← Chapters

စားပွဲသို့ တစ်ယောက်တည်း တက်ရောက်ခြင်း

Vol. 1 Ch. 10

စားပွဲသို့ တစ်ယောက်တည်း တက်ရောက်ခြင်း

Vol. 1 Ch. 10

ထာဝရ မြင့်မြတ်သော အရှင်သခင်

အခန်း(၁၀) စားပွဲသို့ တစ်ယောက်တည်း တက်ရောက်ခြင်း

ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)

ဇောင်မိသားစုခြံဝန်းထဲသို့ ဆူဇီမို ဝင်ရောက်ပြီးတာနှင့် သူ့နောက်မှ ခြံတံခါးသည် တစ်ဖြည်းဖြည်းချင်း ပြန်ပိတ်သွားလေ၏။

ခြံဝန်း၏ ဘေးနှစ်ဖက်နှစ်ချက်တွင် လူများပြည့်နေ၏။ သူတို့သည် စဦးအဆင့် သိုင်းသမားများဖြစ်ပြီး တစ်လက်လက်ထနေသော လက်နက်များကို ကိုင်ဆွဲထားကြ၏။

သူတို့သည် ခြံဝန်းထဲသို့ ဆူဇီမို ဝင်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ အံအားသင့်သွားကြ၏။ အများစုသည် သူ့ကိုကြည့်ရင်း ခေါင်းခါကာ လှောင်ရယ်လိုက်ကြ၏။

ဇောင်မိသားစုအိမ်တော်၏ ခန်းမဆောင်သည် ခြံဝန်း၏ အဆုံး၌ တည်ရှိလေ၏။ ခန်းမဆောင်၏ အဆုံးတွင် ထိုင်ခုံရှစ်လုံးပါ စတုရန်းပုံစံ စားပွဲတစ်ခု ရှိလေ၏။ ဇောင်ယုနှင့် လီယွမ်မောင် အပါအဝင် လူအများစုသည် ထိုင်နှင့်နေကြလေပြီ။

ရှမ်းနန်သည် ဆူဇီမိုနှင့်အတူ ဝင်ရောက်လာပြီးနောက် စားပွဲ၏ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်လေ၏။

ဆူဇီမိုသည် ခန်းမထဲရှိ လူအားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း တည်ငြိမ်သော ဟန်ပန်နှင့်ပင် တစ်ဖြည်းဖြည်းခြင်း လမ်းလျှောက်ဝင်လာလေ၏။

ခန်းမထဲတွင် လူအားလုံးပေါင်း ၁၇ယောက် ရှိလေ၏။ ဇောင်ယွမ်၊ လီယွမ်မောင်နှင့် ရှမ်းနန်တို့ကလွဲလျှင် ကျန်လူအားလုံးသည် မူလအဆင့် ပညာရှင်များ ဖြစ်ကြလေ၏။ သူတို့ထဲတွင် ရှမ်မိသားစုအိမ်တော်၌ သူနှင့် လက်ရည်စမ်းခဲ့ဖူးသော ဝိညာဉ်နုတ်ဓါးသမား ထန်မင်ကျွင်းလည်း ပါလေ၏။

မူလပညာရှင် ၁၄ယောက်တွင် ခုနှစ်ယောက်၏အော်ရာသည် ထန်မင်ကျွင်းထက် အားပိုကောင်းလေ၏။ ထိုခုနှစ်ယောက်ထဲတွင်မှ သုံးယောက်၏အော်ရာက အားအကောင်းဆုံး ဖြစ်လေ၏။

သိပ်တော့ အံသြစရာ မလိုပေ။ ထိုခုနှစ်ယောက်ထဲမှ လေးယောက်သည် အလယ်အလတ်-မူလအဆင့် ပညာရှင်များ ဖြစ်ကြပြီး ကျန်သုံးယောက်က နောက်ပိုင်း-မူလအဆင့် ပညာရှင်များ ဖြစ်ကြလေ၏။

ဆူဇီမိုသည် လက်ရှိ အခြေအနေကို ချိန်ဆလိုက်၏။

လက်ရှိအခြေအနေအရ ဇောင်မိသားစုသည် ဤကိစ္စကို အမှားအယွင်းမရှိရအောင် အလေးအနက်ထား တွက်ချက်ပြင်ဆင်ထားသည်မှာ သိသာထင်ရှားလေ၏။ သူတို့သည် သူနှင့် သူ့အစ်ကိုကြီးကို တစ်ခါတည်း ရှင်းထုတ်ပစ်ရန် ရည်ရွယ်ထားလေသည်။ ကံအကြောင်းမသင့်စွာပင် ဆူဟုန်က ရောက်ရှိမလာခဲ့ပေ။

