဗလတောင့်တောင့်လူ၏ ဆေဘာဓါးထူကြီးက ဆူဟုန်၏ လှံရှည်နှင့် ပြင်းထန်စွာ ထိခတ်မိသောအခါ မီးပွားများက လွင့်ပျံထွက်လာလေ၏။

ထိုအားက အလွန်ပြင်းထန်လှပြီး ဆူဟုန်စီးလာသော မြင်းက ရပ်တန့်သွားလေ၏။

‘’ဟားဟား..’’

ဆူဟုန်က ရယ်မောလိုက်၏။ သူသည် သူလက်ထဲမှ လှံရှည်ကို ဝေ့ရမ်းလိုက်ကာ နောက်တစ်ကြိမ် အားနှင့် ခပ်ဆတ်ဆတ် ရိုက်ချလိုက်၏။ တစ်ဝီဝီမြည်လာသော လှံရှည်သည် အရှိန်ပြင်းစွာဖြင့် ဆေဘာဓါးနှင့် ထိခတ်မိသောအခါ လွန်စွာ ပြင်းထန်သော တုန်ခါလှိုင်း ဖြစ်ပေါ်လာပြီးနောက် ဆေဘာဓါးထူကြီးသည် အဝေးသို့ ကန်ထွက်သွားလေ၏။

ဗလတောင့်‌တောင့်လူ၏ မျက်နှာအမူအယာသည် ပြောင်းလဲသွား၏။

ဖူး!

သွေးများသည် ကြမ်းပြင်အနှံ့ ပြန့်ကျဲသွား၏။ ဆူဟုန်၏ လှံရှည်ရိုက်ချက်ကြောင့် ဗလတောင့်တောင့်နှင့်ငနဲသည် လွင့်စင်ထွက်သွားပြီး လမ်းပေါ်သို့ ထိုးကျသွားကာ မြေပြင်တွင် သွေးများက ချင်းချင်းနီသွားလေ၏။

‘’မင်း...မင်းက သိုင်းပညာအဆင့်နိမ့်ချင်ယောင်ဆောင်နေတာပဲ..မင်း..မင်းက နောက်ပိုင်း-မူ...’’ ဗလတောင့်တောင့်ငနဲသည် စကားကိုပင် ဆုံးအောင်မပြောရသေး..သူ့ပါးစပ်ထဲမှ သွေးများလျှံကျလာလေသည်။ သူသည် ဒီနေ့ နေမကုန်မှာပင် သေရတော့မည်ဆိုတာ ထင်ရှားလေသည်။

လူတိုင်း တုန်လှုပ်အံအားသင့်သွားကြ၏။

တစ်ချီလောက် လက်ရည်စမ်းရရုံလေးနှင့် ဆူဟုန်၏ လှံချက်ကြောင့် အလတ်အလတ်-မူလအဆင့် ပညာရှင်တစ်ယောက်သည် အသက်ပါဆုံးရှုံးသွားရလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။

သူတို့ကို ပိုပြီး ထိတ်လန့်စေတာက စောစောက ဗလတောင့်တောင့်ငနဲ မသေခင် ပြောသွားခဲ့သောစကား၏ အဓိပ္ပါယ် ဖြစ်၏။ သူသည် သူ၏စကားကို ဆုံးအောင် မပြောသွားနိုင်ခဲ့သော်လည်း သူဘာကို ပြောချင်ခဲ့လဲဆိုတာ ဒီမှာရှိသော လူတိုင်းလိုလို နားလည်ကြလေ၏။

နောက်ပိုင်း-မူလအဆင့် ပညာရှင်!

ဒီနှစ်တွေအတွင်း ပင်ယန်းမြို့မှာရှိသောလူများသည် ဆူဟုန်၏စွမ်းရည်ကို လျှော့တွက်ခဲ့မိကြ၏။

‘’ပြန်ကြမယ်ဟေ့..မြန်မြန်လုပ်!’’

