အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း
Vol. 1 Ch. 11
ထာဝရ မြင့်မြတ်သော အရှင်သခင်
အခန်း (၁၁) အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း
ဘာသာပြန်သူ - သန်းတိုးအောင် (ဘိုကလေး)
နှစ်ဖက်စလုံးက ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေတွင် ကျရောက်နေ၏။ လီရှန့်ထုံသည် စိတ်ရှုပ်ထွေးသွားပြီး ဘာဆက်လုပ်ရမလဲ မသိတော့ပေ။
လီရှန့်ထုံသည် အကူအညီ ရလို့ရငြား သူ့အစ်ကို လီယွမ်မောင်ကို လှမ်းကြည့်လိုက်၏။
လီယွမ်မောင်သည် တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း ရုတ်ခြည်း သူ့အမူအယာက ပြောင်းလဲသွားပြန်၏။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့တွန့်ဆုတ်မှုအရိပ်အယောင်တို့က ပေါ်လာ၏။
လီယွမ်မောင်၏ တွန့်ဆုတ်ဆုတ် အမူအယာကို မြင်ရပြီးနောက် လီရှန့်ထုံတစ်ယောက် ကူကယ်ရာမဲ့သွားလေ၏။ သူမသည် ဆူရှောင်းနင်၏ လည်ပင်းကို ဓါးမြှောင်ဖြင့် လှီးဖြတ်ရန် အားစိုက်ထုတ်လိုက်၏။
‘’မင်းမှာ နောက်ထပ် အဲ့လိုလုပ်ဖို့ အခွင့်အရေး မရှိတော့ဘူး’’
ဤအရာမှာ လီရှန့်ထုံတစ်ယောက် နောက်ဆုံးကြားလိုက်ရသော စကားသံ ဖြစ်လေသည်။
တစ်ယောက်ယောက်က သူမလက်ကောက်ဝတ်ကို အသေဆုပ်ကိုင်လိုက်သည်ကို လီရှန့်ထုံ ခံစားလိုက်ရ၏။ ၎င်းက သူမလက်ကောက်ဝတ်ကို အပိုင်းပိုင်း ကြေမွသွားမတတ်ပင်။ ဆူဇီမိုတစ်ယောက် သူမ ဘေးနား မည်သို့ရောက်လာသည်ကို သူမ တွေးပင် မတွေးတတ်တော့ပေ။
သူမကြည့်လိုက်ချိန်တွင် သတ်ဖြတ်လိုစိတ်အပြည့်နှင့် အေးစက်စက် မျက်လုံးတစ်စုံ၏အကြည့်က သူမကို ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားရစေ၏။
ဘန်း!
လီရှန့်ထုံသည် ဆူဇီမို၏ ကန်ချက်ဖြင့် လေထဲသို့ လွင့်စင်သွားလေ၏။ သူမသည် အောက်ကို ပြန်မကျခင် လေထဲမှာပင် အသက်ပျောက်သွားလေပြီ။
အဖြစ်အပျက် အတုံ့အလှည့်က လွန်စွာ မြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့ပြီး မည်သူမျှ အချိန်မှီ မတုံ့ပြန်နိုင်လိုက်ပေ။
လီရှန့်ထုံက သူမအစ်ကိုကို လှမ်းကြည့်လိုက်ချိန်တွင် ဆူဇီမိုက သူ့လက်မှအားကို စိုက်ထုတ်လိုက်ပြီး လီရှင်း၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။ ထို့နောက် တစ်လက်စတည်းပင် ကောင်းကင်ထယ်သွား ခြေလှမ်းဖြင့် လီရှန့်ထုံဘေးသို့ ခုန်ဝင်လိုက်ပြီး သူမလက်မှ ဆူရှောင်းနင်ကို ကယ်ထုတ်လိုက်လေသည်။
လီယွမ်မောင်သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ငူငူကြီး ရပ်နေလေသည်။
သူတို့သည် ဆူမိသားစုမှ ညီအစ်ကို နှစ်ယောက်ကို အကောက်ကြံသတ်ဖြတ်ရှင်းလင်းပစ်ရန် ရည်ရွယ်ခဲ့ကြ၏။ သူတို့ အကြံအစည်သည် အောင်မြင်ဖို့ ရာနှုန်းပြည့် သေချာပေါက်ပင်။ သို့သော်လည်း ယခု မျက်စိတစ်မှိတ်မှာပင် နောက်ပိုင်း-မူလအဆင့် ပညာရှင် သုံးယောက်တွင် တစ်ယောက်ကသေ၊ တစ်ယောက်က ဒဏ်ရာရနှင့် အကောင်းပကတိက တစ်ယောက်သာ ကျန်လေသည်။