‘’ဖမ်းချင်တာက ငါးအကြီးကြီး..မိလာတာက ပုဇွန်ဆိတ်လေး ဖြစ်နေတယ်.. ဒီလိုမှန်းသာ ကြိုသိခဲ့ရင် ငါတို့ ဒီလောက် လူအများကြီး ခေါ်မထားပါဘူး’’ ဇောင်ယုက ဆူဇီမိုကို အထင်အမြင်သေးစွာ ကြည့်ရင်း သရော်တော်တော် ပြောလိုက်လေ၏။

‘’ငါ့ညီမလေး ဘယ်မှာလဲ’’ ဆူဇီမိုက အေးဆေးတည်ငြိမ်စွာဖြင့် မေးလိုက်၏။

ဇောင်ယုက လက်ခုပ်တစ်ချက် တီးလိုက်၏။

ခန်းမ၏ အနောက်ဘက်မှ အမျိုးသမီးနှစ်ယောက် ဘေးချင်းကပ် လမ်းလျှောက်ထွက်လာလေ၏။ အတိအကျဆိုရလျှင် သူတို့ထဲမှ တစ်ယောက်က ဓါးစာခံ ဖြစ်လေ၏။

ဆူရှောင်းနင်သည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမက ဇဝနဉာဏ်ရည် ထက်မြက်ပုံ ရလေ၏။ သူမသည် အသက် ၁၅နှစ်အရွယ်ရှိပြီး ချောမောလှပသော ရုပ်ရည်နှင့် ပြစ်မျိုးမှဲ့မထင်သော အသားအရည်ကို ပိုင်ဆိုင်ထားလေသည်။

သို့သော် ယခုအချိန်တွင် ဆူရှောင်းနင်သည် သူမ၏ မျက်လုံးထဲတွင် မျက်ရည်စများ ရှိနေပြီး အပြင်သို့ ထွက်ကျမလာအောင် ချုပ်တည်းထားဟန် ရလေသည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ ဆူဇီမိုကို ငေးစိုက်ကြည့်နေ၏။

ထိုပုံစံနှင့် သူမကို ကြည့်ပြီး ဆူဇီမိုသည် ရင်ထဲတွင် နာကျင်သွား‌လေ၏။

ဤကဲ့သို့သော အကျပ်အတည်းပုံစံနှင့် သူ့ညီမ‌လေးကို တွေ့ရတာ ဒါပထမဆုံးအကြိမ် ဖြစ်လေသည်။ သူမ အတော်လေးကို နာကျည်းခံစားခဲ့ရမှာပင်။

လီယွမ်မောင်က ပြုံးလိုက်၏။ ‘’သူမဘေးက တစ်ယောက်က ငါ့ညီမလေး လီရှန့်ထုံပဲ.. ကြည့်ရတာ သူမက Missဆူကို ကောင်းကောင်းခေါ်လာခဲ့ပုံပဲ’’

ဆူရှောင်းနင်၏ ဘေးမှ အမျိုးသမီးသည် ပြုံးရင် ဆူရှောင်းနင်ကို ထိုင်ခုံတစ်လုံးပေါ်သို့ ဆွဲယူထိုင်စေလိုက်၏။ သူမသည် လက်ထဲမှ ထက်ရှသော ဓါးမြှောင်ကို ဝှေ့ယမ်းရင်း ညင်သာစွာ ပြောလိုက်လေ၏။ ‘’မငိုပါနဲ့ ညီမရယ်.. ငါ နင့်ကို လက်သည်းထိုးပေးပါ့မယ်’’

လီရှန့်ထုံံသည် ပြောနေရင်းနှင့်ပင် ဆူရှောင်းနင်၏ တုန်ရီနေသော လက်ချောင်းကလေးများကို ဆွဲယူလိုက်ရင်း လက်သည်းထိပ်ကလေးကို ဓါးမြှောင်နှင့် အသာအယာ ပွတ်ဆွဲလိုက်လေ၏။

‘’အဲ့ ဟုတ်ပြီ’’

လီရှန့်ထုံက ပင့်သက်ခပ်တိုးတိုး ရှိုက်လိုက်ပြီး ဆူရှောင်းနင်၏ လက်သည်းထိပ်မှ သွေးများက ယိုစီးကျလာလေ၏။ ထိုအရာက နီစွေးနေလေ၏။

‘’ညီမ.. နင့်လက်က အရမ်းတုန်မနေနဲ့လေ.. တော်သေးတာပေါ့.. ငါသေချာထိန်းထားလို့.. မဟုတ်ရင် နင့်လက်ချောင်းကို လှီးမိသွားလိမ့်မယ်’’ လီရှန့်ထုံက ကောက်ကျစ်စွာ ပြုံးရင်း ပြောလိုက်လေ၏။

