ခန္ဓာကြံ့ခိုင်မီးဆေး သုတ္တန်
Vol. 1 Ch. 9
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း(၉) ခန္ဓာကြံ့ခိုင်မီးဆေး သုတ္တန်
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
လွန်ခဲ့သော ၁၅နှစ်က ဆူမိသားစုသည် ပင်ယန်းမြို့သို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့၏။ အဲဒီအချိန်တုန်းက သူတို့နှင့်အတူ ဦးလေးကျန့်၊ လျှိုယုနှင့် အခြားလူအချို့သာ ပါရှိခဲ့ပြီး ဆူဟုန်က အသက် ၁၅နှစ်အရွယ်၊ ဆူဇီမိုက ၂နှစ်အရွယ်နှင့် ဆူရှောင်းနင်ကတော့ မွေးကင်းစသာ ရှိသေးလေသည်။
သူတို့ရဲ့မိဘတွေကတော့ ထိုနှစ်မှာပင် ကွယ်လွန်ခဲ့ကြလေသည်။
ဆူမိသားစုကလူအချို့ ပြောပုံအရဆိုလျှင် ထိုနှစ်က သူတို့သည် ကန်းလန်ရိုးမကို ဖြတ်လာချိန်တွင် လွန်စွာကြီးမားသော သားရဲအုပ်နှင့် ကြုံတွေ့ခဲ့ကြပြီး သူတို့ထဲမှ အများစုသည် အသက်ဆုံးရှုံးခဲ့ကြရကာ သူတို့၏ မိဘနှစ်ပါးလည်း ထိုအထဲတွင် ပါဝင်ခဲ့လေ၏။
ဤဖော်ပြချက်အပေါ် ဆူဇီမိုသည် အခုနောက်ပိုင်းနှစ်များအတွင်း တစ်ဖြည်းဖြည်း သံသယဝင်လာခဲ့၏။
သူ့အစ်ကိုကြီးနှင့် ဆူမိသားစုမှသူများသည် သူ့မိဘများ သေဆုံးမှုအပြင် နောက်ထပ်အရာများစွာကို သူနှင့် သူ့ညီမလေးမသိရအောင် ကွယ်ဝှက်ထိန်ချန်ထားသည်ဟု ဆူဇီမို ခံစားရလေသည်။
သူအစ်ကိုကြီးသည် သူ့ကိုမည်သည့်အနှောင့်အယှက်မျှ မရှိဘဲ အေးအေးဆေးဆေး စာပေလေ့လာလို့ရအောင်ဟုဆိုကာ သူ့အတွက် အိမ်တစ်လုံးသီးသန့် ဝယ်ပေးခဲ့သော်လည်း ထိုအရာသည် အကြောင်းပြချက်တစ်ခုသာ ဖြစ်ပြီး သူ့ကိုမိသားစုအရေးကိစ္စများနှင့် အဝေးသို့ ရည်ရွယ်ချက်ရှိရှိ ပ,ထုတ်လိုက်တာဖြစ်ကြောင်း သူသဘောပေါက်မိလေ၏။
ဆူဇီမိုသည် တစ်နေ့မှာ သူ့အစ်ကိုကြီးနှင့်အတူ မိသားစုတာဝန်များကို ခွဲဝေယူ၍ အကူပေးနိုင်အောင်ဟုဆိုကာ စာပေဂုဏ်ထူးဘွဲ့များ ရရှိရန် အသည်းအသန် ကြိုးစားလေ့လာခဲ့၏။ သို့သော်လည်းပဲ....
ဆူဇီမိုသည် သူ၏အိမ်သို့ ပြန်ရောက်လာပြီးနောက် သူ့ခေါင်းထဲမှ အတွေးများကို ရှင်းထုတ်လိုက်လေ၏။
သူ့အစ်ကိုကြီးက မပြောပြချင်မှတော့ သူလည်းအတင်းမေးနေမှာ မဟုတ်ပေ။ ယခုသူလုပ်နိုင်တာက သူကိုယ်တိုင် ပိုပြီး သန်မာလာဖို့ ဖြစ်လေသည်။ ဒါမှသာလျှင် ဆူမိသားစု အသက်အန္တရာယ်ဘေးနှင့် ကြုံတွေ့ရသည့်အခါ သူကာကွယ်နိုင်မှာ ဖြစ်လေသည်။
ဆူဇီမိုသည် ကျင့်ကြံရေးကွင်းထဲသို လှမ်းဝင်လိုက်၏။ တျဲယွဲ့သည် အစိမ်းရောင်ကျောက်တုံးပေါ်တွင် ပျင်းရိလေးတွဲစွာ ထိုင်နေ၏။ သူမသည် သူ့ကို တစ်ချက်ပင် လှည့်မကြည့်ပေ။ သူမသည် ဆူဇီမိုဝင်လာသည်ကို လုံးဝမမြင်သည့် အတိုင်းပင်။
‘’နွားရိုင်းသားရဲလျှာဆေဘာအကွက်ကို ကျတော် ရသွားပြီ’’ ဆူဇီမိုက ပြောလိုက်၏။
တျဲယွဲ့က ထူးမခြားနားအမူအယာနှင့်ပင် သူ့ကို အသိအမှတ်ပြုလိုက်၏။
တျဲယွဲ့၏ ထိုအမူအယာသည် ချီးမွမ်းမှုအဖြစ် သတ်မှတ်၍ ရသည်ကို ဆူဇီမို သိလေသည်။
‘’သွားပြီး လေ့ကျင့်တော့’’ တျဲယွဲ့က မလှမ်းမကမ်းမှ သစ်သားစည်တစ်ခုကို ညွှန်ပြရင်း ပြောလိုက်၏။
ထိုသစ်သားစည်သည် ကျင့်ကြံရေးကွင်းထဲတွင် ရှိနေသည်မှာ အချိန်အတော်ကြာခဲ့ပေပြီ။ ထိုသစ်သားစည်သည် အမြဲတမ်း ဗလာဖြစ်နေပြီး ဘာအတွက် သုံးဖို့လဲဆိုတာလည်း ဆူဇီမို မသိပေ။
ဒီနေ့မှာတော့ ထိုစည်ထဲတွင် နက်မှောင်နေသော အရည်များရှိနေပြီး ထိုအရာမှ လွန်စွာ ပြင်းထန်စူးရှသော ဆေးအနံ့က ထွက်ပေါ်နေလေ၏။
‘’ဒါက ကျုပ်ကျင့်ကြံဖို့အတွက်လား’’
ဆူဇီမိုသည် ဘာမှတွေးမနေဘဲ သစ်သားစည်ထဲသို့ ခုန်ဝင်လိုက်၏။
‘’အာ’’
သစ်သားစည်ထဲသို့ ခုန်ဝင်ပြီးချိန်မှာပင် သူ၏ အမူအယာက ချက်ချင်းပြောင်းလဲသွား၏။
အေးလိုက်တာ!