ဇောင်မိသားစု၊ လီမိသားစုနှင့် ရှမ်မိသားစုတို့မှ မူလပညာရှင်များသည် လျှင်မြန်စွာ ဆော်သြလိုက်ကြပြီး သူတို့၏ သခင်လေးများကို ကာကွယ်ခြံရံကာ ဆူမိသားစုအိမ်ရှေ့မှ ပြေးထွက်သွားကြလေ၏။ လူတစ်ယောက်တည်း၏ အော်ရာအရှိန်အဝါနှင့်ပင် သိုင်းသမားများအားလုံးသည် လွန်စွာ ကြောက်စိတ်မွှန်သွားကြလေ၏။ သူတို့သည် ဒီနေရာမှာ တစ်စက္ကန့်ပင် ထပ်နေလိုစိတ်မရှိကြတော့ဘဲ အလောတကြီး ထွက်ပြေးသွားကြလေကုန်၏။

ဆူဟုန်သည် ထိုသူတို့နောက်သို့ မလိုက်တော့ဘဲ လှောင်ရယ်လိုက်၏။ သူသည် မြင်းပေါ်မှ ဆင်းပြီး ဆူဇီမိုကို ခေါင်းညိတ်ပြကာ ‘’အိမ်ထဲက အရင်ဝင်ကြစို့’’ ဟု ပြောလိုက်လေ၏။

.....

ဆူမိသားစုအိမ်တော်၏ အတွင်းခန်းမဆောင်ထဲတွင်....

ဆူဟုန်သည် အားလုံး၏ အလယ်တွင် ထိုင်နေပြီး လျှိုယုက ဒီလတွေအတွင်း ပင်ယန်းမြို့မှာ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သူ့ထံ အစီရင်ခံတင်ပြပေးနေလေ၏။ သူသည် နားထောင်နေရင်း တစ်ချက်တစ်ချက် ခေါင်းညိတ်လိုက်၏။

ဆူဇီမိုသည် ဘေးမှာထိုင်ကာ တိတ်တဆိတ်နေရင်း ခေါင်းကိုငုံ့ထား၏။

ဒီ့အရင်ကဆိုလျှင် သူ့အစ်ကိုကြီးသည် သူ့ကို အတွင်းခန်းမဆောင်ထဲသို့ တစ်ခါမျှ ဝင်ခွင့်မပေးခဲ့သောကြောင့် သူသည် ဤကဲ့သို့သော အစည်းအဝေးမျိုးကို တက်ရောက်ခဲ့ဖူးခြင်းမျိုး မရှိပေ။

လျှိုယု၏ အစီရင်ခံတင်ပြမှုကို နားထောင်ပြီးနောက် ဆူဟုန်၏ အကြည့်က ဆူဇီမိုအပေါ်သို့ ကျရောက်သွား၏။ သူသည် လေးနက်စွာဖြင့် မေးလိုက်၏။ ‘’ရှမ်မိသားစုက စဦးအဆင့် သိုင်းသမားသုံးယောက်ကို တစ်ကယ်ပဲ မင်းသတ်ခဲ့တာလား။’’

‘’ဟုတ်ကဲ့’’ ဆူဇီမိုသည် ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ဝန်ခံလိုက်၏။

ဘန်း!

မူလက ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဆူဟုန်သည် ရုတ်တရက် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်လေ၏။ သူသည် ဆူဇီမိုရှိရာသို့ လျှစ်ခနဲ ခုန်ဝင်လိုက်ပြီး လက်သီးကို ဆန့်ထုတ်ကာ ပစ်သွင်းလိုက်၏။

ထိုအဖြစ်အပျက်သည် မျက်စိတစ်မှိတ်အတွင်း ရုတ်တရက် ဖြစ်လာခဲ့ပြီး အခန်းထဲရှိလူတိုင်း တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ပေ။

ဆူဇီမိုသည် ကြောင်အနေပြီး တုန်လှုပ်နေဆဲဖြစ်သော်လည်း သူသည် သူ့လက်ဝါးကို အလိုအလျောက် ဆန့်ထုတ်ပြီးသား ဖြစ်နေပြီး ဆူဟုန်၏ လက်သီးနှင့် တွေ့ဆုံစေလိုက်၏။

ရစ်ပတ်..ထိတွေ့..  သူသည် နွားရိုင်းလျှာဆေဘာကို ပုံဖော်တော့မည့်ဆဲဆဲ ဖြစ်သည်။

သို့သော် ထိုအချိန်ကလေးမှာပင် ဆူဇီမိုသည် ရှမ်မိသားစုခြံဝန်းထဲမှာတုန်းက နွားရိုင်းလျှာဆေဘာကြောင့် မူလအဆင့်ပညာရှင်၏ ဓါး အပိုင်းပိုင်းကျိုးသွားပုံကို ပြန်မြင်ယောင်မိသွား၏။

ဆူဇီမိုသည် နွားရိုင်းလျှာဆေဘာကို အစွမ်းကို ထုတ်ဖော်တော့မည့််ဆဲဆဲတွင် လမ်းတစ်ဝက်မှာပင် ရပ်တန့်လိုက်လေ၏။

ဘန်း!