ဆူဇီမိုက တစ်လက်မမျှ နေရာမရွေ့ပေ။

လီရှန့်ထုံက အားနည်းသော အမျိုးသမီးတစ်ယောက် မဟုတ်ပေ။ သူမသည် စဦးအဆင့် သိုင်းသမားတစ်ယောက် ဖြစ်ပေသည်။

ဆူဇီမိုနှင့် လီရှန်ထုံကြားတွင် ထိုင်ခုံရှစ်လုံးပါ စတုရန်းပုံစားပွဲက ခြားထားလေ၏။ ထိုစားပွဲတွင် အလယ်အလတ်-မူလပညာရှင် လေးယောက်နှင့် နောက်ပိုင်း-မူလပညာရှင် သုံးယောက်တို့က ထိုင်နေကြ၏။ ဆူဇီမို၏ ဘေးနှစ်ဖက်တွင်လည်း မတ်တပ်ရပ်နေကြသော အစောပိုင်း-မူလပညာရှင် ခုနှစ်ယောက်က ရှိနေသေး၏။

ဆူဇီမိုတွင် သူမကို ကယ်နိုင်ရန် လောလောဆယ် လမ်းမရှိပေ။

‘’ကောင်းတယ်.. ကောင်းတယ်.. ကောင်းတယ်’’

ထိုအချိန်၌ ထိုင်ခုံရှစ်လုံးပါ စားပွဲဝိုင်းတွင် ထိုင်နေသော အသက်ငါးဆယ်ကျော်အရွယ် လူကြီးတစ်ယောက်က ဖြည်းဖြည်းချင်း လက်ခုပ်တီးကာ ခေါင်းညိတ်ရင်း ပြောလိုက်လေ၏။ ‘’အခုလို ကျဉ်းထဲကျပ်ထဲ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတာတောင် မတုန်မလှုပ် တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်တယ်ဆိုတော့.. သူက တစ်ကယ့် ပါရမီရှင်ပဲ... ယုအာ.. ဒါက ပုဇွန်ဆိတ်လေးတော့ မဟုတ်ဘူးကွ.. သူရဲ့ စိတ်နေစရိုက် ပြုမူပုံအရဆို သူက ဒီစားပွဲကို တက်ရောက်ဖို့ ထိုက်တန်ပါပေတယ်’’

ဇောင်ယု၏ နှုတ်ခမ်းက တွန့်ကွေးသွား၏။

‘’ငါက ဇောင်ချန်းဖျင်ပဲ.. ဇောင်မိသားစုသခင်’’

ထိုအသက်ငါးဆယ်အရွယ် လူကြီးက သူ၏ဘယ်ဘက်သို့ ညွှန်ပြရင်း ပြောလိုက်၏။ ‘’ဒါက‌တော့ လီမိသားစုသခင် လီရှင်းပဲ.. ဒါကတော့...’’

ဇောင်ချန်းဖျင်က ညာဘက်သို့ ကြည့်လိုက်ရင်း လေးနက်သော အသံနေအသံထားဖြင့် ပြောလိုက်၏။ ‘’ဒါကတော့ ကန်းလန်မြို့တော်က ဓါးသမားဇျန်ပဲ.. လူတွေကတော့ သူ့ကို မိုးကြိုးဆေဘာလို့ ခေါ်ကြတယ်.. ပြီးခဲ့တဲ့ သုံးလလောက်က ဆူဟုန်ရဲ့ လှံချက်နဲ့ သေခဲ့ရတဲ့လူက ဓါးသမားဇျန်ရဲ့ ဂိုဏ်းတူညီ‌လေးပဲ’’

ဤလူသုံးယောက်သည် နောက်ပိုင်း-မူလအဆင့်ပညာရှင်များပင်!

ဆူဇီမိုသည် တည်ငြိမ်စွာ ဆက်နေရင်း ဖြည်းဖြည်းခြင်း ပြောလိုက်၏။ ‘’သိုင်းလောကက အ‌ရေးကိစ္စတွေထဲ မိသားစုဝင်တွေကို ဆွဲမထည့်သင့်ဘူးမဟုတ်လား.. မင်းတို့ သူမကို ပြန်လွှတ်ပေးလိုက်.. ရှင်းစရာရှိတဲ့ ကိစ္စကို ငါတို့ယောက်ျားတွေပဲ ဆက်ရှင်းကြရအောင်’’

‘’ဟီးဟီး.. မင်းကိုယ်မင်း သိုင်းလောကသားလို့ ထင်နေတာလား.. မင်းက နိမ့်ကျတဲ့ သာမန်အညတရ တစ်ယောက်ပဲကို’’ လီယွမ်‌မောင်က ပြုံးပြုံးလေးနှင့် ဆွပေးလိုက်၏။

ဇောင်ယုက အဖက်မတန်သလိုနှင့် ‘’အဲ့ဒါက မင်းအစ်ကိုဆူဟုန်ဆိုရင်တော့ အဲ့လို ပြောနိုင်ပါပေရဲ့.. မင်းကတော့ ... အဆင့်မမီဘူး’’

‘’အစ်ကိုလေး ပြေး.....’’