ဆူရှောင်းနင်က အနည်းငယ် တုန်ရီနေ၏။ သူမသည် ဆူဇီမိုကို စိုက်ကြည့်ရင်း ရှိုက်ငိုနေတော့၏။ သူမ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ မှိုင်တွေခြင်း ပုံရိပ်တို့က ထင်ဟပ်နေလေ၏။
ဆူဇီမို၏ အကြည့်က နူးညံ့သွားပြီး ဆူရှောင်းနင်ကို ပြုံးပြလိုက်၏။ သူသည် သူ့အင်္ကျီစ အနည်းငယ်ကို စုတ်ဖြဲလိုက်ကာ ဆူရှောင်းနင်၏ မျက်လုံးပေါ်တွင် နှစ်ပတ်သုံးပတ် ပတ်ကာ ညင်သာစွာ စည်းနှောင်ပေးလိုက်၏။
‘’ဘာမှ မကြောက်နဲ့ ညီမလေး.. ကိုလေး မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်’’ ဆူဇီမိုက သူ့ညီမ နားအနားကပ်၍ နူးညံ့ညင်သာစွာ ပြောလိုက်၏။
ဇျန်ယောင်က ဤမြင်ကွင်းကို စိုက်ကြည့်နေ၏။ သူသည် စတင် တိုက်ခိုက်ဖို့ လောမနေပေ။ ထို့အပြင် သူသည် ပိုတောင် စိတ်ချလက်ချ ဖြစ်သွားသေး၏။
အကယ်၍ ဆူဇီမိုသာ စိတ်လွတ်လက်လွတ် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်မည်ဆိုလျှင် ခြံဝန်းထဲရှိ စဦးအဆင့် သိုင်းသမား တစ်ရာကျော် အပါအဝင် မည်သူမျှ သူ့အား ရပ်တန့်နိုင်လိမ့်မည် မထင်ပေ။
အခုတော့ ဆူဇီမိုက ဆူရှောင်းနင်ကို ဘယ်လောက်တန်ဖိုးထားကြောင်း သူတွေ့လိုက်ရ၏။ ထိုသို့ဆိုလျှင် ဆူဇီမိုသည် ဤခြံဝန်းထဲမှ အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ ရာခိုင်နှုန်း လွန်စွာ နည်းသွားပြီ ဖြစ်လေသည်။
ဆူဇီမိုအတွက်တော့ ဆူရှောင်းနင်က အကြီးမားဆုံး အားနည်းချက်နှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်လာပေလိမ့်မည်။
‘’အားလုံးပဲ.. ဘာမှ မကြောက်နဲ့.. သူက အခုလေးတင်ပဲ ငါ့လက်ချက်နဲ့ ဒဏ်ရာ ရထားပြီးသား.. သူ အကြာကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး.. အားလုံးပဲ ကောင်မလေးကို အဓိကထားပြီး တိုက်ခိုက်ကြ’’ ဇျန်ယောင် လှောင်ရယ်လိုက်၏။
ယခု ဒီမှာ ရှိနေကြသော သူများသည် သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည် ရှင်သန်လာကြသူများ ဖြစ်ကြသည်။ သူတို့သည် အခု ဇျန်ယောင် ဘာကို ပြောချင်တာလဲဆိုတာ ချက်ခြင်းပင် သဘောပေါက်လိုက်ကြ၏။
တစ်ကယ်တော့ ဆူဇီမို၏ နံကြားမှ ဒဏ်ရာသည် သူတို့ ထင်ထားသလောက် မပြင်းထန်ပေ။
ဆူဇီမိုသာ အခုနေ သူ့ဒဏ်ရာကို သတိထားကြည့်လိုက်လျှင် အံ့သြသွားပေလိမ့်မည်။ ဒဏ်ရာပတ်လည်မှ ကြွက်သားများသည် မာကျောလာပြီး သွေးက လုံးဝထပ်မထွက်တော့ပေ။
ခန္ဓာကြံ့ခိုင်မီးဆေးပညာရပ်သည် ဆူဇီမို၏ ခံနိုင်ရည်စွမ်းကို မြင့်မားလာစေရုံသာမက အနာကျက်နှုန်းနှင့် သွေးတိတ်စေခြင်းတို့တွင်လည် များစွာ အကျိုးသက်ရောက်မှု ရှိလေသည်။
‘’တိုက်ကြ!’’