လက်သီးနှင့် လက်ဝါးထိတွေ့မိချိန်တွင် ကျယ်လောင်သောအသံက ထွက်ပေါ်လာပြီး ဆူဇီမိုထိုင်နေသော ထိုင်ခုံက အပိုင်းပိုင်းကြေမွသွားလေ၏။

ဆူဇီမိုသည် ထိုထိတွေ့မှုကြောင့် ကိုယ်နေဟန်ချက် ပျက်သွား၏။ သူသည် ကြမ်းပြင်ပေါ်သို့ နောက်ပြန်ဖင်ထိုင်ကျတော့မည့်ဆဲဆဲတွင် သူသည် ကောင်းကင်ထယ်သွားခြေလှမ်းကို အလိုအလျောက် ထုတ်ဖော်မိသွားပြန်၏။

ဆူဇီမို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြမ်းပြင်ပေါ်သို့ နောက်ပြန်ပစ်လဲကျသွားတော့မည်ဟု ထင်လိုက်ရ၏။ သို့သော်လည်း သူ၏ ခြေထောက်နှစ်ဖက်သည် နေရာမှ တစ်လက်မမျှ မရွေ့ဘဲ ကြမ်းပြင်တွင် ခိုင်မာစွာ ကုပ်တွယ်ထားလေ၏။

ဆူဇီမိုသည် သူ၏ ခါးနှင့် ခြေထောက်များမှ အားကို တစ်ချိန်တည်းမှာပင် အသုံးပြုလိုက်ပြီး မတ်တပ်ပြန်ရပ်လိုက်လေ၏။

သူ၏ လှုပ်ရှားပုံသည် လွန်စွာ သေသပ်လှပပြီး အခန်းထဲရှိလူတိုင်း လက်ဖျားခါရလောက်ပေ၏။

ဆူဟုန်၏ မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားပြီး သူသည် ခေါင်းညိတ်ရင်း ‘’ကောင်းတယ်..ကောင်းတယ်..အဲလိုကောင်တွေကို သတ်ပစ်လိုက်တာ မင်းတစ်ကယ်တော်တယ်’’ ဟု ပြုံးကာ ပြောလိုက်လေ၏။

သူ့အစ်ကိုကြီးက သူ့ခွန်အားကို စမ်းသပ်ခြင်းဖြစ်သည်ဆိုတာ အခုမှပင် ဆူဇီမို သိလိုက်ရ၏။

လက်သီးနှင့် လက်ဝါးထိတွေ့မိချိန်တွင် သူ့အစ်ကိုကြီးသည် သူ့ခွန်အားကို ပြန်လည် ထိန်းချုပ်လျှော့ချလိုက်သည်ကို ဆူဇီမို သိလိုက်လေ၏။

တစ်ကယ်တမ်းတော့ သူသည်လည်း သူ့ခွန်အားကို အပြည့်အဝ ထုတ်မသုံးခဲ့ပေ။ သူသည် နွားရိုင်းလျှာဆေဘာကို လမ်းတစ်ဝက်မှာပင် ရပ်တန့်ခဲ့လေ၏။

သူသည် ထိုအကွက်ကို သူ့အစ်ကိုကြီးအပေါ်တွင် ထုတ်မသုံးရဲပေ။

‘’ဇီမို.. မင်းပြန်နားလိုက်ဦး.. အဲ့စာပေဘွဲ့တွေ မရှိလဲ ဘာမှ အရေးမဟုတ်ဘူး.. ကမ္ဘာပေါ်မှာ အမျိုးသမီးကောင်းတွေ အများကြီး ရှိပါတယ်ကွာ.. ဘာမှ စိတ်ထဲထားမနေနဲ့.. သိပ်မကြာဘူး..ရှောင်းနင်လဲ ကန်းလန်မြို့ကနေ ပြန်လာတော့မှာ..မင်းအားရင် သူမနဲ့ အဖော်ပြုနေပေးလိုက်ဦး’’