အရမ်း အေး....!
ဆူဇီမိုသည် သူ၏ ခြေလက်များက ချက်ချင်းပဲ ထုံကျင်လာသည်ကို ခံစားလိုက်ရ၏။ သူ၏ ဆံပင်များတွင် နှင်းခဲလွှာများက ရစ်သိုင်းလာ၏။ သူ၏ မျက်နှာသည် မီးခိုးရောင်သန်းလာပြီး သူ့နှုတ်ခမ်းက ခရမ်းရောင်သန်းလာလေ၏။ သူ၏ ခန္ဓာကိုယ်သည် ထိန်းမရအောင် အဆက်မပြတ် တုန်ယင်လာလေတော့၏။
‘’ဘာ..ဘာကြီးလဲ..ဒါက’’ ဆူဇီမိုသည် တုန်ရီနေသော အသံဖြင့် မေးလိုက်၏။
တျဲယွဲ့က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။ ‘’မင်း မရတော့ဘူးဆိုရင် ပြန်ထွက်လာခဲ့လို့ရတယ်’’
ဆူဇီမိုသည် ထပ်ပြီးတော့ တောင့်မခံနိုင်တော့ပေ။
ဒီစည်ထဲမှာ ဆက်နေလျှင် သူသည် အေးခဲပြီး သေသွားလိမ့်မည်ဟု ထင်လေသည်။
ဆူဇီမိုသည် အပြင်သို့ ခုန်ထွက်တော့မည့်အချိန်မှာပင် တျဲယွဲ့မျက်လုံးထဲမှ သရော်လိုသော အကြည့်ကို မြင်လိုက်ရပြီး သူသည် မခံချိမခံသာ ကျွဲမြီးတိုသွားလေ၏။ သူသည် အံကိုတင်းတင်းကြိတ်ကာ စည်ထဲတွင် ပြန်ထိုင်ချလိုက်၏။
သူသည် အသက်ဆယ်ကြိမ်လောက်သာ ရှူရသေးသည် သူ့အရိုးထဲမှာ ခိုက်ခိုက်တုန် ချမ်းအေးမှုကို ခံစားလာရ၏။ ထိုဆေးရည်များ၏ လှုံ့ဆော်မှုအောက်တွင် သူသည် စတင်၍ သတိလွတ်လာလေ၏။
ဆူဇီမိုသည် အရင်တုန်းက တျဲယွဲ့ ပြောခဲ့သည်များကို ပြန်လည် အမှတ်ရလာ၏။ ‘မင်းအနေနဲ့ ဒီကျင့်ကြံခြင်း နည်းစနစ်တွေကို ကျင့်ကြံမယ်ဆိုရင် မင်းဘဝမှာ မျှော်လင့်မထားတဲ့ ဒုက္ခတွေ၊ အန္တရာယ်တွေနဲ့ တွေ့ကြုံရလိမ့်မယ်။ မင်းအသက်ကို အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်။ အဲ့ဒီအချိန် ငါမင်းကို လာကယ်မှာ မဟုတ်ဘူး။’’
သူအေးခဲပြီး သေသွားလျှင်တောင် တျဲယွဲ့က သူ့ကို ကယ်လိမ့်မည့်မဟုတ်ဆိုတာကို သူကောင်းကောင်းသိထားလေသည်။
ဆူဇီမိုသည် သူခံစားနေရသော အအေးဓါတ်ကို လျစ်လျူရှုဖို့ ကြိုးစားရင်း သူ့မျက်လုံးများကို မှိတ်ချလိုက်၏။ သူသည် အရေပြားကြံ့ခိုင်စေခြင်း အသက်ရှူသွင်း၊ ရှူထုတ်နည်းလမ်းကို သုံးလိုက်ပြီး ဖြည်းဖြည်းချင်း ဝင်လေထွက်လေကို စတင် ရှူလိုက်လေ၏။
ရုတ်တရက်ဆိုသလို!