ဆူရှောင်းနင်သည် အသံထွက်ရုံသာ ရှိသေးသည် သူမ၏ ပါးစပ်ကို လီရှန့်ထုံက ဆွဲပိတ်လိုက်လေ၏။ သူမသည် စကားတစ်လုံး၊ နှစ်လုံးသာ အသံထွက်နိုင်ပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ အတားအဆီးမရှိ လိမ့်ဆင်းလာလေ၏။

ဇောင်ချန်းဖျင်က သက်ပြင်းချလိုက်၏။ ‘’ငါက အကြီးအကဲ တစ်ယောက်ပဲ.. မင်းလိုမျိုး ဂျူနီယာလေးတွေကို ကိုင်တွယ်ဖို့ ငါ့ကိုယ်ငါ မနှိမ့်ချချင်ဘူး.. ဒါပေမယ့်လည်း.. ဆူမိသားစုက တော်တော်လေးကို မောက်မာလာတာပဲ’’

ဆူဇီမိုက ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်လေ၏။ ‘’မိသားစုအဖွဲ့အစည်းတွေကြား မကျေနပ်တာရှိရင်လဲ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လို့ရတာပဲ.. မိန်းကလေးတစ်ယောက်ကို ဓါးစာခံလုပ်ပြီး အောက်တန်းကျစရာ လိုလို့လား.. ဆူမိသားစုက အဲလိုအရှက်ရစရာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး.. မင်းတို့ လူတစ်ကာ ဝိုင်းပြီး ဟားတိုက်ကြမှာ မကြောက်ဘူးလား’’

‘’ဟားဟား..’’

လီမိသားစုသခင် လီရှင်းက ဟားတိုက်ရယ်လိုက်ရင်း ခေါင်းခါလိုက်၏။

‘’ကောင်လေး.. မင်းက တော်တော် အတွေ့အကြုံ နုသေးတာပဲ.. သိုင်းလောကမှာ ဒီ့ထက် ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းတွေ မင်းမတွေ့ဖူးသေးဘူး ထင်တယ်.. အဲ့ဒါတွေနဲ့ယှဉ်ရင် အခုဟာက ဘာမှ မဟုတ်သေးဘူး’’

‘’လီရှန့်ထုံက ခင်ဗျားသမီးလား’’

‘’ဟုတ်တယ်ဆိုတော့ရော ဘာလုပ်ချင်လို့လဲ မင်းက’’ လီရှင်းက ဟိန်းဟောက်လိုက်၏။

‘’ဟုတ်တယ်ဆို သေဖို့သာ ပြင်ထားတော့’’

ကျယ်လောင်သော မာန်ဖီကြိမ်းဝါးသံက ခန်းမထဲတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ် ထွက်လာလေ၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းကို ပုံဖော်လိုက်ပြီး ရှေ့သို့ လှမ်းခုန်ထွက်လိုက်လေ၏။ ချက်ချင်းပင် ထိုင်ခုံရှစ်လုံးပါ စားပွဲခုံသည် မှောက်ချသွားပြီး အပိုင်းပိုင်းကျိုးပဲ့သွားလေ၏။

အရမ်းမြန်လွန်းသည်!

ဆူဇီမိုသည် သူ့အသက်သူတောင် အာမခံချက်မရှိ‌သော အခြေအနေတွင် ဤကဲ့သို့ စတင်လှုပ်ရှားလိမ့်မည်ဟူ၍ မည်သူမျှ ထင်မထားကြပေ။

ဇောင်ယုနှင့် အခြားနှစ်ယောက်ကလွဲလျှင် ကျန်လူအားလုံးသည် မူလအဆင့်ပညာရှင်များ ဖြစ်ကြလေ၏။ သူတို့သည် လျှင်မြန်စွာ တုန့်ပြန်လိုက်ကြ၏။ သူတို့သည် သူတို့၏လက်နက်များကို ဆွဲထုတ်ကာ ဆူဇီမိုထံသို့ ခုန်ဝင်လိုက်ကြရင်း ‌ဒေါသတကြီး အော်ပြောလိုက်ကြ၏။ ‘’ဂျူနီယာတစ်ယောက်ကများ မထီလေးစားနဲ့!’’