ဇျန်ယောင်က အော်ပြောလိုက်ပြီးနောက် အားလုံးသည် အော်ဟစ်ကာ ရှေ့သို့ ပြေးဝင်သွားကြလေ၏။
ဆူဇီမိုသည် ပြေးဝင်လာသော သိုင်းသမားများကို ကျောပေးကာ ဆူရှောင်းနင်ကို ပွေ့ပိုက်ထားပြီး ကာကွယ်ပေးထားလိုက်၏။
ဘန်း! ဘန်း! ဘန်း!
ခြေလက်များက အဘက်ဘက်သို့ လွင့်ပျံ့လာရင်း လေထဲတွင် သွေးရနံ့များက ထုံသင်းသွားလေ၏။ ဆေဘာများ ဓါးများက အပိုင်းပိုင်းကျိုးပဲ့သွားပြီး မြေပေါ်တွင် ပြန့်ကျဲကုန်လေ၏။
တောင်တန်းအားပြုကိုယ်ဟန်!
သူသည် ကျောက်တုံးဝက်ဝံကိုယ်ဟန် သုံးသွယ်ထဲမှ သတ်ဖြတ်ရာတွင် အားအကောင်းဆုံးဖြစ်သော ကိုယ်ဟန်ကို တစ်ခါတည်းနှင့် ခွန်အားပြည့် ထုတ်သုံးလိုက်လေ၏။
ဆူဇီမို၏ အနောက်ကနေ ဝိုင်းတိုက်ခိုက်လိုက်ကြသော လူများအားလုံးသည် ပြန်ကန် လွင့်စင်သွားကြကုန်၏။ သူတို့ထဲမှ တစ်ချို့ဆိုလျှင် အရိုး၊ အသားများပင် ပဲ့ကျစင်ထွက်ကုန်၏။
သွေးများက နေရာအနှံ့ လူအများမှ စီးထွက်၊ ပန်းထွက် လာပြီး ဝရုန်းသုံးကား ဖြစ်သွားကြ၏။
ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာမှ သားရဲနတ်ဆိုးဘုရင် ၁၂ပါး၏ လျှို့ဝှက်နက်နဲ ပညာရပ်ကို နှစ်ဝက်ကြာအောင် လေ့ကျင့်ခဲ့ပြီး သူသည် ပထမအပိုင်းကိုသာ လေ့ကျင့်နိုင်ခဲ့သေးသော်လည်း သူ့အသွေးအသားများ၏ ခွန်အား၊ စွမ်းအားသည် မယုံကြည်နိုင်လောက်သော အဆင့်ထိ ရောက်ရှိနေနှင့်ပေပြီ။
သူသည် မူလနေရာမှာပင် ကျောက်ချရပ်နေသော်လည်း သာမန် စဦးအဆင့်နှင့် မူလအဆင့် ပညာရှင်များက သူကို ဒဏ်ရာရအောင် လုပ်နိုင်စွမ်း မရှိပေ။
ဇျန်ယောင်က ဆူဇီမိုကို ဒဏ်ရာရရှိအောင် လုပ်နိုင်ခဲ့ခြင်းသည် သူ၏ မိုးကြိုးဆေဘာဓါးကြောင့်သာ ဖြစ်လေသည်။
တောင်တန်းအားပြုကိုယ်ဟန်၏ ထိတွေ့ရိုက်ခတ်မှု ခွန်အားကြောင့် စဦးအဆင့်သိုင်းသမားများသည် သူ့အတွက် အန္တရာယ် ဖြစ်မလာနိုင်ပေ။