ဆူရှောင်းနင်သည် ဆူဇီမို၏ ညီမလေးဖြစ်ပြီး သူမသည် သူ့ထက် နှစ်နှစ်ငယ်ပေသည်။ ဆူဟုန်သည် သူမကို ပညာသင်ကြားရန် ကန်းလန်မြို့သို့ ပို့ထားခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် သဘောတူစွာ ပြုံးလိုက်ရင်း ထွက်ခွာသွားလေသည်။

ဆူဟုန်သည် ဆူဇီမိုကို ထွက်သွားတာကို ကြည့်နေလိုက်၏။ သူသည် ခံစားချက်မျိုးစုံ ‌ရောပြွမ်းနေဟန်ဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ငေးနေလေ၏။

‘’သခင်လေး’’ လျှိုယုက ညင်သာစွာ ခေါ်လိုက်၏။

ဆူဟုန်သည် သတိပြန်ကပ်လာပြီး ညင်သာစွာဖြင့် ‘’ဇီမိုက အတွင်းအား တစ်စုံတစ်ရာကို လေ့ကျင့်ထားတယ်လို့ ငါမထင်ဘူး..စောစောက ငါ့လက်သီးကို သူခုခံခဲ့တာက သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားသက်သက်သာပဲ’’ ဟု ပြောလိုက်လေ၏။

‘’တစ်ချို့လူတွေက မွေးကတည်းက ထူးခြားအားကောင်းတဲ့ ခွန်အားနဲ့အတူ မွေးဖွားလာတတ်ကြတယ်လို့ ကြားဖူးတယ်..ဒုတိယသခင်လေးက အဲ့လိုလူမျိုးများလား’’ လျှိုယုက ဝမ်းသာအားရပြောလိုက်လေ၏။

ဆူဟုန်က ပြုံးလိုက်၏။ ‘’စောစောက ငါတို့ လက်ရည်စမ်းတုန်းက ငါလက်မောင်းက တော်တော်လေးနာကျင်သွားတယ်.. အဲ့ဒါက ငါ့လက်ကို ဆွဲဆုတ်ဖြဲလိုက်သလိုပဲ..ဒါတောင် ငါအထင်ပြောရရင် ဇီမိုက သူ့ခွန်အားကို အကုန်သုံးခဲ့တာ မဟုတ်သေးဘူး။’’

လျှိုယုက ပြောလိုက်၏။ ‘’ဒုတိယသခင်လေးက ဒီလောက်ထိ အစွမ်းထက်နေမှတော့ ကျုပ်တို့ရဲ့ မူလဇစ်မြစ်နဲ့ ရည်မှန်းချက်ကို ပြောပြလိုက်ရင် မကောင်းဘူးလား’’

‘’မရဘူး’’

ဆူဟုန်က ခေါင်းခါလိုက်၏။ သူသည် လွန်စွာ ပြတ်သားဟန်ဖြင့် ‘’အရင်ကတည်းက သူ့ကို ဒီကိစ္စထဲ ဝင်မပါစေချင်လို့ ငါ..သူ့ကို သိုင်းပညာတောင် သင်ခိုင်းခဲ့တာ မဟုတ်ဘူး.. ငါသေရမယ်ဆိုရင်တောင် ဇီမိုနဲ့ ရှောင်းနင်ကို မကောင်းတာ ဘာတစ်ခုမှ မဖြစ်စေချင်ဘူး.. ဒီစကားကို ပြောတာ ဒါနောက်ဆုံးဖြစ်ပါစေ.. ငါနောက်ထပ် ထပ်ပြီး မကြားချင်ဘူး’’

ဦးလေးကျန့်က သက်ပြင်းချလိုက်၏။ ‘’ဒုတိယသခင်လေး ကြီးပြင်းလာတာကို ငါအမြဲစောင့်ကြည့်နေခဲ့တာ.. သူ့ရဲ့ ဉာဏ်ကောင်းပုံနဲ့ဆို တစ်ခုခုမူမမှန်တာကို သူသတိထားမိနေလောက်မှာ ငါစိုးရိမ်မိပါရဲ့’’

‘’လျှို့ဝှက်ချက်ကို ငါတို့သာ မပြောရင် သူမသိလောက်ပါဘူးလေ။’’

All Chapters