ခန်းမထဲတွင် သံသတ္တုလက်နက်များ၏ အေးစက်စက် တစ်ဖျတ်ဖျတ် အလင်းရောင်များဖြင့် ကြောက်စရာကောင်းလောက်အောင် ပြည့်နှက်သွားပြီး ထိုအရာကို မည်သူမျှ ဖြတ်ကျော်နိုင်လိမ့်မည် မထင်ပေ။

မိုးကြိုးဆေဘာ ဇျန်ယောင်က သူ၏ဆေဘာဓါးကို လက်ပြန်ဆုပ်ကိုင်လိုက်၏။ ဖျတ်ခနဲ ဓါးအလင်းတစ်ချက်လက်သွားပြီး သူသည် သူ၏တိုက်ခိုက်မှုကို ဆူဇီမို၏ နံကြားအောက်သို့ ဦးတည်လိုက်၏။

ဆူဇီမိုသည် ပတ်ပတ်လည်ရှိ ဓါးများ၊ ဆေဘာများကို အရေးလုပ်မနေပေ။ သူ၏အကြည့်က လီရှင်းအပေါ်တွင်သာ ကျရောက်နေပြီး သူသည် ထိတ်လန့်တုန်လှုပ်စရာအော်ရာကို ထုတ်ဖော်လိုက်ပြီး သူ၏လက်ဝါးကို ရိုက်ထုတ်လိုက်လေ၏။

သွေဖယ်မြေလက်ဝါး!

ဆူဇီမို၏ ပြင်းထန်အားကောင်းသောအော်ရာ၌ လီရှင်း၏ မျက်နှာထားက ပြောင်းလဲသွား၏။ ပထမဆုံး ဝင်လာသော သူ့အသွေးက လှည့်ပြေးဖို့ပင်။

သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သော သူ၏ အတွေ့အကြုံများက သူ့ကို သတိပေးနေ၏။ ‘အခုချိန်မှာ လှည့်မပြေးဘူးဆို သေချာပေါက် မင်းသေရလိမ့်မယ်’

လီရှင်းသည် အသံကျယ်ကျယ် တစ်ချက်အော်လိုက်ပြီး သူ့မျက်လုံးများက ‌ဒေါသဖြင့် ဝိုင်းစက်နေ၏။ အခုအချိန်တွင် သူသည် သူ့လက်နက်ကို ထုတ်ဖို့ပင် အချိန်မရတော့ဘဲ ရောက်ရှိလာသော တိုက်ခိုက်မှုကို ခုခံဖို့အတွက် သူ့လက်ကိုသာလျှင် အသုံးပြုရပေတော့မည်။

အခြားတစ်ဖက်မှာတော့ ဇောင်ချန်းဖျင်က ဓါးရှည်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူမျက်လုံးထဲတွင် ကောက်ကျစ်တော့မည့် အရိပ်အယောင်က ပေါ်လာလေ၏။ သူ၏ ဓါးရှည်က အနည်းငယ် တုန်ခါသွားပြီး ဆူဇီမို၏ မျက်လုံးဆီသို့ ဦးတည်သွားလေ၏။

ဆူဇီမိုသည် ခန္ဓာမီးဆေးသိုင်းပညာရပ်ကို လေ့ကျင့်ထားသည်ဟု ဇောင်ချန်းဖျင် ကြားဖူးထားသည်မှာ ကြာပေပြီ။ သို့သော် မည်သို့သော မီးဆေးပညာရပ်များကို လေ့ကျင့်ထားသည် ဖြစ်ပါစေ မျက်လုံးကတော့ လူတစ်ယောက်၏ အားနည်းချက်ပင်။

ဂျွတ်!

ကျယ်လောင်သော အရိုးကျိုးသံက ထွက်ပေါ်လာ၏။ လီရှင်း နာကျင်မှုကြောင့် စူးရှစွာ အော်လိုက်၏။ ဆူဇီမို၏ လက်ဝါးသည် လီရှင်းကာလိုက်သော လက်တံကို ဖြတ်ရိုက်ချလိုက်ပြီး သူ့၏ အရိုးကို ကျိုးသွားစေလေ၏။ ကျိုးသွားသော အရိုးစက အသားကြားမှ ‌ငေါထွက်နေပြီး မြင်ရသည်မှာ ကျောချမ်းစရာပင်။

နောက်ပိုင်း-မူလအဆင့် ပညာရှင်က ဆူဇီမိုထံမှ လက်ဝါးရိုက်ချက် တစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။

လူတိုင်း လုံးဝ မှင်သက်!