ဆူဇီမိုသည် ထိုလူများကို ဆယ်ပေကျော်ကျော်လောက် လွင့်စင့်သွားစေပြီးနောက် တစ်စက္ကန့်လောက် ခေတ္တရပ်လိုက်၏။
ဇျန်ယောင်သည် မူလအဆင့်ပညာရှင် ဆယ်ယောက်ကျော်ကို ဦးဆောင်လာပြီး သူ့ရှေ့သို့ ရောက်ရှိလာလေသည်။ သူတို့သည် သူတို့၏ ဓါးရှည်များ ဆေဘာများကို မျက်စိကျိန်းလောက်အောင် ဝှေ့ယမ်းရင်း တိုက်ခိုက်ဖို့ တာဆူနေကြ၏။
ပြောစရာရှိတာက သူတို့၏ ဓါးရှည်များ ဆေဘာဓါးများ အားလုံးသည် ဆူရှောင်းနင်ထံသို့ ရည်ရွယ်ဦးတည်လာကြခြင်း ဖြစ်လေသည်။
ဆူဇီမိုတွင်လည်း လက်ကတော့ နှစ်ဖက်သာ ရှိလေသည်။ သိုင်းသမား ဆယ်ယောက်ကျော်ဆီကနေ ဝင်ရောက်လာမည့် လက်နက်များအားလုံးကို သူပိတ်ဆို့ကာကွယ်နိုင်မည် မဟုတ်ပေ။
ဆူဇီမို၏ မျက်လုံးထဲတွင် ကြောက်စရာကောင်းလောက်အောင် စိန်းစိန်းဝါးဝါးအကြည့်က ပေါ်လာလေသည်။ သူသည် ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ပြီး ဝင်ရောက်လာသော သိုင်းသမားများကို ကျောပေးရင်း ဆူရှောင်းနင်ကို ကာကွယ်ကာ အပြင်သို့ တိုက်ခိုက်ဖောက်ထွက်ရန် ကြိုးစားလိုက်၏။ သူသည် ဘယ်ဘက်လက်ကနေ သွေဖယ်မြေလက်ဝါးကို ပုံဖော်ကာ ညာဘက်လက်ကတော့ နွားရိုင်းသားရဲသားလျှာဆေဘာ၏ သတ်ဖြတ်ခြင်း နည်းစနစ်ကို ပုံဖော်လိုက်လေ၏။
ဖရု!
သွေဖယ်မြေလက်ဝါးက ထိတွေ့သမျှ မည်သူကိုမျှ ချမ်းသာမပေးပေ။
ဆူဇီမို၏ ညာဘက်လက်က နူးညံ့ပျော့ပြောင်းသယောင် ထင်ရသော်လည်း သူ၏လက်ကို လေထဲတွင် ဝေ့ယမ်းလိုက်ချိန်တွင် ဆယ်ခုထက်မနည်း လက်နက်များက အပိုင်းပိုင်းကြေမွကာ မြေပေါ်တွင် ပြန့်ကျဲကျသွားလေသည်။
ဆူဇီမိုသည် တိုက်ပွဲနယ်မြေတွင် လုံးဝ စိုးမိုးခြယ်လှယ်ထားလေသည်။ သူသည် လူသားစားသားရဲတစ်ကောင်လိုပင်။ ဘာကိုမှ မမှုဘဲ အကန့်အသတ်မရှိ စွမ်းအားကို ထုတ်ဖော်လှစ်ဟနေလေသည်။
သူကို တစ်ခုခုက စူးဖောက်ဝင်ရောက်သွားပေပြီ!