ဆူဇီမို၏ စိတ်ထဲတွင် ရှည်လျားရှုပ်ထွေးဆန်းကြည်သော ဂါထာသုတ္တန်တစ်ခုက ပေါ်လာပြီး သူသည် တျဲယွဲ့၏ စကားသံကို ကြားလိုက်ရ၏။ ‘’အဲ့ဒါက ခန္ဓာကိုယ် ကြံ့ခိုင်စေခြင်း သုတ္တန်တစ်ခုရဲ့ အချက်အလက်တွေပဲ.. မင်းမှာက အခြေခံအုတ်မြစ် မရှိမှတော့ ငါအဲ့ဒါကို အပိုင်းနှစ်ပိုင်း ခွဲလိုက်တယ်.. အရေပြားကြံ့ခိုင်စေခြင်းနဲ့ အသားရေ ကြံ့ခိုင်စေခြင်း ဆိုပြီးတော့.. မင်းအခုမြင်နေရတာက အသားရေ ကြံ့ခိုင်စေခြင်း သုတ္တန်ပဲ.. ဒီနေ့က စပြီးတော့ မင်းကျင့်ကြံလေ့ကျင့်တဲ့အခါ အဲ့ဒီနှစ်မျိုးစလုံးကို ပူးတွဲပေါင်းစပ် လေ့ကျင့်ရမယ်’’
ဒီအသားရေ ကြံ့ခိုင်စေခြင်း နည်းလမ်းက ကျောက်တုံးဝက်ဝံနတ်ဆိုးဘုရင်ဆီကနေ စတင်ဆင်းသက်လာတာ..အဲဒီဝက်ဝံရဲ့ အသားရေက အတော်ထူပြီး မာကြောခက်ထန်တယ်..သူ့ရဲ့ လှုပ်ရှားပုံက လေးတယ်လို့ ထင်ရပေမယ် သူက ခွန်အားအတော်ကြီးတယ်.. ဒီဝင်လေထွက်လေ နည်းလမ်းနှစ်ခုကို အတူပေါင်းစပ် လေ့ကျင့်လိုက်မယ်ဆိုရင် အဲ့ဒါက ခန္ဓာ ကြံ့ခိုင်မီးဆေး သုတ္တန်ကို ဖြစ်ပေါ်လာစေလိမ့်မယ်’’
တျဲယွဲ့က ဆူဇီမိုကို ဝင်လေထွက်လေ ရှုမှတ်ပုံကို သင်ပေးရင်း ရှင်းလင်းပြောပြပေးနေလေ၏။
ဆူဇီမိုသည် ထိုအရာကို တစ်ဖြည်းဖြည်း ဖမ်းဆုပ်မိလာပြီး သူ၏ အသက်ရှူသံက နှေးလာပြီး ရှည်ကြာလာလေ၏။
ဝင်လေထွက်လေ တစ်ရှိုက်စီနှင့်အတူ သစ်သားစည်ထဲရှိ ဆေးအရည်များ၏ အဆီအနှစ်သည် သူ့အရေပြားမွှေးညှင်းပေါက်များမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး အသွေးအသားများကို အာဟာရဓါတ် ဖြည့်တင်းပေးနေလေတော့၏။
ဤကျင့်ကြံခြင်း နည်းစနစ်သည် အာဟာရဓါတ်ကို တိုက်ရိုက်ဖြည့်တင်းပေးကာ အစားအသောက်များကို စားသုံး၍ ကျင့်ကြံခြင်းထက် များစွာ ပိုမို ထိရောက်မှု ရှိလေသည်။
ဆူဇီမိုသည် သူ့အသွေးအသားများက အားအင်များပြည့်ဝလာသည်ဟု ခံစားလာရ၏။ သူ၏ အရေပြားသည် မာကြောလာပြီး သူ့ကြွက်သားများသည် ပို၍ သန်မာထွားကျိုင်းလာသည် ခံစားရလေ၏။
ဤအချိန်တွင် ဆူဇီမိုသည် သူ့မျက်လုံးကိုသာ ဖွင့်ကြည့်လိုက်လျှင် သူ့အတွက် ပိုပြီးတော့တောင် အံ့သြတုန်လှုပ်ကောင်းသော မြင်ကွင်းကို မြင်တွေ့ရပေလိမ့်မည်။
နက်မှောင်နေသော ဆေးရည်များသည် သစ်သားစည်ထဲတွင် အလွန်ကြီးမားသော ဝဲကတော့ ပုံစံဖြစ်ပေါ်နေပြီး ဆူဇီမိုက ထိုဝဲကတော့၏ အလယ်တွင် ဖြစ်လေသည်။
ဆူဇီမို၏ဘေးတွင် နွားပုံသဏ္ဍာန် မွန်းစတားတစ်ကောင်နှင့် ဝက်ဝံပုံသဏ္ဍာန် မွန်းစတားတစ်ကောင်သည် ဘွားခနဲ ပေါ်လာလေ၏။ သူတို့သည် ဝိုးတိုးဝါးတား ပုံရိပ်များသာ ဖြစ်သော်လည်း သူတို့၏ မျက်လုံးများသည် အေးစက်ခြောက်ခြားဖွယ် လက်နေ၏။ သူတို့သည် ရက်စက်ကြမ်းကြုတ်ပုံပေါ်နေပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေနိုင်သော အော်ရာအရှိန်အဝါက ထွက်ပေါ်နေလေ၏။
အချိန်သည် တစ်ဖြေးဖြေးကုန်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ အအေးဓါတ်သည် တစ်ဖြည်းဖြည်း လျော့ကျလာလေ၏။ မကုန်ခမ်းနိုင်သောပမာဏနှင့် ဆေး၏အဆီအနှစ်များသည် သူ၏ ကြွက်သားနှင့် အရေပြားကို ဆက်တိုက်သန့်စင်ပေးနေပြီး သူ၏ သိုင်းအဆင့်ကလည်း လျှင်မြန်စွာ မြင့်တက်လာလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ညက ကုန်ဆုံးသွားလေ၏။