သွေဖယ်မြေလက်ဝါးကို ပုံဖော်ပြီးနောက် ဆူဇီမိုသည် ရှေ့သို့ ခုန်ဝင်လိုက်ကာ လီရှင်းကို လည်ပင်းကနေ ဖမ်းကိုင်ချုပ်လိုက်၏။

တစ်ချိန်တည်းဆိုသလိုပင် ဆူဇီမိုသည် ဘယ်ဘက်သို့ ခပ်ကျဲကျဲ ခြေတစ်လှမ်း လှမ်းကာ ဇောင်ချန်းဖျင်ကို ဘေးတစ်စောင်းပေးရပ်လိုက်ပြီး မျက်လုံးဆီတိုးဝင်လာသော ဓါးရှည်ကို ပါးဖြင့် လွှဲခံလိုက်ကာ သူ၏ ဘယ်ဘက်လက်က နွားလျှာကဲ့သို့ နူးညံ့သွားပြီး ဇောင်ချန်းဖျင်၏ လက်ကို ရစ်ပတ်လိုက်လေ၏။

ဇောင်ချန်းဖျင်က သူ၏ဓါးရှည်ဖြင့် ဆူဇီမို၏ပါးကို ထိုးစိုက်လိုက်၏။ သို့စေကာမူ သူ့ဓါးက အရေပြားထဲသို့ ဝင်ရောက်မသွားဘဲ အလွန်မာကျောသော အရာနှင့် ထိတွေ့လိုက်သလို့ ကွေးညွတ်သွားလေ၏။

‘’ဟာ! သူ့ခန္ဓာမီးဆေးသိုင်းပညာက ဒီလောက်တောင် သန်မာတာလားဟ!’’

ဇောင်ချန်းဖျင် ရှော့ရသွားကာ အခြေအနေမကောင်း‌တော့ဘူးဆိုတာ သိလိုက်ပြီး နောက်ပြန်ဆုတ်ဖို့ လုပ်လိုက်၏။

ဤအချိန်တွင် ဇောင်ချန်းဖျင်၏ လက်မောင်းကို ရစ်ပတ်ထားသော ဆူဇီမို၏ လက်က ပြန်မခွာရသေးပေ။

ရစ်ပတ်.. ထိတွေ့.. ဆွဲ!

ဖူး!

အသားစများနှင့် သွေးစက်များက လွင့်စင်ထွက်လာ၏။ ဇောင်ချန်းဖျင်၏ အရိုးအရွတ်များသည် ဆူဇီမို၏ လက်ဝါးချက်ဖြင့် အပိုင်းပိုင်းကြေမွသွားသွားပြီး လက်မောင်းတစ်ခုလုံးသည် ပုခုံးမှ ပုံလျှက်သား တွဲလောင်းကျသွားလေ၏။

ဇောင်ချန်းဖျင်သည် မြေပေါ်သို့ လဲကျသွားပြီး ကျိုးကြေသွားသော လက်မောင်းမှ သွေးများစီးကျကာ မွကြေနေသော အသားစိုင်များကို တုန်လှုပ်စွာ ငေးကြည့်ရင်း နာကျင်စွာ ဝမ်းခေါင်းသံဖြင့် အော်ဟစ်နေလေ၏။

ဘန်း! ဘန်း! ဘန်း!

တစ်ချိန်တည်းမှာပင် ဆူဇီမိုထံသို့ ဝဲပျံလာသော ဓါးရှည်များ၊ ဆေဘာများသည် ပြန်ကန်ထွက်သွားလေ၏။

ဆူဇီမို၏ အဝတ်အစားသည် အပိုင်းပိုင်း ပြတ်ကျကုန်သော်လည်း သူ၏ ခန္ဓာကိုယ်တွင်တော့ သွေးတစ်စက်မျှ ရှိမနေပေ။

မထိုးဖောက်နိုင်ဘူးလား!

မူလအဆင့်ပညာရှင်များ အားလုံးသည် သူတို့၏ လက်နက်များကို ထုတ်သုံးခဲ့သော်လည်း သူတို့သည် ဆူဇီမို၏ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပေ။

စွပ်!