ဆူဇီမိုသည် အနည်းငယ် ယိမ်းထိုးသွားရင် ခပ်ဟဟ အသံတစ်ချက်ထွက်လိုက်၏။ သူ၏ကျောတွင် သွေးများက စီးကျကြလေသည်။
မူလအဆင့်ပညာရှင်များက ဆူဇီမိုကို ဒဏ်ရာရရှိအောင် မစွမ်းဆောင်နိုင်သော်လည်း ဇျန်ယောင်ကတော့ မိုးကြိုးဆေဘာကို အသုံးချကာ ဆူဇီမို၏ ကျောကို တစ်ချက် ရှပ်ဟပ်လိုက်လေ၏။ ဒဏ်ရာက ကျောပြင်တွင် တစ်ပေလောက် ရှည်ကာ မြင်မကောင်းအောင် ကြောက်စရာ ကောင်းလေသည်။
ဆူရှောင်းနင်၏ အမြင်အာရုံသည် အဝတ်စဖြင့် ပိတ်ကွယ်ထားသော်လည်း ဘာတွေဖြစ်နေလဲဆိုတာ သူမ မှန်းဆကြည့်နိုင်သေး၏။
‘’အစ်ကိုလေး.. သွားတော့.. ညီမလေးကို အရေးလုပ်မနေနဲ့’’ ဆူရှောင်နင်က ရှိုက်ကာ ပြောလိုက်၏။
ဆူဇီမိုသည် သွားစေ့အံ့ကြိတ်ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အေးစက်စွာ ပြောလိုက်လေ၏။ ‘’ငါ့ရှေ့က ပိတ်ရပ်ရဲတဲ့ကောင် အကုန် သတ်ပစ်မယ်’’
ဘန်း!
ဆူဇီမိုသည် ကောင်းကင်ထယ်သွားခြေလှမ်းကို ပုံဖော်လိုက်၏။ သူ့ခြေထောက်ရှိ ခွန်အားကို စိုက်ထုတ်လိုက်သောအခါ မြေပြင်တွင် ချိုင့်ကြီးနှစ်ချိုင့် ပေါ်လာပြီး ကျောက်စကျောက်နများက အဘက်ဘက်သို့ လွင့်ပျံသွားလေသည်။
ထိုကျောက်ခဲစများတွင်လည်း ကောင်းကင်ထယ်သွားခြေလှမ်း၏ ခွန်အားက ရောယှက်ပါဝင်နေပြီး ထိုအရာများက လူအုပ်ကြီးထဲသို့ ရောက်သွားသောအခါ ကြီးမားသော ထိခိုက်အနာတရများကို ဖြစ်ပေါ်စေလေသည်။ မြေပေါ်တွင် ပြန့်ကျဲကျနေသော လက်နက်အကျိုးအပဲ့များကိုလည်း ဆူဇီမိုက လူအုပ်ထဲသို့ ကန်ထုတ်လိုက်လေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆူဇီမိုက ဇောင်မိသားစုအိမ်တော်၏ ခြံစည်းရိုးနံရံဆီသို့ ဒုန်းစိုင်းပစ်ဝင်သွားလေ၏။
သွားရာလမ်းတစ်လျှောက်တွင် ဆူဇီမိုသည်လည်း သူ၏ခန္ဓာကိုယ်တွင် နှစ်ခုထက်မနည်း ဒဏ်ရာများကို ရရှိလိုက်လေသည်။
ဒဏ်ရာတစ်ခုမှာ သူ၏ကျောလယ်တွင် ဖြစ်ပြီး ပြင်းထန်လေသည်။ ထိုဒဏ်ရာသာ ယခုထက် အနည်းငယ်လောက် ထပ်နက်ပါက သူသေသွားနိုင်လေသည်။
ဆူဇီမိုသည် ခန္ဓာကြံ့ခိုင်မီးဆေးသုတ္တန်ကို ပိုပိုပြီး သဘောကျလာလေ၏။ နောက်ဆုံး သူသည် လွန်ခဲ့သော သုံးလအတွင်း နက်မှောင်နေသော ဆေးရည်ထဲတွင် နှစ်စိမ်လေ့ကျင့်ခဲ့ခြင်း၏ အကျိုးကျေးဇူးကို တစ်ဖြည်းဖြည်း နားလည်သဘောပေါက်လာလေ၏။