ဆူဇီမိုသည် မျက်လုံးဖွင့်လိုက်ပြီးနောက် အံ့အားသင့်ဖွယ်ကောင်းစွာပင် သစ်သားစည်ထဲမှ ဆေးရည်များသည် ရေလိုထွင်းဖောက်မြင်နိုင်အောင် ကြည်လင်နေတာကို တွေ့လိုက်ရလေ၏။
တျဲယွဲ့က အစိမ်းရောင် ကျောက်တုံးပေါ်မှ ခုန်ဆင်းလိုက်ရင်း ‘’ငါမင်းကို နောက်ထပ် ကိုယ်ဟန်လှုပ်ရှားပုံ သုံးသွယ်ကို ထပ်သင်ပေးမယ်..ပထမပုံစံက သွေဖယ်မြေလက်ဝါး.. လက်ဝါးရဲ့ ရိုက်ထောင့်ကို မင်းလိုသလို ပြောင်းလဲနိုင်တယ်.. မင်းမှတ်ဖို့လိုတာက ကမ္ဘာမြေဆွဲအား ဆန့်ကျင့်ခြင်းရဲ့ သဘောတရားနဲ့ ခွန်အားအသုံးပြုပုံ နည်းလမ်းကို သိထားဖို့ပဲ.. ‘’
တျဲယွဲ့က ရှင်းပြပေးနေရင်း သူမ၏လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေသည်။
ဆူဇီမိုသည် စိတ်ကူးတစ်ခုပေါ်လာပြီး သူ့မျက်လုံးကို မှိတ်ချလိုက်၏။
ဆူဇီမိုတွင် ထူးဆန်းသော စိတ်ကူးတစ်ခု ရှိနေ၏။ ယခုသူနှင့် မျက်နှာခြင်းဆိုင်နေသူသည် တျဲယွဲ့မဟုတ်တော့ဘဲ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဝက်ဝံသားရဲ တစ်ကောင်လိုပင်။ ထိုဝက်ဝံသားရဲက သူ၏ အလွန်ကြီးမားသော ဝက်ဝံလက်သည်းကို မြှောက်လိုက်ပြီး ရုတ်တရက် အောက်သို့ ကုတ်ဆွဲချလိုက်၏။
ထိုအရာသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်ကို ဆူဇီမို သိထားသော်လည်း ထိုအားကောင်းပြင်းထန်သော ကုတ်ချက်ကျဆင်းလာသောအခါ သူသည် အလိုအလျောက် နောက်သို့ ဆုတ်လိုက်လေ၏။
ရွှစ်..!
သူသည် သစ်သားစည်ထဲတွင်သာ ရှိနေသေးသည်ကို မေ့နေပြီး ဆူဇီမိုသည် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားကာ ညစ်ပေစုတ်သွားလေ၏။ သစ်သားစည်ထဲရှိရေများသည် ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ထွက်ကျကုန်တော့၏။
ဒုတိယပုံစံကတော့ တောင်တန်းအားပြုပုံစံပဲ.. မင်းရဲ့ခွန်းအားအကုန်ကို အသုံးပြုပြီး အရှေ့ကို ဖိချရမယ်.. မင်းရဲ့ပြိုင်ဘက်က ပြန်တုန့်ပြန်ဖို့တောင် အချိန်မရလိုက်ဘဲ ချက်ခြင်းတန်းသေသွားလိမ့်မယ်’’
ဆူဇီမို၏ သူငယ်အိမ်သည် တင်းကြပ်သွားလေ၏။
တောင်တန်းအားပြုပုံစံကို သူမ ပုံဖော်လိုက်သောအခါ တျဲယွဲ့၏ ဘေးပတ်ပတ်လည်ရှိ လေထုသည် အေးခဲသွားလေ၏။ ထိုလေထုသည် အစိုင်အခဲပုံစံပြောင်းသွားသည်ဟု ထင်ရပြီးနောက် ဘေးအဘက်ဘက်သို့ ခွဲထွက်သွားလေ၏။
တျဲယွဲ့၏ လျှင်မြန်၊ ထိတွေ့ လိုက်သော လှုပ်ရှားမှုဖိအားကို ထိုလေထုက တောင့်ခံနိုင်ပုံ မရပေ။
‘’တတိယပုံစံ... ခန္ဓာကျောက်ရုပ်’’
တျဲယွဲ့က ခဏရပ်တန့်ပြီးမှ ဆက်ပြောလိုက်၏။ ‘’အဲ့ဒါက မဟာအရိုင်းကမ္ဘာက သားရဲနတ်ဆိုးဘုရင် ၁၂ပါးရဲ့ လျှို့ဝှက်နက်နဲ ဂန္တဝင်ပညာရပ်ထဲက ခုခံကာကွယ်ခြင်း နည်းလမ်းပဲ.. အဲဒါကို မနောကျင့်ကြံခြင်းနည်းလမ်းလို့လည်း ပြောလို့ရတယ်။ မင်းအဲဒါကို အောင်မြင်အောင် လေ့ကျင့်နိုင်ပြီဆိုတာနဲ့ မင်းရဲ့ အသွေးအသား ခန္ဓာက သဘာဝကျောက်တုံးကြီး ဖြစ်သွားလိမ့်မယ်.. ဖျက်ဆီးလို့ မရနိုင်အောင် ဖြစ်လာမယ်.. ရရှိနိုင်မယ့် ဒဏ်ရာတွေကို တတ်နိုင်သမျှ နည်းအောင် လျှော့ချပေးလိမ့်မယ်..’’