ဤအချိန်မှာပင် အသားထဲသို့ လက်နက်ဖောက်ဝင်သော အသံက ထွက်ပေါ်လာ၏။

ဆေဘာတစ်ချောင်းက ဆူဇီမို၏ နံကြားထဲသို့ မြှပ်ဝင်သွား၏။ သွေးများက စီးကျလာပြီး သူ၏ အဝတ်များက နီစွေးသွားလေ၏။

ဆူဇီမို‌ရော၊ ဆေဘာကို ဆုပ်ကိုင်ထားသော ဇျန်ယောင်ရောပါ တစ်ဒင်္ဂမျှ မှင်သက်သွားကြ၏။

တစ်ယောက်ယောက်က သူ့၏ခံစစ်ကို ထိုး‌ဖောက်လာနိုင်လိမ့်မည်ဟူ၍ ဆူဇီမို မထင်ထားပေ။

ဇျန်ယောင်ကလည်း သူ့ဆေဘာက ဆူဇီမို၏ အသက်ကို နုတ်ယူနိုင်လိမ့်မည်ဟူ၍ သေချာပေါက် တွက်ဆထား၏။ အခုတော့ သူ့ဆေဘာက ဆူဇီမို၏ နံကြားတွင် ညှပ်နေပြီး တုတ်တုတ်မျှ မလှုပ်တော့ပေ။

သိုင်းလောကတွင် ဇျန်ယောင်ကို မိုးကြိုးဆေဘာဟု ခေါ်ကြသည်မှာ သူသည် ဆေဘာသိုင်းကို ကျွမ်းကျင်‌သောကြောင့် မဟုတ်ပေ။ သူ၏ ဆေဘာက ဓါးကောင်းတစ်လက် ဖြစ်သောကြောင့်သာ ဖြစ်လေသည်။ ၎င်းသည် လွန်စွာ ထက်ရှလေ၏။ ၎င်းသည် သံသတ္တုများကိုပင် တို့ဟူးကဲ့သို့ ပိုင်းဖြတ်နိုင်လေ၏။

အံအားသင့်စရာပင်။ သူ၏ ဆေဘာက ဆူဇီမို၏ အသားနှင့် ထိတွေ့ချိန်တွင် အလွန်မာကျောသော ကျောက်တုံးကြီးနှင့် ထိတွေ့လိုက်ရသလို ရှေ့ဆက် မထိုးဖောက်နိုင်တော့ဘဲ နောက်ဆုံးမှာတော့ ဆူဇီမို၏ အသားကြားတွင် ကပ်ညှပ်နေလေတော့၏။

ဤအရာက ခန္ဓာကြံ့ခိုင်မီးဆေးခြင်း၏ စွမ်းအားပင်။

ဇျန်ယောင်သည် မိုးကြိုးဆေဘာကို ပြန်ဆွဲနုတ်လိုက်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူ ရှေ့ဆက် မတက်ရဲတော့ပေ။

ဇောင်ချန်းဖျင်၏ ကျိုးပဲ့ကြေမွသွားသော လက်မောင်းကို ကြည့်လိုက်ပြီး ဇျန်ယောင်သည် ဆူဇီမိုကို ကြောက်ရွံ့လာလေ၏။

ထို့အပြင် သူ၏ ထိုးချက်သည် မပြင်းထန်သော်လည်း ဆူဇီမိုက ဒဏ်ရာတော့ ရသွားလေသည်။ ဆူဇီမိုသည် တစ်ဖြည်းဖြည်း အားအင်ကုန်ခမ်းလာပြီးလျှင် ဇောင်မိသားစု၏ ခြံဝန်းအတွင်းမှ အသက်ရှင်လျှက် ပြန်ထွက်နိုင်လိမ့်မည် မဟုတ်ဟူ၍ သူ ယုံကြည်ထားပေသည်။

‘’ရပ်လိုက်!’’

‘’ရပ်လိုက်!’’

လီရှန့်ထုံနှင် ဆူဇီမိုက ပြိုင်တူ အော်လိုက်လေ၏။

ဆူဇီမိုက ပထမဆုံး စတင်လှုပ်ရှားလိုက်ပြီးနောက် ခြံဝန်းထဲရှိ စဦးအဆင့်သိုင်းသမားများက ရန်ပွဲတွင် ဝိုင်းပါရန် ပြေးလာကြလေ၏။ ဘာတွေဖြစ်သွားလဲဆိုတာ လီရှန့်ထုံ နားလည်သွားချိန်တွင် သူမ၏အဖေကို ဆူဇီမိုက ဖမ်းချုပ်ထားနှင့်ပြီးနေပေပြီ။

လီရှန့်ထုံက ဓါးမြှောင်ကို ဆုပ်ကိုင်လိုက်ပြီး ဆူရှောင်းနင်၏ လည်ပင်းပေါ်တွင် တင်လိုက်ကာ အော်ပြောလိုက်လေ၏။ ‘’ငါ့အဖေကို လွှတ်လိုက်!’’