သူ့နေရာမှာ အခြားတစ်ယောက်သာဆိုလျှင် ထိုသူသည် သွေးထွက်လွန်ပြီး အားကုန်နွမ်းနယ်သွားပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ ဒဏ်ရာများသည် ထင်သလောက် မပြင်းထန်ပေ။ ဒဏ်ရာတိုင်းသည် စတင်တင်းရင်းမာလာပြီး ၎င်းမှ သွေးများစွာ ထွက်မလာပေ။
တစ်ကယ်လို့ ဆူဇီမိုသာ ခန္ဓာကိုယ် ကြံ့ခိုင်စေခြင်းအပိုင်းတွင် စဦးအောင်မြင်မှုကို ရရှိအောင် လေ့ကျင့်ထားနိုင်ခဲ့ပါက ဇျန်ယောင်၏ မိုးကြိုးဆေဘာသည် သူ့ကို ထိခိုက်နာကျင်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ဆူရှောင်းနင်အရှေ့မှနေ၍ သူမကို ကာကွယ်ပေးထားကာ သူတို့နှစ်ယောက်သည် နံရံကိုမှီထားရင်း လူအုပ်ကြီးကို မျက်နှာချင်းဆိုင်လိုက်၏။ သူ၏ အစိမ်းရောင်ဝတ်စုံသည် အပိုင်းပိုင်း စုတ်ပြဲကာ သွေးများဖြင့် စွန်းထင်းနေသည်။ သူသည် လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်၏။ သူ၏ မျက်လုံးသည် အေးစက်ခက်ထန်နေပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။ သူသည် နည်းနည်းလေးမှ ကြောက်ရွံ့မနေပေ။
လူအုပ်ကြီးသည် ဆူဇီမို၏ နေရာယူပုံကို ကြည့်၍ သူ၏ ရည်ရွယ်ချက်ကို သိလိုက်၏။
ဆူရှောင်းနင်က နံရံကို ကျောပေးပြီး ရပ်လိုက်၏။ ဆူဇီမိုသည် အနောက်ကနေ၍ သူ့ညီမကို ရန်သူများကို တိုက်ခိုက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။ သူသည် ရန်သူများနှင့် စိတ်လွတ်လက်လွတ် တိုက်ခိုက်နိုင်ပေပြီ။
ဆူဇီမို ရှေ့ကနေ မတ်တပ်ရပ်နေနိုင်သမျှ မည်သူမျှ ဆူရှောင်းနင်ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
‘’သူအကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး.. သတ်..သူ့ကို!’’
ဇျန်ယောင်က ကျယ်လောင်စွာ အော်ဟစ်ရင်း ခုန်ဝင် တိုက်ခိုက်လိုက်လေ၏။
ဆူဇီမိုသည် ဇျန်ယောင်ကို မျက်စိမှေး၍ စိုက်ကြည့်လိုက်၏။
လူအများကြီးထဲတွင် ဇျန်ယောင်တစ်ယောက်သာလျှင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။ အတိအကျဆိုရလျှင် တစ်ကယ်တမ်း သူ့ကို ခြိမ်းခြောက်နိုင်တာက ဇျန်ယောင်လက်ထဲက ဆေဘာဓါးသာလျှင် ဖြစ်လေသည်။
ရွှစ်!
ဆေဘာဓါးရှည်က လူအုပ်ကြားမှ တိုးထွက်လာပြီး ထိုအရာက ကြောက်မက်ဖွယ်ရာ မြင်ကွင်းပင်။ ဆူဇီမိုသည် အခြားကျန်သော လက်နက်များအားလုံးကို လျစ်လျူရှုလိုက်၏။ သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး မိုးကြိုးဆေဘာဓါးကို ဖမ်းဆုပ်လိုက်လေ၏။ ရစ်ပတ်.. ထိတွေ့.. ဆွဲ..!