ဆူဇီမိုသည် ကျောက်တုံးဝက်ဝံ ကိုယ်ဟန်သုံးသွယ်ကို စတင် လေ့ကျင့်လိုက်ပြီး တျဲယွဲ့က ဘေးကနေ အေးတိအေးစက်ဖြင့် ရပ်ကြည့်နေကာ သူအမှားလုပ်မိလျှင် ဝင်ရောက်ထောက်ပြပေးလေ၏။
သူ့အမှားကို တျဲယွဲ့ ဝင်ထောက်ပြသည့်အချိန်တိုင်း ဆူဇီမိုသည် နင့်နေအောင် အဆော်ခံရလေသည်။
နေ့တစ်နေ့ကုန်သွားပြီး ဆူဇီမိုသည် ကျောက်တုံးဝက်ဝံကိုယ်ဟန်သုံးသွယ်ကို ပြီးဆုံးအောင် မလေ့ကျင့်ရသေးသော်လည်း သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာအနာတရများနှင့် ပြည့်နေလေပြီ။ သူ၏ခန္ဓာကိုယ်အနှံ့တွင် ပွန်းပဲ့ရာများ ပြည့်နေပြီး ချွေးများလည်း ရွှဲနစ်နေလေ၏။ သူသည် အားအင်ချိနဲ့စွာဖြင့် မြက်ခင်းပေါ် လဲကျသွားပြီး ဟောဟဲဆိုက်နေလေသည်။
တစ်ကယ်တော့ ထိုသို့သာ အကြမ်းအတမ်း မလေ့ကျင့်လျှင် ကျောက်တုံးဝက်ဝံကိုယ်ဟန် သုံးသွယ်ကို လေ့ကျင့်ဖို့ အချိန်များစွာ ပိုယူရလိမ့်မည်ဆိုတာ ဆူဇီမို ကောင်းစွာ သိထားလေသည်။
ညသို့ရောက်သောအခါ တျဲယွဲ့က ဆူဇီမိုအတွက် နောက်ထပ် ဆေးရည်တစ်စည်ကို ပြင်ဆင်ပေးလေ၏။
သူ့အတွက် စိတ်လှုပ်ရှားကျေနပ်ဖွယ် ကောင်းစေတာက သူနေ့ဘက်မှာ ဘယ်လောက် ပြင်းပြင်းထန်ထန် ဒဏ်ရာအနာတရ ရခဲ့ပါစေ ညဘက်ရောက်လို့ သစ်သားစည်အတွင်းမှာ လေ့ကျင့်ပြီးတာနှင့် သူရှိခဲ့သော ဒဏ်ရာများသည် အမာရွတ်သေးသေးလေး မကျန်ခဲ့အောင်ပင် ယူပစ်သလို ပျောက်ကင်းသွားခြင်း ဖြစ်လေသည်။
နောက်ထပ်သုံးလအတွင်းတွင် ဆူဇီမိုသည် နေ့ဘက်မှာ အမဲသားအချို့စား၍ ကျောက်တုံးဝက်ဝံကိုယ်ဟန် သုံးသွယ်ကို လေ့ကျင့်ခြင်း၊ ညဘက်မှာ သစ်သားစည်ထဲသို့ ဝင်ရောက်ပြီး ဆေးရည်များ၏ နှိုးဆွအာနိသင်အောက်၌ ဝင်လေထွက်လေ ရှူရှိုက်လေ့ကျင့်ခြင်းများကို လုပ်ခြင်းဖြင့် သူ၏ နေ့ရက်တိုင်းကို ကုန်ဆုံးစေလိုက်၏။
ဆူဇီမိုသည် အံကိုတင်းတင်းကြိတ်၍ မရေမတွက်အောင် အပြင်းအထန် လေ့ကျင့်ခဲ့၏။
ပြင်းထန်ကြမ်းတမ်းသောပုံစံနှင့် အသည်းအသန် လေ့ကျင့်ပြီးနောက် ဆူဇီမိုသည် ခန္ဓာကြံ့ခိုင်မီးဆေးသုတ္တန်ကို ပို၍ နက်ရှိုင်းစွာ နားလည်လာလေ၏။ သူသည် သွေဖယ်မြေလက်ဝါးနှင့် တောင်တန်းအားပြုပုံစံတွင် စဦးအောင်မြင်မှုကိုပင် ရရှိလာခဲ့လေသည်။
သို့သော်လည်း သူသည် ခန္ဓာကျောက်ရုပ်ပုံစံ၌ လမ်းတစ်ဝက်မှာပင် ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေလေ၏။
ဆူဇီမိုသည် ကျောက်တုံးဝက်ဝံ ကိုယ်ဟန်သုံးသွယ်ကို စတင်လေ့ကျင့်ခဲ့တုန်းက ကြမ်းတမ်းသောပုံစံသို့ ပြောင်းလဲသွားခဲ့သော သူ၏အသားအရည်သည် ယခုအခါ ပြန်၍ နူးညံ့ချောမွေ့လာပြီး နဂိုသဘာဝအခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေ၏။
သူ၏ အသားအရေသည် ကျောက်စိမ်းလို ဝင်းလက်နူးညံ့နေပုံ ရသော်လည်း တစ်ကယ်တော့ အရင်ကထက် အများကြီး မာကျောသန်မာလာခဲ့လေသည်။