ဆူဇီမိုက လီရှင်း၏ လည်ပင်းကို ဖျစ်ညှစ်လိုက်၏။ လီရှန်ထုံသည် သူ၏ လက်မောင်းရိုးက ကျိုးပဲကြေမွနေပြီး ဒဏ်ရာရထားကာ ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။ သူ၏ မျက်နှာသည် နီကြင့်ကြင့် ခရမ်းရောင်သို့ ပြောင်းသွားပြီး ခက်ခက်ခဲခဲ ပင့်သက်ရှိုက်သံက ထွက်ပေါ်လာ၏။

‘’ငါ့ညီမလေးကို အရင်လွှတ်လိုက်လေ.. အဲ့ဒါဆို ငါသူ့ကို လွှတ်ပေးမယ်’’ ဆူဇီမိုက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

လီရှင်း၏ အရေးပါအရာရောက်ပုံကို သေချာသိပြီးနောက် ဆူဇီမိုက ဆုံးဖြတ်ချက် ချခဲ့၏။

ဆူရှောင်းနင်ကို ဒီအတိုင်း ဝင်ကယ်ဖို့တော့ မဖြစ်နိုင်ပေ။ တစ်ခုခု လွဲချော်သွားတာနှင့် ဆူရှောင်းနင် အသက်ဆုံးရှုံးသွားရနိုင်ပေသည်။ သူ့ညီမ၏ အသက်နှင့်ထပ်၍ သူအလောင်းအစား မလုပ်ရဲပေ။

သို့သော် လျှပ်တစ်ပြတ် အငိုက်ဖမ်း၍ လီရှင်းကို ဖမ်းချုပ်ဖို့ကတော့ သူ့အတွက် သိပ်မခဲယဉ်းလှပေ။

‘’ဆူဇီမို.. ဖြစ်လာမှ ငါ့အဆိုးမဆိုနဲ့နော်.. ငါ့လက်လေး နဲနဲလှုပ်လိုက်တာနဲ့ သူ့မျက်နှာပေါ်မှာ ဓါးဒဏ်ရာတွေ ပေါ်လာမှာနော်!’’ ပြောရင်း လီရှန့်ထုံက သူမ၏ ဓါးမြှောင်ကို ဆူရှောင်းနင်၏ မျက်လုံးရှေ့တွင် ချိန်ထားလိုက်၏။

ဆူဇီမိုက သွားများ အတန်းလိုက် ပေါ်လာသည့်အထိ ပြုံးဖြီးလိုက်၏။

‘’နင် သူမကို ထိရဲရင် ထိကြည့်လိုက်လေ.. ငါ.. နင်တို့ လီမိသားစု တစ်ခုလုံးကို အမြစ်ဖြုတ်ပစ်မယ်’’

ဆူဇီမို၏ အသံက လွန်စွာ တည်ငြိမ်၏။ ထိုအသံက ခြိမ်းခြောက်တာနှင့် မတူဘဲ လောကဖြစ်မြဲတရား တစ်ခုကို ပြောပြနေသလိုပင်။ သူ့အသံက ပြန်လှန် မေးခွန်းမထုတ်ရဲလောက်အောင်ပင် လွှမ်းမိုးနိုင်စွမ်း ရှိနေ၏။

လီရှန့်ထုံ၏ နှလုံးသည် သိမ့်ခနဲ တစ်ချက်ခုန်သွားလေ၏။

ဆူဇီမို၏ အသံနေအသံထားနှင် မျက်နှာအမူအယာက သူမကို နေမထိထိုင်မသာ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေ၏။

ဆူဇီမို၏ လုပ်နိုင်စွမ်းက သံသယဝင်စရာ မလိုချေ။

ယခုလေးတင် ဖြစ်ပျက်သွားသော အခြေအနေများအရ ဤနေရာက ဆူဇီမို လွတ်မြောက်သွားပြီးတာနှင့် ဇောင်မိသားစုနှင့် လီမိသားစုသည် အေးအေးချမ်းချမ်း နေနိုင်တော့မည် မဟုတ်ပေ။

သူသည် ဆူဟုန်ထက်ပင် ပို၍ ကြောက်စရာကောင်း၊ သွေးအေးရက်စက်တတ်ပေသေးသည်။

‘’ဘယ်လိုလူမျိုးကိုများ ငါတို့ သွားပြီး ရန်စမိပါလိမ့်.. ဘာကြောင့်များ ငါတို့ သူနဲ့ သွားပြီး ဇယားရှုပ်မိရတာလဲ’’ လီရှန့်ထုံသည် အခုတော့ နောင်တတွေ တစ်သီကြီး ရနေပေပြီ။

All Chapters