ဇျန်ယောင်၏ မျက်နှာရိပ်က ပြောင်းလဲသွား၏။ သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏ ဆေဘာဓားကို သူ့လက်ထဲကနေ လုယူခံလိုက်ရလေသည်။
အခြားသောလက်နက်များသာ နွားရိုင်းသားရဲလျှာဆေဘာ၏ ရစ်ပတ်ချုပ်နှောင်ခြင်းကို ခံလိုက်ရလျှင် အပိုင်းပိုင်း ကြေမွသွားပေလိမ့်မည်။ သို့သော် မိုးကြိုးဆေဘာဓါးကတော့ အကောင်းအတိုင်း ရှိနေဆဲဖြစ်ပြီး ဆူဇီမို၏ လက်ထဲသို့ ဆင်းသက်သွားလေသည်။
ဆူဇီမိုသည် မိုးကြိုးဆေဘာကို လက်ပြန်ဆွဲယူလိုက်ကာ ပတ်ပတ်လည် ဝေ့ယမ်းလိုက်ပြီး ကျရောက်လာသောလက်နက်များကို ပိတ်ဆို့ကာကွယ်လိုက်လေ၏။
ခလန်! ခလန်! ခလန်!
ကျရောက်လာသော လက်နက်များအားလုံးသည် ထက်ပိုင်းကျိုး ပြတ်ကျကုန်လေသည်။
‘’ကောင်းလိုက်တဲ့ ဆေဘာ!’’
ဆူဇီမိုသည် ကျယ်လောင်စွာ အော်ရယ်လိုက်၏။ သူသည် ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် တိုးဝင်ကာ သူ့ထံသို့ ခုန်ဝင်လာသော ထန်မင်ကျွင်းဘက်သို့ ဆေဘာဖြင့် ဝေ့ယမ်းလိုက်လေ၏။
ထန်မင်ကျွင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး တစ်ဆတ်ဆတ်လှုပ်သွားလေ၏_ငါက ဘယ်ကို ရှောင်ရမှာလဲဟ!
ဓါးသွားက အလင်းလို လျင်မြန်၏။ ထန်မင်းကျွင်း၏ခန္ဓာကိုယ်သည် ဆူဇီမိုလက်ချက်ဖြင့် နှစ်ပိုင်းပြတ်ကျသွားပြီး သွေးများက ပန်းထွက်လာလေ၏။
ဆူဇီမိုသည် မည်သည့် ဆေဘာသိုင်းမျှ မတတ်ကျွမ်းပေ။ ခန္ဓာကြံ့ခိုင်မီးဆေးသုတ္တန်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်အတွက် ဦးစားပေး လေ့ကျင့်ရခြင်း ဖြစ်လေသည်။
သူသည် မည်သည့် အဆင့်မြင့်မြင့် ခုတ်ချက်များကိုမျှ မတတ်ကျွမ်းသော်လည်း သူ၏ ခန္ဓာကိုယ်က ခွန်အားကြီးပြီး လုံလောက်အောင် လျှင်မြန်လာသောအခါ သူ၏ ဒီအတိုင်း ဝေ့ယမ်းခုတ်ချက်များကပင် ကြီးမားသော ထိခိုက်ဖျက်ဆီးနိုင်စွမ်းကို ဖန်တီးနိုင်လေသည်။
ဆေဘာခုတ်ချက်များကို ထုတ်လိုက်ပြီးနောက် ဆူဇီမိုသည် သူ၏ မူလနေရာတွင် ပြန်ရပ်ကာ ဆူရှောင်းနင်ကို ကာကွယ်ထားလိုက်၏။
ဇျန်ယောင်သည် သူ့ဆေဘာကို ဆုံးရှုံးလိုက်ရသော်လည်း ဆူဇီမိုဆီသို့ ပစ်ဝင်သွားကြသော လူရာကျော် ရှိနေသေး၏။ သို့သော်လည်း ထိုသူများက ဆူဇီမိုကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
အခြေအနေက မသိမသာဖြင့် ပြောင်းလဲလာ၏။