ဆူဇီမို၏ ကြွက်သားများသည် ပိုမိုသန်မာလာပြီး သူ၏ခန္ဓာကိုယ်သည် ပို၍ကြံ့ခိုင်မာကျောလာခဲ့၏။ သူသည် အရပ်သည်လည်း ပို၍ရှည်လာခဲ့လေ၏။ သူသည် အသက်၁၇နှစ် အရွယ်သာ ရှိသေးသော်လည်း သူ၏ အရပ်သည် ၆ပေ ကျော်နေပြီး တျဲယွဲ့၏အရပ်အမြင့်နှင့် တူညီသလောက် ရှိလာလေပြီ။
လွန်ခဲ့သော သုံးလက ဆူဇီမိုသည် ရှမ်မိသားစုအိမ်တော်တွင် ဓါးသမားများနှင့် တိုက်ခိုက်ခဲ့သောအခါ သူ့ကို ဓါးချက်များ ထိခတ်ခဲ့လေ၏။ သူသည် ပြင်ပဒဏ်ရာများ မရရှိခဲ့သော်လည်း ဆေဘာနှင့်ဓါးများ၏ ထိခတ်မှုသည် သူ၏ကြွက်သားများကို အနာတရဖြစ်စေကာ အချိန်အတော်ကြာသည့်အထိ နာကျင်ကိုက်ခဲနေခဲ့လေ၏။
အခုအချိန်မှာတော့ ဆူဇီမိုသည် သူ့ကို ပကတိ-စဦးအဆင့် သိုင်းသမားများက ဓါးနှင့်ဝိုင်းခုတ်လျှင်ပင် သူ့တွင် မည်သည့် အနာတရမျှ ဖြစ်လာလိမ့်မည် မဟုတ်ဟု သူထင်မိလေသည်။
ခန္ဓာကြံ့ခိုင်မီးဆေးခြင်းကို နှစ်ဝက်လောက် လေ့ကျင့်လာခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်သည် ဓါး၊ဆေဘာများနှင့် သဏ္ဍာန်တူလာလေသည်။
တစ်ကယ်တော့ သူရရှိခဲ့သော ပြောင်းလဲတိုးတက်မှုများသည် ဤထက်ပိုပေသည်။
သူ၏ခွန်အားသည် အလွန့်အလွန် ကြီးမားလာပြီး သူ၏အမြန်နှုန်းသည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်လာကာ သူ၏အမြင်အာရုံကလည်း လွန်စွာ စူးရှလာလေ၏။
သည်မနက်တွင် ဆူဇီမိုသည် ကျင့်ကြံရေးကွင်းမှ လမ်းလျှောက်ထွက်လာခဲ့၏။ သူသည် အစိမ်းရောင် ဝတ်စုံတစ်ထည်ကို လဲလှယ်ဝတ်ဆင်ကာ သေသပ်အောင် ပြင်ဆင်ပြီး ဆူမိသားစုအိမ်တော် ရှိရာသို့ ထွက်လာခဲ့လေ၏။
ဆူရှောင်းနင်က ဒီနေ့ ပြန်လာပေလိမ့်မည်။
ဆူဇီမို၊ ဆူဟုန် (သို့) ဆူမိသားစုမှ မည်သူဖြစ်ဖြစ် သူမကို ချစ်ခင်နှစ်သက်ကြပြီး သူမအပေါ် မည်သည့် ထိခိုက်မှုမျိုးမှ အဖြစ်မခံနိုင်ကြပေ။
ဆူဇီမိုသည် ဆူမိသားစုအိမ်တော်ကို မကြာခင်မှာပင် ရောက်ရှိသွားလေ၏။
‘’ဒုတိယသခင်လေး ရောက်ပြီဟေ့’’ ဆူမိသားစုမှ လူများသည် နှစ်ခြိုက်နွေးထွေးစွာဖြင့် နှုတ်ဆက်လိုက်ကြလေ၏။
ဆူဇီမိုသည် သူတို့ကို ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
သုံးလကြာအောင် ပြန်လည် အားဖြည့်ပြီးနောက် ဦးလေးကျန့်၏ ဒဏ်ရာများသည် ပျောက်ကင်းသက်သာသွားခဲ့သော်လည်း သူသည် အရင်ကထက် ပို၍ အိုစာသွားသည်ဟု ထင်ရလေ၏။
‘’အစ်ကိုကြီးတစ်ယောက် အိမ်မှာ မရှိပြန်ဘူး မဟုတ်လား’’ ဆူဇီမိုက ဒီအတိုင်းပဲ မေးလိုက်၏။
ဦးလေးကျန့်က ပြုံးလိုက်၏။ ‘’သူ အရင်လတွေက မပြီးပြတ်သေးတဲ့ အလုပ်ကြွေးတွေနဲ့ ပိနေတာ.. သူ့အလုပ်နဲ့သူ ရှုပ်နေတာဆိုတော့ သူဒီနေ့တော့ အိမ်ပြန်ရောက်နိုင်လိမ့်မယ် မထင်ဘူး’’
ဆူဇီမိုနှင့် ဦးလေးကျန့်သည် ဆူရှောင်းနင် ပြန်အလာကို စောင့်ဆိုင်းရင်း စကားစမြည် ပြောနေကြ၏။
နှစ်နာရီအကြာ...
လေးနာရီအကြာ...
မွန်းတည့်ချိန် ကျော်လွန်လာခဲ့၏။
ကန်းလန်မြို့ကြီးနှင့် ပင်ယန်းမြို့သည် သိပ်ကွာဝေးလှတာ မဟုတ်ပေ။ ခြေလျင်လျှောက်လျှင်ပင် နှစ်နာရီထက် ပိုမလျှောက်ရပေ။ သို့သော် ယခုအချိန်ထိ ဆူရှောင်းနင်က ပြန်ရောက်မလာသေးပေ။
ဆူဇီမို၏ မျက်နှာသည် သုန်မှုန်လာပြီး သူ့မျက်လုံးထဲတွင် အေးစက်သော အငွေ့အသက်များ ပေါ်နေ၏။
ဦးလေးကျန့်သည် မျက်မှောင်ကြုတ် စဉ်းစားနေပြီးနောက် လှမ်းအော်ခေါ်လိုက်၏။ ‘’လျှိုယု’’
‘’ရှိပါတယ်’’
ဦးလေးကျန့်က တည်ကြည်လေးနက်သော လေသံဖြင့် ‘’ကန်းလန်မြို့ကို လူအချို့ခေါ်ပြီး လိုက်သွား.. Missဆူ ဒီနေ့ ကန်းလန်မြို့ကနေ ထွက်လာဖြစ်လား၊ မဖြစ်လားဆိုတာ သွားစုံစမ်း.. ထူးခြားတဲ့သတင်းရှိရင် ငါ့ဆီကို ချက်ခြင်း သတင်းပြန်ပို့’’ ဟု ခပ်ပြတ်ပြတ် ပြောလိုက်၏။
‘’သွားစရာ မလိုတော့ဘူး’’
ဆူဇီမိုက လက်ကာပြလိုက်၏။
သူ့ညီမအကြောင်းကို သူအသိဆုံး ဖြစ်သည်။
ဆူရှောင်းနင်သည် ငယ်ငယ်လေးကတည်းက လွန်စွာလိမ္မာရေးခြားရှိပြီး နာခံတတ်သော ကလေးမ ဖြစ်၏။ သူမသည် မိသားစုကို ပူပန်သောကရောက်စေအောင် ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ပေ။
ဆူရှောင်းနင်သည် ယခုအချိန်ထိ ပင်ယန်းမြို့ကို ရောက်မလာသေးဘူးဆိုလျှင် အဖြေက တစ်ခုသာ ရှိလေသည်။ သူမသည် ကံခေစရာ တစ်ခုခုနှင့် ကြုံနေရပေပြီ။
ဆူဇီမိုသည် ဖြည်းဖြည်းခြင်း မတ်တပ်ထရပ်လိုက်ပြီး သူ၏အမူအယာက အေးစက်ခက်ထန်နေ၏။
ဦးလေးကျန့်နှင့် လျှိုယုသည် ဆူဇီမို၏ လှုပ်ရှားမှု တစ်ခုနှင့်ပင် မွန်းကြပ်ဖွယ်ဖိအားကို ခံစားလိုက်ရ၏။
ဤလူနှစ်ယောက်သည် များစွာသော ရန်ပွဲများ၊ တိုက်ပွဲများကို ကြုံတွေ့ ဖြတ်ကျော်ခဲ့ဖူးပြီး သေခြင်းတရားနှင့် လွန်စွာနီးကပ်ခဲ့သော အခြေအနေများစွာကိုပင် တွေ့ကြုံခံစားခဲ့ဖူးပေပြီ။ သူတို့သည် အင်မော်တယ် (သို့) လူထောင်ချီစစ်တပ်ကြီးနှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။
အခုအချိန်မှာတော့ သူတို့နှစ်ယောက်သည် ဆူဇီမို၏အမျက်နှင့် ရင်ဆိုင်ရသောအခါ ကြောက်ရွံ့မှုဖြင့် မထိန်းနိုင်စွာ တုန်ရီလာကြလေသည်။
‘’ဒုတိယသခင်လေးက တစ်ကယ်ကြီး ပြောင်းလဲသွားတာပဲ’’ ဦးလေးကျန့်နှင့် လျှိုယုသည် တူညီသောအတွေးဖြင့် တစ်ယောက်နှင့်တစ်ယောက် အကြည့်ခြင်း ဖလှယ်လိုက်ကြ၏။
‘’အစီရင်ခံပါတယ်---- ရှမ်မိသားစုက ရှမ်းနန်.. တံခါးအပြင်ကနေ ဝင်ခွင့်တောင်းနေပါတယ်’’ ဆူမိသားစု အစောင့်အရှောက် တစ်ယောက်က အော်ပြောလိုက်လေ၏။
ဦးလေးကျန့်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ ‘’ဝင်လာခိုင်းလိုက်’’
‘’ဟီးဟီး.. ခင်ဗျားတို့ ဘာတွေများ လုပ်နေကြပါလိမ့်’’ များမကြာမီ အဖြူရောင်ဝတ်ရုံနှင့် ရှမ်းနန်သည် ပြုံးရွှင်စွာဖြင့် ဝင်ရောက်လာလေ၏။
ဆူဇီမိုသည် စကားတစ်ခွန်းမျှ မပြောပေ။ သူ၏မျက်လုံးကို မှေးလိုက်ပြီး ရှမ်းနန်ကို စိုက်ကြည့်လိုက်လေ၏။
ရှမ်းနန်သည် ဒိန်းခနဲ နုလုံးခုန်သွားလေ၏။
ဘာကြောင့်မှန်း မပြောတတ်သော်လည်း သူသည် ဒေါမာန်ထနေသော ကျားတစ်ကောင်နှင့် ဆာလောင်နေသော ဝံပုလွေတစ်ကောင်က သူ့ကို ပစ်မှတ်ထားနေသလို ခံစားရလေ၏။ သူသည် မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်း ဆုတ်ဖြဲခံရတော့မည်ကဲ့သို့ပင်။