လူအုပ်ကြီးသည် ဆူဇီမိုကို ဘယ်လိုပင် တိုက်ခိုက်တိုက်ခိုက် သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ပေ။ အခွင့်သာလို့ ဆူဇီမို ပြန်တိုက်ခိုက်လိုက်တာနှင့် တစ်ယောက်နှစ်ယောက်လောက်က သေဆုံးသွားစမြဲ ဖြစ်၏။
ဆူဇီမိုကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေကြသူများသည် တစ်ဖြည်းဖြည်း လျော့ကျလာလေသည်။ အစတုန်းက မူလအဆင့် ပညာရှင် ဆယ့်နှစ်ယောက်ရှိသော်လည်း အခုတော့ သူတို့ထဲမှ လေးယောက်သာလျှင် ဆူဇီမို၏ တိုက်ခိုက်မှူကို အတတ်နိုင်ဆုံး တောင့်ခံနေကြ၏။
သူတို့ နောက်မဆုတ်ရသည့် အကြောင်းရင်းမှာ နောက်ဆုံး ဆူဇီမိုသည် သက်လုံကျသွားလိမ့်မည်ဟု မျှော်လင့်ထာားသောကြောင့် ဖြစ်သည်။ ဘာပဲပြောပြော လူတစ်ယောက် အသုံးပြုနိုင်သည့် စွမ်းအင် ပမာဏက အကန့်အသတ် ရှိလေသည်သာ။
ဒါ့အပြင် ဆူဇီမို၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအတော်များများ ရရှိထားသည်ကို သူတို့ မြင်တွေ့ထား၏။
ဤတိုက်ပွဲက လေးနာရီနီးပါး ကြာမြင့်ခဲ့လေပြီ။ ပုံမှန်လူတစ်ယောက်သာဆိုလျှင် ဒဏ်ရာများစွာ ရရှိထားတာရယ်၊ ဆက်တိုက်အပြင်းအထန် တိုက်ခိုက်နေရတာရယ်ကြောင့် အားအင်ကုန်ခမ်း သွေးထွက်လွန်ပြီး သေနေလောက်ပေပြီ။
သို့သော် ဆူဇီမိုကတော့ မောပန်းနေဟန်ပင် မထင်ရပေ။
ဆူဇီမို၏ မျက်လုံးထဲတွင် ဒေါမာန်အမျက်ထနေသော အကြည့်က တစ်လျှောက်လုံး ရှိနေ၏။ လေးနာရီကြာ တိုက်ခိုက်ပြီးတာတောင် သူ၏အကြည့်က မှိန်ဖျော့မသွားဘဲ ပို၍ တောက်ပလာကာ သူပုံစံက တိုက်ရင်း တိုက်ရင်း ပို၍ သန်မာလာပုံပင် ရလေ၏။
အချိန်ဘယ်လောက် ကုန်သွားပြီပင် မသိတော့ဘဲ ဆူဇီမိုသည် ဆူရှောင်းနင်လက်ကို ကိုင်ကာ တစ်ယောက်ပြီးတစ်ယောက်ကို ခုတ်ပိုင်းပစ်နေလေသည်။ သူတို့နှစ်ယောက်သည် အံ့အားသင့်ဖွယ်ကောင်းစွာပင် ရှေ့သို့ တစ်ဖြည်းဖြည်းခြင်း လှမ်းတက်လာလေသည်။
ဆူဇီမို ရှေ့သို့ တက်လာသောအခါ ဇျန်ယောင်နှင့် အခြားသူများသည် တစ်လှမ်းပြီးတစ်လှမ်း နောက်သို့ ဆုတ်သွားကြကာ ကြောက်ရွံ့ထိတ်လန့်မှုများက သူတို့ မျက်လုံးထဲတွင် အထင်းသား ပေါ်လွင်နေလေ၏။
ထိုအချိန်တွင် လူအုပ်ကြီးသည် မုဆိုးက သားကောင်ပြန်ဖြစ်လာသည်ကို နားလည်သွားလေ၏။
ဆူဇီမိုသည် သွေးများတစ်စက်စက် ကျနေသော ဆေဘာဓါးရှည်ကို ငုံ့ကြည့်ရင်း အေးစက်စွာ ပြောလိုက်လေ၏။ ‘’ဒီနေ့ မင်းတို့အားလုံး ဘယ်သူ့မှ ထွက်မသွားရဘူး’’