‘’ကျုပ်က ဒီမှာ အမှာစကားတစ်ခု လာပြောမလို့ပါ.. ဇောင်မိသားစုနဲ့ လီမိသားစုက ဆူမိသားစုက သခင်လေးနှစ်ယောက်ကို စားပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားခိုင်းလိုက်လို့ပါ’’ ရှမ်းနန်သည် တစ်မျိုးတစ်ဖုံ မလုံမလဲ ခံစားလာရပြီး အလောတကြီး ထပြောလိုက်လေ၏။
ဆူဇီမိုသည် ရှမ်းနန်ဘေးသို့ ရောက်လာပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။ ‘’ငါ့အစ်ကိုကြီးက အခုမရှိဘူး.. ငါပဲ မင်းနဲ့လိုက်ခဲ့မယ်’’
‘’ဒုတိယသခင်လေး သူတို့က စားပွဲအကြောင်းပြပြီး တစ်ခုခု ကြံစည်နေတာ ဖြစ်ရမယ်.. သင်မသွားရဘူး’’ လျှိုယုက ရှေ့သို့ထွက်လာပြီး ဆူဇီမို၏နား အနားကပ်ကာ အသံတိုးတိုးဖြင့် အလောတကြီး ပြောလိုက်လေ၏။
ဆူဇီမိုက သူ့ကို စိုက်ကြည့်လိုက်လေ၏။
လျှိုယုက သူ့ခေါင်းကို ညွှတ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်၏။ ‘’ဒုတိယသခင်လေး အဲ့ဒါဆို သင့်နဲ့အတူ ကျုပ်ပါလိုက်ခဲ့မယ်’’
ဆူရှောင်းနင်က ပျောက်နေပြီး ဇောင်မိသားစုက ရုတ်တရတ် ဆူဟုန်နှင့် ဆူဇီမိုကို စားပွဲအတွက် လာဖိတ်လေ၏။ ထိုအရာက သူတို့ မဟုတ်တာတစ်ခုခု ကြံစည်နေပြီဆိုတာ သိသာလေ၏။ သူသည် အသက်ရှင်လျှက် ပြန်လာနိုင်မှ လာနိုင်လိမ့်ပေမည်။ သို့သော် ဒုတိယသခင်လေးက ရန်သူတွေနှင့် တစ်ယောက်တည်း တိုက်နေချိန် သူက ဘယ်တော့မှ ဒီတိုင်းထိုင်နေလိမ့်မည် မဟုတ်ပေ။
‘’လျှိုယု.. ဆူမိသားစုက သခင်လေးနှစ်ယောက်ကိုပဲ စားပွဲကို ဖိတ်ရမယ်လို့ သခင်လေးဇောင်က သေချာမှာလိုက်တယ်.. တခြားဘယ်သူမှ ခေါ်လာလို့ မရဘူး.. အဲ့လိုမှ မဟုတ်ရင်တော့.....’’ ရှမ်းနန်က စကားကို ဆုံးအောင် ဆက်မပြောသော်လည်း ထိုအရာက သူတို့ကို ခြိမ်းခြောက်နေသည်မှာ ထင်ရှားလေ၏။
‘’ရှေ့ကသွား’’ ဆူဇီမိုက အေးစက်စွာ ပြောလိုက်၏။
ရှမ်းနန်သည် ဦးလေးကျန့်နှင့် လျှိုယုကို မထီတရီ လှမ်းကြည့်ကာ လှောင်ရယ်ရင်း ဆူမိသားစုအိမ်တော်မှ ထွက်ခွာသွားလေ၏။
‘’Mrကျန့်.. ငါတို့ ဘာလုပ်ရမလဲ.. ငါတို့လူတွေခေါ်သွားပြီး သွားတိုက်ခိုက်ကြရင် ကောင်းမလား.. ဒုတိယသခင်လေး တစ်ခုခုဖြစ်လို့ မရဘူးနော်’’ လျှိုယုက စိတ်ရှုပ်စွာ ပြောလိုက်၏။
‘’မရဘူး’’
ဦးလေးကျန့်က မျက်မှောင်ကြုတ်ရင်း ခေါင်းခါလိုက်၏။ ‘’တစ်ဖက်လူက ကြိုတင်ပြင်ဆင်ထားပြီးသားဆိုတာ အသိသာကြီးရယ်.. အခုအချိန်မှာ ဇောင်မိသားစုအိမ်တော်က အန္တရာယ်တွေ အပြည့်နဲ့.. လက်ရှိ ငါတို့လူအင်အားနဲ့ဆို ငါတို့ သူတို့ကို ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး’’
ဦးလေးကျန့်က အတော်ကြာ ရပ်တန့်နေပြီးမှ လေးနက်စွာဖြင့် ‘’အနီးဆုံး မဟူရာ မြင်းစီးစစ်တပ်ဆီကိုသွား.. တတ်နိုင်သမျှ မြန်မြန်လိုက်လာဖို့ သွားပြော’’
‘’ဒါပေမယ့်.. သူတို့ အချိန်မီ ရောက်နိုင်ပါ့မလား’’ လျှိုယုက ပြန်မေးလိုက်၏။
‘’ငါလည်း မပြောတတ်ဘူး’’ ဦးလေးကျန့်က သက်ပြင်းချလိုက်၏။ ‘’အခုအချိန်မှာ ငါတို့မျှော်လင့်နိုင်တာက ဒုတိယသခင်လေးနဲ့ Missဆူက တတ်နိုင်သမျှ အချိန်ကြာကြာဆွဲထားနိုင်ပါစေလို့ပဲ.. အဲ့ဒါပဲ မျှော်လင့်လို့ရမယ်’’